အခန်း (၂၄၇)
Vol. 17 Ch. 247
"ခုနက မင်းရဲ့ တိုက်ခိုက်ချက်ကြောင့် ကောင်းကင်မူလလောကြီးက ဖျက်ဆီးခံရတော့မယ်"
အင်ပါယာမိုယွမ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ၎င်း၏ မျက်လုံးများဆီမှ ထွက်ပေါ်သည့် အော်ရာများသည် အရှိန်တငြီးငြီးနှင့် ဖြစ်တည်လျက် ရှိ၏။ ၎င်းသည် အေးစက်စက် ပြောဆိုလိုက်သည်။
"မှားတယ်"
လင်းရှောင်သည် ခေါင်းကို ခါယမ်းကာ ပြောဆိုလိုက်၏။
"တိုက်ပွဲက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းငါးဆယ်ကတည်းက စနေတာ မဟုတ်လား"
"ဪ … ဟုတ်လား"
အင်ပါယာမိုယွမ် သည် အံ့အားမသင့်သလို ဒေါသလည်း မထွက်ခဲ့ချေ။ သူ့အနေဖြင့် သူတို့လောက၏ အင်ပါယာအကြောင်းကို သာမန်လူများထက် ပိုမိုကာ သိရှိ၏။ သူတို့အင်ပါယာ၏ ရည်ရွယ်ချက်ကိုလည်း သူက ရှင်းရှင်းလင်းလင်း သိရှိပြီး ဖြစ်သည်။ ဤအရာသည် အခြားသော နယ်မြေများကို လွှမ်းမိုးရန်မှ လွဲ၍ တခြား မဟုတ်ချေ။ ကံဆိုးစွာဖြင့် မှားယွင်းသည့် လမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပြီး နက်မှောင်သည့် တည်နေရာကြီးထဲသို့ ရောက်ရှိသွားခဲ့၏။ ထိုထဲတွင် နှစ်ပေါင်း တစ်သောင်းကျော်ကြာ လည့်လည်သွားလာခဲ့ပြီး ဘာတစ်ခုမှ မရခဲ့ချေ။ ထို့ပြင် အင်ပါယာတစ်ယောက်နှင့်လည်း ထိပ်တိုက်တွေ့ဆုံခဲ့သေး၏။ ထိုတွေ့ဆုံမှုသည် ၎င်း၏ လက်ရွေးစင် အဖွဲ့များကို သေဆုံးသည်အထိ ဖြစ်စေခဲ့တော့၏။ အင်ပါယာ သည်ပင် မနည်းလွတ်အောင်ထွက်ပြေးခဲ့ရလေ၏။ ခရမ်းရောင်နက်နဲ လောကထဲ ပြန်ရောက်ပြီး မကြာခင်မှာပဲ သေဆုံးခဲ့သည်။
ထိုအတွေ့အကြုံများကို သိရှိပြီးနောက်မှာတော့ အင်ပါယာမိုယွမ်သည် တူညီသည့် အမှားကို ထပ်မံ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ တည်နေရာလမ်းကြောင်းသည် အရေးကြီးသည် ဆိုလျှင်တောင်မှ မှန်ကန်သည့် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်နိုင်ခြင်းက ပို၍ အရေးကြီးသည်။ မှားယွင်းသည့် တည်နေရာကို ဖွင့်လှစ်ခဲ့ပါက တဖက်လူများ၏ တိုက်ခိုက်မှု ခံရပေလိမ့်မည်။
"မကြာခင်မှာ ကောင်းကင်မူလ လောကကို လာခဲ့မယ်။ အဲအချိန်ကျရင်လည်း ဒီလိုမျိုး ယုံကြည်ချက်ရှိဖို့ မျှော်လင့်မိတယ်။ ကောင်းကင်မူလလောကရဲ့ အင်ပါယာအသစ်လေး" အင်ပါယာမိုယွမ်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောဆိုလိုက်၏။
သူ၏ အင်ပါယာအသစ်လေးဆိုသည့် လေသံသည် အမှန်ပင် အထင်အမြင်သေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူ၏ အမြင်နှင့် လင်းရှောင်သည် ယခုမှ ဖြစ်တည်ခဲ့သော အင်ပါယာအသစ်တစ်ယောက် ဖြစ်ကြောင်း လွယ်လွယ်ကူကူဖြင့် သိနိုင်၏။ သို့ပေမဲ့ ထိုသို့ဆိုလျှင်တောင်မှ အင်ပါယာမိုယွမ်သည် တစ်ဖက်ဆီသို့ သွားရောက်ပြီး လင်းရှောင်ကို သတ်ဖြတ်ရန်အတွက် ယုံကြည်ချက်တော့ မရှိချေ။
အဘယ့်ကြောင့်ဆိုသော် လင်းရှောင်၏ အနောက်ဘက်တွင် ဘာတွေရှိနေမည်ကို မသေချာသောကြောင့်ပင်။ တည်နေရာလမ်းကြောင်းထဲသို့ ဝင်ရောက်နေစဉ် လင်းရှောင် တိုက်ခိုက်လိုက်မည်ကိုလည်း စိုးရိမ်ရ၏။ လင်းရှောင်သာ တိုက်ခိုက်လိုက်ပါက တည်နေရာ လမ်းကြောင်း တစ်ခုလုံးသည် သံသယဖြစ်စရာ မလိုစွာဘဲ ပျက်စီးသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် ရှုပ်ထွေးသည့် တည်နေရာကြီးထဲတွင် လျှောက်သွားရင်း အိမ်သို့ ပြန်နိုင်တော့မည် မဟုတ်ချေ။
“ကျုပ်တို့လောကကြီးဆီ ခင်ဗျားလာတဲ့အချိန်ကျရင်လည်း ဒီလိုမျိုးယုံကြည်ချက်ရှိဖို့ မျှော်လင့်မိတယ်" လင်းရှောင်သည် ရန်စသည့် လေသံဖြင့် ပြောဆိုလိုက်၏။
"စောင့်ကြည့်လိုက်လေ" အင်ပါယာမိုယွမ်သည် ပြန်လည်ပြောဆိုလိုက်၏။ ၎င်း၏ အသံသည် တင်းမာခက်ထန်လွန်းသောကြောင့် တည်နေရာကြီး တစ်ခုလုံးပင် လှုပ်ခါသွား၏။ ၎င်းတို့၏ လောကထဲတွင် ရှိနေသည့် သက်ရှိများ အားလုံးတို့သည် တုန်ယင်သွားခဲ့ကြ၏။
လက်တစ်ဖက်ကို ဝေ့ယမ်းပြီးသည့်နောက် သူ၏လက်ဝါးတွင် သင်္ကတများ ဖြစ်တည်လာခဲ့၏။ ထိုသင်္ကေတဆီမှ လင်းလက်လျက်ရှိနေသည့် ရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး တည်နေရာ လမ်းကြောင်းတစ်ခုလုံးကို အတင်းပင် ဖိနှိပ်လေ၏။ အင်ပါယာမိုယွမ်သည် ချက်ချင်းတိုက်ခိုက်ရန် မရွေးချယ်ခဲ့ချေ။ တစ်ဖက်လူသည် အင်ပါယာအသစ်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ တစ်ချက်တည်း အနိုင်ယူရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ အားအင်ကို သုံးဖြုန်းခြင်းထက် တည်နေရာလမ်းကြောင်းကို ခဏတာ စည်းခတ်ထားရန်သာ သူက ဆုံးဖြတ်ခဲ့သည်။
ဘုန်း ဘုန်း
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာလမ်းကြောင်းကြီးသည် စည်းခတ် ခံလိုက်ရ၏။ တော်ဝင်အင်ပါယာတစ်ယောက်၏ အော်ရာများနှင့် ပိတ်ပင် တားဆီးခြင်းကို ပြုလုပ်လိုက်၏။
"တော်ဝင်အင်ပါယာ"
အရပ်နှစ်ပေသာ ရှိသည့် ရွှေရောင်သတ္တဝါသည် ဤမြင်ကွင်းကို ကြည့်ရှုပြီးနောက် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ သူ၏ အမြင်အရဆိုလျှင် အင်ပါယာမိုယွမ်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်နှင့် အင်ပါယာ တစ်ယောက် ဖြစ်၏။ အဘယ့်ကြောင့် တိုက်ခိုက်ရမည့်အစား တည်နေရာကြီးကို စည်းခတ်လိုက်ရသနည်း။
အခြားတစ်ဖက်မှ မလာရဲသည်ဆိုမှတော့ သူတို့သည် သွားရောက်ကာ တိုက်ခိုက်ရမည် မဟုတ်ပါလား။ သူ၏ တာအိုရောင်ရင်းအတွက် လက်စားချေရပေဦးမည်။
"ဒီတည်နေရာလမ်းကြောင်းက အများကြီး အသုံးမဝင်ဘူး"
အင်ပါယာမိုယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် မြေပြင်ရှိ ကွဲကြေလျက် ရှိနေသော အက်ကွဲကြောင်းကို ကြည့်ရှုလိုက်၏။ ထိုနေရာတွင်တော့ ကျင့်ကြံသူအများအပြားသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေကြ၏။ သူသည် ထိုသူများကို ကြည့်ရှုရင်း စိတ်ထဲ၌ ဒေါသတရားများ ဖြစ်ပေါ်လာသည်။
"ဒီအင်ပါယာက ကျိန်းသေ မှတ်ထားမယ်။ အနာဂတ်မှာ ကောင်းကင်မူလလောကကြီးက ကျိန်းသေပေါက် ပြန်ပြီးပေးဆပ်ရမယ်"
"တော်ဝင်အင်ပါယာ …. တည်နေရာလမ်းကြောင်းကို ပြန်ပြီး ဖွင့်လိုရနိုင်လား။ " ရွှေရောင်ဝတ်စုံနှင့် သတ္တဝါသည် မေးမြန်းလိုက်၏။
ဟမ်
အင်ပါယာမိုယွမ်သည် မျက်လုံးကို အသာမှေးကြည့်လိုက်၏။ သူသည် ကြီးမြတ်လှသည့် လူတစ်ယောက်ဟု တစ်ဖက်လူကို ထင်မြင်စေခဲ့၏။ သု့အနေဖြင့် မေးခွန်းတိုင်းကို လိုက်လံဖြေဆိုနေလျှင် မည်သူက အထင်ကြီးတော့မည်နည်း။
"တော်ဝင်အင်ပါယာ စိတ်အလိုမကျ မဖြစ်ပါနဲ့။ ဒီဂျူနီယာနဲ့ ရှေးကောင်းကင်မြို့အရှင်က ရောင်းရင်းတွေပါ။ ကျုပ်ရောင်းရင်းက ကောင်းကင်မူလလောကရဲ့ အင်ပါယာက သတ်ဖြတ်တာကို ခံလိုက်ရတယ်။ ဒါကြောင့်မို့ ဒီဂျူနီယာက လုံးဝမကျေနပ်ပါဘူး။ တော်ဝင်အင်ပါယာရဲ့ အမိန့်ပေးမှုအောက်က လိုက်ပါချင်ပါတယ်။ အင်ပါယာသာ လောကကြီးနှစ်ခုကြားမှာ ရှိတဲ့လမ်းကိုဖွင့်လိုက်မယ်ဆိုရင် ဒီဂျူနီယာအနေနဲ့ ကောင်းကင်မူလ လောကထဲကို အရင်ဆုံးဝင်ပြီး ရှေ့မှာရှိတဲ့ လူတွေကို သတ်ဖြတ်ချင်ပါတယ်" ရွှေရောင်သတ္တဝါသည် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။
"ကောင်းပြီ" ခနလောက် တိတ်ဆိတ်ပြီးသည့် နောက်မှာတော့ အင်ပါယာမိုယွမ်သည် ဖြေးညင်းစွာ ပြောဆိုလိုက်၏။
တော်ဝင်သူတော်စင် ဆိုသည်မှာ ရှားပါးသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏ အမိန့်အောက်သို့ လိုလိုချင်ချင်နှင့် လိုက်ပါချင်သည် ဆိုပါက သူ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
"နောက်လိုက် ယွမ်ရိ အင်ပါယာကို ဂါဝရပြုပါတယ်" ရွှေရောင်သတ္တဝါသည် ပျော်ရွှင်သွားမိ၏။ ပြီးနောက် လေဟာနယ်ထဲတွင် မတ်မတ်ရပ်ကာဖြင့် ဦးညွှတ်ကာ အော်ဟစ်လိုက်သည်။
.................
ရှုပ်ထွေးကြယ်ပင်လယ်
လင်းရှောင်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်၌ အံ့အားသင့်စရာ ကောင်းလှသည့် အော်ရာများဖြင့် ပြည့်နက်နေ၏။ နတ်ဘုရားရောင်စဉ်များသည် ခန္ဓာကိုယ်၌ ထွန်းတောက်နေပြီး သူ၏အနီးအနားကို ထွန်းလင်းစေခဲ့၏။ အင်ပါယာတစ်ယောက်၏ ဆန်းကြယ်မှုများသည် ကောင်းကင်နှင့် မြေကြီး၏ နိယာမများနှင့် တစ်သားတည်း ဖြစ်တည်လျက် ရှိနေလေ၏။
သူသည် တည်နေရာလမ်းကြောင်းကို မချိုးဖျက်ဘဲ စည်းခတ်ကာ ပိတ်သွားသည့် အင်ပါယာမိုယွမ်ကို နားမလည်သလို လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူသည် ဤနေရာဆီမှ ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိချေ။ နန်းဆောင်သခင်ဆီမှ လမ်းညွှန်မှုကို ရရှိခဲ့ပြီးနောက် အင်ပါယာကျန်းဖန်၏ ဉာဏ်အလင်းကိုလည်း ရရှိခဲ့သေး၏။ ထို့ကြောင့် သူ့အနေဖြင့် ဤနေရာမှ ထွက်ခွာသွားပါက ဆုံးရှုံးမှု မရှိနိုင်တော့ချေ။ သို့ပေမဲ့ သူသည် တူညီသည့် အမှားမျိုးကို ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ လမ်းကြောင်းသည် ဤနေရာတွင် တည်ရှိနေသောကြောင့် အန္တရာယ်များလွန်းလှ၏။ တစ်ချက်သော အမှားအယွင်းသည် တစ်ဖက်လူများကို ဖိတ်ခေါ်သလို ဖြစ်နိုင်သည်။
ထိုသို့ဆိုလျှင် သူတို့လောကကြီးသည် တကယ်ပင် ကြီးမားလွန်းသည့် အန္တရာယ်ကြီး ကျရောက်မှာ သေချာ၏။ တစ်ဖက်လူများ သူတို့လောကဆီသို့ ဝင်ရောက်လာပါက သူတို့အနေဖြင့် တိုက်ခိုက်နိုင်မလား ဆိုသည်က မသေချာလှချေ။ အလုံခြုံဆုံးသော ဆုံးဖြတ်ချက်သည် ဤနေရာတွင် စောင့်ကြပ်နေခြင်းသာ ဖြစ်၏။ ထို့ပြင် စောင့်ကြည့်ရမည်သူသည် အားနည်း၍မဖြစ်ချေ။ မဟုတ်ပါက အမှတ်မထင်ကိစ္စမျိုးတွင် သတင်းပင် ပြန်လည် မပို့နိုင်ဘဲ သေဆုံးသွားနိုင်၏။ ထို့ကြောင့် လက်ရှိ၌ သူသည်သာ ဤနေရာကို စောင့်ကြည့်ရန် အကောင်းဆုံးလူ ဖြစ်ပေလိမ့်မည်။
သူသည် ငရဲကိုးကောင်းနတ်ဆိုးဂိုဏ်းနှင့် ပြဿနာများ ရှိနေသည် ဆိုလျှင်တောင်မှ လောကထဲရှိ သက်ရှိများ၏ မျက်နှာကို ထောက်ကာဖြင့် ဤနေရာတွင် စောင့်ကြပ်ရပေလိမ့်မည်။ ဤအတောအတွင်း သူ၏တာအိုကိုလည်း အသားကျအောင် ကျင့်ကြံရပေဦးမည်။ ထိုတင်မကသေးချေ။ အင်ပါယာကျမ်းစာကိုလည်း ကိုယ်တိုင်ဖန်တီးကာ ရေးသားရပေဦးမည်။