အခန်း (၂၅၂)
Vol. 17 Ch. 252
ရီချန်တစ်ယောက် တံခါးပိတ် ကျင့်ကြံရန် ထွက်ခွာသွားစဉ်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ရှိ ကောင်းကင်ပါရမီရှင်စာရင်းသည် မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲလျက် ရှိနေလေ၏။
မူလအားဖြင့် ထိပ်ဆုံးတစ်ရာစာရင်းတွင် တည်ရှိနေသော တိုင်ချူးနတ်သားတော်သည် ရုတ်တရက် ဆိုသလိုပဲ အဆင့်ချိုးဖြတ်ပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် ကောင်းကင်ပါရမီရှင်စာရင်း၏ ဒုတိယ နေရာသို့ပင် ခုန်တက်လာခဲ့သည်။
တိုင်ချူးနန်းသားတော်သည် ဒုတိယနေရာ၌ ဖင်နွေးအောင် မနေရသေးခင်မှာဘဲ လင်းကလန်၏ လင်းကျန့် သည်လည်း အဆင့်ချိုးဖြတ်ပြီး တိုင်ချူးနတ်သားတော်ကို အောက်ဆီသို့ တွန်းပို့ခဲ့လေ၏။ ကောင်းကင် ပါရမီရှင်စာရင်း၏ အဆင့်သည် ခဏတိုင်းသလို ပြောင်းလဲလျက် ရှိနေ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုအရာကို ကြည့်ရှုပြီး မူးနောက်နောက်ပင် ဖြစ်လို့နေခဲ့သည်။ သို့သော်ငြား သူတို့သည် စိတ်လှုပ်ရှားလျက်လည်း ရှိနေကြသည်။
ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသည့် နတ်သားတော်နှင့် နတ်မိမယ်များ အားလုံးတို့သည် အပြိုင်အဆိုင်နှင့် အဆင့်ချိုးဖြတ်နေခဲ့လေသည်လား။ ယခင်တုန်းက အားလုံးတို့သည် နိဗ္ဗာနအဆင့် ထိပ်ဆုံးတွင်သာ တည်ရှိ၏။ အချိန်ခဏအတွင်းမှာပဲ တော်တော်များများတို့သည် ကောင်းကင်အသွင် ပြောင်းခြင်းအဆင့်၏ စဦးအဆင့်သို့ ရောက်ရှိကုန်ကြ၏။
ကောင်းကင်ပါရမီရှင်စာရင်းတွင် ယခင်တုန်းက မပါဝင်ခဲ့ဖူးသော လူတို့ပင်လျှင် ဤစာရင်းထဲသို့ ခဏတာ ရောက်ရှိလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အချိန်တို အတောအတွင်း ၎င်းတို့သည် အဆင့်ချိုးဖြတ်ခဲ့ သောကြောင့်ပင်။
တစ်ချိန်တည်းမှာပဲ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နေထိုင်ရာ အဓိကဟောခန်းအတွင်းမှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်ရှိုသည် သူ၏လက်ထဲတွင် ရှိနေသည့် အသံပို့လွှတ်ထားသော ကျောက်စိမ်းပြားကို ကိုင်ဆောင်ကာဖြင့် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိသည်။ သူသည် အထဲတွင် ရှိနေသည့် အသံကို နားထောင်ပြီးသည့်နောက် သူ၏ စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးသည် ပေါက်ကွဲလုမတတ် ဖြစ်နေလေ၏။
ဘယ်လိုဖြစ်နိုင်မည်နည်း။ လင်းရှောင်သည် အဘယ်သို့ ရုတ်တရက် အင်ပါယာတစ်ယောက် ဖြစ်သွားရ သနည်း။ သူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ယူဆောင်ထားသည်မှာ မကြာသေးချေ။ ဂိုဏ်းကို ပိုမိုပြီး အောင်မြင်မှုများ ရရှိနိုင်ရန်အတွက်ပင် ကြိုးစားခဲ့ရခြင်း မရှိသေးချေ။ မျက်စိတမှိတ်အတွင်း ဂိုဏ်း၏ နေဝင်ချိန်သို့ ရောက်ရှိလာခဲ့လေပြီလား။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် နိုင်ငံတော်တစ်ခု ဖြစ်သည်ဆိုလျှင် ပြိုကျပျက်စီးခဲ့သည့် နိုင်ငံတော် တစ်ခု၏ ဘုရင်အဖြစ် သူက ဖြစ်တည်နေခဲ့သည် မဟုတ်ပါလား။
"လင်းရှောင်က စီနီယာကို ရန်စခဲ့တယ်လေ။ ဒါပေမဲ့ ဘာလို့ စီနီယာက သူ့ကို မသတ်ခဲ့ရတာလဲ" ယန်ရှိုသည် ကောင်းကင်ကို မော့ကြည့်ကာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်၏။ အခြေအနေသည် ရှုပ်ထွေးလွန်းလှ၏။ ထိုအရာကို သူကောင်းကောင်း နားမလည်သလို ခံစားမိနေသည်။ လင်းရှောင်နှင့် စီနီယာနန်းဆောင်သခင်တို့ သည် ကျိန်းသေပေါက် သဘောတူညီချက် တစ်ချို့ကို ယူခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
သူ့အနေနှင့် ထိုအရာ အကြောင်းကို မေးချင်၏။ သို့ပေမဲ့ ကောင်းကင်မကောင်းမှု စာရင်းက တည်ရှိ နေသည်ဖြစ်သောကြောင့် သူ့အား အစစ်အမှန်နဂါးကလန်မှ လူများက ဝိုင်းဝန်းကာ ကြည့်ရှုနေကြသည်။ လက်ရှိအခြေအနေ၌ အပြင်သို့ မထွက်ရဲချေ။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အပြင်သို့ ထွက်သည်ဆိုပါက ကျိန်းသေပေါက် အစစ်အမှန် နဂါးကလန်၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရပေမည်။ သူ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို မသွားဘူးဆိုမှတော့ ဘိုးဘေးများကို သတင်းပို့ရန် နည်းလမ်း တစ်ခုကို ရှာဖွေရန်သာ ရှိတော့၏။
"အင်း… ဘိုးဘေးရဲ့ ဒဏ်ရာက ဘယ်လောက်ပြင်းလဲဆိုတာ ငါမသိဘူး"
ယန်ရှိုသည် သက်ပြင်းချကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ သူ့အနေနှင့် ခြေကိုကြွကာဖြင့် ထွက်ခွာသွားရန် ပြင်လိုက်သည့် အချိန်မှာပဲ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားသည် ထပ်မံကာ လင်းလက်သွားခဲ့၏။ ပြီးနောက် နောက်ထပ် သတင်းပို့ချက်တစ်ခုက ရောက်ရှိလာခဲ့သည်။
"လင်းရှောင် အင်ပါယာဖြစ်တာထက် ဆိုးတဲ့သတင်း ရှိသေးလား"
ယန်ရှိုသည် တီးတိုးရေရွတ်ပြီးသည့်နောက် အသံကို ဖွင့်ကာ နားထောင်လိုက်၏။ ပါဝင်သည့် အကြောင်းအရာများကို နားထောင်ပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းဆိုသလိုပဲ နားလည်သွား၏။
ဟုတ်ပေသည်။ လင်းရှောင် အင်ပါယာဖြစ်သည်ထက် ဆိုးသည့်သတင်း ရောက်ရှိလာခဲ့ပြီဖြစ်၏။ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည့် သူ၏ ဘိုးဘေးကြီးသည် စီနီယာနန်းဆောင်သခင်၏ မျက်လုံးထဲတွင် အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် အလားအလာရှိသည့် လူတစ်ယောက် မဟုတ်ခဲ့ချေ။ ၎င်းအား ကျော်ဖြတ်၍ သူတော်စင် အဆင့်၊ ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်မှ လူများပင်လျှင် ထိပ်ဆုံးတွင် ရှိနေ၏။ မည်မျှ တရား မမျှတ လိုက်သနည်း။
ဤလောကကြီးတွင် ယခုလောက် ဆိုးရွားသည့်အရာ မရှိဟု ယန်ရှိုက ခံစားနေမိ၏။ သူတို့၏ ကြီးကျယ် ခမ်းနားလွန်းလှသည့် ရန်သူသည် အင်ပါယာတစ်ယောက် ဖြစ်လာပြီးသည့်နောက် သူတို့၏ နောက်ခံသည် အင်ပါယာတစ်ယောက် ဖြစ်လာရန် ခက်ခဲလှသည့် လူတစ်ယောက်ဖြစ်ကြောင်း သတင်းကလည်း ထွက်ပေါ် လာခဲ့၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို သေမိန့်ချလိုက်သည်နှင့်ပင် ဆင်တူနေ၏။
"အင်း.. ဒီကိစ္စကို ဘိုးဘေးဆီ သတင်းပေးမှဖြစ်မယ်"
ယန်ရှိုသည် ကျောက်စိမ်းပြားကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီးသည့်နောက် တောင်အနောက်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းကာ မြန်မြန်ဆန်ဆန် ပျံသန်းသွားလိုက်သည်။
နတ်ဘုရားတောင်အမြင့်ကြီး၏ ထိပ်မှာတော့ ကြီးမားလှသည့် ဟောခန်းကြီးတစ်ခုသည် တည်ရှိနေ၏။ ယန်ရှိုသည် ထိုဟောခန်းရှေ့ဆီသို့ ရောက်ပြီးသည့်နောက် လေးလေးစားစားဖြင့် ဦးညွတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ယန်ရှို ဘိုးဘေးကို အရေးကြီးကိစ္စနဲ့ လာပြီးတော့ တွေ့ပါတယ်"
"ဝင်ခဲ့လိုက်"
နောက်ဆုံးတစ်ကြိမ်နှင့်မတူဘဲ ဤတစ်ကြိမ် တုံ့ပြန်မှုက မြန်ဆန်လှ၏။ ယန်ရှိုသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် ဟောခန်းထဲသို့ ဝင်ရောက်လိုက်၏။
အထဲတွင် ရှိနေသည့် အပြင်အဆင်များသည် ရိုးရှင်းပြီး ဘာမှမရှိလှချေ။ ဆန်းကြယ်လွန်းလှသည့် ပုဂ္ဂိုလ်တစ်ယောက်သည်သာ လေထုထဲတွင် ခြေချိတ်ထိုင်လျက်ရှိ၏။ ၎င်းသည် ဦးခေါင်းကို ငုံ့ကာဖြင့် ယန်ရှိုကို ကြည့်ရှုနေသည်။
"ဂိုဏ်းကိစ္စတွေကို မကိုင်တွယ်ဘဲနဲ့ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာရတာလဲ"
"ကျုပ်ဆီမှာ ဘိုးဘေးဆီကို အရေးတကြီး သတင်းပို့စရာ ရှိလို့ပါ" ယန်ရှိုက လေးလေးနက်နက် ပြောလိုက်၏။
"ဟမ်" ဆန်းကြယ်လှသည့်လူသည် မျက်မှောင်ကုတ်ကာဖြင့် သဘောမတွေ့သလို ပြောလိုက်၏။ "ဘိုးဘေးက လင်းရှောင်နဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ ပြန်လည်ကုစားနေတယ်လေ။ တွေ့ဖို့ဆိုတာ အဆင်မပြေဘူး။ ကိစ္စ တစ်ခုခုရှိရင် ငါ့ကို ပြောလိုက်"
"အင်း"
ယန်ရှိုသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူ၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာ၏။ သူသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။ "အခုလေးတင် သတင်း တစ်ခု ရထားတယ်။ ပြောရမယ်ဆိုရင် လင်းရှောင်က အင်ပါယာဖြစ်သွားခဲ့ပြီ"
"ဘာ"
ထိုစကားကို ပြောပြောပြီးချင်းမှာပဲ တပြိုင်နက် များပြားလှသော ကျင့်ကြံသူများသည် အခန်းထဲ၌ ပေါ်ပေါက်လာကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး တည်နေရာ တစ်ခုလုံးသည် ၎င်းတို့၏ နတ်ဘုရားအသိအမြင်များကြောင့် တဝုန်းဝုန်းနှင့် ဖြစ်တည်ကုန်ကြ၏။
၎င်းတို့ ခုနှစ်ယောက် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် နောက်ဘက်တွင် ရှိနေသည့် အခေါင်းကြီးသည် အသာတုန်ယင်လာခဲ့၏။ နောက်တစ်စက္ကန့်အတွင်း ပေါက်ကွဲထွက်တော့မည့်အရာကဲ့သို့ပင်။
"ယန်ရှို.. မင်းပြောနေတာကို မင်းသိရဲ့လား။ အင်ပါယာတစ်ယောက် ဖြစ်လာဖို့ကိစ္စဆိုတာ ကလေး ကစားစရာ မဟုတ်ဘူး။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ သေခြင်းရှင်ခြင်းနဲ့ပတ်သက်နေတယ်ဆိုမှတော့ မင်းအနေနဲ့ သေသေချာချာ စုံစမ်းသင့်တယ် မဟုတ်လား"
လူခုနှစ်ယောက်တို့သည် ပေါ်ပေါက်လာပြီး သည့်နောက် တစ်ယောက်ပြီး တစ်ယောက် အလုအယက် ပြောဆိုလိုက်ကြ၏။
လင်းရှောင်တစ်ယောက် အင်ပါယာတစ်ယောက် ဖြစ်လာသည်ကို ကြားပြီးသည့်နောက် မည်သူမှ ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။ ကွာစီအင်ပါယာအဆင့်တွင် ရှိနေသည့် လင်းရှောင်သည် သူတို့၏ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် ပြုလုပ်ခဲ့၏။ တော်ဝင်အင်ပါယာသာ ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် သူတို့အနေဖြင့် အသက်ရှင်သန်နိုင်ရန် မျှော်လင့်ချက် မရှိတော့ချေ။ အဝေးမှ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံနှင့် သူတို့အားလုံး သေဆုံးသွားရမှာ သေချာသည်။
“ဒီကိစ္စကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ ဘိုးဘေးရှဲ့ခွန်းကိုယ်တိုင် သွားပြီး ဝယ်ယူခဲ့တာ။ တရားဝင် အစစ်အမှန်လို့ ပြောရမယ်”
ယန်ရှိုသည် ဦးညွတ်ကာဖြင့် ပြောလိုက်၏။ သူ၏ ကျောထက်၌ များပြားလှသည့် တောင်များကို ထမ်းပိုးထားရသလို ကြီးမားသည့် ဖိအားဒဏ်ကို သူက ခံစားနေရ၏။ သူ၏ နဖူးစပ်တွင် ချွေးစေးများ ပျံလျက်ရှိ၏။
သူသည် တုန်တုန်ယင်ယင်ဖြင့် ပြောဆိုလိုက်သည်။ “ပြီးတော့ လင်းရှောင်က ကောင်းကင်နတ်ဆိုးနန်းတော်ကို ဖျက်ဆီးပြီးတဲ့နောက်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဝင်ပြီးတော့ အင်ပါယာဖြစ်မယ့် အခွင့်အရေးကို ဝယ်ယူခဲ့တယ်လို့ ဘိုးဘေးရှဲ့ခွန်းက ပြောတယ်”
“ဒါက”
လူခုနှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် လေးနက်မှုများကို တစ်ယောက်က သိရှိလိုက်ကြ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ထုတ်လွှင့်လိုက်သည့် သတင်းအချက်အလက်သည် တကယ်ပင် တိကျလွန်းလှ၏။ လင်းရှောင် တစ်ယောက် ကျိန်းသေပေါက် အင်ပါယာ ဖြစ်သွားပေလိမ့်မည်။
“ဘိုးဘေးရှဲ့ခွန်းက နောက်ထပ် သတင်းအချက်အလက် တစ်ခုကို ပို့သေးတယ်။ စီနီယာ နန်းဆောင်သခင်က အင်ပါယာဆက်ခံသူစာရင်းကို ထုတ်ဖော်လိုက်တယ်။ အဲဒီစာရင်းမှာ ပါဝင်တဲ့ လူတွေအကုန်လုံးက အနာဂတ်မှာ အင်ပါယာတစ်ယောက် ဖြစ်လာဖို့ အလားအလာရှိတဲ့ လူတွေကြီးပဲ” ယန်ရှိုသည် ကျောက်စိမ်းပြားကို အသာလှမ်းပေးလိုက်၏။
ယန်ရှိုတစ်ယောက် ကျောက်စိမ်းပြားကို ကမ်းပေးလိုက်ချိန်မှာပဲ အနောက်ဘက်တွင် ရှိနေသည့် ရှေးအခေါင်းကြီးသည် ရုတ်တရက် ကွဲအက်ကာ ပွင့်လာခဲ့၏။ လက်တစ်ဖက်က ထွက်လာခဲ့ပြီးသည့်နောက် ကျောက်စိမ်းပြားကို လက်ငါးချောင်းဖြင့် ဆွဲယူလိုက်သည်။
“ငါရဲ့အဆင့်က ဘယ်လောက်လဲ”