အခန်း (၂၄၁)
Vol. 17 Ch. 241
ရှုပ်ထွေးကြယ်ပင်လယ်ထဲမှာတော့ စကြဝဠာ တစ်ခုလုံးသည် အဆုံးအစမဲ့လို့ နေခဲ့၏။ ကြယ်တာရာများ အားလုံးသည် လွင့်မျောလျက် ရှိနေပြီး မည်သည့် အသက်ဓာတ်မှ မရှိချေ။ လောက၏ နိယာမများ မရှိသည့် ရှုပ်ထွေးသော တည်နေရာတစ်ခုကဲ့သို့ပင်။ မြင်မြင်သမျှ အရာအားလုံးသည် မဲနက်လျက် ရှိနေပြီး ရံဖန်ရံခါဆိုသလို အသက်ဝိညာဉ်ကင်းမဲ့လို့နေသည့် ကြယ်စုများ ရွေ့လျားလို့နေ၏။
စကြဝဠာတစ်ခုလုံးသည် တိတ်ဆိတ်ခြင်းဖြင့် လွှမ်းခြုံလျက် ရှိနေပြီး အရိုးကွဲလောက်အောင် အေးခိုက်သည့် ခံစားချက်များလည်း ရရှိလို့နေ၏။ ပိန်းပိတ်အောင် မှောင်မဲလွန်းသည့် တည်နေရာအောက်တွင် မည်သည့် တည်နေရာသို့ သွားရမည်ဆိုသည်ကိုပင် မဝေခွဲနိုင်ချေ။
အချိန်အတော်ကြာ ပျံသန်းသွားပြီးသည့်နောက် လူတစ်ယောက်သည် အရှေ့ကို သွားနေသည်လား။ အနောက်ကို သွားနေသည်လား။ အပေါ်လား၊ အောက်လား မည်သည့်နေရာကို သွားနေသည်မှန်း ကောင်းကောင်း မသိရှိနိုင်သော နေရာမျိုးပင်။
လုချန်းဂီသည် ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ တစ်ယောက်တည်း ဝင်ရောက်လာခဲ့၏။ ၎င်းသည် နှောင့်နှေးခြင်း တစ်ချက်မှ မရှိဘဲနှင့် တော်ဝင်ဓားဂိုဏ်း တစ်ခုလုံး၏ မျှော်လင့်ချက်ကို သယ်ပိုးလာခဲ့၏။ အစပိုင်းတုန်းက သူ၏ လက်ထဲတွင် ရှိနေသည့် သတင်းအချက်အလက်အတွက် လောဘကြီးလွန်းသည့် တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံသူများ လိုက်ပါလာခဲ့သည်။ သို့ပေမဲ့ ထိုသူတို့သည် မြန်မြန်ဆန်ဆန်ပဲ အနောက်မှာ ကျန်ခဲ့တော့၏။
ဓားကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုသူများသည် အလွန်နှေးကွေးသည်ဟု ပြောဆိုရမည်။ ရှုပ်ထွေးကြယ်ပင်လယ်ထဲတွင် တည်နေရာ ပျောက်သွားသည်ဆိုသည်နှင့် ၎င်းတို့သည် ပြန်လည် ထွက်ခွာနိုင်လိမ့်မည် မဟုတ်ချေ။
အနောက်မှ လိုက်ပါလာသည့် လူများကို မျက်ခြေဖြတ်ပြီးသည့်နောက် လုချန်းဂီသည် စိတ်သဘော မတွေ့သလိုတော့ ဖြစ်လို့နေခဲ့၏။ ပိန်းပိတ်အောင် မှောင်မိုက်နေသည့် တည်နေရာထဲတွင် နှစ်လ၊ သုံးလလောက် ခရီးသွားပြီးသည့်နောက် သူသည် နဝေတိမ်တောင် အမူအရာမျိုး ဖြစ်တည်လာခဲ့၏။ သူ၏ရှေ့တွင် ဘာတစ်ခုမှ မရှိချေ။ အမှောင်ထု တစ်ခုသာလျှင်ရှိ၏။ သူ့အနေနှင့် မျက်လုံးကန်းနေသလိုပင် ခံစားနေမိသည်။
ကောင်းမွန်သည့် အမြင်အာရုံ နည်းစနစ်တစ်ခုကို ထုတ်ဖော်ကာ အသုံးပြုသည် ဆိုလျှင်တောင်မှ ပိန်းပိတ်သည့် မှောင်မဲမှုကိုသာ မြင်ခဲ့ရ၏။ တခြား ဘာတစ်ခုကိုမှ မမြင်ခဲ့ရချေ။ နတ်ဘုရားကဲ့သို့ စိတ်ဝိညာဉ်အသိအမြင်များသည် အနှိုင်းမဲ့ ဖြစ်သည်ဆိုလျှင်တောင်မှ သူ၏ ခန္ဓာကိုယ်သည် ထိုအရာများကို ထုတ်ဖော် အသုံးပြုရန်အတွက် ဖိနှိပ်ခြင်းကို ခံထားရ၏။ အရှေ့နည်းနည်းလေးကိုတောင်မှ ကြည့်ရှု၍ မရနိုင်ချေ။ တည်နေရာကြီး တစ်ခုလုံးသည် ကျယ်ပြောလွန်းသည်ဟု မှတ်ထင်နိုင်သလို သေးငယ်လွန်းသည် ဟုလည်း မှတ်ထင်နိုင်၏။ အကန့်အသတ်ဟူ၍ မရှိသလိုပင်။
ဘာတစ်ခုမှကို မမြင်နိုင်သလို ဘာတစ်ခုကိုပင် မခံစားနိုင်ချေ။ ထိုအရာများ အားလုံးသည် တဖြည်းဖြည်းနှင့် အသက်ရှုကြပ်သည့် ခံစားချက်ကိုပင် ရရှိစေ၏။ အချိန်သည် တည်နေရာတွင် ရပ်တန့်လျက် ရှိနေပြီး မစီးဆင်းတော့သကဲ့သို့ပင်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ တာအိုနှလုံးသား ခိုင်မာသည့် လူတစ်ယောက်ပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခံစားချက်ကို ရရှိလာမှာ အမှန်ပင်။
လူတစ်ယောက်သည် ခိုင်မာပြီး ပြတ်သားလွန်းသည့် စိတ်ဆန္ဒကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ လုချန်းဂီ အနေနှင့် တစ်ယောက်တည်း အထီးကျန်မှုနှင့်အတူ ထာဝရ ရပ်တည်သွားနိုင်မည်လား။
"ဒါက ရှုပ်ထွေးကြယ်ပင်လယ်ကြီးလား" လုချန်းဂီသည် အော်ဟစ်လုမတတ် ဖြစ်နေ၏။
"အင်း… ဘယ်လောက်တောင် ကြာအုံးမှာလဲ မသိဘူး" လုချန်းဂီသည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထား၏။ ထိုအရာဆီမှ ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး အမှောင်ထဲတွင် ထိုအရာတစ်ခုကသာလျှင် တောက်ပလျက် ရှိနေသည်။
"စီနီယာရဲ့ ကျောက်စိမ်းပြားကို ကျေးဇူးတင်ရမယ်" လုချန်းဂီက ပြောဆိုလိုက်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုက တည်ရှိနေတုန်းပင်။
"ကောင်းကင်က တကယ်ကြီး ငါ့ကို မျက်နှာလွဲခဲပစ် လုပ်တော့မှာလား" ကျောက်စိမ်းပြားကို ကိုင်ဆောင်ထား သည့် လုချန်းဂီသည် မျက်ရည်မထွက်ဘဲ ငိုချင်စိတ်ပင် ဖြစ်မိနေ၏။ လက်ရှိ အခြေအနေမှာတော့ သူ၏ တစ်ခုတည်းသော ကျောက်စိမ်းပြားသည် တဖြည်းဖြည်းနှင့် မှေးမှိန်လာသောကြောင့်ပင်။
အသက်ကို ပြင်းပြင်း ရှူရှိုက်ပြီးသည့်နောက် သူသည် ခံစားချက်များကို အတင်း ထိန်းချုပ်လိုက်၏။ စိတ်ထဲတွင် ကျန်ရှိခဲ့သည့် ကျောက်စိမ်းပြားတွင် ပါဝင်သော အကြောင်းအရာများကို သေသေချာချာ ပြန်လည် စဉ်းစားပြီးသည့်နောက် သူသည် လမ်းလွှဲသွားခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့၏။ ချက်ချင်းပဲ အရှိန်ကို မြှင့်တင်ပြီးသည့်နောက် ရှုပ်ထွေးကြယ်ပင်လယ်၏ အတွင်းဘက်သို့ လှမ်းဝင်လိုက်၏။
…………
ရှုပ်ထွေးကြယ်ပင်လယ် အတွင်းဘက်မှာတော့ ရှေးဆန်ပြီး တောင့်တင်းခိုင်မာလှသည့် ခန္ဓာကိုယ်သွင်ပြင်နှင့် လူတစ်ယောက်၏ မျက်နှာပေါ်ပေါက်လာခဲ့၏။ ၎င်းသည် အမှောင်ထဲတွင် လှမ်းလျှောက်လျက် ရှိနေတုန်းမှာပဲ ရောင်စဉ်အလင်းတန်းများ ထုတ်ဖော်လျက် ရှိ၏။ ၎င်း၏ ပတ်ဝန်းကျင် တစ်ခုလုံးသည် နေလုံးကြီး တစ်ခုကဲ့သို့ပင် ထွန်းတောက်နေခဲ့၏။ ၎င်းသည် မိုင်တစ်ထောင် ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းလက်စေခဲ့၏။
"ဒါ အင်မော်တယ်တိုက်ပွဲ တည်နေရာလား"
လင်းရှောင်သည် စကြဝဠာထဲကို ဖြတ်သန်းကာ လှမ်းလျှောက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုလိုက်၏။ ဤနေရာသည် ရှေးတိုက်ပွဲ တည်နေရာကြီးတစ်ခုဖြစ်ပြီး ကြမ်းတမ်းလှသည့် သတ်ဖြတ်လိုခြင်း အော်ရာများသည် ခေတ်အဆက်ဆက် ထွက်ပေါ်နေခဲ့၏။ အကန့်အသတ်မဲ့ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ဤနေရာတွင် လှိုင်းထလျက် ရှိနေသည်။ ရေတွက်၍မရအောင် များပြားလှသော အလောင်းများလည်း တည်ရှိလို့နေ၏။ ထိုအထဲတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အင်မော်တယ်များလည်း ပါဝင်လျက် ရှိနေသည်။ တချို့သော အလောင်းများ ဆိုလျှင် သွေးများပင် ထွက်လျက် ရှိနေသေးသည်။
လုချန်းဂီ၏ အနောက်မှ ထွက်ခွာလာသည် ဆိုသော်လည်း ကွာစီအင်ပါယာအဆင့် အားအင်ကို အမှီအခိုပြုသောကြောင့် လင်းရှောင်သည် အင်မော်တယ်တိုက်ပွဲ တည်နေရာထဲသို့ အရှေ့မှ ကြိုတင်ကာ ရောက်ရှိလို့ နေခဲ့၏။
"စီနီယာရဲ့ လမ်းညွှန်မှုသာ မရှိဘူးဆိုရင် ငါ့ဘဝတစ်ခုလုံး ဒီနေရာကို ရှာဖွေတွေ့ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး" လင်းရှောင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူသည် ရှေ့တွင် ရှိနေသည့် ရှေးတိုက်ပွဲ တည်နေရာကြီးကို ကြည့်ရှုနေမိ၏။ အရှေ့ကို လှမ်းတက်ကာ တိုက်ပွဲ တည်နေရာကြီးကို စနည်းနာကြည့်ရန် စိတ်ကူးမိလိုက်၏။ သို့ပေမဲ့ သူ မချဉ်းကပ်ရသေးခင်မှာဘဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် ဆူဝေကာ ဖြစ်တည်လာကြောင်း သတိပြုလိုက်မိ၏။
"အစီအရင်၊ ပြီးတော့ ဒါက အင်ပါယာအဆင့်ပဲ"
လင်းရှောင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် တိုက်ပွဲတည်နေရာကြီးကို သေသေချာချာ လေးလေးနက်နက် ကြည့်ရှုလိုက်၏။ တော်ဝင်အင်ပါယာ တစ်ယောက်သည် အစီအရင်ကို ဖန်တီးပြုလုပ်ခဲ့ပြီး ယနေ့အချိန်အထိ ထိုအစီအရင်သည် တည်ရှိနေလေသည်။
"အင်း… တော်ဝင်အင်ပါယာကျန်းဖန် ဖန်တီးခဲ့တဲ့ အစီအရင်များလား" လင်းရှောင်က စဉ်းစားလိုက်မိ၏။ တော်ဝင်အင်ပါယာကျန်းဖန်သည် ရှေးခေတ်၏ အင်ပါယာတစ်ယောက်ဖြစ်သည်ကို သူက မှတ်မိနေ၏။ ဒဏ္ဍာရီလာ အကြောင်းအရာများကို ချန်ထားခဲ့သူဖြစ်ပြီး ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် ပြန်လည် ထွက်မလာနိုင်တော့သော သူ အဖြစ် အားလုံးက သိရှိထားသည်။
အင်ပါယာကျန်းဖန်သည် ပြန်လည် ထွက်မလာခဲ့ချေ။ သူ၏ မျိုးဆက်သစ်များအနေနှင့် အင်ပါရီယာ ကျမ်းစာနှင့် အစီအရင်ကိုသာလျှင် အမွေဆက်ခံခဲ့ရပြီး အင်ပါရီယာလက်နက်တစ်ခုကိုပင် အမွေမဆက်ခံခဲ့ရချေ။
နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် တော်ဝင်အင်ပါယာကျန်းဖန်၏ မျိုးဆက်သစ်များသည်လည်း သမိုင်း၏ ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ၎င်း၏ အင်ပါရီယာကျမ်းစာသည်လည်း ဆန်းကြယ်လှသည့်အရာအဖြစ် သမိုင်းမှတ်တမ်းတွင်သာ ကျန်ရှိခဲ့၏။
"အင်ပါယာကျန်းဖန်ကို ကြည့်ရတာ အစီအရင်နဲ့ ပတ်သက်တဲ့ အတတ်ပညာမှာ အရမ်းကြီး ကျွမ်းကျင်တဲ့ပုံ မပေါ်ဘူး။" လင်းရှောင်သည် အင်ပါယာကျန်းဖန်နှင့်ပတ်သက်သည့် အရာအားလုံးကို ပြန်လည်ကာ စဉ်းစားလိုက်၏။ ပြီးနောက် သူ၏ရှေ့တွင် ရှိနေသည့် လေဟာနယ်ကို လှမ်းမျှော်ကာ ကြည့်ရှုရင်း လေးလေးနက်နက် ဖြစ်လာခဲ့သည်။
ရုတ်တရက် သူ၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားသည်။ လက်ကို အသာဆန့်တန်းပြီးသည့်နောက် အလောင်းတစ်ခုကို ဆွဲယူကာ သေသေချာချာ စစ်ဆေးလိုက်၏။ "ဒါ ငါတို့နယ်မြေက သတ္တဝါ မဟုတ်ဘူး"
လင်းရှောင်က နားလည်လိုက်မိ၏။ တိုက်ပွဲတည်နေရာကို လှမ်းကြည့်ပြီးသည့်နောက် အရာအားလုံးကို သူ နားလည်သွားပြီဖြစ်သည်။ ဤတိုက်ပွဲတည်နေရာသည် တခြားလောကမှ ကျူးကျော်လာခဲ့သည့်လူများနှင့် တွေ့ဆုံခဲ့သည့် တည်နေရာဖြစ်ပြီး အင်ပါယာတစ်ယောက်၏ ဦးဆောင်မှုနှင့် များပြားလှသည့် သတ္တဝါများသည် ဤလောကထဲသို့ ဆင်းသက်လာခဲ့ကြ၏။
သို့ပေမဲ့ လင်းရှောင်တို့ လောကဆီမှ အင်ပါယာကျန်းဖန် တစ်ယောက်တည်းသာလျှင် ရှိခဲ့၏။ လူတစ်ယောက် တည်း၏ အားအင်နှင့် ထောင်ပေါင်းများစွာသော ရန်သူများကို တိုက်ခိုက်ခဲ့၏။ ရေတွက်လို့ မရအောင် များပြားလှသည့် လူများကို သတ်ဖြတ်ပစ်ခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ကို အသုံးပြု၍ သွေးခင်းသည့် တိုက်ပွဲတစ်ခုကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့၏။ တစ်ဖက်မှ အင်ပါယာကို နောက်သို့ ဆုတ်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့၏။
ထိုအင်ပါယာ ထွက်ပြေးသွားအောင် ပြုလုပ်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ အင်ပါယာကျန်းဖန်သည် သူ့ဘဝ၏ နောက်ဆုံး အခြေအနေဆီသို့ ရောက်ရှိသွားခဲ့လေသည်။