← Chapters

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း(၇၁၈)

"ဝုန်း"

ထိုအချိန်မှာပင် ကျန်းချန်က သူ၏ အနောက်တွင် လျှပ်တပြက်ပေါ်လာခဲ့ပြီး ခြေထောက်ဖြင့် လှမ်းကန်လိုက်ရာ ကျန့်ချွမ်၏ ခန္ဓာကိုယ်က လွင့်စင်သွားပြီး ခန်းမ၏ နံရံဖြင့် တိုက်မိကာ ချက်ချင်းပင် သတိလစ်သွားခဲ့သည်။

ကျန်းချန်၏ ကန်ချက်ကြောင့် သတိလစ်သွားသည့် ကျန့်ချွမ်ကို မြင်လျှင် ကျန်းချန်၏ နေရာနှင့် ပတ်သက်ပြီး မကျေနပ်သည့် လူငယ် ကြီးကြပ်ရေးမှူး အချို့သည် သက်ပြင်းချလိုက်ကြသည်။

သူတို့က ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီး ကျန်းချန်ကို အရင်ဦးဆုံး စိန်မခေါ်မိသည်ကိုပင် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်နေမိကြသည်။

မဟုတ်လျှင် သူတို့ ဘယ်လို သေသွားမလဲပင် သိလိုက်မည် မဟုတ်ပေ။

"ကျန်းချန်ရဲ့ ဝင်ခွင့်နေရာနဲ့ ပတ်သက်ပြီး ဘယ်သူ ကန့်ကွက်ချင်သေးလဲ"

အကြီးအကဲ ပိုင်လီဖုန်းက ခန်းမထောင့်မှာ သတိလစ်နေသည့် ကျန့်ချွမ်ကို တစ်ချက်ပင် လှည့်မကြည့်ပေ။

သူက အိုမင်းသော မျက်လုံးများဖြင့် ခန်းမထဲကို ဝေ့ကြည့်လိုက်သည်။

သူ၏ တည်ကြည်သော လေသံက လူတိုင်း၏ နားထဲကို တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

အကြီးအကဲ ပိုင်လီဖုန်း၏ မေးခွန်းကို ရင်ဆိုင်ရလျှင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

စွမ်းအင်သိပ်သည်းခြင်း ဆဋ္ဌမအဆင့် နှောင်းပိုင်း ကျင့်ကြံသူ တစ်ယောက်ကို ခြေကန်ချက် တစ်ချက်တည်းဖြင့် သတိလစ်အောင် ပေါ့ပေါ့ပါးပါး စွမ်းဆောင်နိုင်ရန်မှာ စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ကျင့်ကြံသူပင် လုပ်ဆောင်ရန် ခက်ခဲ၏။

ထိုကောင်လေးသည် အရန်၂၅ နေရာတွင် ထားလျှင်ပင် အင်အား အကောင်းဆုံး ကျင့်ကြံသူဟု ဆို၍ရသည်။

ဦးနှောက်ပျက်နေသူမှသာ ဤအချိန်တွင် ကျန်းချန်ကို စိန်ခေါ်မည် ဖြစ်သည်။

မည်သူမှ စကားမပြောသည်ကို မြင်လျှင် အကြီးအကဲ ပိုင်လီဖုန်းက ထပ်ပြီး တိုက်ရိုက် ကြေညာလိုက်သည်။

"ဘယ်သူမှ ကန့်ကွက်စရာ မရှိတော့ဘူး ဆိုတော့ ဝင်ခွင့်နေရာအတွက် တိုက်ပွဲ စတင်ကြစို့။"

အကြီးအကဲ၏ စကားဆုံးသည်နှင့် လူငယ်ကြီးကြပ်ရေးမှူးတစ်ယောက်သည် ခန်းမ၏ အလယ်ကို အလျင်အမြန် ထွက်လာခဲ့သည်။

သူ့ရဲ့ အကြည့်က အရန်နေရာအတွက် ရွေးချယ်ခံရသည့် ရွှေရောင်အဆင့် တပည့်တစ်ယောက်ဆီ တိုက်ရိုက် ကျရောက်သွားခဲ့၏။

"ညီငယ်လေး စိတ်မကောင်းပါဘူး.. မင်းရဲ့ ဝင်ခွင့်နေရာကို ငါလိုချင်တယ်"

ဤရွှေရောင်အဆင့် တပည့်သည် စွမ်းအင်သိပ်သည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်ပြီး ၎င်း၏အင်အားသည် အရန်နေရာ၂၅နေရာတွင် အောက်ဆုံးအဆင့်မှာသာရှိသည်။

ထို့ကြောင့် သူက သဘာဝကျစွာပင် တခြားသူများ၏ စိန်ခေါ်မှု ပစ်မှတ် ဖြစ်လာခဲ့၏။

"ဟမ့်.. ငါ့နေရာကို လိုချင်တာလား.. ဒါက မင်းရဲ့ စွမ်းရည်ပေါ် မှာပဲ မူတည်ပါတယ်"

ရွှေရောင်တပည့်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်ကာ ချက်ချင်းပင် လူငယ်ကြီးကြပ်ရေးမှူးကို တိုက်ခိုက်လိုက်သည်။

နှစ်ယောက်စလုံး၏ အင်အားက စွမ်းအင်သိပ်သည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိသော်လည်း လူငယ် ကြီးကြပ်ရေးမှူး၏ တိုက်ခိုက်ရေး အတွေ့အကြုံက ရွှေရောင်အဆင့် တပည့်၏ အတွေ့အကြုံထက် များစွာ ပိုကြွယ်ဝသည်မှာ ထင်ရှား၏။

အကွက်သုံးဆယ်လောက် တိုက်ခိုက်ပြီးနောက်တွင် လူငယ် ကြီးကြပ်ရေးမှူးသည် ရွှေရောင်အဆင့် တပည့်၏ အားနည်းချက်ကို သတိပြုမိခဲ့ပြီး ချက်ချင်းပင် အခွင့်အရေးအရယူ၍ တိုက်ခိုက်လိုက်သည်။

အဆုံးသတ်တွင် ရွှေရောင်အဆင့် တပည့်ကို အနိုင်ယူကာ ပြိုင်ပွဲကို အနိုင်ရသွားခဲ့သည်။

ထို့နောက်တွင် နေရာမရသည့် လူငယ် ၂၀ ကျော်က အရန်နေရာမှလူများကို စိန်ခေါ်ခဲ့ကြသည်။

သို့သော် စန်းလန်အဖွဲ့အစည်းက ကနဦး သတ်မှတ်ထားသော အရန် နေရာ၂၅နေရာသည် ကျင့်ကြံသူများ၏ အင်အားအလိုက် ရွေးချယ်ထားခြင်း ဖြစ်၍ စိန်ခေါ်မှု အနည်းငယ်က လွဲလျှင် အများစုမှာ ရှုံးနိမ့်ခဲ့သည်။

ဝင်ခွင့်နေရာအတွက် တိုက်ပွဲက မြန်မြန်ဆန်ဆန်ပင် ပြီးသွားခဲ့၏။

နှစ်နာရီမပြည့်ခင်မှာပင် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရမည့် နေရာ ၄၅ နေရာကို အဆုံးသတ်တွင် အတည်ပြုနိုင်ခဲ့သည်။

ဝင်ခွင့်နေရာအတွက် ပြိုင်ပွဲ ပြီးဆုံးသွားပြီး နောက်တွင် အကြီးအကဲ ပိုင်လီဖုန်းက သူ၏ လက်ဝါးကို ဝှေ့ရမ်းလိုက်ရာ ကျောက်စိမ်းစာရွက် ၄၅ ရွက်သည် လူ ၄၅ ယောက်ဆီ တိုက်ရိုက် လွင့်ထွက်သွားခဲ့၏။

"ကောင်လေးတွေ.. ဒါက လေပင်လယ် လျှို့ဝှက်နယ်မြေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲ.. မင်းတို့ သေချာလေ့လာထားရမယ်"

"လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တာက ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပေမယ့် စန်းလန်အဖွဲ့အစည်းနဲ့ ရေနဂါးဂိုဏ်းကြားက ရက်စက်တဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်"

"အသင့် ပြင်ဆင်ထားပြီး သုံးရက်အကြာမှာ စန်းလန်ခန်းမရှေ့မှာ စုဝေးပါ...ခေါင်းဆောင်ကိုယ်တိုင် လေပင်လယ် လျှို့ဝှက်နယ်မြေဆီ သွားမဲ့အဖွဲ့ကို ဦးဆောင်ပြီး ခေါ်သွားမှာဖြစ်တယ်"

ကျောက်စိမ်းစာရွက်ကို ယူပြီး နေအိမ်သို့ ပြန်ရောက်သောအခါ ကျန်းချန်သည် ကျောက်စိမ်းစာရွက်ထဲမှ အကြောင်းအရာများကို တိုက်ရိုက် လှန်လှောကြည့်လိုက်သည်။

ကျောက်စိမ်းစာရွက်ထဲတွင် လေပင်လယ် လျှို့ဝှက်နယ်မြေ အကြောင်း မိတ်ဆက်မှု အများအပြား ပါဝင်ရုံသာမက ရေနဂါးဂိုဏ်းမှ ပါရမီရှင် တပည့်များ၏ အချက်အလက်ကိုလည်း မှတ်တမ်းတင်ထားသည်။

ရေနဂါးစာရင်း၏ ဘုရင်အဆင့် ပါရမီရှင် တပည့် သုံးယောက်အပါအဝင် ထိပ်တန်း ပါရမီရှင်များ၏ အသေးစိတ် အချက်အလက်များပင် ပါဝင်၏။

ထို့အပြင် ကျောက်စိမ်းစာရွက်ထဲတွင် သူ့ကို ဆွဲဆောင်နိုင်ဆုံးအကြောင်းအရာ တစ်ခု ရှိသည်။

ယင်းမှာ 'ပါရမီရှင်တစ်ရာ'စစ်ပွဲ ဖြစ်သည်။

အခန်း(၇၁၈) ပြီး၏

အခန်း(၇၁၉)

စန်းလန် အဖွဲ့အစည်း စတင် တည်ထောင်ကတည်းကပင် ကြယ်နှစ်ပွင့် အင်အားစု ဖြစ်သည့် ရေနဂါးဂိုဏ်းနှင့် အမြဲလိုလို ပဋိပက္ခ ဖြစ်ခဲ့သည်။

ထိုအချိန်က နှစ်ဖက်စလုံးကြားတွင် ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။

ထိုတိုက်ပွဲတွင် နှစ်ဖက်စလုံး၏ သိုင်သခင်နယ်ပယ် ကျင့်ကြံသူ အများအပြား သေဆုံးခဲ့ပြီး နှစ်ဖက်စလုံး အကြီးအကျယ် ထိခိုက်ခဲ့ရသည်။

နောက်ပိုင်းတွင် နှစ်ဖက်စလုံးသည် မိမိတို့ အင်အားချိနဲ့လာလျှင် တခြားသော အင်အားစုများ အခွင့်ကောင်းယူသွားမည်ကို စိုးရိမ်လာကြ၏။

ထို့ကြောင့် တခြားသော အင်အားစုများကို အခွင့်အရေး မပေးမိစေရန်အတွက် နှစ်ဖက်စလုံးသည် သဘောတူညီမှုဖြင့် စစ်ပွဲကို ရပ်တန့်ခဲ့ကြသည်။

သူတို့က စစ်မြေပြင်ကို ဆယ်နှစ်တစ်ကြိမ် ဖွင့်လှစ်သည် လေပင်လယ် လျှို့ဝှက်နယ်မြေဆီ တိုက်ရိုက် ပြောင်းရွှေ့ခဲ့၏။

လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်တိုင်းတွင် စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့သည် ထိပ်တန်း လူငယ်ပါရမီရှင် အများအပြားကို လေပင်လယ် လျှို့ဝှက်နယ်မြေဆီ ပို့လွှတ်ခဲ့ကြသည်။

လူငယ် ပါရမီရှင်များသည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီး အခွင့်အရေးများကို ရှာဖွေရုံသာမက ဆန့်ကျင်ဘက် အင်အားစုမှ လူငယ် ပါရမီရှင်များကို လိုက်လံသတ်ဖြတ်ရမယ့် တာဝန်လည်း ရှိသည်။

လေပင်လယ် လျှို့ဝှက်နယ်မြေ ထဲကို ဝင်ရောက်ခွင့် ရနိုင်သည့် လူငယ်ပါရမီရှင် အားလုံးသည် စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့က အရင်းအမြစ် အများအပြားဖြင့် လေ့ကျင့်ပေးထားသည့် အထူးချွန်ဆုံး တပည့်များ ဖြစ်ကြ၏။

ဤအထူးချွန်ဆုံး တပည့်များသည် အနာဂတ်တွင် သိုင်းသခင်နယ်ပယ်ကို ချိုးဖျက်နိုင်ချေ အရမ်းများသည်။

ထို့ကြောင့် ဆန့်ကျင်ဘက် အင်အားစုမှ လူငယ်ပါရမီရှင်တစ်ယောက်ကို လိုက်လံသတ်ဖြတ်ခြင်းသည် ဆန့်ကျင်ဘက် အင်အားစုကို အနာဂတ်တွင် သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် လျော့နည်းသွားစေမည် ဖြစ်သည်။

ထို့အပြင် စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့သည် ဤစစ်ပွဲကို လောင်းကစားပွဲ တစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြ၏။

ဆိုရလျှင် လေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူ အရေအတွက် ပိုများသော အင်အားစုသည် နောက်တစ်ကြိမ် လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့်အခါတွင် ဝင်ခွင့်နေရာ ပိုရလိမ့်မည် ဖြစ်သည်။

လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရမည့် နေရာအရေအတွက်သည် တစ်ရာ ဖြစ်၍ လျှို့ဝှက်နယ်မြေအတွင်းမှ ရက်စက်သော အမဲလိုက်စစ်ပွဲကို ပါရမီရှင်တစ်ရာ စစ်ပွဲဟုလည်း ခေါ်ကြ၏။

လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်တိုင်းတွင် အင်အားစုနှစ်ခု၏ ပါရမီရှင် အများအပြားသည် ထိုအထဲတွင် မြှုပ်နှံခံခဲ့ရသည်။

သို့သော် ထိုသို့ ဖြစ်နေလျှင်ပင် အင်အားစုနှစ်ခု၏ လူငယ်ပါရမီရှင်များသည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခွင့်ရမည့် အခွင့်အရေးအား လက်လွတ်မခံလိုကြပေ။

အန္တရာယ်နှင့် အခွင့်အရေးသည် မကြာခဏ ယှဉ်တွဲနေလေ့ရှိ၏။

အင်အားစု နှစ်ခု၏ လူငယ်ပါရမီရှင်များ အတွက် လေပင်လယ် လျှို့ဝှက်နယ်မြေသည် သိုင်းသခင် နယ်ပယ်ကိုချိုးဖျက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်သည်။

သုံးရက်တာက အချိန်တိုအတွင်းမှာပင် ကုန်လွန်သွားခဲ့သည်။

ယနေ့ စောစောပိုင်းတွင် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်နေရာကို ရရှိထားသော တပည့်အားလုံးသည် စန်းလန်ခန်းမရှေ့မှ ကွင်းပြင်တွင် စုရုံးနေခဲ့ကြသည်။

တပည့်အုပ်စုက ကြာကြာ မစောင့်လိုက်ရပေ။

စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင် စန်းဝူဟန်က သူတို့ရှေ့တွင် ပေါ်လာခဲ့၏။

"သွားကြစို့"

စန်းဝူဟန်၏ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ မီတာဆယ်ဂဏန်းလောက် ရှည်လျားသည့် ထူးဆန်းသော သားရဲ တစ်ကောင်သည် လူအုပ်ကြီး ရှေ့တွင် ဘွားခနဲ ပေါ်လာခဲ့၏။

သားရဲ၏ ခေါင်းက အလွန်ကြီးမားပြီး မျက်နှာပြင်တွင် အကြေးခွံများလည်း ရှိသည်။

ထို့အပြင် အနက်ရောင် အတောင်ပံ တစ်စုံလည်း ရှိ၏။

သားရဲက အတောင်ပံများကို လှုပ်ခတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လှိုင်းလုံးတစ်ခု တိုက်ခတ်လာခဲ့သည်။

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် စွမ်းအင်သိပ်သည်းခြင်း အဆင့် တပည့်အားလုံးကို အသက်ရှူပင် ကြပ်စေခဲ့သည်။

"ဗီဇပြောင်း သားရဲရဲ့ အရှိန်အဝါက အကြီးအကဲ ပိုင်လီဖုန်းရဲ့ အရှိန်အဝါနဲ့ ယှဉ်နိုင်လောက်တယ်.. ဒီသားရဲက အနည်းဆုံး ဆဋ္ဌမအဆင့် အထွတ်အထိပ် သားရဲ ဖြစ်နိုင်တယ်"

ကျန်းချန်က စိတ်ထဲကနေ တုန်လှုပ်သွားခဲ့၏။

ချက်ချင်းပင် သူက လူတိုင်းနှင့်အတူ သားရဲ၏ ကျယ်ဝန်းသော ကျောပြင်ပေါ်သို့ ခုန်တက်လိုက်သည်။

စန်းဝူဟန်က သားရဲ၏ ဦးခေါင်းထိပ်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့၏။

ထို့နောက်တွင် သားရဲသည် သူ၏ အတောင်ပံများကို ခတ်ကာ လူတိုင်းကို ကောင်းကင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက်တွင် သားရဲသည် ကျန်းချန်နှင့် တခြားသူများကို စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့ ကြားရှိ ကြယ်တံခွန်အိုင် ဆီသို့ ခေါ်ဆောင်လာခဲ့သည်။

လေပင်လယ် လျှို့ဝှက်နယ်မြေ၏ အဝင်ဝသည် ကြယ်တံခွန်အိုင် အလယ်ရှိ ကျွန်းငယ်တစ်ခုပေါ်တွင် ရှိ၏။

ဤနေရာသည် လွန်ခဲ့သည့် နှစ်သုံးထောင်က ဥက္ကာခဲ ဓားအင်ပါယာ ကျင့်ကြံခဲ့သည့် နေရာဟောင်း ဖြစ်သည်။

နောက်ပိုင်းတွင် စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့က ကြယ်တံခွန်အိုင်ကို ဖွင့်လှစ်ပြီး လေပင်လယ် လျှို့ဝှက်နယ်မြေကို ဖော်ထုတ်ကာ ဤနေရာကို သူတို့၏ တပည့်များ အတွက် လေ့ကျင့်ရေးကွင်း အဖြစ် အသုံးပြုခဲ့ကြသည်။

သားရဲက ကြယ်တံခွန်အိုင်ကို အလျင်အမြန် ဖြတ်သန်းပြီး အိုင်အလယ်ရှိ ကျွန်းငယ်လေးဆီသို့ ရောက်လာခဲ့၏။

ကျန်းချန်တို့လူစု ကျွန်းပေါ်သို့ မဆင်းခင်မှာပင် ကျွန်းပေါ်ကနေ ခပ်ထေ့ထေ့ ရယ်သံတစ်သံ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား စန်းဝူဟန်.. မင်း နောက်ဆုံးတော့ စန်းလန် အဖွဲ့အစည်းရဲ့ တပည့်တွေနဲ့ အတူ ရောက်လာပြီပေါ့.. ငါ ဒီမှာ စောင့်နေတာ အတော်ကြာပြီ"

အခန်း(၇၁၉) ပြီး၏

အခန်း(၇၂၀)

အားလုံးက အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ထိုအခါ ကျွန်းငယ်လေးပေါ်ရှိ ကြီးမားသော ကျောက်တုံးတစ်တုံး ပေါ်တွင် ကောင်းကင်ပြာရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က တင်ပျဥ်ခွေ၍ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ အနောက်တွင် အပြာရောင်ဝတ်စုံဝတ် လူငယ်အုပ်စုတစ်စု ရှိနေခဲ့သည်။

ဒီအပြာရောင်ဝတ်စုံဝတ် လူငယ်အားလုံး၏ အရှိန်အဝါသည် စန်းလန်အဖွဲ့အစည်း၏ လူငယ်ပါရမီရှင်များထက် လုံးဝ မလျော့ပေ။

"လန်ယွမ်.. လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်တိုင်း မင်းတော်တော် စောစော ရောက်နေတာပဲ"

စန်းဝူဟန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းပင် သားရဲကို ထိန်းချုပ်ကာ လေထဲကနေ ကျွန်းပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်ဖို့ ညွှန်ကြားလိုက်သည်။

ကျန်းချန်နှင့် တခြားသူများ သားရဲကြီးဆီကနေ အလျင်အမြန် ဆင်းသက် လာကြသော အချိန်မှာပင် ဆန့်ကျင်ဘက်ရှိ ကြီးမားသော ကျောက်တုံးပေါ်မှ အပြာရောင်ဝတ်စုံဝတ် လူငယ်အုပ်စု၏ အကြည့်များသည် စန်းလန်အဖွဲ့အစည်းမှပါရမီရှင်များ ဆီသို့ ကျရောက်သွားခဲ့သည်။

ထို့အတူပင် စန်းလန်အဖွဲ့အစည်း၏ ပါရမီရှင်များကလည်း ရေနဂါးဂိုဏ်မှ ပါရမီရှင်များကို အကဲခတ်နေခဲ့၏။

စန်းလန်အဖွဲ့အစည်း၏ တပည့်အများအပြား၏ အမူအရာသည် ထိုအခိုက်တွင် လေးနက်လာခဲ့သည်။

ရေနဂါးဂိုဏ်း၏ တပည့်အရေအတွက်သည် ဝင်ခွင့် အချိုးအစားအရ သူတို့ထက် ဆယ်ယောက် ပိုများရုံသာမက အလုံးစုံ အင်အားကလည်း အနည်းငယ် ပို၍ အားကောင်း၏။

ဤတစ်ကြိမ် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခြင်းသည် သူတို့ စန်းလန်အဖွဲ့အစည်းမှ တပည့်များ အတွက် အလွန်အန္တရာယ်များသည်မှာ သံသယဖြစ်စရာပင် မလိုပင်။

ရေနဂါးဂိုဏ်းဘက်မှာ လူအများအပြား၏ အကြည့်တွင် မထီမဲ့မြင် အရိပ်အယောင်များ ပေါ်လာခဲ့၏။

အထူးသဖြင့် သူတို့၏ အကြည့်သည် ကျန်းချန်ဆီ ရောက်ရှိသွားသောအခါတွင် သူတို့၏ မျက်နှာထက်မှ မထီမဲ့မြင် အမူအရာသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

ထိုအခိုက်တွင် ရေနဂါးဂိုဏ်းမှ ဆံပင်ကောက်ကောက်နှင့် လူငယ်တစ်ယောက်က ခနဲ့လိုက်သည်။

"ချီး... စန်းလန် အဖွဲ့အစည်းမှာ ဘယ်သူမှ မရှိတော့ဘူးလား.. စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့် အစောပိုင်းနယ်ပယ်က အမှိုက်တွေတောင် ပါလာတယ်ဟ"

ဆံပင်ကောက်ကောက်နှင့် လူငယ် ထိုသို့ ပြောလိုက်သောအခါ ရေနဂါးဂိုဏ်းမှ တပည့်အများအပြားက ဝိုင်းရယ်လိုက်ကြ၏။

"လန်ယွမ်.. မင်းရဲ့ တပည့်က ငါတပည့်ကြောင့် ဒေါသထွက်နေပုံရတယ်"

ထိုမြင်ကွင်းကိုမြင်လျှင် စန်းဝူဟန်က ဆန့်ကျင်ဘက်မှ ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းကြည့်ကာ ပြောလိုက်သည်။

လန်ယွမ်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။

"လူငယ်တွေမှာ ဒေါသထွက်တာ ထုံးစံပါပဲ"

စန်းဝူဟန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ကျန်းချန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ရေနဂါးဂိုဏ်းရဲ့ တပည့်ကို မင်း ဒေါသလျော့ပေးချင်လား"

ကျန်းချန်က ခေါင်းညိတ်ပြီး ချက်ချင်းပင် ရှေ့ထွက်လာခဲ့သည်။

သူက ဆန့်ကျင်ဘက်မှ ဆံပင်ကောက်ကောက်နှင့် လူငယ်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"အစောပိုင်းက မင်း ငါ့ကို အမှိုက်လို့ ပြောလိုက်တယ် မဟုတ်လား.. သတ္တိရှိရင် ထွက်လာခဲ့စမ်း"

"အမှိုက်ကောင်က ငါ့ရှေ့မှာ ဟိတ်ဟန်လာထုတ်နေတယ်.. သေချင်နေပြီလား"

ဆံပင်ကောက်ကောက်နဲ့ လူငယ်က မထီမဲ့မြင် ရေရွတ်လိုက်ပြီး ကျန်းချန် ရှေ့သို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

သူက ရေနဂါးဂိုဏ်း၏ ပါရမီရှင် တပည့် ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် အစောပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ ရှေ့မှ စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့် အစောပိုင်း ကျင့်ကြံသူသည် သူ့မျက်လုံးထဲတွင် အမှိုက်နှင့် မခြားပေ။

ကျန်းချန်၏ မျက်နှာက အေးစက်နေခဲ့သည်။

သူက ဆံပင်ကောက်ကောက်နှင့် လူငယ်ကို အပိုစကားတွေ မပြောတော့ဘဲ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ဖော်ထုတ်ကာ ရွှေရောင်လက်သီးချက်ဖြင့် ထိုးလွှတ်လိုက်၏။

"သေချင်နေတာပဲ"

ဆံပင်ကောက်ကောက်နဲ့ လူငယ်က မထီမဲ့မြင် ပြုံးလိုက်ပြီး အသက်စွမ်းအင်ကို လှုံ့ဆော်ကာ လက်သီးချက်ဖြင့်ပင် ကျန်းချန်၏ လက်သီးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

နှစ်ယောက်စလုံး၏ လက်သီးချက်က လေထဲတွင် ထိပ်တိုက်ဆုံမိသွားပြီးနောက်တွင် အရိုးကျိုးသော အသံနှင့်အတူ နာကျင်စွာ ညီးညူလိုက်သော အော်ဟစ်သံသည် ချက်ချင်းပင် လေထဲ၌ ပဲ့တင်ထပ်သွားခဲ့၏။

နောက်ထပ် တခဏတွင် ဆံပင်ကောက်ကောက်နှင့် လူငယ်သည် မျက်နှာဖြူဖျော့စွာဖြင့် ပြောင်းပြန် လွင့်စင်သွားခဲ့ပြီး ပေအတော်ဝေးဝေးရှိ မြေပြင်ထက်ကို ပြုတ်ကျသွားခဲ့သည်။

ဆံပင်ကောက်ကောက်နှင့် လူငယ် မြေပြင်ကနေ မထရသေးခင်မှာပင် တစ္ဆေကဲ့သို့ လျင်မြန်သော ပုံရိပ်တစ်ခုသည် ကောင်းကင်ကနေ တိုက်ရိုက် ကျဆင်းလာပြီး ဆံပင်ကောက်ကောက်နှင့် လူငယ်၏ ရင်ဘတ်ကို ခြေထောင့်ဖြင့် ဆောင့်နင်းထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျွန်း၏ လေထုထဲတွင် ဝင့်ကြွားသော အသံတစ်သံသည် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။

"ငါ့ရဲ့ တိုက်ကွက် တစ်ကွက်တောင် မခုခံနိုင်ဘဲ ငါ့ကို အမှိုက်လို့ ပြောရဲတယ်.. အခု ငါတို့ကြားမှာ ဘယ်သူက အမှိုက်လဲ ဆိုတာ ပြောစမ်း"

အခန်း(၇၂၀) ပြီး၏

All Chapters