အခန်း (၂၃၉)
Vol. 17 Ch. 239
"စီနီယာ"
လင်းရှောင်သည် ဆုံးဖြတ်ချက် ချပြီးသည့်နောက် နှောင့်နှေးမနေတော့ချေ။ သူ၏ လက်ဝါးကို အသာဖြန့်လိုက်သည့် အခါမှာတော့ ရှေးကျလှသည့် ကျမ်းစာတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာဆီမှ တောက်ပလှသည့် အလင်းတန်းများ ထွက်ပေါ်နေပြီး ကောင်းကင်နှင့် မြေကြီး၏ နိယာမများ ပါဝင်နေသကဲ့သို့ပင်။ ထိုအရာကို မြင်သည့် လူများ အားလုံးတို့သည် နှလုံးသားများ တုန်ခါသွားမှာ သေချာ၏။ အဘယ့်ကြောင့်ဆိုသော် ထိုအရာပေါ်တွင် ရေးထားသည့် စာမှာ `ရောင်စဉ်အလင်း အင်ပါယာကျမ်းစာ´ ဟူ၍ ဖြစ်သောကြောင့်ပင်။
“ဒီအင်ပါယာကျမ်စာကို ထည့်တွက်ရင် လုံလောက်ပြီလား" လင်းရှောင်က မေးလိုက်၏။
"အင်း လုံလောက်ပြီ"
လီယွင်သည် လက်ကိုအသာဖြန့်ကာဖြင့် ရောင်စဉ်အလင်း အင်ပါယာကျမ်းစာကို လှမ်းယူလိုက်၏။ ဖတ်ကြည့်ပြီးသည့်နောက် အထဲတွင် ပါဝင်နေသည့် အကြောင်းအရာများအားလုံးကို မှတ်သားကာဖြင့် ပြောလိုက်သည်။ "စနစ် …. အင်ပါယာကျန်းဖန်ရဲ့ ညဏ်အလင်း တည်နေရာကို စစ်ဆေးလိုက်"
[ဒင် …. ကောင်းကင်လျှို့ဝှက်အမှတ် ဆယ့်သုံးသိန်း နှုတ်ယူလိုက်သည်။ အင်ပါယာကျန်းဖန်၏ ညဏ်အလင်း တည်နေရာကို အောင်မြင်စွာ ကြည့်ရှုနိုင်ပါပြီ ။ အင်ပါယာကျန်းဖန်၏ ညဏ်အလင်း တည်နေရာသည် ရှုပ်ထွေးကြယ်ပင်လယ်ထဲတွင် တည်ရှိ၏။ အင်မော်တယ် တိုက်ပွဲတည်နေရာ၏ အရှေ့ဘက် မိုင်သုံးသန်းအကွာတွင် တည်ရှိ၏။]
[အတိတ်တုန်းက အင်ပါယာကျန်းဖန်သည် မတူညီသည့် လောကတစ်ခုဆီမှ အင်ပါယာတစ်ယောက်နှင့် တိုက်ခိုက်ပြီးသည့်နောက် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့၏။ သို့ပေမဲ့ မသေဆုံးခင်တွင် အနာဂတ်လူငယ်များ အတွက် အသိပညာများကို ချန်ရစ်ခဲ့၏။ ]
[စနစ်၏ သတိပေးမှု - အင်ပါယာကျန်းဖန် ညဏ်အလင်း တည်နေရာသည် တခြားသော လောကဆီသို့ သွားရာ တံခါးပေါက်နှင့် နီးစပ်သည်။ အင်ပါယာကျန်းဖန်၏ အော်ရာများ ပျောက်ကွယ်သွားပြီးသည့်နောက် တံခါးသည် ဖိနှိပ်ခြင်းစွမ်းရည်များ လျော့ကျသွားပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် တခြားသော လောကဆီမှ လူများ နယ်မြေဖြတ်သန်း၍ ရောက်ရှိလာနိုင်သည်။ ]
လီယွင်"..."
အခွင့်အရေးသည် အဘယ့်ကြောင့် စျေးပေါနေသနည်းကို သူကစဉ်းစားနေမိခဲ့၏။ အခွင့်အရေးသည် တခြားသော လောကဆီမှလူများ ရောက်ရှိလာနိုင်သည့် အခွင့်အရေး ဖြစ်လို့နေခဲ့၏။ ဤကိစ္စသည် တကယ့်ကိုပင် အရေးကြီးလို့လာခဲ့၏။ လင်းရှောင်တစ်ယောက် အင်ပါယာဖြစ်ပြီးနောက် ၎င်း၏ ပထမဆုံးသော တာဝန်သည် တခြားလောကဆီမှ လူများဝင်ရောက်လာမည်ကို တားဆီးရန်ပင် ဖြစ်ပေလိမ့်မည်။ ၎င်းအနေဖြင့် ထိုအရာကို လစ်လျူရှုလိုက်သည် ဆိုပါက တခြားသောလောကကြီး တစ်ခုလုံး၏ လက်ညိုးထိုး၊ ကဲ့ရဲ့စရာဖြစ်လာပေလိမ့်မည်။
"အင်မော်တယ် တိုက်ပွဲ တည်နေရာ" လီယွင်သည် ထိုစကားစုကို ရင်းနှီးနေ၏။ သူသည် အရာအားလုံးကို နားလည်သွား၏။ အင်ပါယာကျန်းဖန် ညဏ်အလင်း တည်နေရာသည် အင်မော်တယ် တိုက်ပွဲ တည်နေရာနားတွင် တည်ရှိနေ၏။ မိုင်ပေါင်း သုံးသန်းလောက်သာ ကွာဝေး၏။
ဖြစ်နိုင်သည်မှာ တော်ဝင်ဓားဂိုဏ်း ဝယ်ယူခဲ့သော အင်ပါယာလက်နက်သည် အင်ပါယာကျန်းဖန် ချန်ခဲ့သည့် လက်နက်များ ဖြစ်နေသည်လား။ ထို့ကြောင့် တန်ဖိုးသည် နိမ့်ကျနေသည်လား။ ဖြစ်နိုင်၏။ သို့ပေမဲ့ စနစ်သည် အဘယ့်ကြောင့် ဤအရာကို အခွင့်အရေး နှစ်ခုအဖြစ် ခွဲကာပေးခဲ့ကြောင်း သူ နားမလည်နိုင်အောင် ဖြစ်မိနေသည်။
"နောက်ထပ် လောကတစ်ခုက ပေါ်လာပြီဆိုရင် ဒီလောကအတွက် မကောင်းနိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွက်တော့ ကောင်းတဲ့အရာ တစ်ခုပဲ" လီယွင်က တီးတိုးရေရွတ်လိုက်၏။
သူ၏ လုပ်ငန်းသည် သတင်းအချက်အလက်များကို ရောင်းချရန်သာ ဖြစ်လေသည်။ လင်းရှောင် မပေါ်လာလျှင်တောင်မှ အင်မော်တယ်တိုက်ပွဲတည်နေရာနှင့် ပတ်သက်ဆက်နွယ်နေသည်ကို သိရှိသည်နှင့် တပြိုင်နက် သူ တခြားသော ဂိုဏ်းတစ်ခုခုအား ဤသတင်းရောင်းချမှာပဲ ဖြစ်သည်။
"စနစ် အဲဒီ လောကကြီးက ဘယ်လောက်အားကောင်းလဲ" လီယွင်က မေးမြန်းလိုက်၏။
[လက်ခံသူ လက်ရှိကောင်းကင်မူလ လောကနဲ့ နှိုင်းယှဉ်ရင် နည်းနည်းလေး ပိုပြီးတော့ အားကောင်းတယ်။ ဒါ ပေမဲ့ သူတို့လောကက လက်ရှိမှာ ဖွံ့ဖြိုးဆဲကာလပဲ ရှိသေးတယ်။ တခြားလောကတွေက အောင်မြင်တဲ့ လောကအဖြစ် ရောက်ရှိနေကြပြီလေ။ ]
"ဒီလိုလား"
လီယွင်၏ မျက်လုံးများသည် ပွင့်လာခဲ့တော့၏။ တခြားသော လောကများများသည် သူတို့ထက် ပိုမိုကာ အားကောင်းကြပြီး အင်ပါယာပေါင်းများစွာကို ပိုင်ဆိုင်နေခြင်းလည်း ဖြစ်နိုင်သည်။
"အင်း တဖြည်းဖြည်း စိတ်ဝင်စားဖို့ ကောင်းလာပြီ"
လီယွင်သည် လက်ကို မြောက်လိုက်တော့ ကျောက်စိမ်းပြား တစ်ခု ပေါ်ပေါက်လာခဲ့၏။ သူသည် အခွင့်အရေး တည်နေရာတစ်ခုကို မေးမြန်းခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် ဒုတိယတစ်ခုကို စုံစမ်းနေစရာ မလိုချေ။ အဘယ့်ကြောင့်ဆိုသော် အင်ပါယာများ အများအပြား ပေါ်ပေါက်လာပါက ကောင်းကင်မူလ လောကကြီးသည် သူတလူ၊ငါတမင်းဖြင့် ပျက်စီးသွားပေလိမ့်မည်။
"ဒီမှာ ခင်ဗျားလိုချင်တဲ့ အခွင့်အရေးပဲ"
လီယွင်သည် ကျောက်စိမ်းပြားကို လှမ်းပစ်ကာ ပြောလိုက်၏။
"အခွင့်အရေး တည်နေရာရဲ့ အနောက်ဘက်မှာ တခြားလောကကို သွားတဲ့ ဂိတ်တံခါးရှိနေတယ်။ ဒါကို သတိအပြည့်နဲ့ ဆောင်ရွက်တာ အကောင်းဆုံးပဲ"
"တခြားလောက ဟုတ်လား"
လင်းရှောင်သည် အံ့အားသင့်သွားမိ၏။ ထို့ကြောင့် သတိအပြည့်ဖြင့် မေးမြန်းလိုက်သည် "သတိထားဆိုတော့ တခြားလောကမှာ အင်ပါယာတွေ ရှိနေတာပေါ့"
"အမှန်ပဲ "
လီယွင်က ခေါင်းညိတ်လိုက်၏။ “ခင်ဗျား အင်ပါယာဖြစ်လာမယ့်တည်နေရာရဲ့ အနားမှာ ဂိတ်တံခါးတစ်ခု ရှိတယ်။ အင်ပါယာတစ်ယောက်သာ လောကကို ဖြတ်သန်းလာမယ်ဆိုရင် ခင်ဗျားရဲ့ ကံကြမ္မာက ဆိုးရွားသွားနိုင်တယ်”
"စီနီယာ …. သတိပေးတာ ကျေးဇူးတင်ပါတယ်" လင်းရှောင်သည် ဦးညွှတ်လိုက်၏။ တခြားသော လောကများနှင့်ပတ်သက်သော သတင်းကို သူက မအံ့ဩချေ။ သမိုင်းမှတ်တမ်းတွင် အင်ပါယာများသည် တခြားသောလောကဆီသို့ သွားရောက်ရင်း သတ်ဖြတ်ခံရသည်ကို သူသိရှိ၏။ ထို့ပြင် တခြားသောလောကဆီမှ ကျူးကျော်မှုများကို ရင်ဆိုင်ခဲ့ရသည်ကိုလည်း ကြားဖူးခဲ့၏။ ၎င်းတို့၏ ရန်ဖက်အဖြစ် သွေးနတ်ဆိုးလောကကြီးက တည်ရှိခဲ့၏။ ထို့ကြောင့် တခြားနောက်တစ်ခု ထက်ရှိနေခြင်းမှာလည်း ခြားနားသည့် အရာမဟုတ်ချေ။
"ဒါဆိုရင် ကျုပ်အရင်သွားတော့မယ်" လင်းရှောင်သည် ဦးညွှတ်လိုက်သည်။
“အင်း” လီယွင်က ခေါင်းညိတ်လိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ထွက်ခွာပြီးသည့်နောက် လင်းရှောင်သည် တီးတိုးရေရွတ်လိုက်သည်။ "ရှုပ်ထွေး ကြယ်ပင်လယ် ဟုတ်လား။ တကယ်ပဲ အင်ပါယာဖြစ်လာမဲ့ ငါ့ရဲ့ အခွင့်အရေးက အဲ့မှာရှိနေတာကိုး”
ပြောပြီးသည့်နောက် လင်းရှောင်သည် တော်ဝင်သဲကန္တာရမြို့၏ ဂိတ်တံခါးဆီသို့ လျှောက်ထွက်သွားခဲ့တော့၏။ သူသည် လက်ကို မြောက်ပြီးသည့်နောက် တည်နေရာ ဂိတ်တံခါးကို ဆွဲဖွင့်လိုက်၏။ တည်နေရာ အက်ကွဲကြောင်းကြီး ပေါ်ပေါက်လာခဲ့ပြီး ထိုအရာကြီးသည် အမဲရောင်လေဟာနယ်ကြီးကဲ့သို့ပင် နက်ရှိုင်းလှချေ၏။ လင်းရှောင်သည် ထိုထဲသို့ လှမ်းဝင်ပြီး ပျောက်ကွယ်သွားခဲ့လေ၏။
…………
ခရမ်းရောင်နက်နဲလောက …
ရှေးကောင်းကင်မြို့ ……
ဤအရာသည် လူဦးသန်း ရာနှင့်ချီရှိသော ရှေးမြို့ကြီးပင် ဖြစ်လေ၏။ မြို့ထဲတွင် ရှိနေသည့် မြို့သူမြို့သား အားလုံးတို့သည် ကျင့်ကြံသူများ ဖြစ်ကြပြီး အနိမ့်ဆုံးအနေဖြင့် အသက်စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ကြ၏။ အဝေးတစ်နေရာမှ ရှေးကောင်းကင်မြို့ကြီးကို လှမ်းကာ ကြည့်ရှုမည် ဆိုလျှင် ရှေးသားရဲကြီး တစ်ကောင် ဝပ်နေသည်နှင့် ဆင်တူသည်။
မြို့၏ နံရံများ အားလုံးကို နတ်ဘုရားရွှေများဖြင့် ပြုလုပ်ထားပြီး ထိုအပေါ်တွင် ဆန်းကြယ်လှသည့် သင်္ကေတများ ရေးထိုးထားကာ ရေတွက်၍မရအောင် များပြားလှည့် ကြယ်များကဲ့သို့ပင် တောက်ပလျက် ရှိနေ၏။
လက်ရှိအချိန်၌ မြို့၏ အလယ်တည်နေရာရှိ ကျယ်ပြောပြီး မှောင်မဲလျက် ရှိနေသည့် တည်နေရာကြီးတစ်ခုတွင် ကျီးကန်းသိုက်ကြီး ကဲ့သို့ပင် စစ်သည်တော်များ စုဝေးလျက် ရှိနေကြ၏။ ၎င်းတို့သည် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရန် မောင်းသွင်းနေကြသည့် သူများကဲ့သို့ပင် အားမာန်အပြည့်ဖြင့် ရပ်လျက်ရှိနေကြသည်။
သေချာကြည့်မည်ဆိုလျှင် ထိုသူများသည် လူသားများ မဟုတ်ကြချေ။ ခန္ဓာကိုယ်တစ်ခုလုံး အကြေးခွံများ ဖုံးလွှမ်းလျက် ရှိနေပြီး ကျောတွင်လည်း အတောင်ပံများတည်ရှိနေကြသည်။ ၎င်းတို့ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် မွန်းစတားအော်ရာများ ထွက်ပေါ်လျက်ရှိနေကြ၏။
ထိုမွန်းစတားများသည် အရှေ့ဆုံးတည်နေရာတွင် ရှိနေသော ကျောက်စိမ်းစင်မြင့်တစ်ခုဆီ စူးစိုက်စွာ ကြည့်နေကြသည်။