လျှို့ဝှက် အကြံအစည်၏ ရှေ့ပြေး
Vol. 15 Ch. 210
" ဟင် "
သခင်ကြီးမို အံ့အားသင့်သွား၏။
မကောင်းတဲ့အရာ ..
ကံတရားမျှော်စင်ထဲ၌ မည်သို့သော မကောင်းသည့်အရာများ ရှိနေပါသနည်း။
" ဟားဟား .. ခင်ဗျား သေချင်ရင်တော့ ကိုယ်တိုင်ပဲ ဝင်ပြီး စိန်ခေါ်ကြည့်လိုက်ပါ။ အဲ့ကျမှ ကျုပ်က သတိမပေးဘူးလို့တော့ မပြောနဲ့ "
သခင်ကြီးမိုက သူ့စကားကို မယုံကြည်ဟန်ဖြစ်နေသဖြင့် ချင်လင်းက ဒေါသတကြီး ပြောလိုက်သည်။ ထို့နောက် ထော့နဲ့ထော့နဲ့ ဖြစ်နေသည့် ချင်လင်းက ကျန်လူများနှင့်အတူ ထွက်ခွာသွားကြ၏။
လမ်းတွင် ..ချင်လင်းက ပြောသည်။
" ခင်ဗျားတို့နှစ်ယောက် ဒဏ်ရာတွေကို မြန်မြန်သက်သာအောင် ကုသလိုက်ကြဦး။ ကျုပ်တို့မှာ လုပ်စရာ အလုပ်တွေ ကျန်နေသေးတာ မမေ့နဲ့ဦးနော် "
ဖုန့်လီထျန်းက သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ ဒဏ်ရာပျောက်ကင်းစေသည့် ဆေးရည်ပုလင်းကို ထုတ်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက်မှ သူပြော၏။
" စိတ်မပူပါနဲ့ဗျာ ၊ ကျုပ်ရဲ့ ဒဏ်ရာတွေ အရှင်း မသက်သာသေးဘူးဆိုရင်တောင် လက်ရှိအစွမ်းနဲ့ လုံလောက်မှာပါ "
လိုင်ဝမ်ကျင့်ကလည်း ခေါင်းညိတ်၍ ပြောသည်။
" ဟုတ်တယ်ဗျ ၊ ဒီ တစ်ခေါက် ကျုပ်တို့ ရင်ဆိုင်ရမယ့်သူတွေအားလုံးက အစွမ်းနိမ့်တဲ့ သူတွေချည်းပဲ ။ ကျုပ်တို့ရဲ့ ဒဏ်ရာတွေ အကုန်မပျောက်သေးလို့ မူလအစွမ်းကို ပြန်မရနိုင်သေးရင်တောင် ဒီလူတွေလောက်ကိုတော့ ဂရုစိုက်စရာ လိုမှာ မဟုတ်ပါဘူး "
ချင်လင်းကလည်း ခေါင်းညိတ်သည်။
" အင်း .. အဲ့ဒါတော့ ဟုတ်ပါတယ်လေ။ ကံတရားမျှော်စင်ထဲက ဘီလူးနဲ့ မတွေ့မချင်း ကျုပ်တို့အတွက် ပြဿနာရှိမှာ မဟုတ်ဘူး "
သူ့စကားကြောင့် လျိုဝမ်ကျင့်က မျက်လုံးထောင့်ကပ် ကြည့်လာ၏။
" နောက်နေတာလား တပ်ချုပ်ကြီးရယ် ။ ကံတရားမျှော်စင်ထဲက ဘီလူးကို ကြည့်ရတာ ရှေးဟောင်း မသေမျိုးတစ်ယောက် ဖြစ်ပုံပဲဗျ။ သူနဲ့ ဒီနေရာမှာ တွေ့စရာ ဘာအကြောင်းရှိမှာလဲ "
ဖုန့်လီထျန်းကလည်း ဝင်ပြောသည်။
" ဟုတ်တယ်ဗျ ၊ ဒီအဆင့်လောက်ရှိတဲ့ အစွမ်းမျိုးနဲ့ဆို ဒီလူက အနည်းဆုံး .. ရှေးဟောင်း ဧကရာဇ်ပါး ဖြစ်မှာပဲ ။ ဆုမီတောင်ကနေ ပြန်ထွက်တဲ့အခါမှ ကျုပ် စုံစမ်းလိုက်ပါဦးမယ် ။ အဲ့ကျရင် ဒီလူနဲ့ပတ်သက်တဲ့ သဲလွန်စ နည်းနည်းပါးပါး ရနိုင်တယ် "
သူတို့နှစ်ယောက် စကားကို နားထောင်ပြီးသောအခါ ချင်လင်းက ခေါင်းညိတ်သည်။
" အင်း .. ဒီဘဝမှာ ရှေးဟောင်းဧကရာဇ်တစ်ပါးလို အဆင့်ရှိတဲ့ လူတစ်ယောက်နဲ့ တကယ်ကြီး တိုက်ခိုက်နိုင်ခဲ့တာပဲ ။ ဆုမီတောင်က ပြန်ထွက်ရင် ကြွားစရာတော့ ရပြီပေါ့ဗျာ "
ကျန်နှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ကြ၏။
ထိုစဥ် .. ဆုမီတောင်အတွင်း လျှို့ဝှက်နေရာတစ်ခု၌ ...
" ဟတ် ချိုး .. "
လောထျန်း နှာချေလိုက်သည်။
" ငါ ဒီတလော ဘာတွေ ဖြစ်နေတာပါလိမ့် ၊ ခနခန နှာချေနေတာ ။ အအေးလဲ မမိထားပါဘူး "
သူက ပြောပြောဆိုဆို နဖူးကိုစမ်းကာ အဖျားရှိ မရှိ စစ်ကြည့်လိုက်သည်။ သို့သော် အဖျားလဲ ရှိမနေပါ။
ဝုန်း ..
ထိုအချိန်တွင် သူ့နောက်၌ ကျောက်တုံးရုပ်ထုတစ်ခု ပေါ်လာပြီး သူ့အား လက်သီးဖြင့် ထိုးလိုက်သည်။
" ဘာတွေ လာရှုပ်နေတာလဲ ၊ ဖယ်စမ်းပါ "
လောထျန်းက ထိုကျောက်တုံးရုပ်ထုအား လက်ဖြင့် ရိုက်ချလိုက်ရာ ၎င်းက နောက်သို့ လွင့်ထွက်သွား၏။
" ဟာ .. ဟိုမှာပဲ "
ရုတ်တရက် ၊ သူနှင့် မနီးမဝေးရှိ .. မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုကို လောထျန်း တွေ့သွားသည်။ ၎င်းမှာ သူ ရှာနေခဲ့သော အမည်းရောင် သေတ္တာကို ဖွင့်သည့် သော့ပင် ။
ဝှစ် ..
သူ ချက်ချင်း တည်နေရာရွှေ့ပြောင်းကာ သော့ဘေးသို့ ရောက်သွားပြီး ၎င်းအား ယူလိုက်သည်။
" ကဲ .. ဒါဆို နှစ်တစ်ထောင်ဆေးလုံးကို ထုတ်လို့ရပြီ "
သူ အပြုံးဖြင့် ပြောလိုက်သည်။
ထိုစဥ်မှာပင် လောထျန်း နောက်နားလေးမှ ခြေသံများ ထွက်လာ၏။
" အဖိုးပြောတော့ ဒီနေရာကို ကျောက်တုံးရုပ်ထုတွေက စောင့်ကြပ်နေတာမို့ အင်မတန် အန္တရာယ်များတယ်ဆို ။ အခု ဘယ်လိုဖြစ်လို့ လမ်းတလျှောက်လုံး ဘာအတားအဆီးမှ ရှိမနေရတာလဲ "
အသံတစ်သံက မေးလိုကါသည်။
" ငါလဲ မသိဘူးကွ ။ ဒါပေမယ့် ဒီကိစ္စက မသင်္ကာစရာတော့ ကောင်းတယ်။ ရတနာကို မြန်မြန်ရှာပြီး ဒီကနေ အမြန်ဆုံး ထွက်သွားကြတာပေါ့ "
အခြားတစ်ယောက်က ပြန်ပြော၏။
လောထျန်းမှာ ထိုအထဲမှ အသံတစ်သံကို ရင်းနှီးနေသလို ခံစားလိုက်သဖြင့် နောက်လှည့်ကြည့်လိုက်သည်။
ထို့နောက်တွင်မူ သူ့ရှေ့၌ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
" မင်းကိုး .. "
သူ အနည်းငယ် အံ့အားသင့်သွားသည်။
ထိုလူမှာ အစောပိုင်းက ဗောဓိပင်အောက်တွင် ဆုံခဲ့သည့် ယန်ဖုန့်ထျန်ပင် ။
တဖက်မှ ယန်ဖုန့်ထျန်မှာလည်း လောထျန်းကို တွေ့ကာ အံ့အားသင့်သွား၏။
သို့သော် .. သူ ဘေးဘီသို့ မြန်မြန် ဝေ့ဝဲကြည့်လိုက်ရာ လောထျန်းတစ်ယောက်တည်း ရှိနေသည်ကို တွေ့သွားပြီး သူ့မျက်လုံးထဲ၌ ဆေးစက်စက် အလင်းတန်းများ ချက်ချင်း လင်းလက်သွားသည်။
" အဘိုး ၊ ကျုပ် ခုဏက ပြောခဲ့တဲ့ ကျုပ်ကို အနိုင်ကျင့်ခဲ့တဲ့သူ ဆိုတာ သူပဲ ။ ကျေးဇူးပြုပြီးတော့ ဒီကောင့်ကို ကျုပ်ကိုယ်စား သင်ခန်းစာ ပေးပေးပါဗျာ "
ယန်ဖုန့်ထျန်က လောထျန်းအား လက်ညိုးထိုးပြကာ ပြောလိုက်သည်။
သူသည် ငယ်စဥ် ကလေးဘဝ ကတည်းက အားလုံး၏ အလိုလိုက် အကြိုက်ဆောင်ခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် ထိုသို့ သူ့ကို ပြန်အာခံနိုင်သူနှင့် မကြုံဖူးခဲ့ပါချေ။
ထို့ကြောင့် ဗောဓိပင်အောက်တွင် သူ ရှုံးနိမ့်ခဲ့ရပြီးကတည်းက လောထျန်းအား ရန်လိုနေခဲ့၏။
ယခု လောထျန်းက တစ်ယောက်တည်း ဖြစ်နေရာ သူ့စိတ်ထဲမှ အမုန်းက တိုးထွက်လာခဲ့သည်။
သူ့စကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံါသွား၏။
ယန်ဖုန့်ထျန်ကို ရိုက်ရန်လည်း သူ အသင့်ပြင်ထားလိုက်သည်။
သို့သော် ....
ဖြောင်း ...
ယန်ဖုန့်ထျန်၏ အဘိုးက သူ့မြေး၏ မျက်နှာကိုအရှိန်ပြင်းပြင်း ရိုက်ပစ်လိုက်သည်။ ယန်ဖုန့်ထျန်မှာ နောက်ပြန်ပင် လဲကျသွား၏။
" ဟင် .. အဘိုး .. ဘာဖြစ်လို့ ကျုပ်ကို ရိုက်လိုက်တာလဲဗျ "
ယန်ဖုန့်ထျန်တစ်ယောက် နားမလည်နိုင် ဖြစ်သွားသည်။
သူက လောထျန်းအား ရိုက်ရန် တောင်းဆိုခဲ့သည်ကို သူ့အဘိုးက အဘယ့်ကြောင့် သူ့အား ပြန်ရိုက်နေရပါသနည်း။
သူ မဆိုထားဘိ ၊ လောထျန်းသည်ပင် ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားရသည်။
ဘာတွေ ဖြစ်နေပါသနည်း ။
ယန်ဖုန့်ထျန်၏ အဘိုးက သူ့မြေးအား ရိုက်လိုက်ပြီးနောက် လောထျန်းအား ချက်ချင်း ဦးညွှတ်အရိုအသေပေးကာ ပြောလာသည်။
" ကျုပ်နာမည်က ယန်ချွမ်ဟိုင် လို့ ခေါ်ပါတယ် သခင်လေး ။ခုလို သခင်လေး လောထျန်းနဲ့ တွေ့ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ "
သူ့လေသံမှာလည်း လောထျန်းအား မလေးမစားပုံ ပေါက်သွားမည်ကို စိုးနေသည့်အလား အလွန်ရိုကျိုးနေသည်။
" အဘိုး .. ရူးသွားပြီလားဗျ ။ ဘာလို့ သူ့ကို အရိုအသေ ပေးနေရတာလဲ ။ သူ့ကို ကျုပ်အစား ရိုက်ပေးရမှာလေ "
ဘေးမှ ယန်ဖုန့်ထျန်က မကျေမနပ် အော်ပြော၏။
ယန်ချွမ်ဟိုင်က သူ့မြေးဘက် ခေါင်းလှည့်ကာ စိတ်ပျက်နေသည့် မျက်လုံးများဖြင့် စိူက်ကြည့်လိုက်သည်။
ဖြောင်း ..
သူ့လက် လှုပ်ရှားသွားပြီး ယန်ဖုန့်ထျန်အား ထပ်ရိုက်လိုက်ပြန်၏။
" ပါးစပ်ပိတ်ပြီးတော့ သခင်လေး လောထျန်းကို အရိုအသေပေးစမ်း "
ယန်ဖုန့်ထျန်မှာ အလွန်အံ့သြမှင်သက်သွားသည်။ သို့သော် သူ မည်သို့မှလည်း ပြန်မပြောရဲချေ ။
ထိုအချိန်တွင် လောထျန်းက ဆက်မကြည့်နိုင်တော့ဟန်ဖြင့် ပြောလာသည်။
" ခင်ဗျားက ကျုပ်ကို သိလို့လား "
ယန်ချွမ်ဟိုင်က ပြန်ပြော၏။
" သခင်လေးက ကျုပ်ကို သတိမထားမိလောက်ပေမယ့် ၊ အစောပိုင်းက သွေးရေအိုင်ဘေးမှာ သခင်လေးရဲ့ စွမ်းဆောင်မှုတွေကို ကျုပ် တွေ့ခဲ့ရတယ်ဗျ "
ယန်ချွမ်ဟိုင်၏ စိတ်ထဲတွင် သွေးရေအိုင်ဘေး၌ လောထျန်းက လဲ့ကျိုးလင်အား စက္ကန့်ပိုင်းအတွင်း သတ်ခဲ့သည့် မြင်ကွင်း ပြန်ပေါ်လာသည်။
လဲ့ကျိုးလင်သည် မိုးကြိူးဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်တစ်ဟောက် ဖြစ်ပြီး ကြောက်မက်ဖွယ် အစွမ်းကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်၏။
လဲ့ကျိုးလင်၏ အစွမ်းကို သူ ယှဥ်ပင် မယှဥ်ရဲပါချေ ။
သို့သော် ထိုအဆင့်ရှိသည့် လူတစ်ယောက်က လောထျန်း၏ သိုင်းကွက် တစ်ကွက်တည်းဖြင့် အသတ်ခံခဲ့ရသည် မဟုတ်ပါလား။
ဤသည်ကို ကြည့်ခြင်းဖြင့်ပင် လောထျန်း မည်မျှ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။
အကယ်၍ လောထျန်းသာ ဆန္ဒရှိပါက သူ့ကိုမဆိုထားဘိ ၊ သူတို့ ယန်တစ်မိသားစုလုံးကိုပင် အလွယ်တကူ သတ်ပစ်နိုင်မည် ဖြစ်ကြောင်း သူ ယုံပါသည်။
သို့ဖြစ်ရာ .. ထိုသို့သော လူတစ်ယောက်ကို သူ မည်သို့ မလေးမစား လုပ်ရဲပါမည်နည်း။
လောထျန်းက သူ့ကို ကြည့်ကာ ပြန်ပြောလာ၏။
" ခင်ဗျားက တော်တော်လေးတော့ ဉာဏ်ကောင်းတာပဲဗျ "
ယန်ချွမ်ဟိုင်က ခြောက်ကပ်ကပ် နှစ်ခါ ရယ်လိုက်ပြီးနောက် သူ့မြေးအား ခေါင်းငဲ့ကြည့်လိုက်သည်။ ထို့နောက် လောထျန်းဘက် ပြန်လှည့်ကာ နောက်တစ်ကြိမ် ဦးညွှတ်၍ ပြောသည်။
" ကျုပ်မြေးက အကန်းမို့လို့ သခင်ဘေးလောထျန်းကို စော်ကားမိခဲ့ပါတယ် ။ ဒါပေမယ့် သနားညှာတာပြီး သူ့ကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးဖို့အတွက် ကျုပ် တောင်းပန်ပါတယ်ဗျာ "
ထိုစကားကို ကြားသောအခါ ယန်ဖုန့်ထျန်က မနေနိုင်တော့ဘဲ ဒေါသတကြီး ပြော၏။
" အဖိုး .. နောက်နေတာလား ။ ဒီကောင်က ဘာမှမဟုတ်တဲ့ နိုင်ငံငယ်လေးတစ်ခုက တောသားဗျ ။ တကယ်လို့ သူက ပါရမီထူးတယ်ဆိုရင်တောင် အဲ့လောက်ကြီး ဂရုစိုက်နေဖို့ မလိုပါဘူးဗျာ "
သူ့စကားကို ကြားလိုက်ရသည်နှင့် ယန်ချွမ်ဟိုင်၏ မျက်နှာ ချက်ချင်း ဖြူရော်သွားတော့သည်။
ထို့နောက် သူက လောထျန်းကို ကြည့်လိုက်ရာ လောထျန်းက မပျော်မရွှင်ဟန် ပေါက်နေသဖြင့် ရင်ထဲမှ လှိုက်ကာ ကြောက်ရွံ့သွား၏။
ယန်ချွမ်ဟိုင်က မည်သည့်စကားမှ မဆိုဘဲ ယန်ဖုန့်ထျန်၏ ခြေထောက်ကိုသာ အားဖြင့် ကန်လိုက်သည်။
ဖုန်း ...
ယန်ဖုန့်ထျန်ဆီမှ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်လာ၏။
" အဘိုး ... "
ယန်ဖုန့်ထျန်ကကျိုးနေသည့် သူ့ခြေထောက်ကို ကိုင်ကာ သူ့အဘိုးအား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
ထိုစဥ် ..ယန်ချွမ်ဟိုင်က သူ့အား ထပ်ရိုက်လိုက်ပြန်၏။
ဖြောင်း ...
ဤတစ်ကြိမ်တွင်မူ ယန်ဖုန့်ထျန်၏လက်နှစ်ဖက်လုံး ကျိုးသွားတော့သည်။
ယန်ချွမ်ဟိုင်က ထိုသို့ ရိုက်လိုက်ပြီးမှသာ လောထျန်းရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ပြော၏။
" သခင်လေး လောထျန်း ၊ ကျုပ် မြေးက ဘာမှမစဥ်းစားဘဲ လျှောက်ပြောပြီးတော့ သခင်လေးကို စော်ကားမိခဲ့ပါတယ် ။ အခု ကျုပ် သူ့ကို သင်ခန်းစာ ပေးပြီးပြီမို့ သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်ဗျာ "
ထိုမြင်ကွင်းကို ကြည့်ကာ လောထျန်း အနည်းငယ် အံ့အားသင့်သွားရပြန်သည်။
ယန်ချွမ်ဟိုင်၏ မဆိုင်းမတွ ချက်ချင်းတုန့်ပြန်နိုင်ပုံကိုပင် သူ အနည်းငယ် လေးစားသွားရ၏။
" ကောင်းပါပြီဗျာ ။ ဒါပေမယ့် ဒီကောင်လေးကို သေချာတော့ စောင့်ကြည့်ထားပါ။ ထပ်ပြီး ပြဿနာ လာမရှာပါစေနဲ့ ။ ကျုပ် ဒီတစ်ကြိမ်ပဲ သူ့ကို ခွင့်လွတ်ပေးမှာ "
လောထျန်းက ပြောလိုကါသည်။
" ကျေးဇူးတင်ပါတယ် သခင်လေးရယ် ။ ကျုပ် အခုပဲ ထွက်သွားပါတော့မယ် "
ယန်ချွမ်ဟိုင်က ထိုသို့ပြောပြီး အသက်ဘေးမှ လွတ်လာသည့်အလား ချက်ချင်း လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် လောထျန်းက ပြောလာ၏။
" ခဏလေး နေပါဦး "
ယန်ချွမ်ဟိုင်၏ ခြေလှမ်းများ တုန့်ခနဲ ရပ်သွားသည်။
လောထျန်းက စိတ်ပြောင်းကာ သူ့အား သတ်ပစ်လိုက်မည်ကိုလည်း အလွန် ကြောက်ရွံ့သွား၏။
ထိုစဥ် လောထျန်းက စကားဆက်သည်။
" ခင်ဗျားရဲ့ မြေးနာမည်က ယန်ဖုန့်ထျန် လို့ ခေါ်တာမဟုတ်လား "
" ဟုတ်ပါတယ် သခင်လေး "
ယန်ချွမ်ဟိုင်က ကြောက်ကြောက်လန့်လန့် ပြန်ဖြေသည်။
" ကျုပ်နာမည်က လောထျန်း ၊ သူ့နာမည်က ဖုန့်ထျန် ဆိုတော့ နာမည်နှစ်ခုက ဆင်နေတယ်ဗျာ။ ကျုပ် မကြိုက်ဘူး ၊ နာမည်ပြောင်းရအောင် "
လောထျန်းက ပြောလိုက်သည်။
" အင် ... သခင်လေးက ဘယ်နာမည်ကို ပြောင်းစေချင်လဲဗျ "
ယန်ချွမ်ဟိုင်က သတိကြီးစွာထား၍ ပြန်မေး၏။
လောထျန်းက ခေတ္တမျှ စဥ်းစားပြီး ပြန်ပြောသည်။
" သူ့ကို ယန်ကွေ့ထုံ လို့ နာမည်ပြောင်းလိုက်ဗျာ "
ယန်ချွမ်ဟိုင်မှာ ထိုအချိန်မှာသာ သက်ပြင်း ချနိုင်သွားသည်။
" နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး ။ ကျုပ် အခု သွားလို့ရပြီလားဗျ '
လောထျန်းက ခေါင်းညိတ်ကာ သွားရန် အချက်ပြလိုက်သည်။
ယန်ချွမ်ဟိုင်မှာ ချက်ချင်း တဖက်လှည့်သွားပြီး နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ အလျင်စလို ထွက်ခွာသွား၏။
လောထျန်းက ထွက်ခွာသွားသော မြေးအဘိုးနှစ်ယောက်၏ နောက်ကျောကို ကြည့်ကာ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
" ဘာဖြစ်လို့ ငါ့ကို ရန်လာစကြတာလဲ "
သူက ထိုသို့ပြောပြီးနောက် လျှို့ဝှက်နယ်မြေ အပြင်ဘက်သိူ့ ဆက်လှောက်သွား၏။
ထိုစဥ် .. ဆုမီတောင် ခြေရင်၌ ..
အမည်းရောင် ဝတ်ရုံနှင့် လူကြီးတစ်ယောက်ရှေ့တွင် စစ်တုရင်ခုံတစ်ခု ရှိနေသည်။
" သခင်ကြီး ၊ အစီအမံက အသင့်ဖြစ်နေပါပြီ ။ ကျုပ်တို့ စလိုက်ရတော့မလားဗျာ "
အမည်းရောင်နှင့် နောက်လူတစ်ယောက်က အစောက အမည်းရောင်လူကြီးရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ မေးလိုက်သည်။
အမည်းရောင်ဝတ်စုံနှင့် လူကြီးက ခေါင်းညိတ်ပြ၏။
" စလိုက်တော့ "
" ဟုတ်ကဲ့ပါ သခင်ကြီး "
အမည်းရောင်လူက ချက်ချင်း နောက်လှည့်ကာ ပြန်ထွက်ခွာသွားသည်။
အမည်းရောင်ဝတ်စုံနှင့် လူကြီးက စစ်တုရင် စားပွဲပေါ်မှ စစ်တုရင်အရုပ် ၇ ရုပ်ကို ကြည့်ကာ လှောင်သံဖြင့် ပြောလိုက်သည်။
" ထျန်းယွမ်အင်ပါယာ တစ်ခုလုံးက ငါ့ရဲ့ လက်တစ်ကမ်းစာမှာပဲ ရှိတော့တယ် "
ထို့နောက် သူက အဝေးတစ်နေရာသို့ လှမ်းကြည့်ကာ အေးစက်စက်အသံဖြင့် ဆက်ပြော၏။
" လောထျန်း ၊ မင်းက ငါ့အစီအစဥ်တွေကို ထပ်ခါထပ်ခါ ဖျက်ဆီးခဲ့တာ ။ ဒီတစ်ကြိမ်တော့ မင်း သေချာပေါက် သေရတော့မှာပေါ့ကွာ "
စာစဉ်ပြီး၏