အခန်း (၂၄၃)
Vol. 17 Ch. 243
လင်းရှောင်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေလေ၏။ သူ၏ရှေ့တွင် ရှိနေသည့် စီနီယာကျန်းဖန်၏ အခြေအနေသည် ဘာမှန်း သေသေချာချာ မသိရှိချေ။ အစစ်အမှန် ကျန်းဖန်သည် သေဆုံးသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၏။ ယခု ကျန်ရှိနေသည်မှာ အကြွင်းအကျန် ဝိညာဉ်ဟုပင် သတ်မှတ်နိုင်စွမ်း မရှိသည့် သိစိတ် အမျှင်လေး တစ်ခုသာလျှင် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လေနှင့်အတူ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိနေခဲ့၏။
ရှုပ်ထွေးကြယ်ပင်လယ်ထဲတွင် ပျောက်ကွယ်သွားမလား ဆိုသည်ကိုပင် စိတ်မချရသေးသည့် အခြေအနေဖြစ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်လည်ပတ်ဖို့ဆိုလျှင် ဝေလာဝေးပင် ဖြစ်သည်။
“ဉာဏ်အလင်း ရရှိနိုင်မှု နည်းလမ်းတွေက တစ်ဦးတစ်ယောက်ချင်းစီနဲ့ ပတ်သက်ရင် အရမ်းကို ကွာခြားလွန်းလှ တယ်လေ။ ရောင်စဉ်အလင်း ရှေးအင်ပါယာရဲ့ သက်တမ်းမျိုးစေ့ကို ပြန်ကြည့်မယ်ဆိုရင် မင်းက ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ တပည့်တစ်ယောက် ဖြစ်လိမ့်မယ်။ ဒီတော့ ကိုယ့်လမ်းကိုယ် အစောကြီးကတည်းက လျှောက်နှင့်ပြီးသား ဖြစ်လိမ့်မယ်”
မီးခိုးရောင်ဝတ်စုံနှင့် လူသည် လင်းရှောင်ကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ချီးကျူးလိုသည့် အရိပ်အယောင်များဖြင့် ပြောဆိုလိုက်၏။ “မင်းက ငါ့ရဲ့ သင်ပြမှု အားလုံးကို အမွေဆက်ခံ မရရှိနိုင်ဘူး ဆိုပေမဲ့ အင်ပါယာဖြစ်နိုင်မယ့် လမ်းစဉ် အသိအမြင်တွေကိုတော့ ငါမင်းကို ပေးနိုင်တယ်။ ဒါတွေက မင်းအတွက် အရမ်းကို အသုံးဝင်လိမ့်မယ်”
ဤစကားစု ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် အင်ပါရီယာအော်ရာများ ဖြန့်ကျက် ဖြစ်တည်လာခဲ့၏။ တည်နေရာ တစ်ခုလုံးသည်လည်း တုန်ခါလာခဲ့၏။ မီးခိုးရောင်ဝတ်စုံနှင့်လူသည် ကောင်းကင်နှင့် မြေကြီး၏ အုပ်စိုးသူတစ်ယောက်ကဲ့သို့ပင်။
ရောင်စဉ်အလင်းတန်းများသည် ကောင်းကင်ယံ၌ ဖြစ်တည်လာခဲ့ပြီး ကျယ်ပြောလှသည့် တည်နေရာကြီးဆီသို့ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့၏။ မူလအားဖြင့် ခြောက်ကပ်လျက် ရှိနေသည့် ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း စိမ်းစိုပြီး အသာအရေများ စိုပြေလာခဲ့၏။ ပြီးနောက် ဆန်းကြယ်သည့် အော်ရာများ ထွက်ပေါ်လာခဲ့သည်။
တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် ပတ်ဝန်းကျင် တစ်ခုလုံးသည် အသံများ မြည်နေပြီးသည့်နောက် ၎င်းအား ကောင်းချီးပေးနေသကဲ့သို့ပင်။ အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော ဩဘာပေးသံများ တဝုန်းဝုန်းနှင့် ထွက်ပေါ်လာခဲ့၏။
အင်ပါယာကျန်းဖန်၏ အကြည့်သည် လင်းရှောင်ဆီသို့ စူးစိုက်ရောက်ရှိလျက် ရှိသည်။ ၎င်းသည် လက်ကို အသာ မြှောက်ပြီးသည့်နောက် လင်းရှောင်၏ နဖူးဆီသို့ လက်ညှိုးဖြင့် ညွှန်လိုက်သည်။ များပြားလှသည့် ရောင်စဉ် အလင်းတန်းများသည် လက်ညိုးဆီမှ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လင်းရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
“ကျေးဇူးပါပဲ စီနီယာ”
လင်းရှောင်သည် ကျေးဇူးတင်စွာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ အစစ်အမှန်ပင် ဖြစ်သည်။ နန်းဆောင်သခင်၏ လမ်းညွှန်ပေးမှုအောက်တွင် သူသည် ဤတည်နေရာသို့ ရောက်ရှိလာခဲ့၏။ အင်ပါယာတစ်ယောက် ဖြစ်လာမည်ဆိုသော အခွင့်အရေးကို သူ ပိုင်ဆိုင်ခဲ့လေပြီ။
သူလိုအပ်နေသည်မှာ အင်ပါယာကျန်းဖန်၏ လမ်းစဉ် မဟုတ်ချေ။ အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် လိုအပ်သော ဉာဏ်အလင်းများပင် ဖြစ်လေ၏။ ယခု တခြားသော အင်ပါယာတစ်ယောက်ဆီမှ ဉာဏ်အလင်းများကို ရရှိပြီးသည့်နောက် သူသည် အချိန်အတိုင်းအတာတိုအတွင်း သူနှင့် ပတ်သက်သည့် ဉာဏ်အလင်းများကို ပြန်လည်ကာ ရှာဖွေနိုင်မည်ဟု ယုံကြည်လျက်ရှိ၏။
လင်းရှောင် အနေနှင့် များများစားစား တွေးတောရန် အချိန်မရှိချေ။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ဖြင့် ထိုင်ချလိုက်ပြီး သည့်နောက် သူ၏စိတ်တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အော်ရာများသည် မျက်စိနှင့်မြင်သာစွာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
အင်ပါယာကျင်းဖန်သည် သူ၏ အသိအမြင်များကို လွှဲပြောင်းပေးအပ်ခြင်း ပြီးသွားသည်နှင့်တပြိုင်နက် အလင်း အမှုန်အစလေးကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီးအတွင်းမှ အလုံးစုံ ပျောက်ကွယ်သွားခဲ့၏။
“ငါ့ရဲ့နောက်မှာ တကယ့်ကို နက်နဲတဲ့ အခြေခံနဲ့ လောကကြီးတစ်ခု ရှိနေတယ်။ မင်း တကယ့်ကို ဂရုစိုက်ဖို့ လိုအပ်လိမ့်မယ်” အသံအိုကြီးသည် တည်နေရာထဲ၌ ပျံ့နှံ့သွား၏။ ဤအရာသည် အင်ပါယာ ကျန်းဖန် ချန်ခဲ့သည့် နောက်ဆုံးအသံပင် ဖြစ်လေသည်။
.........
တခြားသော တစ်ဖက်ခြမ်း
မှောင်မဲလှသည့် တည်နေရာကြီး အတွင်းမှာတော့ လုချန်းဂီသည် ဆက်လက်ကာ ရှာဖွေလျက် ရှိနေလေ၏။ ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားများ ဆင်းသက်လာခဲ့၏။ ထိုအရာသည် သူ့အား ဖိနှိပ်လေ၏။
“ဘာတွေဖြစ်နေတာလဲ”
လုချန်းဂီ၏ နှလုံးသားတစ်ခုလုံးသည် စိုးရွံ့သွားခဲ့တော့၏။ သူသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် အလင်းတန်း ထွက်ပေါ်ရာ တည်နေရာဆီသို့ ကြည့်လိုက်၏။ မြင်ကွင်းကို မြင်ရချိန်မှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးခဲသွားသည်။
နဂါးများအော်သံ၊ ဖီးနစ်အော်သံနှင့် နတ်ဘုရား အလင်းတန်းများသည် မိုးကဲ့သို့ပင် ကောင်းကင်ယံထက်မှ ကျဆင်းလျက် ရှိနေ၏။ ထိုအထဲတွင် လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေပြီး ကောင်းကင်နှင့် မြေကြီး၏ အကြားတွင် ဉာဏ်အလင်းကို ရှုမှတ်နေ၏။ အလွန်ဝေးကွာသည့် တည်နေရာတွင် ရှိနေသည်ဆိုလျှင်တောင်မှ သူသည် ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
လက်ရှိအခြေအနေမှာတော့ ရှုပ်ထွေးကြယ်ပင်လယ် တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေပြီး တာအို၏ အရိပ်အယောင်များနှင့် ပြည့်နှက်လို့နေ၏။ ကောင်းကင်ယံ တစ်ခုလုံးတွင် အကန့်အသတ်မဲ့သည့် ပုံရိပ်ယောင် များနှင့် ပြည့်နှက်လျက် ရှိနေလေသည်။
“အင်ပါယာလား”
လုချန်းဂီသည် မယုံကြည်နိုင်စွာဖြင့် ထအော်လိုက်၏။ “စီနီယာ ငါ့ကို ဘယ်လို အခွင့်အရေးမျိုး ပေးလိုက်တာလဲ”
သူ့အနေနှင့် သေသေချာချာ စဉ်းစားလျက် ရှိနေတော့၏။ အင်ပါယာလက်နက် အကျိုးအပြတ် တစ်ခု၏ သတင်းအချက်အလက်ကို ပေးအပ်မည်ဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။ ဘယ်လိုဖြစ်ပြီး အင်ပါယာ တစ်ယောက်က ပေါ်ပေါက်လာရသနည်း။
ဤအင်ပါယာသည် အင်မော်တယ် တိုက်ခိုက်ရေး တည်နေရာ၏ ဘေးတွင် ၎င်း၏ လှိုဏ်ဂူကို တည်ဆောက်ကာ နေထိုင်သည့်အင်ပါယာ ဖြစ်နေသည်လား။ အင်ပါယာလက်နက် အကျိုးအပြတ်ကို သူရှာဖွေချင်သည်ဆိုပါက ထိုအင်ပါယာ၏ မျက်လုံးအောက်တွင် သွားရောက်ကာ ရှာဖွေရမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။
လုချန်းဂီ တစ်ယောက် အင်မော်တယ်တိုက်ခိုက်ရေး တည်နေရာထဲသို့ ဆက်လက်ကာ သွားရောက်ရှာဖွေရမလား ဆိုသည်ကို စဉ်းစားလျက် ရှိနေတုန်းမှာပဲ ဤအင်ပါရီယာ အော်ရာများသည် တဖြည်းဖြည်းနှင့် မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့၏။
လက်ရှိအချိန်မှာတော့ အင်ပါရီယာ အော်ရာများ ထွက်ခွာသွားသည့်နှင့် တပြိုင်နက် မတူညီသည့် ဖိအားဒဏ်သည် တဖြည်းဖြည်းနှင့် ပျံ့နှံ့လာခဲ့တော့၏။ ကွာစီအင်ပါယာတစ်ယောက်၏ အထက် သို့မဟုတ် တော်ဝင်အင်ပါယာ တစ်ယောက် မဖြစ်သေးသော အော်ရာများသည် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာမျိုးအဖြစ် ဖြစ်တည်လာခဲ့ပြန်သည်။
“အင်း... နိဗ္ဗာနဖြစ်စဉ်ကို ကူးပြောင်းမယ့် အင်ပါယာ တစ်ယောက်လား”
လုချန်းဂီက တွက်ချက်လိုက်မိ၏။ သူသည် အော်ရာများ ထွက်ပေါ်ရာ တည်နေရာဆီသို့ လှမ်းကြည့်ပြီးသည့်နောက် အင်မော်တယ် တိုက်ခိုက်ရေး တည်နေရာဆီသို့ လှမ်းကြည့်လိုက်ပြန်၏။ အံကို တင်းတင်းကြိတ်ပြီးသည့်နောက် အင်မော်တယ် တိုက်ခိုက်ရေး တည်နေရာထဲသို့ အရင်ဝင်လိုက်၏။ ရောက်လာပြီ ဆိုမှတော့ ဘာပဲဖြစ်ဖြစ် သူ ကြိုးစားခဲ့သမျှ သဲထဲရေသွန် မဖြစ်ရန်အတွက် ဤတည်နေရာထဲသို့ ဝင်ကို ဝင်ရပေမည်။
အင်မော်တယ် တိုက်ခိုက်ရေး တည်နေရာထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူသည် လင်းရှောင်လိုပင် အင်ပါယာ အဆင့် သတ်ဖြတ်ခြင်း အစီအရင်နှင့် ရင်ဆိုင်တွေ့ခဲ့၏။ သို့ပေမဲ့ လင်းရှောင်နှင့် မတူပေ။ သူ့၌ အစီအရင်ကို ချိုးဖြတ်နိုင်မည့် နည်းလမ်းကို ပိုင်ဆိုင်၏။ ထို့ကြောင့် သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် သူသည် သက်တောင့် သက်သာဖြင့် အရှေ့ဆီသို့ ရွေ့လျားကာ သွားလာနိုင်၏။
သူသည် များပြားလှသည့် အလောင်းများကို ကျော်ဖြတ်ပြီး သွားခဲ့လေ၏။ စီနီယာ ပြောဆိုခဲ့သည့်အတိုင်းပင်။ ဤနေရာသည် တိုက်ခိုက်ရေး တည်နေရာ ဖြစ်သည်မို့ တိုက်ခိုက်ရေး တည်နေရာထဲတွင် အလောင်းများ ပျံ့ကြဲ နေသည်ဆိုခြင်းမှာ အကျိုးအကြောင်း ဆီလျော်လွန်းလှသည်။
တဖြည်းဖြည်း အတွင်းပိုင်းဆီသို့ ဆက်လက်ကာ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သုံးပေခန့်ရှည်သည့် အစိမ်းရောင်ဓားတစ်စင်းသည် လဲလှောင်းလျက် ရှိနေသည်ကို မြင်ရ၏။ ထိုဓားသည် မှေးမှိန်ကာဖြင့် ရေညှိများ တက်နေပြီး မည်သည့် စွမ်းအားမှ မရှိသည့်ပုံ ပေါ်သည်။ သို့ပေမဲ့ သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် အင်ပါရီယာ စိတ်ဆန္ဒများ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို မြင်ရမည်ဖြစ်၏။ ၎င်းသည် အသက်ပြင်းပြင်း ရှူလျက် ရှိနေသည့် ဓားတစ်ချောင်းကဲ့သို့ပင်။
“ဒါ... ဒါ အင်ပါရီယာ လက်နက်လား”
လုချန်းဂီ၏ မျက်လုံးတစ်ခုလုံးသည် လင်းလက်သွားခဲ့တော့၏။ သူသည် ဖြည်းညှင်းစွာဖြင့် ရှေ့ဆီသို့ တိုးသွား၏။ အနီးသို့ ကပ်သွားသည့် အချိန်မှာတော့ ဤအင်ပါရီယာ လက်နက်၏ အစစ်အမှန် ပုံရိပ်ကို သူက မြင်လိုက်ရ၏။
ဓားဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး ရေလှိုင်းများကဲ့သို့ တလိပ်လိပ်ဖြင့် တိုက်စားလျက် ရှိနေ၏။ ဤအရာသည် အလုံးစုံ ပျက်သုန်းခြင်း အော်ရာများပင် ဖြစ်လေတော့၏။ မျက်နှာပြင်ပေါ်တွင် တည်ရှိနေသည်များမှာ ရေညှိ မဟုတ်ချေ။ အင်ပါရီယာတစ်ယောက်၏ လတ်ဆတ်သည့် သွေးများသာလျှင် ဖြစ်၏။ ဆိုလိုသည်မှာ ဤသုံးပေခန့်ရှည်သည့် ဓားသည် အင်ပါယာတစ်ယောက်၏ ဦးခေါင်းကို ဖြတ်ခဲ့ဖူးသည့် ဓားပင်။