← Chapters

အခန်း (၂၄၂)

Vol. 17 Ch. 242

အခန်း (၂၄၂)

Vol. 17 Ch. 242

"တော်ဝင်အင်ပါယာကျန်းဖန်… ဟင်း….." လင်းရှောင်သည် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ ဤတိုက်ပွဲသည် သူတို့လောကရှိ လူပေါင်းများစွာတို့ မသိရှိသည့်အရာဖြစ်၏။ သူသာ ဤတည်နေရာဆီသို့ ရောက်ရှိ မလာဘူး ဆိုပါက ဆန်းကြယ်လွန်းလှသည့် အင်ပါယာကျန်းဖန်၏ ကံကြမ္မာအကြောင်းကို သိရှိလိမ့်မည် မဟုတ်ချေ။

တစ်ဖက်လူ အသက်ရှင်လျက် ရှိနေသည်လား။ သေဆုံးသွားသည်လား ဆိုသည်ကို မည်သူမှ မသိရှိနိုင်ခဲ့ပေ။

အင်ပါယာကျန်းဖန်သည် ဘာမှန်းမသိသည့် ဤတည်နေရာကြီးတွင် မတ်တပ်ရပ်ကာဖြင့် လောကကြီးကို စောင့်ရှောက်ကာကွယ်ခဲ့၏။ သူတို့၏ လောကကြီးတစ်ခု ပျက်စီးနိုင်စေသည့် ကပ်ဘေးကြီးကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့၏။

"အင်ပါယာကျန်းဖန်သာ မကာကွယ်ပေးခဲ့ဘူးဆိုရင် ငါတို့ လောကကြီးက တကယ့်ကို ကြီးမားလှတဲ့ ဆိုးကျိုးကို ခံစားရမှာပဲ" လင်းရှောင်သည် ရုတ်တရက် ရေရွတ်လိုက်မိသည်။

ရှုပ်ထွေးကြယ်ပင်လယ်သည် အင်ပါယာတစ်ယောက်ကိုပင် လမ်းမှားသွားစေနိုင်၏။ သို့ပေမဲ့ အဆုံးမဲ့တော့ မဟုတ်ချေ။ တချို့သော အင်ပါယာများမှာမူ ခရီးသွားနိုင်စွမ်း ရှိနေသေး၏။ ဤနေရာဆီသို့ ရောက်ရှိ လာခဲ့သော တခြားသော လောကမှ အင်ပါယာပင် ရှိခဲ့သည် မဟုတ်ပါလား။ အထဲအတွင်းသို့ လှမ်းမဝင်ဘဲ တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးကို လှမ်းကာကြည့်ရှုပြီးသည့်နောက် လင်းရှောင်သည် တီးတိုးရေရွတ် လိုက်မိ၏။

"တကယ့်ကို ဂုဏ်သိက္ခာကြီးမားတဲ့ စီနီယာရဲ့ လမ်းညွှန်မှုသာ မပါဘူးဆိုရင် ဒီတိုက်ပွဲဖြစ်တဲ့ တည်နေရာကြီးကို သတိပြုမိမှာ မဟုတ်ဘူး။ ဒီနေ့မှာ စီနီယာရဲ့ လမ်းညွှန်ချက်နဲ့အတူ လင်းရှောင်က စီနီယာ ကျန်းဖန် ချန်ခဲ့တဲ့ အမွေအနှစ်တွေကို အမွေဆက်ခံ ရရှိပါတော့မယ်။ အနာဂတ်မှာ ဒီတိုက်ပွဲကို တစ်လောကလုံးက သိရှိရမယ်။ စီနီယာကျန်းဖန်ရဲ့ အောင်မြင်မှုအကြောင်းကို အားလုံးက ထာဝရ သတိရစေရမယ်"

တစ်ချက်ကလေးမှ မကြောက်လန့်ဘဲ ကျောက်စိမ်းပြား၏ လမ်းညွှန်ချက်အတိုင်း လိုက်သွားလိုက်သည်။ သူသည် တခြားသော တည်နေရာကို ရွေ့လျားသွားလိုက်ခြင်းပင်။ မိုင်သုံးသောင်း အကွာအဝေး ဆိုသည်မှာ လင်းရှောင်အတွက် အနည်းငယ် အကွာအဝေးမျှသာဖြစ်၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိသွားခဲ့၏။ မကြာခင်မှာပဲ သူသည် ရှေးဆန်လွန်းလှသည့် ကြယ်စုကြယ်ဝေးကြီး တည်နေရာဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာကြီးသည် လေဟာနယ်ထဲတွင် ကုန်းမြေတိုက်ကြီးတစ်ခု လွင့်မျောသလိုပင် တည်ရှိနေခဲ့၏။ မြေပြင်တစ်ခုလုံးသည် နဂါး၏ ခန္ဓာကိုယ်ကဲ့သို့ပင် ဖြစ်တည်လျက် ရှိနေလေ၏။ သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ဤနဂါး၏ ခန္ဓာကိုယ်ကြီးဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သေဆုံးခြင်း၏ အော်ရာများ ထုတ်ဖော်လျက် ရှိနေလေ၏။

ဤနေရာတွင် များပြားလှသည့် မွန်းစတားများ၊ တချို့သော တောင်လောက်နီးနီး ကြီးမားလှသည့် သတ္တဝါကြီးများ သေဆုံးလျက် ရှိနေလေ၏။ တချို့သည် လက်ရှိလောကတွင် တည်ရှိနေခဲ့သည် မျိုးနွယ်များ ဖြစ်ပြီး တချို့မှာတော့ လင်းရှောင် မတွေ့ဖူးသည့် သတ္တဝါများပင် ဖြစ်လေသည်။

ဤရှေးကြယ်စီရင်စု တည်နေရာကြီးဆီသို့ ရောက်ရှိလာခဲ့ပြီး အရှေ့ဆီသို့ တဖြည်းဖြည်း တိုးသွားပြီး သည့်နောက် လင်းရှောင်၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့၏။

မနီးမဝေးရှေ့တွင် ဆန်းကြယ်လွန်း လှသည့် တည်နေရာကြီး တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် နှစ်ပေါင်းများစွာအတွင်း မည်သူမှ မထိတွေ့ဘဲ ဆန်းကြယ်လွန်းလှသည့် တည်နေရာကြီးအဖြစ် မားမားမတ်မတ် တည်ရှိနေခြင်းပင်။

အဓိကဟောခန်း၏ ရှေ့မှာတော့ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ ၎င်း၏ ဆံနွယ်များသည် အနောက်ဘက်သို့ ဝဲကျလျက် ရှိနေပြီး ရိုးရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားသည် ဖြစ်သော်လည်း ထိုအရာသည် ဖြူဖြူဆွတ်လျက် ရှိနေသည်။

ရိုးရှင်းလှသည် ဆိုသော်လည်း သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသေး၏။ ၎င်းကို ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် စိုးရိမ်ထိတ်လန့်မှုများကို ခံစားရစေ၏။

အပြင်ဘက်မှ လူရောက်ရှိလာသည်ကို အာရုံခံပြီးသည့်နောက် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် ခေါင်းကို အသာမော့ကြည့်လိုက်၏။ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီးသည့်နောက် လင်းရှောင်၏ ခြေထောက်အောက်တွင် ရှိနေသည့် တည်နေရာတစ်ခုလုံးသည် တဖြည်းဖြည်း တုန်ခါလာခဲ့တော့၏။ တစစီ ကွဲအက်တော့မည်ကဲ့သို့ပင်။ ပြိုင်ဘက်ကင်းလှသည့် တိုက်ပွဲ ဆန္ဒများသည် ပေါ်ပေါက်လာသည်။

လင်းရှောင်သည် သူ၏ နတ်ဘုရား အသိမြင်များကို မထုတ်ဖော်နိုင်ချေ။ သို့ပေမဲ့ ဖြစ်တည်လာခဲ့သည့် အော်ရာများသည် သူ့ကို အသက်ရှူရန်ပင် အလွန်အမင်း ခက်ခဲစေခဲ့၏။

လက်ရှိအခြေအနေမှာတော့ လင်းရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။ သူသည် မြန်မြန်ဆန်ဆန်ပဲ ဘေးတစ်ဖက်ဆီသို့ ရွေ့လျားကာဖြင့် အံ့အားသင့် ကြက်သေသေမိနေ၏။ ဤအော်ရာများသည် နတ်ဘုရား၏ အော်ရာများ ကဲ့သို့ပင်။

“မင်းရောက်လာပြီလား” မီးခိုးရောင်ဝတ်စုံနှင့်လူက မတ်တပ်ထရပ်လိုက်၏။ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒများသည် ရှုပ်ထွေးကြယ်ပင်လယ် တစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့သည်။

“ဂျူနီယာ လင်းရှောင်က စီနီယာကို ဂါရဝပြုပါတယ်” လင်းရှောင်သည် လျစ်လျှူမရှုရဲချေ။ သူ၏ လေးစားသမှုကို ထုတ်ဖော်ပြသခဲ့၏။

“ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့်၊ အင်း... အစစ်အမှန် အင်ပါယာဖြစ်ဖို့ မျဉ်းကြောင်းလေး သေးသေးလေး တစ်ကြောင်းပဲ လိုတော့တာကိုး။ မင်းအနေနဲ့ ဒီနေရာကို ရောက်လာတယ်ဆိုမှတော့ ကံကြမ္မာရေစက် ရှိလို့ပဲ နေရမယ်။ ငါ ဒီနေရာမှာ နှစ်ပေါင်း ငါးသန်းလောက် တန်ခိုးကျင့်ကြံပြီး ထိုင်နေတယ်။ ငါရဲ့ နောက်ဆုံး နတ်ဘုရားဝိညာဉ်အမျှင်လေး ပျောက်ကွယ်မယ့် အချိန်အထိ ကျင့်ကြံနေတာပဲ။ ဒီအချိန် အတောအတွင်းမှာ တာအိုကို လက်ခံရယူမယ့် ထိုက်တန်တဲ့ လူတစ်ယောက်ကို စောင့်မျှော်နေခဲ့တယ်” မီးခိုးရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။

၎င်း၏ အကြည့်များသည် တောက်ပမနေချေ။ ၎င်းသည် အကန့်အသတ်မဲ့ အမှောင်ထုကြီးကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် မျှော်လင့်တကြီးဖြင့် ပြောလိုက်၏။ “မင်း တာအိုကို ရပြီဆိုရင် ငါ့ရဲ့ မျိုးဆက်သစ်တွေ ကို ကာကွယ်ပေးဖို့ မျှော်လင့်မိတယ်”

လင်းရှောင်၏ အမူအရာ တစ်ခုလုံးသည် အေးခဲသွားခဲ့၏။ ဘာပြောရမှန်းကို သူကောင်းကောင်း မသိချေ။ သို့ပေမဲ့ ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် သူက ထပ်မံကာ ပြောလိုက်သည်။ “ဘာတစ်ခုကိုမှ ဖုံးကွယ် မနေတော့ပါဘူး စီနီယာ။ ကျုပ် ဒီကိုလာတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ လမ်းညွှန်ချက်ကြောင့် လာတာပါ။ ဒါပေမဲ့ စီနီယာရဲ့ မျိုးဆက် ဘယ်မှာလဲဆိုတာ မသိပါဘူး။”

“ဟုတ်လား”

မီးခိုးရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ပေါက် လာခဲ့၏။ သူက တီးတိုးရေရွတ်လိုက်၏။ “နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါ့ရဲ့မျိုးဆက်တွေတောင်မှ ပျောက်ကွယ်သွား ခဲ့ပြီလား”

လင်းရှောင်က အတည်ပြုလိုက်သည်။ “စိတ်ချပါ စီနီယာ၊ ပြန်ရောက်ရင် စီနီယာရဲ့ သွေးမျိုးဆက်ကို ကျုပ် ကျိန်းသေပေါက် ရှာပေးပါ့မယ်”

“အင်း... မင်းရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကတော့ လုံလောက်ပါတယ်”

မီးခိုးရောင်ဝတ်စုံနှင့် လူသည် လက်ကို အသာယမ်းခါလိုက်၏။ “ဒါနဲ့ မင်းပြောတဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုတာ ဘယ်သူလဲ။ မင်းကို ဒီနေရာရောက်အောင် လမ်းညွှန်ပေးလိုက်တဲ့လူ ဆိုတော့ သာမန်ထက်ပိုတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်”

“နန်းဆောင်သခင်က အစစ်အမှန် ဘယ်သူဖြစ်တယ်ဆိုတာကို မသိဘူး။ ဒါပေမဲ့ သူ့ရဲ့ အားအင်အဆင့်က ကျုပ်ကိုယ်တိုင် ကြုံဖူးတယ်။ ရှေးအင်ပါယာတစ်ယောက် ဖြစ်တယ်ဆိုတာ ကျိန်းသေတယ်။ ဒါပေမဲ့ ဘယ်ခေတ်က ရောက်လာတဲ့လူဆိုတာ မသိဘူး” လင်းရှောင် ကြောင်တောင်တောင်ဖြင့် ပြန်လည်ကာ ဖြေရှင်းပေးလိုက်မိသည်။

“အင်း... လောကကြီးထဲမှာ အဲဒီလို လူမျိုးတွေလည်း ရှိသေးတာလား”

မီးခိုးရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲတွင် စိတ်ပါဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။ “ဖြစ်နိုင်မယ်ဆိုရင် အဲလိုလူနဲ့ လူချင်းတွေ့ပြီး သူနဲ့ တာအိုအကြောင်း ဆွေးနွေးလိုက်ချင်သေးတယ်”

All Chapters