← Chapters

အခန်း (၂၅၀)

Vol. 17 Ch. 250

အခန်း (၂၅၀)

Vol. 17 Ch. 250

“တော်ဝင်အင်ပါယာတစ်ယောက် ပြန်လည် မွေးဖွားလာတဲ့လူ ပီသတာပဲ” လီယွင်က သက်ပြင်းချလိုက်၏။

စာရင်းကို ထုတ်ဖော်လိုက်သည် ဆိုသည်နှင့် ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသည့် လူများအားလုံး စိတ်ဓာတ်ကျသွားမည်ကို သေချာလေ၏။ တစ်ဖက်လူတို့သည် ယုရှင်းချန် ကို မည်ကဲ့သို့ သွားရောက်ကာ ယှဉ်ပြိုင်တော့မည်နည်း။

သူမသည် ကွာစီအင်ပါယာများ၏ စာရင်းတွင်ပင် ပါဝင်လျက် ရှိနေ၏။ တခြားသူများ အနေနှင့် နိဗ္ဗာနအဆင့်သို့ ရောက်ရန်ပင် ရုန်းကန်နေရ၏။ ယုရှင်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် တဖြည်းဖြည်း တိုးတက်လာပြီးသည့်နောက် ကွာခြားချက်သည် ပိုမိုကာ များပြားလာပေလိမ့်မည်။

“ကြည့်ရတာ ဒီစာရင်းမှာ မုန့်ရှင်းကျီ မပါပါလား”

လီယွင်သည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက် မုန့်ရှင်းကျီ၏ နာမည်ကို မတွေ့ခဲ့ချေ။ ဤအရာမှာ အနည်းငယ် ကြောင်တောင်တောင်နိုင်၏။ ဆေးပင်များကို အားကိုးကာဖြင့် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် လူတစ်ယောက်အနေဖြင့် စနစ်၏ အမြင်တွင် ၎င်း၏ အလားအလာသည် ကုန်ခမ်းလုနီးပါး ဖြစ်နေလေ၏။

၎င်း၏ ဘဝတစ်သက်တာတွင် အင်ပါယာ ဖြစ်ဖို့ဆိုသည်မှာ နီးစပ်သည့်အရာ မဟုတ်ချေ။ ထို့အပြင် အင်ပါယာဖြစ်သည်ဆိုလျှင်တောင်မှ နှစ်သန်းမည်မျှ နေထိုင်ရမည်ကို နတ်ဘုရားများသာ သိပေလိမ့်မည်။ ၎င်း၏ တောက်ပခဲ့သည့် နှစ်များအတွင်း ထိပ်ဆုံးအဆင့်ဆီမှ အောက်ဆီသို့ တဖြည်းဖြည်း လျော့ကျလာခဲ့၏။ ထို့ကြောင့် အင်ပါယာတစ်ယောက် ဖြစ်လာရန်ဆိုသည်မှာ သံသယရှိစရာ မလိုပါဘဲ သူ့အတွက် အလွန်အမင်း ခက်ခဲပေလိမ့်မည်။

“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း... တကယ့်ကို ဆုံးရှုံးတော့မှာပဲ”

လီယွင်က အသာပြောလိုက်၏။ မုန့်ရှင်းကျီ အနေဖြင့် အင်ပါယာဖြစ်လာချင်သည်ဆိုလျှင် ကျိန်းသေပေါက် တန်ရာတန်ကြေးကို ပေးဆပ်ရပေလိမ့်မည်။ လီယွင်သည် တစ်ဖက်လူအတွက် အရာအားလုံးကို ပြောင်းပြန်လှန်ပေးနိုင်စွမ်းတော့ ရှိနေ၏။

“စနစ်... ဒီစာရင်းကို ထုတ်ပြန်လိုက်တော့” လီယွင်သည် စိတ်ထဲ၌ ပြောဆိုလိုက်သည်။

[စာရင်း၏နာမည်ကို ပြောပါ လက်ခံသူ]

"အင်း… ပုန်းကွယ်နေသည့် နဂါးစာရင်း" လီယွင်က တွေးတောလိုက်၏။ ပြီးနောက် ထိုအမည်ကို ချက်ချင်းပဲ ပယ်ချလိုက်၏။

လောကကြီးတွင် နဂါးပေါင်း မြောက်များစွာ တည်ရှိနေ၏။ စာရင်းထဲတွင် လူများလည်း တည်ရှိလို့နေ၏။ ရွှေကျီးကန်းကလန်၊ ရှုပ်ထွေးလူဝုကလန်၊ ဝိညာဉ်ကလန်၊ လူသားကလန် တခြားသော ကလန်များ အားလုံးသည် နဂါးကလန်များထက် မည်သို့မှ အားနည်းလှသည် မဟုတ်ချေ။ ကွာစီအင်ပါယာအဆင့် ကျင့်ကြံသူများပါ ပါဝင်လျက် ရှိနေသည်ဖြစ်သောကြောင့် နဂါးများကို ကိုယ်စားပြုကာဖြင့် ပြောဆိုခြင်းသည် တခြားသောသူများ၏ မျက်နှာကို မထောက်ခြင်း ဖြစ်ပေလိမ့်မည်။

"အင်ပါယာဆက်ခံသူစာရင်း"

လီယွင်က အကြံပြုလိုက်၏။ အနာဂတ် တော်ဝင်အင်ပါယာ ဖြစ်နိုင်သည့် အဓိပ္ပာယ်သည် ထိုအရာကို ညွှန်ကြားပြသလျက် ရှိနေတော့၏။ နာမည်သည် နားထောင်၍ မကောင်းသည် ဆိုလျှင်တောင်မှ အဓိပ္ပာယ်သည် အရေးကြီးလွန်းလှ၏။

ပြောပြောပြီးချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် ကျောက်တိုင်ကြီးတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ တော်ဝင်သဲကန္တာရမြို့ကြီး တစ်ခုလုံးသည် တုန်ခါသွားခဲ့ကြ၏။ လူပေါင်း များစွာတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုလိုက်ကြသည်။

"အင်း… စာရင်းသစ်တစ်ခု ပေါ်လာပြီလား" ‌

တော်ဝင်သဲကန္တာရမြို့ကြီးထဲတွင် တည်ရှိနေသည့် အဆင့်မြင့် ကျင့်ကြံသူများသည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ အသားကျနေကြပြီဖြစ်၏။ ထို့ကြောင့် သိပ်ပြီး မတုန်လှုပ်ကြချေ။ သို့ပေမဲ့ မြို့ထဲသို့ အခုမှ ရောက်ရှိလာသည့် လူများမှာတော့ တကယ်ပင် စိတ်ဝင်တစား ဖြစ်လို့နေကြ၏။

ချက်ချင်းဆိုသလိုပဲ ဒါဇင်နှင့်ချီအောင် များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တည်နေရာ အနှံ့ဆီမှ ရောက်ရှိလာပြီး ကျောက်တိုင်ကြီးအရှေ့တွင် မတ်မတ်ရပ်နေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် အဆင့်နိမ့် ကျင့်ကြံသူများ အနေနှင့် အနားသို့ မကပ်ရဲသည့် အခြေအနေမျိုးပင်။

"အင်ပါယာဆက်ခံသူစာရင်း"

ရွှေကျီးကန်းကလန်၏ တော်ဝင် သူတော်စင်သည် ရွှေရောင်မုတ်ဆိတ်မွှေးများကို အသာ ပွတ်သပ်ပြီးသည့်နောက် ထိပ်ဆုံးမှ အောက်ဆုံးဆီသို့ သေချာကြည့်ရှုလိုက်၏။ ပြီးနောက် မျက်မှောင်ကုတ်ကာဖြင့် တီးတိုးရေရွတ်လိုက်၏။ "ဒီစာရင်းက လူဆယ်ယောက်တည်း ပါတယ်ဆိုတော့ မယုံကြည်နိုင်စရာပဲ"

"နန်းဆောင်သခင်က အစောကြီးကတည်းက ရှင်းပြဖူးတယ်လေ။ အင်ပါယာဆက်ခံသူစာရင်း ဆိုတာက အနာဂတ်မှာ တော်ဝင်အင်ပါယာ ဖြစ်လာနိုင်တဲ့ အလားအလာကို ပိုင်ဆိုင်တဲ့လူတွေလေ။ ဒီလူတွေ အကုန်လုံးက သာမန်ထက်ပိုတဲ့ ပါရမီကို ပိုင်ဆိုင်ကြတယ်။ ဘယ်လိုလုပ် အများကြီး ရှိမှာလဲ" အင်ပါရီယန် ရီကလန်မှ တော်ဝင်သူတော်စင်က လှောင်ပြောင်လိုက်သည်။

"ပထမနေရာက ယုရှင်းချန် ပါပဲလား။ သူမက ဘယ်သူလဲ။ ကောင်းကင်ပါရမီရှင်စာရင်းမှာကော၊ အင်ပါယာ ဆက်ခံသူစာရင်းမှာကော ပါဝင်နေတယ်။ သူမရဲ့နောက်မှာ ရှိနေတဲ့ အဖွဲ့အစည်းက တကယ့်ကို မွန်းစတားအိုကြီး တွေပဲ ဖြစ်ရမယ်" ခရမ်းရောင်နတ်နယ်မြေမှ သူတော်စင်ဘုရင်တစ်ယောက်သည် သက်ပြင်းချကာဖြင့် ပြောဆိုလိုက်၏။

ပြောပြောပြီးချင်းမှာပဲ မနှစ်မျို့သည့် အကြည့်များသည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

ခရမ်းရောင်နတ်နယ်မြေမှ သူတော်စင်ဘုရင်သည် ထိုအကြည့်များကို လက်ခံရရှိပြီးသည့်နောက် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူသည် ရှေ့တွင်ရှိနေသည့် စာရင်းကို သေသေချာချာ ကြည့်ရှုလိုက်၏။ တစ်ယောက်ချင်းစီတိုင်းသည် စကားလုံးများဖြင့် ပြောဆိုနေစရာ မလိုအောင် အားကောင်းလှသည့် လူများဖြစ်၏။ ဆိုလိုသည်မှာ ထိုသူများအားလုံးသည် အနာဂတ်တွင် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည် ဆိုသည့်လူများပင် ဖြစ်လေ၏။

"ဒီယုရှင်းချန်က တော်ဝင်အင်ပါယာတစ်ယောက် ပြန်လည်မွေးဖွားလာတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်" တစ်စုံတစ်ယောက်က စဉ်းစားလိုက်၏။ အားလုံး၏ မျက်လုံးထဲမှာလည်း ယုရှင်းချန်၏ အားအင်အဆင့် တိုးတက်မှုသည် ကြောက်ခမန်းလိလိပင်ဖြစ်သည်။

မည်မျှပင် ကြာသေးသနည်း။ သူမသည် ကောင်းကင် အသွင်ပြောင်းခြင်း စဦးအဆင့်ဆီမှ ကောင်းကင်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သူမ၏ ပြိုင်ဘက် တခြားသော ကောင်းကင်ပါရမီရှင်များသည် ၎င်းတို့၏ အခြေခံကို ကျစ်လျစ်အောင် ပြုလုပ်လျက် ရှိနေတုန်းမှာပဲ သူမက အဆင့်တက်နေသည်။ သူမ၏ အားအင်အဆင့်သည် မြန်ဆန်လွန်း သောကြောင့် အခြေခံ မခိုင်မည်ကို မစိုးရိမ်ရပေဘူးလား။

"ပြောရမယ်ဆိုရင် ယုရှင်းချန်က ခွန်လွန်လေဟာနယ်ထဲမှာ နေထိုင်တယ်။ အဲတာက သာမန်ထက်ပိုတဲ့ တည်နေရာတစ်ခုပဲ။ သူမက တော်ဝင်အင်ပါယာတစ်ယောက် ပြန်လည်မွေးဖွားလာတာ မဟုတ်ဘူး ဆိုရင်တောင်မှ တော်ဝင်အင်ပါယာနဲ့ နီးစပ်တဲ့ အခြေအနေမှာ ရှိလိမ့်မယ်" အစစ်အမှန် နဂါးကလန်မှ နဂါး တစ်ကောင်သည် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်သည်။

"သူမသာ သူတော်စင် ဖြစ်လာမယ်ဆိုရင် ကောင်းကင်နတ်အရှင်စာရင်း ပထမနေရာကို ရောက်လာမှာ မဟုတ်လား"

"အင်း.. အဲလို မဟုတ်ဘူး ဆိုရင်တောင်မှ အရမ်းကြီး မဝေးလောက်တော့ဘူးနဲ့တူတယ်။ လက်ရှိ သူမရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အားအင်အဆင့်နဲ့ဆိုရင် ကျုပ်တို့ တော်ဝင်ဓားဂိုဏ်းကို ဝင်လိုက်မယ်ဆိုရင် ကျိန်းသေပေါက် ဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်သွားမှာ သေချာတယ်"

"ဟား ဟား ဟား… ကျောက်စိမ်းသီလနတ်နယ်မြေကလည်း သူမကို ဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်ချင်နေတာလေ"

"ကျုပ်တို့ အသင်္ချေနတ်ဆိုးနန်းတော်ဂိတ်တံခါးကလည်း တာအိုရောင်းရင်း ယုရှင်းချန်အတွက် အစဉ်အမြဲ တံခါးဖွင့်ထားတယ်"

"ဘာကြောင့် ခင်ဗျားတို့ နတ်ဆိုးကလန်က ကျုပ်တို့ လူသားပါရမီရှင်ကို ဂရုစိုက်နေရတာလဲ။ ယုရှင်းချန် အင်ပါယာ ဖြစ်ပြီးတဲ့နောက်မှာ ခင်ဗျားတို့ နတ်ဆိုးနန်းတော် တစ်ခုလုံးကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ရိုက်ပစ်လိုက်မှာ မကြောက်ဖူးလား"

………..

များပြားလှသော လူများအားလုံးသည် အပြင်းအထန် ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ ကောင်းကင်လျှို့ဝှက် နန်းတော်ထဲမှ ထွက်ခွာသွားခဲ့ပြီး သတင်းပြန်လည်ကာ ပေးပို့ခဲ့ပြီးဖြစ်သော ရှဲ့ခွန်းသည် ကျောက်တိုင်ကြီး ရှေ့သို့ ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ ၎င်းသည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ရုတ်တရက် တည်နေရာတွင် ကြက်သေသေလျက် ရှိနေ၏။

"ငါရဲ့ဘိုးဘေးက ဘယ်မှာလဲ။ ငါ့ရဲ့ဘိုးဘေး နာမည်က ဘာလို့ ဒီမှာ မပါရတာလဲ"

All Chapters