အခန်း (၇၀၉-၇၁၁)
Vol. 48 Ch. 709-711
အခန်း(၇၀၉)
"ဟားဟား ဒီကလေး တကယ်မဆိုးဘူး.. ကျင့်ကြံခြင်းအဆင့်သိပ်မမြင့်မားပေမဲ့ လူသစ်စာရင်းမှာ ပထမနေရာကို ရယူနိုင်ခဲ့တယ်.. ဒီတစ်ခေါက်တော့ စန်းလန်အဖွဲ့အစည်းက နောက်ဆုံးမှာ ငါအဘိုးကြီးရဲ့ မျက်စိကိုဖမ်းစားနိုင်တဲ့ လူငယ်ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ"
လူတိုင်းက ကျန်းချန်၏ စံချိန်ချိုးဖျက်မှုကြောင့် အံ့အားသင့်နေသောအချိန်မှာပင် လေထုအထက်ကနေ အဘိုးအိုတစ်ယောက်၏ ရယ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တခဏတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် ကောင်းကင်ပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို အားလုံးက တွေ့လိုက်ရသည်။
သူက အင်ပါယာခန်းမ တံခါးဝရှိ ကျန်းချန်ကို လှမ်းကြည့်ကာ ပြုံး၍ မေးလိုက်၏။
"ကောင်လေး.. ငါက စန်းလန်အဖွဲ့အစည်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ပိုင်လီဖုန်းပဲ.. မင်းငါ့ကို ဆရာအဖြစ် တင်မြှောက်ဖို့ ဆန္ဒရှိလား"
"အကြီးအကဲ ပိုင်လီဖုန်းက ကျန်းချန်ကို တပည့်အဖြစ် ခေါ်ယူချင်နေတယ်ဟ"
လူတိုင်းက မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကျန်းချန်ကို လှမ်းကြည့်နေသည့် သူတို့၏ အကြည့်များတွင် အားကျမှုများနှင့် ပြည့်နှက်နေခဲ့၏။
အကြီးအကဲ ပိုင်လီဖုန်းသည် စန်းလန် အဖွဲ့အစည်း၏ ခေါင်းဆောင်စန်းဝူဟန်ပြီးလျှင် အင်အားအကြီးဆုံးလူ ဖြစ်သည်။
၎င်းက နတ်ဝိညာဥ် ဘုရင်တစ်ပိုင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်၏။
ပိုင်လီဖုန်းက စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင်စန်းဝူဟန်ထက်ပင် ပို၍ အသက်ကြီးသည်။
ထို့အပြင် သူ့အမြင်က အလွန်မြင့်မားပြီး စန်းလန်အဖွဲ့အစည်း၏ တပည့်အနည်းငယ်သာ သူ၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။
မကြာသေးမီနှစ်များအတွင်း ပိုင်လီဖုန်းသည် ကျောက်ယွိလုံကိုသာ သူ၏တပည့်အဖြစ် လက်ခံခဲ့သည်။
ဆိုရလျှင် ကျန်းချန်အနေဖြင့် ပိုင်လီဖုန်းကို ဆရာအဖြစ်တင်မြှောက်နိုင်လျှင် ခြေတစ်လှမ်းထဲဖြင့် ကောင်းကင်ပေါ်သို့ရောက်ရှိသွားသည်နှင့် မခြားပေ။
ထိုသို့ ကျန်းချန်ကို လူတိုင်းက မနာလိုအားကျ ဖြစ်နေစဥ်မှာပင် အေးစက်စက် မျက်နှာထားရှိသည့် အစိမ်းရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် လေထု ထဲကနေ ရုတ်တရက် လမ်းလျှောက်လာခဲ့သည်။
သူက အကြီးအကဲပိုင်လီဖုန်းကို လှမ်းကြည့်လိုက်ပြီး သူ၏ အားပါးတရ ရယ်သံသည် ကမ္ဘာတစ်ခုလုံးကိုပင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"ဟားဟား အကြီးအကဲဖုန်း.. ဒီကောင်လေးက အဂ္ဂိရတ်နှင့်သိုင်းပညာရပ်နှစ်မျိုးလုံးမှာ ထူးချွန်တယ် ဒါကြောင့် သူက ငါကောင်းကျန့်ချိုးရဲ့ တပည့်ဖြစ်ဖို့ ပိုပြီး သင့်တော်တယ်လို့ ထင်တယ်.. အကြီးအကဲက ငါ့ကို မျက်နှာသာပေးပြီး ဒီကောင်လေးကို ငါ့ဆီလွှဲပေးနိုင်မလား"
လူတိုင်းသည် လေဟာနယ်ထဲမှ အစိမ်းရောင်ဝတ်စုံဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားကိုမြင်လျှင် မျက်လုံးများထပ်မံ ပြူးကျယ်သွားခဲ့ကြသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ အကြီးအကဲကောင်းကျန့်ချိုး ဖြစ်ပြီး စန်းလန်အဖွဲ့အစည်း၏ စည်းကမ်းထိန်းအကြီးအကဲ ဖြစ်ကာ နတ်ဝိညာဥ်ဘုရင်တစ်ပိုင်း အဆင့် ကျင့်ကြံသူလည်း ဖြစ်၏။
၎င်းက ကျင့်ကြံခြင်းတွင် အင်အားကြီးမားရုံသာမက စန်းလန်အဖွဲ့အစည်း၏ နံပါတ်တစ် အဂ္ဂိရတ်သခင်လည်းဖြစ်ပြီး သူ၏ အဂ္ဂိရတ်အဆင့်သည် သတ္တမအဆင့် နှောင်းပိုင်းကို ရောက်ရှိနေပြီ ဖြစ်သည်။
စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင်ပင် ကောင်းကျန့်ချိုးကို လေးလေးစားစား ဆက်ဆံရသည်။
ဆိုရလျှင် စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင် စန်းဝူဟန်ကလွဲလျှင် အကြီးအကဲပိုင်လီဖုန်းနှင့် ယှဥ်ပြိုင်နိုင်သည့် စန်းလန်အဖွဲ့အစည်း၏ တစ်ဦးတည်းသောသူလည်း ဖြစ်၏။
အကြီးအကဲ ကောင်းကျန့်ချိုးသည် အမြဲလိုလိုလျှို့ဝှက်ဆန်းကြယ်နေတတ်ပြီး အရေးပါသော အခိုက်အတန့်များတွင်သာ ပေါ်လာတတ်သည်။
ထို့အပြင် ၎င်းသည် တပည့်မွေးရန် နှစ်သက်သောသူမျိုး မဟုတ်ပေ။
နှစ်ပေါင်းများစွာ ကြာသည်အထိ ကောင်းကျန့်ချိုးသည် စန်းလန် အဖွဲ့အစည်းမှ မည်သည့်တပည့်ကိုမှ တပည့်မမွေးခဲ့ပေ။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်နှင့် ပတ်သက်ပြီး ကောင်းကျန့်ချိုးသည် အကြီးအကဲ ပိုင်လီဖုန်းနှင့် အပြိုင် ကျန်းချန်ကို တပည့်အဖြစ် ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့သည်။
"တကယ်ကို မယုံနိုင်စရာပဲ"
"ကျန့်ချိုး.. မင်းလို တပည့်မမွေးတဲ့သူက ဒီတစ်ခါ တပည့်မွေးဖို့ စိတ်ကူးရလာမယ်လို့ ငါတကယ် မထင်မိဘူး"
ပိုင်လီဖုန်းက ရုတ်တရက် ပေါ်ထွက်လာသည့် ကောင်းကျန့်ချိုးကို လှမ်းကြည့်လိုက်သည်။
သူ၏ အိုမင်းသော မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
"ဒါပေမဲ့ ဒီလို ကောင်းမွန်တဲ့ပျိုးပင်ကို ငါမင်းဆီပေးဖို့ အစီအစဥ်မရှိဘူး"
"အကြီးအကဲဖုန်း.. မင်းမပေးရင်လည်း ငါက ဒီကောင်လေးကိုရအောင် တပည့်မွေးမှာပဲ"
"ကောင်းပြီလေ.. ဒါဆိုလည်းအင်အားနဲ့ပဲ စကားပြောကြတာပေါ့"
"ဒီနှစ်တွေမှာ အကြီးအကဲဖုန်းရဲ့ အင်အား ဘယ်အထိရောက်နေပြီလဲ ဆိုတာကို ငါလည်း အရမ်းကို သိချင်နေတာနဲ့ အတော်ပဲ"
ထိုစကားကိုပြောရင်း ကောင်းကျန့်ချိုး၏ လက်ထဲတွင် အစိမ်းရောင်ဓားရှည်တစ်လက် ပေါ်လာခဲ့သည်။
ပိုင်လီဖုန်းကလည်း ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီလေ.. ငါလည်း မင်းနဲ့ ယှဥ်ပြိုင်ချင်တာနဲ့ အတော်ပဲ"
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကွင်းပြင်ပေါ်ရှိ စန်းလန်အဖွဲ့အစည်း၏ တပည့်အားလုံးသည် အံ့အားသင့်သွားကြသည်။
စန်းလန်အဖွဲ့အစည်း၏ အင်အားအကြီးဆုံး နတ်ဝိညာဥ်ဘုရင်တစ်ပိုင်း အဆင့် အကြီးအကဲ နှစ်ယောက်သည် ကျန်းချန်ကို တပည့်အဖြစ် မွေးရန်အတွက် ထိပ်တိုက်ရင်ဆိုင်ကြတော့မည်မဟုတ်ပါလော။
အခန်း(၇၀၉)ပြီး၏။
အခန်း(၇၁၀)
လေဟာနယ်ထဲတွင် တိုက်ခိုက်ကြတော့မည့် လူနှစ်ယောက်ကို လှမ်းကြည့်ရင်း သူတို့၏ နှလုံးသားများသည် အလွန်အမင်း တုန်လှုပ်သွားကြသည်။
အကြီးအကဲ ပိုင်လီဖုန်းနှင့် စည်းကမ်းထိန်း အကြီးအကဲကောင်းကျန့်ချိုး။
စန်းလန် အဖွဲ့အစည်း၏ ဤလူနှစ်ယောက်သည် အလွန် မြင့်မားသော အမြင်မျိုး ရှိကြသည်။
အလွန်မွန်းစတားဆန်သော ကြယ်တစ်ရာဘုရင်များပင် ၎င်းတို့၏ မျက်စိကို မဖမ်းစားနိုင်ကြပေ။
သူတို့နှစ်ယောက်ထဲမှ တစ်ယောက်၏ စိတ်ဝင်စားမှုရရန်ပင်အလွန်ခက်ခဲ၏။
သို့သော် ယခုအခါတွင် ထိုအကြီးအကဲ နှစ်ယောက်သည် ကျန်းချန်ကို ၎င်းတို့၏ တပည့်အဖြစ် လက်ခံရန်အတွက် ယှဥ်ပြိုင်ကြတော့မည် ဖြစ်၏။
ဤကဲ့သို့ အခြေအနေသည် စန်းလန် အဖွဲ့အစည်း၏ သမိုင်းထဲတွင် ပထမဆုံးအကြိမ် ဖြစ်မည်မှာ သေချာသည်။
အကြီးအကဲနှစ်ယောက် လေထုထဲတွင် အချင်းချင်းရင်ဆိုင်တော့မည့် အချိန်မှာပင် ဘုရင်အဆင့် တပည့်နှစ်ယောက် ဖြစ်သည့် ကျောက်ယွိလုံနှင့် စန်းယာတို့သည်လည်း အင်ပါယာခန်းမထဲကနေ ထွက်ခွာလာကြသည်။
သူတို့က လေထုထဲမှ ပိုင်လီဖုန်းနှင့် ကောင်းကျန့်ချိုးကို လှမ်းကြည့်ရင်း အားလုံးနီးတူ အံ့အားသင့်သွားကြသည်။
ကျန်းချန်က အင်ပါယာနန်းတော်၏ လူသစ်စာရင်းတွင် ပထမနေရာကို ရရှိခဲ့သောသတင်းသည် သူတို့နှစ်ယောက် ဆီသို့ အလွန် လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။
အထူးသဖြင့် ပိုင်လီဖုန်းနှင့် ကောင်းကျန့်ချိုးတို့က ကျန်းချန်ကို တပည့်အဖြစ် ခေါ်ယူရန် လုယက်နေသည်ကို သိလိုက်ရသောအခါတွင် နှစ်ယောက်သားသည် အံ့သြတုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသားများ ဖြစ်သွားခဲ့ကြသည်။
ကျောက်ယွိလုံကမူ အံ့အားသင့်သွားသော်လည်း ဝမ်းသာနေခဲ့၏။
သူက ကျန်းချန်ကို စိတ်ရင်းထဲကနေ ခင်မင်ခဲ့သော်လည်း ကျန်းချန်အနေဖြင့်အင်ပါယာခန်းမတွင် အောင်မြင်မှုကြီးတစ်ခု ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ကျန်းချန်နှင့်မိတ်ဆွေဖွဲ့ရန် သူ၏ဆုံးဖြတ်ချက်သည် အလွန်မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်မှာ ထင်ရှားနေ၏။
ကျောက်ယွိလုံ၏ ဝမ်းသာသော မျက်နှာထားနှင့် ဆန့်ကျင်ဘက်ပင် စန်းယာ၏ မျက်နှာထားသည် အလွန်တစ်ရာပင် ကြည့်ရဆိုးသွားခဲ့သည်။
ပိုင်လီဖုန်းနှင့် ကောင်းကျန့်ချိုးတို့ နှစ်ယောက်စလုံးသည် စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ကျန်းချန်သာ ထိုနှစ်ယောက်၏တပည့် ဖြစ်လာခဲ့လျှင် ကျန်းချန်ကို ကိုင်တွယ်ရန် သူ့အတွက် ပို၍ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလော။
လေထုထဲမှ ပုံရိပ်နှစ်ခုကို လှမ်းကြည့်ရင်း ကျန်းချန်သည် ခေါင်းကိုက်သလိုပင် ခံစားလာရသည်။
သူက အင်ပါယာခန်းမတွင် အချိန်အတော်ကြာ နေနိုင်ခဲ့သောကြောင့် နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် နှစ်ယောက်၏ အာရုံကို ဖမ်းစားနိုင်လိမ့်မည်ဟု မထင်ထားမိပေ။
သူ့အနေဖြင့် နတ်ဝိညာဥ်ဘုရင်တစ်ပိုင်း အဆင့် အကြီးအကဲနှစ်ယောက်ကို စော်ကားရန်မဝံ့ရဲချေ။
သို့သော် သူသည် ဤစန်းလန်အဖွဲ့အစည်းတွင် ကြာကြာနေမည် မဟုတ်ချေ။
ထို့ကြောင့် ဤနှစ်ယောက်ကို ဆရာအဖြစ် ကိုးကွယ်ရန်မှာ သဘာဝကျစွာပင် သူ့အတွက် မဖြစ်နိုင်ပေ။
ကျန်းချန်က အံကြိတ်လိုက်ပြီး တစ်စုံတစ်ရာ ပြောတော့မည့်အချိန်တွင် လေဟာနယ်ထဲတွင် အနည်းငယ် ကူကယ်ရာမဲ့သောအသံသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
"အကြီးအကဲ နှစ်ယောက်က တပည့်တစ်ယောက် အတွက်နဲ့ အချင်းချင်း တိုက်ခိုက်တော့မှာလား"
ပိုင်လီဖုန်းနှင့် ကောင်းကျန့်ချိုးတို့က လေဟာနယ်ထဲမှ ထွက်ပေါ်လာသော အသံကိုကြားလျှင် ခေါင်းမော့၍ အသံလာရာဆီ ကြည့်လိုက်ကြသည်။
ကောင်းကျန့်ချိုးက မထီမဲ့မြင်လေသံဖြင့် ပြန်ပြောလိုက်၏။
"ဘာလဲ မင်းလဲ တပည့်လုပွဲမှာ ပါဝင်ချင်လို့လား.. ငါ မင်းအကြောင်းကို မသိရင်ခက်မယ်"
ကောင်းကျန့်ချိုး၏ စကားကိုကြားလျှင် အားလုံးသည် အံ့သြတုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသားများ ဖြစ်သွားကြသည်။
"ငါတို့ စန်းလန်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် စန်းဝူဟန်လည်းရောက်လာပြီဟ.. စန်းလန်အဖွဲ့အစည်းရဲ့ တစ်ဦးတည်းသော နံပါတ်တစ် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူက ကျန်းချန်ကို တပည့်အဖြစ်ခေါ်ယူဖို့ ရောက်လာတယ်တဲ့လား"
"ဒီကလေးက ရာစုနှစ်တစ်ခုအတွင်းမှာ စန်းလန် အဖွဲ့အစည်းရဲ့ ရှားပါး ပါရမီရှင်တစ်ယောက် ဖြစ်တဲ့အတွက် ငါလည်း စိတ်ဝင်စားတယ်.. ဒါပေမဲ့ ဘယ်သူ့ကို ဆရာအဖြစ် ကိုးကွယ်မလည်း ဆိုတာကတော့ ဒီကောင်လေးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်"
စန်းဝူဟန်၏ တည်ကြည်သောအသံသည် ကွင်းပြင်အထက်တွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့၏။
"ကောင်းပြီလေ.. ဒါဆိုလည်း ခေါင်းဆောင် ပြောတဲ့အတိုင်းလုပ်ကြတာပေါ့"
ကောင်းကျန့်ချိုး၏ မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။
သူက အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။
"ကောင်လေး.. မင်း ငါတို့ထဲက ဘယ်သူ့ကို ဆရာအဖြစ်တင်မြှောက်ချင်လဲ.. မင်းနဲ့ငါ နှစ်ယောက်လုံးက အဂ္ဂိရတ်ပညာရပ်နဲ့ သိုင်းပညာရပ် နှစ်မျိုးလုံးမှာ ထူးချွန်ကြတဲ့ အတွက် ငါက မင်းရဲ့ ဆရာဖြစ်ဖို့ အသင့်တော်ဆုံးလူပဲ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။
သူက လေထဲမှ ကောင်းကျန့်ချိုးတို့ သုံးယောက်ကို ဂါဝရပြုလိုက်ပြီး ကွင်းပြင်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်ပင် အံ့သြစရာကောင်းသော စကားကို ပြောလိုက်သည်။
"အကြီးအကဲ သုံးယောက်ခင်ဗျာ.. ကျွန်တော် တကယ် စိတ်မကောင်းပါဘူး..ကျွန်တော် အကြီးအကဲ တို့ကို ဆရာအဖြစ် မတင်မြှောက်နိုင်ပါဘူး"
ကျန်းချန်၏ စကားကိုကြားလျှင် ကွင်းပြင်ပေါ်ရှိ စန်းလန်အဖွဲ့အစည်း၏ တပည့်အားလုံးသည် မျက်လုံးများ ပြူးကျယ်ကာကျွတ်ကျလုမတတ် အံ့အားသင့်သွားကြသည်။
အခန်း(၇၁၀)ပြီး၏။
အခန်း(၇၁၁)
"လခွမ်း.. ကျန်းချန်က အကြီးအကဲ အားလုံးကို ငြင်းလိုက်တယ်ဟ"
"အံ့သြဖို့ကောင်းလိုက်တာ ဒီကောင် ဘာလို့များ ငြင်းလိုက်တာလဲ "
"........"
ကွင်းပြင်ပေါ်မှာ စန်းလန် အဖွဲ့အစည်း၏ တပည့်များက အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
စန်းလန် အဖွဲ့အစည်း၏ ထိပ်တန်းပုဂ္ဂိုလ် ခြောက်ယောက်ထဲတွင် ပိုင်လီဖုန်းသည် အသက်အကြီးဆုံး အကြီးအကဲ တစ်ဦး ဖြစ်သည်။
ထို့အပြင် စန်းလန်အဖွဲ့အစည်း၏ စည်းကမ်းထိန်း အကြီးအကဲ ဖြစ်သည့် ကောင်းကျန့်ချိုးသည် နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သတ္တမ အဆင့် ဖြစ်သည့် ဘုရင်အဆင့် အဂ္ဂိရတ်သခင် တစ်ဦးလည်း ဖြစ်၏။
နောက်ထပ် တစ်ယောက်မှာ စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့အစည်း၏ တစ်ဦးတည်းသော နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
ဤသုံးယောက်လုံးသည် စန်းလန် အဖွဲ့အစည်းတွင် အထွတ်အထိပ် အင်အားကို ကိုယ်စားပြုသူများ ဖြစ်ကြသည်။
သူတို့ထဲက တစ်ယောက်ကို ဆရာအဖြစ် တင်မြှောက်နိုင်ရန်မှာ စန်းလန် အဖွဲ့အစည်းမှ တပည့်အားလုံး၏ အိပ်မက် ဖြစ်သည်။
ယခုအခါ ထိုသုံးယောက်လုံးက ကျန်းချန်ကို တပည့်အဖြစ် လက်ခံရန် အပြိုင်အဆိုင် ဖြစ်နေကြသော်လည်း အဆုံးသတ်တွင် ကျန်းချန်သည် ရိုးရိုးရှင်းရှင်းသာ ငြင်းဆိုလိုက်၏။
"ဒိီကောင်လေးက ငါတို့ကို ငြင်းဆန်လိုက်တယ်ဟ "
ကျန်းချန်၏ ငြင်းဆိုမှုကို မြင်လျှင် လေထဲရှိ ပိုင်လီဖုန်းနှင့် ကောင်းကျန့်ချိုးတို့ နှစ်ယောက်စလုံးသည် အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် ၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်သည် လေထုထဲကနေ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့၏။
"ဟားဟား စိတ်ဝင်စားစရာပဲ.. ကောင်လေး မင်းကို ငါ ပိုစိတ်ဝင်စားလာပြီ"
အနက်ရောင်၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အောက်ဘက်မှ ကျန်းချန်ကို လှမ်းကြည့်ကာ ရယ်မောလိုက်သည်။
ထို့နောက် အနက်ရောင်၀တ်စုံဝတ် အမျိုးသားသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော အင်အားတစ်ရပ်သည် ကျန်းချန်ကို လေထဲသို့ ပင့်တင်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် အနက်ရောင်၀တ်စုံဝတ်အမျိုးသားနှင့် သုံးပေအကွာသို့ ရောက်ရှိသွားခဲ့သည်။
ဤအချိန်တွင် ပိုင်လီဖုန်းနှင့် ကောင်းကျန့်ချိုးတို့သည် အနက်ရောင်၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဘေးတွင် ရပ်နေကြ၏။
သူ့ရှေ့မှ အနက်ရောင်၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျုံ့သွားခဲ့သည်။
သူက စဥ်းစားစရာပင် မလိုဘဲ သူ့ရှေ့မှ အနက်ရောင်၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက စန်းလန်အဖွဲ့အစည်း၏ခေါင်းဆောင် စန်းဝူဟန် ဖြစ်မှန်း သိလိုက်သည်။
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည့် စန်းဝူဟန် တစ်ယောက်ထဲသာ သူ့ကို ဤကဲ့သို့သော နည်းလမ်းဖြင့် လေထုထဲသို့ ရွှေ့ပြောင်းနိုင်မည် ဖြစ်၏။
"ကောင်လေး.. ငါတို့ကို ဘာလို့ ဆရာအဖြစ် မတင်မြှောက်နိုင်လဲ ဆိုတဲ့ အကြောင်းပြချက် တစ်ခု ပေးသင့်တယ်လို့ ထင်တယ်"
စန်းဝူဟန်က ကျန်းချန်ကို ပြုံး၍ လှမ်းကြည့်ကာ ပြောလိုက်သည်။
သူက ကျန်းချန်၏ ငြင်းဆိုမှုကြောင့် လုံးဝ ဒေါသထွက်နေပုံမရပေ။
ကျန်းချန်က အကြီးအကဲ သုံးယောက်ရှေ့တွင် မမောက်မာရဲဘဲ ရိုသေစွာ ပြောလိုက်၏။
"အကြီးအကဲသုံးယောက် ခင်ဗျာ.. ကျွန်တော့်မှာ ဆရာတစ်ယောက် ရှိပြီးသားမို့ အကြီးအကဲတို့ကို ဆရာအဖြစ် မတင်မြှောက်နိုင်တာပါ "
"ကောင်လေး တစ်သက်မှာ ဆရာတစ်ယောက်ပဲ ရှိရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားပါဘူး.. မင်းမှာ ဆရာတစ်ယောက်ရှိပြီးရင်တောင် ငါတို့ကို ဆရာအဖြစ် တင်မြှောက်လို့ရပါတယ် "
စန်းဝူဟန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်း၍ ဖြည်းညှင်းစွာ ပြောလိုက်၏။
"ကျွန်တော့်ရဲ့ဆရာက ယန်ဒီမြို့ကပါ "
"ဘယ်လို"
ကျန်းချန်၏ စကားကိုကြားလျှင် စန်းဝူဟန်တို့ သုံးယောက်စလုံးသည် အံ့သြ တုန်လှုပ်သွားခဲ့ကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပြည့်နက်နေခဲ့ကြသည်။
ယန်ဒီမြို့။
ယန်ဒီက ကျုံးကျိုးကုန်းမြေ၏ အဓိကမြို့တော် ငါးမြို့ထဲမှ တစ်မြို့ဖြစ်ပြီး ထိပ်တန်းကြယ်လေးပွင့် အင်အားစု နယ်မြေတစ်ခု ဖြစ်၏။
ကျန်းချန်၏ ဆရာက ယန်ဒီမြို့နှင့် ပက်သက်နေမည်ဟု စန်းဝူဟန် မထင်ထားခဲ့ပေ။
"အကြီးအကဲ သုံးယောက်ခင်ဗျာ.. ကျွန်တော်က မတော်တဆမှု တချို့ကြောင့် စန်းဟိုင်ကျွန်းကို ရောက်ရှိခဲ့ပါတယ်.. တကယ်တော့ အာကာသစွမ်းအင် ကျောက်တုံးကိုရယူပြီး ယန်ဒီမြို့ကို ပြန်ဖို့အတွက် စန်းလန် အဖွဲ့အစည်းထဲကို ဝင်ခဲ့တာပါ "
ကျန်းချန်က တောင်းပန်သော အမူအရာဖြင့် ဓပြောလိုက်သည်။
"ဒါကြောင့် အကြီးအကဲသုံးယောက်ကို ဆရာအဖြစ် မတင်မြှောက်နိုင်တာပါ အကြီးအကဲ သုံးယောက်ရဲ့ စေတနာကို ကျွန်တော် အမြဲတမ်း မှတ်ထားပါ့မယ် "
"မိတ်ဆွေလေး ကျန်းချန်.. မင်းက ယန်ဒီမြို့က လာမယ်လို့ တကယ် မထင်ထားခဲ့ဘူး.. ငါတို့က မင်းရဲ့ဆရာကို စောင့်ဆိုင်းစေဖို့ ဘယ်လိုလုပ် အရည်အချင်း ရှိမှာလဲ "
စန်းဝူဟန်က အချိန်အတော်ကြာ မှင်တက်နေခဲ့ပြီးမှ အသိပြန်ဝင်လာခဲ့ပြီး ခေါင်းကိုခါရမ်းကာ ခါးသီးသော အပြုံးကို ပြုံး၍ ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်အနေနဲ့ အခုချိန်မှာ အာကာသစွမ်းအင် ကျောက်တုံးကို အမှန်တကယ် လိုအပ်နေမယ်လို့ ထင်တယ်"
အခန်း(၇၁၁)ပြီး၏။