အခန်း (၇၁၅-၇၁၇)
Vol. 48 Ch. 715-717
အခန်း(၇၁၅)
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ စန်းလန် အဖွဲ့အစည်း၏ စန်းလန်ခန်းမ ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
ဆယ်မိနစ်ကျော်အကြာတွင် ကျန်းချန်သည် စန်းလန်ခန်းမ ဆီသို့ ရောက်ရှိလာခဲ့၏။
ဤအချိန်တွင် လူအများအပြားသည် ခန်းမထဲတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
ခန်းမထဲတွင် လူအများအပြား ရှိနေသော်လည်း အုပ်စုနှစ်စုခွဲထားသည်ကို ရှင်းရှင်းလင်း တွေ့လိုက်ရ၏။
အုပ်စုတစ်စုမှာ လူသုံးဆယ်လောက်ရှိပြီး စန်းဟာနှင် ကျောက်ယွိလုံတို့ ဦးခေါင်သည့် စန်းလန်အဖွဲ့အစည်း၏ ပါရမီရှင် တပည့်များ ဖြစ်ကြသည်။
ထိုအုပ်စုနှင့် ဆန့်ကျင်ဘက်တွင်မူ စန်းလန်အဖွဲ့အစည်း၏ ကြီးကြပ်ရေးမှူး ဝတ်စုံကို ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်အုပ်စုတစ်စု ရှိနေခဲ့၏။
ထိုအနက်ရောင် ဝတ်စုံဝတ် လူငယ်အုပ်စုသည် စန်းလန်အဖွဲ့အစည်း၏ တပည့်များထက် အနည်းငယ် အရေအတွက် ပိုမို များပြားပြီး လူလေးဆယ်လောက် ရှိသည်။
သူတို့ဆီမှ ထွက်ပေါ်လာသော အရှိန်အဝါများသည် အလွန်ပင်အင်အားကြီးမား၏။
သို့သော်လည်း စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်းပါရမီရှင် ရှစ်ယောက်ကိုမူ မယှဥ်သာခဲ့ပေ။
ခန်းမထဲသို့ ကျန်းချန် ဝင်လာသည်ကို မြင်လျှင် စန်းလန်အဖွဲ့အစည်း၏ ပါရမီရှင် တပည့်သုံးဆယ်သည် အေး အေးဆေးဆေးသာ ရှိနေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်များကမူ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြ၏။
ဤတစ်ခေါက် လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ချိန်တွင် ဝင်ခွင့်နေရာအတွက် လာရောက်ယှဥ်ပြိုင်သူ အများစုသည် စွမ်းအင်သိပ်သည်ခြင်း သတ္တမအဆင့်ကို ရောက်နှင့်နေသူများ ဖြစ်ကြသည်။
အားအနည်းဆုံးသူပင် ဆဋ္ဌမအဆင့်၏ နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ်ကို ရောက်ရှိနေသူများ ဖြစ်ကြ၏။
သူတို့ရှေ့မှ ကောင်လေးကမူ စွမ်းအင်သိပ်သည်ခြင်း ပဥ္စမ အဆင့် အစောပိုင်း ကျင့်ကြံသူသာ ဖြစ်၏။
ဤကောင်လေးက ဤကဲ့သို့ နိမ့်ကျသောအဆင့်ဖြင့် ဝင်ခွင့်နေရာအတွက် ယှဥ်ပြိုင်ချင်နေပါသလော။
"ညီနောင်ကျန်းချန်.. မင်းရောက်လာပြီပေါ့"
ခန်းမထဲကို ကျန်းချန် လျှောက်ဝင်လာသည်ကိုမြင်လျှင် ကျောက်ယွိလုံက ပြုံး၍ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ညီနောင်ကျောက်"
ကျန်းချန်ကလည်း ကျောက်ယွိလုံကို ယဥ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။
ကျန်းချန်သည် အင်ပါယာခန်းမတွင် သူ့ကိုကူညီခဲ့သည့် ဤဘုရင်အဆင့် ပါရမီရှင် တပည့်ကို သဘာဝကျစွာပင် ခင်မင်ခဲ့သည်။
သူက အားလုံး၏ ရှေ့မှာပင် ကျောက်ယွိလုံ ဘေးကို တိုက်ရိုက်လျှောက်သွားခဲ့သည်။
"ညီနောင်ကျောက်.. အခြေအနေဘယ်လိုလဲ"
ကျန်းချန်က ခန်းမကို အကဲခတ်ပြီးနောက်တွင် ကျောက်ယွိလုံကို ခပ်တိုးတိုး မေးလိုက်သည်။
"ဒီတစ်ခေါက် လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါကျရင် စန်းလန်အဖွဲ့အစည်း အတွက် ဝင်ခွင့် နေရာ ၄၅နေရာပဲရှိတယ်.. ဒီခန်းမထဲမှာ ရှိနေတဲ့သူတွေ အားလုံးက လေပင်လယ် လျှို့ဝှက်နယ်မြေဝင်ခွင့် အတွက် ရောက်လာကြတာပဲ"
ကျောက်ယွိလုံက သူသိထားသမျှကို ကျန်းချန်ကို ပြုံး၍ ရှင်းပြခဲ့သည်။
လေပင်လယ် လျှို့ဝှက်နယ်မြေသည် ဆယ်နှစ်တွင် တစ်ကြိမ်သာ ဖွင့်လှစ်ပြီး ဖွင့်လှစ်သည့် အခါတိုင်းတွင် လူတစ်ရာသာ ဝင်ရောက်ခွင့် ရှိသည်။
ဝင်ခွင့်နေရာ အတွက် ပထမတွင် စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းမှ လူများသည် အညီအမျှ ၅၀ဆီ ခွဲဝေယူကြသည်။
နောက်ပိုင်းတွင် စန်းလန် အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းးတို့သည် လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်တိုင်းတွင် အလောင်းအစား တစ်ခုကို ပြုလုပ်ခဲ့ကြသည်။
ယင်းမှာ အသက်ရှင်ကျန်ရစ်သူ ပိုနည်းသောအဖွဲ့သည် ဝင်ခွင့်၅နေရာကို ဆုံးရှုံးရမည် ဟူသော အလောင်းအစားပင်။
လေပင်လယ်လျှို့ဝှက်နယ်မြေဖွင့်လှစ်သောနောက်ဆုံးအကြိမ်တွင် စန်းလန်အဖွဲ့အစည်းသည် အလောင်းအစားတွင် ရှုံးနှိမ့်ခဲ့ သောကြောင့် ဝင်ခွင့်ငါးနေရာစာကို ဆုံးရှုံးကာ ၄၅ နေရာသာ ရရှိခဲ့၏။
"သူတို့က စန်းလန်အဖွဲ့အစည်းရဲ့ ကြီးကြပ်ရေးမှူးတွေ မဟုတ်ဘူးလား.. သူတို့က ဘယ်လို အရည်အချင်းတွေနဲ့ လေပင်လယ် လျှို့ဝှက်နေရာအတွက် ယှဥ်ပြိုင်ဖို့ လာနိုင်တာလဲ"
ကျန်းချန်က ဆန့်ကျင်ဘက်မှအနက်ရောင်ဝတ်စုံဝတ် လူငယ်အုပ်စုကို လှမ်းကြည့်ကာ အံ့သြသောအမူအရာဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံခြင်းအဆင့်ကို မရောက်သေးသရွှေ့အသက်၂၅ထက်မကြီးတဲ့ လူငယ်ပါရမီရှင်တွေက လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရှိလို့ပဲ.. စန်းလန်အဖွဲ့အစည်းရဲ့ တပည့်တစ်ဦး သက်တမ်းက ယေဘုယျအားဖြင့် ၅နှစ်ပဲ ရှိတယ်.. ၅နှစ်ကြာပြီးရင်တော့ စန်းလန်အဖွဲ့အစည်းမှာ ဆက်နေချင်ရင် ကြီးကြပ်ရေးမှုးအဖြစ် လုပ်ကိုင်နိုင်တယ် သူတို့က မကြာသေးခင်ကမှ ကြီးကြပ်ရေးမှူး ဖြစ်လာကြတဲ့သူတွေပဲ.. ဒါ့အပြင် အသက်၂၅နှစ်လဲ မပြည့်သေးတာကြောင့် ဝင်ခွင့်နေရာအတွက် ယှဥ်ပြိုင်ခွင့် ရှိနေတယ်"
ထိုသို့ရှင်းပြပြီးနောက်တွင် ကျောက်ယွိလုံသည် ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။
"ညီနောင်ကျန်းချန်.. ဒီကောင်တွေက အားမနည်းဘူး.. သူတို့ထဲမှာ စန်းယာနဲ့ ဆက်ဆံရေးကောင်းတဲ့ သူတွေလည်း ရှိတယ်.. မင်းသတိထားမှရမယ်"
ကျန်းချန်ကခေါင်းညိမ့်လိုက်သည်။
သူစကားပြောတော့မည့် အချိန်တွင် ခန်းမအထဲကနေ ရုတ်တရက် လေလှိုင်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင် စန်းဝူဟန်နှင့် အကြီးအကဲ ပိုင်လီဖုန်းတို့သည် ခန်းမတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
စန်းဝူဟန်က ခန်းမထဲမှလူများကို အနည်းငယ် အကဲခတ်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ တည်ကြည်လေးနက်သော အသံသည်ချက်ချင်းပင် ပဲ့တင်ထွက်လာခဲ့၏။
"ဒီနေ့ မင်းတို့တွေကို ခေါ်ရတဲ့ ရည်ရွယ်ချက်ကို အားလုံးပဲ သိကြမယ်လို့ ထင်တယ်.. ခဏနေကျရင် လေပင်လယ် လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်နေရာအတွက် တိုက်ပွဲစတင်မယ်"
အခန်း(၇၁၅) ပြီး၏
အခန်း(၇၁၆)
"လေပင်လယ် လျှို့ဝှက်နယ်မြေ ဝင်ခွင့် နေရာအတွက် တိုက်ပွဲစတင်မယ်"
စန်းဝူဟန်၏ စကားကို ကြားလျှင် ခန်းမထဲရှိ လူအများအပြား၏ အမူအရာများသည် လေးနက်လာကြသည်။
ဆိုရလျှင် လေပင်လယ် လျှို့ဝှက်နယ်မြေသည် ကြီးမားသော အခွင့်အလမ်း တစ်ခု ဖြစ်၍ မည်သူမှ အလွယ်တကူ လက်လွတ်မခံချင်ကြပေ။
သို့သော် လေပင်လယ် လျှို့ဝှက်နယ်မြေ အတွက် ဝင်ခွင့် နေရာက ၄၅ နေရာစာသာ ရှိပြီး ခန်းမထဲတွင် လူ ၇၀ နီးပါး ရှိနေသောကြောင့် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်မည်မှာ သေချာသလောက်ပင်။
ခန်းမထဲမှ လူတိုင်း စောင့်ဆိုင်းနေသော အချိန်မှာပင် အကြီးအကဲ ပိုင်လီဖုန်းသည် ဝင်ခွင့်နေရာ ပြိုင်ပွဲ အတွက် စည်းမျဉ်းများကို တိုက်ရိုက် ကြေညာခဲ့သည်။
"ပထမဆုံးအနေနဲ့ အကြီးအကဲတွေ ရွေးချယ်ထားတဲ့ ၄၅ နေရာကို ကြေညာမယ်.. ဒီ၄၅ နေရာကို အဓိကနေရာ ၂၀ နဲ့ အရန်နေရာ ၂၅ နေရာ ခွဲထားတယ်.. အဓိကနေရာ ၂၀ ထဲ ပါတဲ့သူတွေက ဝင်ခွင့်နေရာအတွက် နောက်ထပ် တိုက်ပွဲ ဆင်နွှဲစရာမလိုဘဲ လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို တိုက်ရိုက် ဝင်ခွင့်ရနိုင်တယ်.. ကျန်တဲ့ အရန်နေရာ ၂၅ နေရာအတွက်ကတော့ နေရာလုပြိုင်ပွဲရှိတယ်.. အရန်နေရာအတွက် အရွေးချယ် မခံရတဲ့ သူတွေက အရန် ၂၅နေရာက ကိုယ်ကြိုက်တဲ့သူကို စိန်ခေါ်ခွင့် ရှိတယ်.. စိန်ခေါ်မှုမှာ အောင်မြင်တဲ့သူတိုင်းက အဲဒီနေရာကို အစားထိုးပြီး လေပင်လယ်လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရမယ်"
ဝင်ခွင့်နေရာပြိုင်ပွဲ၏ စည်းမျဉ်းများကို အတိုချုံး မိတ်ဆက်ပြီးနောက်တွင် အကြီးအကဲ ပိုင်လီဖုန်းသည် စတင် ကြေငြာခဲ့သည်။
ပထမဆုံး ကြေငြာသည်မှာ အဓိကနေရာ အတွက်ဖြစ်၏။
စန်းလန်အဖွဲ့အစည်းတွင် ထိပ်တန်း ပါရမီရှင် တပည့်ကိုးယောက်ရှိသည်။
ထိုအထဲတွင် ဘုရင်အဆင့်ပါရမီရှင် တပည့်နှစ်ဦးနှင့် ကြယ်တစ်ရာဘုရင် ခြောက်ယောက် အပြင် ကျန်းချန်လည်း ပါဝင်၏။
ကျန်ရှိသည့် ၁၁ နေရာကို ဆန့်ကျင်ဘက်မှ လူငယ် ကြီးကြပ်ရေးမှူးများက သိမ်းပိုက်ထားသည်။
အဓိကနေရာအတွက် ကြေညာပြီးနောက်တွင် အကြီးအကဲ ပိုင်လီဖုန်းသည် အရန် ၂၅ နေရာကို ဆက်လက် ကြေညာခဲ့၏။
"ကောင်လေးတွေ.. နေရာအရေအတွက်ကို ကြေညာပြီးပြီ.. အရွေးချယ် မခံရတဲ့သူတွေ အားလုံးက အရန်နေရာ ရထားတဲ့ သူတွေကို စိန်ခေါ်ခွင့် ရှိတယ်.. အားလုံး ကန့်ကွက်စရာ မရှိရင် ဝင်ခွင့်နေရာအတွက် တိုက်ပွဲ စတင်လိုက်ကြစို့"
အရန်၂၅ နေရာကို ကြေညာပြီးနောက်တွင် အကြီးအကဲ ပိုင်လီဖုန်း၏ တည်ကြည်သော အသံသည် ခန်းမထဲမှာ တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။
အကြီးအကဲ ပိုင်လီဖုန်း၏ စကားဆုံးသည်နှင့် အရွေးချယ်မခံရသော လူငယ် ကြီးကြပ်ရေးမှူး တစ်ယောက်သည် ရှေ့ထွက်လာခဲ့၏။
ထိုလူငယ် ကြီးကြပ်ရေးမှူးက မည်သူ့ကို စိန်ခေါ်မလဲ ဆိုသည်ကို မကြေညာဘဲ ပိုင်လီဖုန်းကို ရိုရိုသေသေ ပြောလိုက်သည်။
"အကြီးအကဲ.. ကျွန်တော့်မှာ ကန့်ကွက်စရာ တစ်ခု ရှိပါတယ်"
"မင်းက ဘာကို ကန့်ကွက်ချင်တာလဲ"
ပိုင်လီဖုန်းက မထီမဲ့မြင် အမူအရာဖြင့် ပြန်မေးလိုက်၏။
"အကြီးအကဲ.. ကျွန်တော် သိသလောက်တော့ လေပင်လယ် လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်နေရာ အရေအတွက်ကို အင်အားအပေါ် အခြေခံပြီးပဲ အမြဲတမ်း ရွေးချယ်ခဲ့တယ်"
"ဟိုကောင်လေးက အခုမှ စွမ်းအင် သိပ်သည်းခြင်း ပဥ္စမအဆင့် အစောပိုင်း နယ်ပယ်ပဲ ရှိသေးတယ်.. ဒီကောင်က အဓိက နေရာကို ရဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ"
လူငယ် ကြီးကြပ်ရေးမှူးက ကျန်းချန်ကို လက်ညှိုးထိုးပြကာ မကျေမနပ် ပြောလိုက်သည်။
ခန်းမထဲရှိ ကျန်းချန်ကို သိသည့်သူတိုင်းသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စကားများကို ကြားလျှင် ကရုဏာသက်သည့် အမူအရာများကို ပြသခဲ့ကြသည်။
ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ခန်းမထဲတွင် အားအနည်းဆုံးဟု ထင်ရသော်လည်း သူသည် စန်းလန်အဖွဲ့အစည်း၏ တပည့်များထဲတွင် လက်ရှိအချိန်၌ တတိယနေရာမှာ ရပ်တည်နေသောသူ ဖြစ်သည်။
ဤကောင်လေးက ကျန်းချန်ကို အလွယ်တကူ ခွဲ၍ ရမည့် ဖရဲသီးတစ်လုံးလို သတ်မှတ်ချင်နေသည်မှာ သူ့ကိုယ်သူ ဒုက္ခရှာနေသည်နှင့် မခြားပေ။
"ကျန်းချန်ကို အဓိကနေရာ အဖြစ် ရွေးချယ်ရတဲ့ အကြောင်းပြချက် ငါတို့မှာ ရှိတယ်.. ဘာလဲ ငါတို့ အဘိုးအိုတွေရဲ့ အမြင်ထက် မင်းအမြင်က ပိုကောင်းတယ်လို့ ထင်နေတာလား"
"မင်း မကျေနပ်ဘူးဆိုရင် မင်းကျေနပ်အောင် လုပ်ပေးမယ်"
ပိုင်လီဖုန်းက မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"မင်းကို ကျန်းချန်နဲ့ စိန်ခေါ်ခွင့်ပေးမယ်.. သူ့ကို အနိုင်ရသရွေ့ သူ့ရဲ့ ဝင်ခွင့်နေရာက မင်းအပိုင်ပဲ"
ထိုစကားကိုကြားလျှင် လူငယ် ကြီးကြပ်ရေးမှူးက ရုတ်တရက် ပျော်ရွှင်သွားခဲ့သည်။
ဆန့်ကျင်ဘက်ရှိ ကျန်းချန် ဟုခေါ်သော ကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်း ပဥ္စမ အဆင့် အစောပိုင်း နယ်ပယ်တွင်သာ ရှိပြီး ၎င်း၏ အင်အားသည် အရန် ၂၅ ယောက်ထက်ပင် များစွာ အားနည်းသည်။
ဤကောင်လေးနှင့်သာ တိုက်ရမည်ဆိုလျှင် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်နေရာက သူ့အတွက် သေချာသွားပြီ မဟုတ်ပါလား။
လူငယ် ကြီးကြပ်ရေးမှူးက သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
သူက ဆန့်ကျင်ဘက်မှ ကျန့်းချန်ကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"ကောင်လေး.. မင်း ငါကျန့်ချွမ်ကို ရင်ဆိုင်ဖို့ ရှေ့ထွက်လာရဲလား"
အခန်း(၇၁၆) ပြီး၏
အခန်း(၇၁၇)
ကျန့်ချွမ်က ကျန်းချန်ကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်နေခဲ့ပြီး သူ့မျက်လုံးတွင် ယုံကြည်မှုရှိသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
သူက ကျန်းချန်နှင့် ပတ်သက်၍ အကြီးအကဲကို ပထမဦးစွာ မေးခွန်းထုတ်ခဲ့သည်မှာ အလွန်ကံကောင်းသည်ဟု သူ့ကိုယ်သူ ထင်ခဲ့၏။
ကျန့်ချွမ်၏ ကျင့်ကြံခြင်း အဆင့်သည် ဆဋ္ဌမအဆင့် နှောင်းပိုင်း နယ်ပယ်တွင် ရှိသည်။
ဆိုရလျှင် လူငယ် ကြီးကြပ်ရေးမှူး ၄၀ တွင် သူ၏ အင်အားသည် အောက်ဆုံးနီးပါး ဖြစ်၏။
အရန်နေရာ ၂၅ နေရာကို စိန်ခေါ်လျှင်ပင် အေင်မြင်နိုင်မည်ဟု ကျန့်ချွမ် မသေချာပေ။
ထို့ကြောင့် ကျန့်ချွမ်သည် သူ၏ ပစ်မှတ်အဖြစ် ကျန်းချန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အဓိကနေရာမှလူကို စိန်ခေါ်နိုင်မည့် အခွင့်အရေး မရှိ၍ သူက အကြီးအကဲကို မေးခွန်းထုတ်ခဲ့ရသည်။
ကံကောင်းထောက်မစွာပင် အကြီးအကဲက သူ့ကို စိန်ခေါ်ခွင့်ပေးလိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။
ကျန့်ချွန်က အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် ဆဋ္ဌမအဆင့် နှောင်းပိုင်း ကျင့်ကြံသူ ဖြစ်၏။
သူ၏ အင်အားဖြင့် စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့် အစောပိုင်းမှ ငချွတ်လေး တစ်ယောက်ကို အနိုင်ယူရန်မှာ လွယ်ကူလွန်းသည် မဟုတ်ပါလား။
ဟုတ်ပါသည်၊ ကျန့်ချွမ်သည် မကြာသေးခင်က ပြင်ပတွင် တာဝန်များ ထမ်းဆောင်နေခဲ့ရ၍ စန်းလန်အဖွဲ့အစည်းတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို သူ မသိသည်မှာလည်း အကြောင်းရင်း တစ်ခုပင်။
သူသာ စန်းလန်အဖွဲ့အစည်းမှ ကျန်းချန်၏ မကြာသေးခင်က စွမ်းဆောင်ချက်များကို သိခဲ့လျှင် ငိုနေလောက်ပေပြီ။
လွယ်လွယ်ကူကူ ခွဲနိုင်သည့် ဖရဲသီးတစ်လုံးကို ရွေးယူခဲ့သည်ဟုထင်ကာ ကျေနပ်နေသည့် ကျန့်ချွမ်ကို လှမ်းကြည့်ရင်း ခန်းမထဲမှ လူအများအပြားသည် စကားပင် မပြောနိုင်ဘဲ ခေါင်းကိုသာ ခါရမ်းလိုက်ကြသည်။
သူတို့အားလုံးက ကျန့်ချွမ်ကို ငတုံးတစ်ယောက်ကို ကြည့်နေသကဲ့သို့ လှမ်းကြည့်နေခဲ့ကြ၏။
ဤငတုံးကောင်၏ အဆုံးသတ်က မည်မျှ ဆိုးရွားမလဲ ဆိုသည်ကို ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
သူက ကျန့်ချွမ်၏ စိန်ခေါ်မှုလောက်ကို ဂရုမစိုက်ဘဲ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ခန်းမထဲရှိ မရေမတွက်နိုင်သော အကြည့်များ အောက်မှာပင် ကျန့်ချွမ်ဆီ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ကျန့်ချွမ်က သူ့ရှေ့မှ ကျန်းချန်ကို ကြည့်လိုက်သည်။
ထိုခဏတွင် ငွေရောင်ဓားရှည် တစ်လက်သည် ချက်ချင်းပင် သူ့လက်ထဲတွင် ပေါ်လာ၏။
သူက ဓားရှည်ကို ဝှေ့ယမ်းရင်း ကျန်းချန်ကို မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ကောင်လေး.. မင်းရဲ့ လက်နက်ကို ထုတ်ပြီး ငါနဲ့ တိုက်ခိုက်ဖို့ ပြင်လိုက်တော့"
"လက်နက်ထုတ်ရမှာလား.. မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်းနေပြီ"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေရင်း ကျန့်ချွမ်ကို မထီတရီ ကြည့်၍ ပြောလိုက်သည်။
"အမှန်အတိုင်း ပြောရရင် မင်းလိုလူမျိုးက ငါ့ကို စိန်ခေါ်ဖို့တောင် အရည်အချင်း မရှိဘူး"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ကျန့်ချွမ်က ဒေါသထွက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလို သူ့လက်ထဲမှ ဓားရှည်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။
ထိုခဏမှာပင် ကျန်းချန်၏ ပုံရိပ်သည် နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ပစ်မှတ်က ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ကျန့်ချွမ် အံ့အားသင့်သွား၏။
သူက သူ၏ အာရုံခံနိုင်စွမ်းဖြင့် ခန်းမ၏ နေရာတိုင်းကို လွှမ်းခြုံကာ ကျန်းချန်ကို ရှာဖွေရန် ကြိုးစားခဲ့သည်။
အခန်း(၇၁၇) ပြီး၏