← Chapters

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း(၇၀၆)

"လေဆန္ဒ ဒုတိယအဆင့်က နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ"

ကျန်းချန်က သူ၏ စိတ်ထဲမှ သတိပေးသံကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။

ဤသည်က ဓားဆန္ဒပြီးလျှင် ဒုတိယအဆင့် ပြီးပြည့်စုံသောနယ်ပယ်ကို ဒုတိယမြောက် ရောက်ရှိသွားသည့် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် ဖြစ်သည်။

လေဆန္ဒက ဒုတိယအဆင့် ပြီးပြည့်စုံသော နယ်ပယ်အထိ တိုးတက်သွားသောကြောင့် သူ၏ လက်ရှိ အရှိန်အဟုန်သည် ယခင်ထက် အနည်းဆုံး သုံးဆလောက် ပိုမြန်သွားပြီ ဖြစ်၏။

သူက လေဆန္ဒကို အပြည့်အဝ အသုံးချမည်ဆိုလျှင် သူ၏ အရှိန်အဟုန်သည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူ အများစုနှင့်ပင် ယှဥ်နိုင်နေပြီ ဖြစ်သည်။

သူက လေဆန္ဒ၏ ဒုတိယအဆင့် ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက်တွင် အင်ပါယာပိုင်နက် စွမ်းအား၏ တဖြည်းဖြည်း ပိုမို အားကောင်းလာသော ဖိနှိပ်မှုကို ရင်ဆိုင်ရသောအခါ၌ ယခင်ကထက် မပင်ပန်းတော့သည်မှာ ထင်ရှားနေ၏။

ယခုအခါတွင် သူသည် အင်ပါယာပိုင်နက် စွမ်းအား ထဲမှ ခန့်မှန်းရခက်သော အပြာရောင် လေဓားကို သူ၏ လက်ရှိအရှိန်အဟုန်နှင့် ထက်မြက်သော အာရုံခံနိုင်စွမ်းကို အသုံးပြုကာ အလွယ်တကူ ရှောင်ရှားနိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အင်အားကို တိုးတက်စေရန်အတွက် ကျန်းချန်သည် ရှောင်တိမ်းမနေဘဲ လေဓား၏ တိုက်ခိုက်မှုကို ခံယူရင်း ထိုနေရာမှာပင် ဆက်လက် ထိုင်နေခဲ့သည်။

ဤကဲ့သို့ ရူးသွပ်လောက်ဖွယ် အတွေ့အကြုံရမှတ်များ ရယူမှုအောက်တွင် အချိန်တိုအတွင်း ကျန်းချန်၏ မပျက်စီးနိုင်သောခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည် စတုတ္ထအဆင့်၏ အလယ်အလတ် အဆင့်ကနေ နှောင်းပိုင်းအဆင့်ထိ တိုးတက်သွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အင်ပါယာပိုင်နက် စွမ်းအား၏ ဖိနှိပ်မှုသည် ပိုမို အားကောင်းလာခဲ့ပြီး လေဓားထဲတွင် ပါဝင်သည့် အင်အားကလည်း ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့၏။

ကျန်းချန်သည် လေဆန္ဒ၏ ဒုတိယအဆင့် ပြီးပြည့်စုံသောနယ်ပယ်နှင့် မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းစနစ် နှစ်မျိုးလုံးတွင် တိုးတက်လာလျှင်ပင် ကိုင်တွယ်ဖို့ အနည်းငယ် ခက်ခဲလာခဲ့သည်မှာ ထင်ရှားနေ၏။

အင်ပါယာခန်းမသည် ယခုမှ စတင်ဖွင့်လှစ်ခြင်းဖြစ်၍ အင်ပါယာပိုင်နက် စွမ်းအား၏ အပြည့်အဝ အင်အားကို ထုတ်လွှတ်ခြင်း မရှိသေးပေ။

ဆိုရလျှင် အင်ပါယာပိုင်နက် စွမ်းအားသည် နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူများ ထုတ်လွှတ်သော စွမ်းအား ဖြစ်သည်။

နတ်ဝိညာဥ်ဘုရင်ပင် နတ်သန္ဓေအင်ပါယာ၏ အင်ပါယာ ပိုင်နက် စွမ်းအားအောက်တွင် ပြန်လည်တိုက်ခိုက်ရန် အင်အား မရှိသလောက် ဖြစ်၏။

စန်းလန်အဖွဲ့အစည်းက ချိတ်ပိတ်ထားသော အင်ပါယာပိုင်နက် စွမ်းအားသည် အချိန်အတော်ကြာ တည်ရှိခဲ့ပြီ ဖြစ်၍ တကယ့် အင်ပါယာပိုင်နက် စွမ်းအားနှင့် မယှဥ်နိုင်တော့ပေ။

သို့သော် ထိုကဲ့သို့ အားနည်းသွားလျှင်ပင် ကျန်းချန်နှင့် စန်းလန်အဖွဲ့မှ ကျင့်ကြံသူများ ခံနိုင်ရည်ရှိသည့် စွမ်းအားမျိုး မဟုတ်ချေ။

စန်းလန် အဖွဲ့အစည်းသည် အစီအရင် ပညာရပ်ကို အသုံးပြုပြီး အင်ပါယာခန်းမထဲမှ အင်ပါယာပိုင်နက် စွမ်းအားကို ဖြည်းဖြည်းချင်းသာ တိုးမြှင့်ခဲ့သည်။

ထိုသို့ ပြုလုပ်မှသာလျှင် စန်းလန် အဖွဲ့အစည်း၏ ပါရမီရှင်တပည့်များသည် အင်ပါယာပိုင်နက် စွမ်းအား၏ အင်အားကို အတတ်နိုင်ဆုံး နားလည်နိုင်မည် ဖြစ်၏။

ကိုင်တွယ်ဖို့ အနည်းငယ် ခက်ခဲလာသော်လည်း ကျန်းချန်သည် လက်လျှော့ဖို့ မရွေးချယ်သေးပေ။

သူက လေဆန္ဒ၏ ဒုတိယအဆင့် ပြီးပြည့်စုံသော နယ်ပယ်နှင့် မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို တိုးတက်စေရန် အင်ပါယာပိုင်နက် စွမ်းအားကို ဆက်လက် အသုံးချနေခဲ့သည်။

ကျန်းချန်က အင်ပါယာပိုင်နက် စွမ်းအားကို ခုခံရန် ရုန်းကန်နေရသောအချိန်တွင် အင်ပါယာခန်းမအပြင်ဘက်ရှိ စန်းလန်အဖွဲ့အစည်းမှ တပည့်များ၏ မရေမတွက်နိုင်သော မျက်လုံးများသည် အင်ပါယာခန်းမ၏ ဝင်ပေါက်တံခါးအပေါ်မှ ကြီးမားသော ကျောက်စာတိုင်ပေါ်သို့ ရောက်ရှိနေခဲ့ကြသည်။

အင်ပါယာခန်းမ ဖွင့်ပြီးသည်မှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီဖြစ်၏။

ဤအချိန်တွင် ဘုရင်အဆင့် တပည့်နှစ်ပါးနှင့် ကြယ်တစ်ရာဘုရင် ခြောက်ယောက်တို့မှ လွဲလျှင် တပည့်အားလုံးနီးပါး ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်၏။

"အင်ပါယာခန်းမထဲမှာ ပါရမီရှင် ရှစ်ယောက်ပဲ ကျန်တော့တယ်.. ဘယ်သူက အကြာဆုံးနေနိုင်မလည်း မသိဘူး"

"စန်းယာက သုံးနှစ်ဆက်တိုက် နံပါတ်တစ် နေရာကို ရထားတာ ဆိုတော့ သူပဲ အချိန်အကြာကြီး နေနိုင်လိမ့်မယ် ထင်တယ်"

"သူ့ကို ကျောက်ယွိလုံတောင် ယှဥ်နိုင်ဖို့ မလွယ်လောက်ဘူး"

"အမှန်ပဲ.. ပြီးခဲ့တဲ့နှစ်က စန်းယာရဲ့ ရလဒ်တွေက တကယ်ကို ကြောက်ဖို့ကောင်းခဲ့တယ်.. ဒီတစ်ကြိမ်လည်း အရင်စံချိန်ကို ချိုးဖျက်ပြီး အင်ပါယာစာရင်းမှာ အံ့သြလောက်အောင် လုပ်ပြလိမ့်မယ် ထင်တယ်"

"........."

အားလုံးက ကျောက်စာတိုင်ကို လှမ်းကြည့်ကာ အချင်းချင်း ဆွေးနွေးနေခဲ့ကြသည်။

"စန်းယာက ပထမနေရာကို ရနိုင်ပေမဲ့ ဒီတစ်ခေါက် အင်ပါယာခန်းမမှာ အတောက်ပဆုံးလူက သူမဟုတ်ဘူး.. မင်းတို့တွေ ကျန်းချန်လို့ ခေါ်တဲ့ ကောင်လေး အခုထိ မထွက်လာသေးတာကို သတိထားမိရဲ့လား.."

ထိုအချိန်တွင် ရွှေရောင်တပည့်တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

"ဟင်"

ထိုရွှေရောင်တပည့်၏ စကားကိုကြားလျှင် အားလုံးသည် အံ့အားသင့်သွားကြသည်။

"စန်းလန် အဖွဲ့အစည်းကို မကြာသေးခင်ကမှ ဝင်လာတဲ့ လူသစ်တစ်ယောက်က အင်ပါယာခန်းမကို ပထမဆုံးဝင်တဲ့ အကြိမ်မှာတင် ထိပ်တန်းပါရမီရှင် ရှစ်ယောက်ကို ယှဥ်နိုင်တယ်တဲ့လား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အခန်း(၇၀၆)ပြီး၏။

အခန်း(၇၀၇)

ကျန်းချန်။

စန်းလန် အဖွဲ့အစည်းတွင် မကြာသေးမီကမှ နာမည်ကြီးလာသော ဤနာမည်ကို စန်းလန်အဖွဲ့အစည်း၏ တပည့်အများစုသည် မစိမ်းကြပေ။

ဤကောင်လေးသည် စန်းလန်အဖွဲ့အစည်း၏ အပြင်ဘက်ဒေသရှိ ကျွန်းသုံးကျွန်းတွင် မွေးဖွားခဲ့သည့် ပထမဆုံး ကြယ်တစ်ရာဘုရင်လည်း ဖြစ်၏။

၎င်းက စန်းလန်အဖွဲ့အစည်းကို ဝင်ရောက်သောအခါတွင် အင်အားကြီးမားသော တိုက်ပွဲဝင် စွမ်းရည်ကိုပြသခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့် ကျင့်ကြံသူဖြစ်သည့် ရွှေရောင်အဆင့် တပည့်ဝူယွဲ့ကိုပင် အလွယ်တကူ ရှုံးနိမ့်စေခဲ့ပြီး ဝမ်ယွမ်အဖွဲ့ကိုပင် တစ်ခါတည်း လက်နက်ချစေခဲ့သည်။

ဤကောင်လေးသည် သိုင်းပါရမီတွင်သာမက အဂ္ဂိရတ်ပါရမီတွင်လည်း အလွန်ပင် မွန်းစတားဆန်လွန်းလှ၏။

သူက စန်းလန်အဖွဲ့အစည်း၏ နာမည်ကျော် အဂ္ဂိရတ်ပါရမီရှင် ရှန့်ကွမ်းလဲ့ကိုပင် အလွယ်တကူ ရှုံးနိမ့်စေခဲ့သည်။

ထိုကောင်လေးက အလွန်လည်း မာနကြီးပြီး ဘုရင်အဆင့် တပည့်ဖြစ်သည့် စန်းယာကိုပင် မျက်လုံးထဲ မထည့်ပေ။

စန်းလန်အဖွဲ့အစည်းကို ဝင်ရောက်လာသည့် ကျန်းချန်၏ စွမ်းဆောင်ရည်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေပြီ ဖြစ်သော်လည်း အင်ပါယာပိုင်နက် စွမ်းအား၏ ဖိနှိပ်မှုကို ခုခံရန်အတွက် အမှန်တကယ် လိုအပ်သောအရာသည် တကယ့်အင်အားစစ်စစ် ဖြစ်သည်။

သိထားရမည်မှာ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်တွင်သာ ရှိသေး၏။

၎င်းက ကြယ်တစ်ရာဘုရင် ဖြစ်၍ တိုက်ပွဲဝင်စွမ်းရည်က ပျမ်းမျှအားဖြင့် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် ကျင့်ကြံသူများထက် အဆပေါင်း များစွာ သာလွန်သည်။

သို့သော်လည်း စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်းပါရမီရှင် ရှစ်ယောက်နှင့် မည်သို့မျှ ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

အားလုံးက အံ့သြတုန်လှုပ်သွားပြီးနောက်တွင် အင်ပါယာခန်းမ၏ ဝင်ပေါက်ရှိ ကျောက်စာတိုင်ပေါ်တွင် ကျန်းချန်၏ နာမည်ကို အလျင်အမြန် ရှာဖွေခဲ့ကြသည်။

သို့သော်လည်း ကျောက်စာတိုင်ပေါ်တွင် ကျန်းချန်၏ နာမည်ကို အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြပေ။

ဤအချိန်တွင် သူတို့သည် အမှန်တရားတစ်ခုကို ယုံကြည်ရတော့မည် ဖြစ်၏။

ယင်းမှာ ကျန်းချန်သည် စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်းပါရမီရှင်ရှစ်ယောက် ကဲ့သို့ပင် အင်ပါယာခန်းမထဲကနေ အမှန်တကယ် မထွက်လာသေးခြင်း ဖြစ်သည်။

"လခွမ်း..ကျန်းချန်က အခုအချိန်ထိ အင်ပါယာခန်းမထဲမှာ ရှိနေတယ်လား.. ဒါက အရမ်းကိုထူးဆန်းတယ်.. အင်ပါယာခန်းမထဲကို ပထမဆုံးအကြိမ် ဝင်ရောက်တဲ့ လူသစ်တစ်ယောက်က ဒီလောက်တောင် အံ့သြစရာကောင်းတယ်လား.. ဒီကောင်လေးက အင်ပါယာခန်းမရဲ့ လူသစ်စံချိန်ကို ချိုးဖျက်သွားခဲ့ပြီ"

"............"

ထိုစကားကြောင့် အားလုံးက အံ့အားသင့်သွားကြသည်။

အင်ပါယာခန်းမ၏ မှတ်တမ်းများကို စုဆောင်းထားသည့် စန်းလန်အဖွဲ့အစည်း၏ တပည့်အချို့သည် ကျန်းချန်၏ ရလဒ်များကို မနေနိုင်ဘဲ နှိုင်းယှဥ်ကြည့်မိကြ၏။

အင်ပါယာခန်းမနှင့် ပတ်သက်၍ မှတ်တမ်းနှစ်ခု ရှိသည်။

ထိုအထဲမှ တစ်ခုမှာ လူသစ်စာရင်း ဖြစ်သည်။

လူသစ်စာရင်းတွင် စန်းလန်အဖွဲ့အစည်း၏ ယခင် လူသစ်များထဲမှ အချိန်အကြာဆုံး အင်ပါယာခန်းမတွင် နေနိုင်ခဲ့သည် ပါရမီရှင် ဆယ်ယောက်ကို မှတ်တမ်းတင်ထားသည်။

နောက်ထပ် တစ်ခုမှာ အင်ပါယာစာရင်း မှတ်တမ်း ဖြစ်သည်။

ထိုမှတ်တမ်းထဲတွင် စန်းလန်အဖွဲ့အစည်း၏ တပည့်အားလုံးထဲတွင် အင်ပါယာခန်းမ၌ အချိန်အကြာဆုံး နေနိုင်ခဲ့သည့် အလွန် မွန်းစတား ဆန်လွန်းသော ပါရမီရှင် အယောက် နှစ်ဆယ်ကို မှတ်တမ်းတင်ထားသည်။

ထိုမှတ်တမ်းတွင် ပါဝင်လျှင် ဆုလာဘ်များစွာကို ရက်ရက်‌ရောရော ရရှိနိုင်၏။

ထို့အပြင် ထိုမှတ်တမ်းသည် ဂုဏ်ကျက်သရေ နှင့် ပါရမီ၏ သင်္ကေတလည်း ဖြစ်သည်။

ရှင်းလင်းစွာပြောရလျှင် မည်သူမဆို အင်ပါယာစာရင်းထဲတွင်ပါဝင်နိုင်သ၍ မတော်တဆမှုများ မရှိခဲ့လျှင် နောင်အနာဂတ်တွင် အနည်းဆုံး စန်းလန်အဖွဲ့အစည်း၏ အကြီးအကဲ အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ပေသည်။

"လူသစ်စာရင်းက အဆင့်တစ်ဆယ် နေရာမှာရှိတဲ့ ချူထန်ကို ကျန်းချန်က မိနစ်လေးဆယ်နဲ့ စံချိန်ချိုးဖျက်လိုက်ပြီ"

အင်ပါယာအဆင့် သတ်မှတ်ချက်၏ လူသစ်မှတ်တမ်းကို မြင်လျှင် တပည့်အချို့သည် မယုံကြည်နိုင်စွာ‌ ရေရွတ်မိလိုက်ကြသည်။

လက်ရှိအခြေအနေအရ ကျန်းချန်သည် လူသစ်စာရင်း၏ စံချိန်ကို ဆက်လက် ချိုးဖျက်ရန် အခြေအနေကောင်းနေခဲ့သည်။

အကြောင်းအရင်းမှာ ကျန်းချန်သည် အင်ပါယာခန်းမကနေ ထွက်လာမည့် လက္ခဏာကို လုံးဝ မပြသေး၍ ဖြစ်သည်။

ဤသို့ဖြင့် ငါးမိနစ်ကျော် ကြာမြင့်သွားပြီး ကျန်းချန်သည်လေးဆယ့်ငါးမိနစ်ဖြင့် အဆင့်ကိုးမှ စံချိန်ကို ထပ်ချိုးလိုက်သည်။

ထိုအချိန် အင်ပါယာခန်းမ၏ ဝင်ပေါက်ကနေ ပုံရိပ်နှစ်ခုသည် မျက်နှာများ ဖြူဖျော့စွာဖြင့် ထွက်လာခဲ့၏။

အားလုံးက အသေအချာ ကြည့်လိုက်ရာ ထိုပုံရိပ်နှစ်ခုတွင် ကျန်းချန် မပါဝင်ဘဲ ကြယ်တစ်ရာဘုရင် နှစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အားလုံးသည် အသက်ရှုပင်မှားသွားကြ၏။

ကျန်းချန်သည် အင်ပါယာခန်းမကို ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့သော်လည်း စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ရှိ ကြယ်တစ်ရာဘုရင် နှစ်ယောက်ကိုပင် ကျော်လွန်သွားခဲ့ပြီ မဟုတ်ပါလား။

"ဒီကောင်က မွန်းစတားပဲ"

ဒီကောင်က တကယ်ပဲ သာမန် မွန်းစတား မဟုတ်ဘူး"

အခန်း(၇၀၇)ပြီး၏။

အခန်း(၇၀၈)

ထိုသို့လူတိုင်းက ကျန်းချန်၏ မွန်းစတား ဆန်မှုကို အံ့အားသင့်နေသော အချိန်တွင် ကျန်းချန်၏ စံချိန်ချိုးသောခြေလှမ်းများသည် မရပ်တန့်သေးပေ။

အလွန်လျင်မြန်စွာပင် လူသစ်စာရင်းမှ ရှစ်ယောက်မြောက် လူကို ကျန်းချန်သည် ထပ်မံ ကျော်ဖြတ်သွားခဲ့သည်။

လူသစ်စာရင်း၏ ထိပ်ဆုံးမှ စံချိန်ရှင်များသည် စံချိန်များ မတိမ်းမယိမ်း ဖြစ်၍ ကျန်းချန်သည် အဆင့်မြင့်တက်လာသည်နှင့် အမျှ စံချိန်ကို ပို၍ မြန်မြန်ဆန်ဆန် ချိုးဖျက်သွားခဲ့သည်။

မိနစ်အနည်းငယ် အတွင်းမှာပင် ခုနစ်ယောက်မြောက်နှင့် ခြောက်ယောက်မြောက်၏ စံချိန်များကိုလည်း ကျန်းချန်သည်ချိုးဖျက်သွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဘုရင်အဆင့် တပည့်နှစ်ယောက်၏ အောက်တွင် ပထမနေရာတွင် ရှိသည့် ရှကျင်းကွမ်း အပါအဝင် ကြယ်တစ်ရာဘုရင် လေးယောက်လုံးသည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် အင်ပါယာခန်းမကနေ ထွက်လာခဲ့ကြသည်။

ထိုအချိန်တွင် လူသစ်စာရင်း၌ ကျန်းချန်၏ မှတ်တမ်းသည် ထိပ်ဆုံး သုံးယောက်နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

လူသစ်စာရင်း၏ နံပါတ်တစ် စံချိန်ရှင်ပင် ကျန်းချန်ထက် နှစ်မိနစ်သာ ပို၍ ကြာမြင့်သည်။

တစ်နည်းအားဖြင့် ကျန်းချန်သည် နောက်ထပ် နှစ်မိနစ်ကြာ တောင့်ခံနိုင်လျှင် လူသစ်စာရင်း၏ ထိပ်ဆုံးကို‌ ရောက်ရှိနိုင်ပြီး နှစ်ပေါင်းများစွာ ကြာအောင် မပြောင်းလဲခဲ့သည့် စန်းလန် အဖွဲ့အစည်း၏ စံချိန်သစ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

"ကျန်းချန်က တကယ်ပဲ လူသစ်စာရင်းရဲ့ ထိပ်ဆုံးသုံးယောက်ထဲကို ရောက်ရှိသွားပြီဟ"

"သူက ထိပ်ဆုံးသုံးယောက်တင် မဟုတ်ဘူး.. နှစ်ပေါင်းများစွာကြာအောင် မပြောင်းလဲခဲ့တဲ့ အင်ပါယာစာရင်းရဲ့ ထိပ်ဆုံးစံချိန်တောင် သူကြောင့် ပြန်လည် ပြင်ဆင်ခံရချေ ရှိတယ်"

"........"

အားလုံးက အင်ပါယာခန်းမထဲကနေ ကျန်းချန် ထွက်မလာသေးသည်ကို မြင်လျှင် မယုံကြည်နိုင်သော ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

အင်ပါယာခန်းမထဲကနေ ယခုမှ ထွက်လာသည့် ရှကျင်းကွမ်းနှင့် တခြားသူများသည် သူတို့ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားလျှင် မျက်လုံးများ ပြူးကျယ်မတတ် အံ့သြသွားကြသည်။

သူတို့က ကျန်းချန်တွင် ထူးခြားသော ပါရမီရှိပြီး စန်းလန်အဖွဲ့အစည်း၏ ကြယ်တစ်ရာဘုရင်အသစ် ဖြစ်မှန်း သိသော်လည်း အင်ပါယာခန်းမကို ပထမဆုံးအကြိမ် ဝင်ရောက်သောအခါမှာပင် ကြယ်တစ်ရာဘုရင် ခြောက်ယောက်ကို ဖြတ်ကျော်နိုင်ခဲ့သည့် အပြင် လူသစ်စာရင်း၏ ထိပ်ဆုံး သုံးယောက်စာရင်း အထိ ပါဝင်နိုင်လိမ့်မည်ဟု သူတို့ မည်သည့်အခါမှ ထင်မထားခဲ့ပေ။

ရှကျင်းကွမ်းနှင့် တခြားသူများသည် စန်းလန် အဖွဲ့အစည်း၏ အင်ပါယာခန်းမစံချိန်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသလဲ ဆိုသည်ကို အလွန် ရှင်းလင်းစွာ သိထားကြသည်။

ထိုစံချိန်မှတ်တမ်းထဲတွင် ပါဝင်သူအားလုံးသည် စန်းလန်အဖွဲ့အစည်း၏သမိုင်းတွင် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြ၏။

သိထားရမည်မှာ စန်းလန်အဖွဲ့အစည်း၏ လူငယ်မျိုးဆက်သစ် ထဲတွင် ပထမနေရာတွင်ရှိသည့် စန်းယာပင် အင်ပါယာခန်းမကို ပထမဆုံးအကြိမ် ဝင်ရောက်သောအခါ၌ လူသစ်စာရင်းထဲကို မဝင်နိုင်ခဲ့ပေ။

အင်ပါယာခန်းမထဲရှိ ကျန်းချန်ကမူ အပြင်တွင် သူကြောင့်ဆွေးနွေးသံများ ဆူညံနေသည်ကို မတွေ့ရှိခဲ့ပေ။

သူက အံကိုကြိတ်၍ ခန်းမထဲမှ တဖြည်းဖြည်း ပိုမိုအားကောင်းလာသော အင်ပါယာပိုင်နက် စွမ်းအားကို အရူးအမူး ခုခံနေခဲ့ရသည်။

အင်ပါယာပိုင်နက် စွမ်းအားကို ခုခံရန်အတွက် ကျန်းချန်သည် နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်၏ သွေးစွမ်းအား၊ မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်၊ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်နှင့် တိမ်တိုက်ဝါးမျို နည်းစနစ်တို့ကို အသုံးပြုခဲ့သည်။

ထိုသို့အသုံးပြုသည့်တိုင် ကျန်းချန်သည် အင်ပါယာပိုင်နက်စွမ်းအား၏ ဖိအားအောက်တွင် ခုခံရန်ခက်ခဲလာခဲ့၏။

မကြာခင်မှာပင် ကျန်းချန်သည် ပို၍ ကြောက်မက်ဖွယ် ကောင်းသော ပိုင်နက်စွမ်းအားအသစ်ကို ရင်ဆိုင်ရသောအခါတွင် အဆုံးသတ်၌ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို မခုခံနိုင်တော့ဘဲ ခန္ဓာကိုယ်က တုန်ယင်သွားပြီးပါးစပ်ကနေသွေးတစ်ပွက်ကို အန်ထုတ်လိုက်ရကာ မီတာအနည်းငယ်အထိ လွင့်စင်သွားခဲ့သည်။

ထိုနေရာက ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ စုဝေးနေသည်ကို ခံစားမိသည်နှင့် သူကိုင်တွယ်နိုင်သော အတိုင်းအတာ မဟုတ်မှန်း သိလိုက်ပြီး ကျန်းချန်သည် ခန်းမထဲကနေ ဆုတ်ခွာလာခဲ့သည်။

ထိုသို့ ကျန်းချန်က အင်ပါယာခန်းမကနေ ဆုတ်ခွာလာသောအချိန်မှာပင် အင်ပါယာခန်းမ၏ဝင်ပေါက်ရှိကြီးမားသောကျောက်စာတိုင်ပေါ်တွင် တောက်ပသော ရွှေရောင်စာကြောင်း တစ်ကြောင်းပေါ်လာခဲ့၏။

"ကျန်းချန်၊ အင်ပါယာခန်းမရဲ့ အကဲဖြတ်မှုမှာ တတိယနေရာ၊အင်ပါယာပိုင်နက် စွမ်းအားကို တစ်နာရီနဲ့ ခြောက်မိနစ်ကြာ တောင့်ခံနိုင်ခဲ့ပြီး လူသစ်စာရင်းမှာ ပထမနေရာကို ရရှိခဲ့တယ်"

ကျောက်စာတိုင်ပေါ်မှ ရွှေရောင်စာလုံးများကို လှမ်းကြည့်ရင်းအားလုံးသည် အင်ပါယာခန်းမ ဝင်ပေါက်ရှိ ကျန်းချန်ကို အံ့အားသင့်သော အမူအရာများဖြင့် လှမ်းကြည့်နေခဲ့ကြသည်။

ကျန်းချန်က လူသစ်စာရင်း၏ ထိပ်ဆုံးစံချိန်ကို ချိုးဖြတ်ခဲ့ပြီး စန်းလန်အဖွဲ့အစည်း၏ သမိုင်းတွင် မွန်းစတား အဆန်ဆုံးလူသစ် ဖြစ်လာမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

အခန်း(၇၀၈)ပြီး၏။

All Chapters