ထိပ်ပြောင် ဗောဓိပင်
Vol. 15 Ch. 197
ယခင်ကဆိုလျှင် ဗောဓိပင်အောက်သို့ သွားသူများကသာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြပြီး ဗောဓိပင်မှ ပေးလာသည့် အသိပညာများနှင့် ပစ္စည်းများဖြင့်သာ ကျင့်ကြံခြင်းအဆင့် တက်အောင် လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
ယခုတွင်မူ ဗောဓိပင်ကိုယ်တိုင်က ဉာဏ်အလင်းပွင့်သွားရသည်တဲ့လား ။
ဘာတွေ ဖြစ်နေပါသနည်း။
ထိုအချိန်တွင် အားလုံး၏ အကြည့်မှာ ဗောဓိပင်အောက်မှ လောထျန်းဆီသို့ အလိုလို ရောက်သွားကြသည်။
လောထျန်းကမူ ထိုအချိန်တွင် သူ့ဘေးပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည့် အရာများကို သတိမထားမိပုံ မရဘဲ အတွေးနယ်ချဲ့နေဟန် တူ၏။
အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။
ထိုလူက မည်သူပါနည်း။
လူ့အသွင် ယူထားသည့် ဗောဓိသစ်ပင်တစ်ပင်လား ..
ထိုအချိန်တွင် ကောင်းကင်ယံသို့ စိတ်စွမ်းအင် အလင်းတန်းများ ပစ်လွှတ်နေခဲ့သည့် ဗောဓိပင်အစစ်ကြီးက အလွန်လျှင်မြန်သောနှုန်းဖြင့် ကြီးထွားလာတော့၏။ ၎င်း၏ ကြီးထွားနှုန်းကို သာမာန်မျက်လုံးဖြင့်ပင် မြင်နေကြရသည်။
ဗောဓိပင်ပေါ်မှ သစ်ကိုင်းများ၊ နွယ်ပင်များဖြင့် ရောယှက်နေသည့် ဗောဓိသီးများကလည်း အလွန်ကြီးထွားလာကြ၏။
ဤသို့ဖြင့် ဆယ်စက္ကန့်ကျော် အချိန်အတွင်းမှာပင် ဗောဓိပင်ကြီးက ယခင်ထက် နှစ်ဆခန့် ရှည်သွားတော့သည်။
ဗောဓိပင်မှ ထုတ်လွှတ်နေသည့် အရောင်အဝါမှာလည်း တဖြည်းဖြည်း ပိုပို၍ အစွမ်းထက်လာ၏။
အားလုံးက ၎င်းကို ကြည့်ကာ တုန်လှုပ်ခြင်းကြီးစွာ ဖြစ်နေကြစဥ်မှာပင် ..ဗောဓိပင်ပေါ်မှ စိတ်စွမ်းအင် အလင်းတန်းများက စတင်စုစည်းလာကြသည်။
မကြာမီမှာပင် ထိုစိတ်စွမ်းအင်အလင်းတန်းက မိန်းမအပျိုလေး တစ်ယောက်အသွင် စုစည်းသွားတော့၏။
ထိုမိန်းမပျိုက အသွင်ပြောင်းပြီးပြီးချင်း ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ပြီးနောက် လောထျန်းရှေ့သွားကာ ဒူးထောက်ချလိုက်သည်။
" ကျေးဇူးတင်ပါတယ် သူတော်စင်ကြီး "
မိန်းမပျိုက အသံတောင့်တောင့်ဖြင့် ပြောလိုက်သည်။
" ဟင် .. "
လောထျန်းမှာ ထိုအချိန်မှသာ အသိပြန်ဝင်ပြီး ဗောဓိပင်ကို ကြည့်၍ လန့်သွား၏။ မည်သို့ ဖြစ်ပျက်သွားသည်ကိုလည်း သူ လုံးဝ နားလည်ဟန် မပေါ်ချေ။
" မင်းက ဘယ်သူလဲ "
လောထျန်းက မိန်းမပျိုကို ကြည့်ကာ မေးလိုက်သည်။
မိန်းမပျိုက ခပ်မြန်မြန်ပြန်ဖြေ၏။
" ကျွန်မက ဒီ ဗောဓိပင်ရဲ့ စိတ်ဝိဥာဥ်ပါ သူတော်စင်ကြီး "
ဗောဓိပင်၏ စိတ်ဝိဥာဥ်တဲ့လား ....
လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားရသည်။ ထို့နောက် သူက ဗောဓိပင်ကြီးအား ခေါင်းမော့ကြည့်ကာ ပြောလိုက်၏။
" ဒီ ဗောဓိပင်ကြီးက ဘယ်လိုဖြစ်ပြီး ပိုကြီးလာတဲ့ပုံ ပေါက်နေရတာလဲ "
အနီးနားတဝိုက်မှ လူများပားလုံးမှာ သူ့ကို ကြည့်ကာ ဆွံ့အသွားကြသည်။
ထိုစဥ်မှာပင် ဗောဓိစိတ်ဝိဥာဥ်က ပြောလာ၏။
" သူတော်စင်ကြီး ၊ ကျွန်မ စိတ်ဝိဥာဥ် အသိဉာဏ်နဲ့ မွေးဖွားလာတာ နှစ်ပေါင်းတစ်ထောင်လောက် ရှိသွားခဲ့ပါပြီ။ ဒီ နှစ်တစ်ထောင်အတွင်းမှာ နေ့တိုင်း ကြိုးစားပြီး ကျင့်ကြံခဲ့ပေမယ့် ဘာမှ တိုးတက်မလာခဲ့ဘူး။ နောက်ထပ် နှစ်တစ်ရာအတွင်းမှာမှ နောက်တစ်ဆင့်ကို မတက်ရင် ကျွန်မရဲ့ စိတ်ဝိဥာဥ် အသိဉာဏ်က တဖြည်းဖြည်းချင်း ပျက်စီးသွားရတော့မှာ "
" ဒါ့ကြောင့် မို့ ကျွန်မက မရေမတွက်နိုင်တဲ့ နည်းပေါင်းစုံသုံးပြီး အဆင့်တက်ဖို့ ကြိုးစားရှာဖွေခဲ့တယ်။ဒါပေမယ့် ဘာမှ ထူးမလာခဲ့ပါဘူးရှင် ။ ကျွန်မက ကိုယ့်ရဲ့ ကံတရားလို့ပဲ သဘောထားပြီး လက်လျှော့လိုက်တဲ့ အချိန်မှာမှ သူတော်ကြီးနဲ့ တွေ့ရတာပါပဲ။ ကျွန်မ သူတော်စင်ကြီးရဲ့ ချီ အရောင်အဝါကို ကြည့်လိုက်တာနဲ့ နောက်တစ်ဆင့်ကို တက်သွားခဲ့ရတယ်။ ပြီးတော့ ကျွန်မရဲ့ အစွမ်းတွေ တိုးတက်လာရုံတင် မကဘူး၊ သက်တမ်းလဲ နှစ်တစ်သောင်း ထပ်တိုးသွားခဲ့ရတယ် "
" သူတော်စင်ကြီးက ကျွန်မရဲ့ အသက်သခင် ကျေးဇုးရှင်ပါပဲရှင်။ ကျေးဇူးပြုပြီး အရိုအသေပေးတာကို လက်ခံပေးပါ "
သူမက ထိုသို့ ပြောပြီးနောက် လောထျန်းရှေ့တွင် ဒူးနှစ်ဖက်လုံး ထောက်၍ အရိုအသေ ပေးလိုက်ပြန်၏။
ထိုစကားကို ကြားလိုက်ကြရသည့် လူများမှာ အံ့သြမှင်သက်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေကြကာ ဆွံ့အနေတော့သည်။
ယခု လောထျန်းရှေ့တွင် ဒူးထောက်နေသူမှာ ဗောဓိပင်ကြီး ဖြစ်ပါသည်။
ထျန်းယွမ်အင်ပါယာ၏ လက်ရှိ ဧကရာဇ်သည်ပင် ဗောဓိပင်မှ သစ်ကိုင်းတစ်ခုကို လက်ခံရခဲ့ပြီးနောက် ကျေးဇူးတင်ကြောင်း ပြသရန် ဒူးထောက်ခဲ့သေးသည် မဟုတ်ပါလား။
သို့သော် .. ယခုတွင်မူ ဗောဓိပင်ကြီး ကိုယ်တိုင်က လောထျန်းရှေ့၌ အမှန်တကယ် ဒူးထောက်နေ၏။
ထိုအချိန်မှသာ လောထျန်းတစ်ယောက် အကြောင်းစုံကို နားလည်သွားဟန် တူသည်။
ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မတွေးထားသဖြင့်လည်း မည်သို့ ပြန်ပြောရမည် မသိဘဲ ဖြစ်နေ၏။
သူသည် ဤဗောဓိပင်အောက်သို့ ဉာဏ်အလင်းပွင့်လိုသည့်အတွက်သာ လာခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် သူ ဉာဏ်အလင်းမပွင့်သွားခဲ့ဘဲ ဗောဓိပင်ကြီးအား ဉာဏ်အလင်းပွင့်သွားအောင် ကူညီလိုက်သကဲ့သို့သာ ဖြစ်သွားခဲ့ရပေသည်။
ထိုအချိန်မှာပင် ဗောဓိပင် စိတ်ဝိဥာဥ်က ခေါင်းမော့၍ ပြောလာ၏။
" သူတော်စင်ကြီးကို ကျွန်မ တစ်ခုလောက် ထပ်ပြီး တောင်းဆိုချင်တာလေး ရှိလို့ပါ။ သူတော်စင်ကြီး သဘောတူပါ့မလား မသိဘူး "
" ဟမ် ..ဘာလဲဆိုတာ အရင်ပြောကြည့်လေ "
လောထျန်းက ပြန်ပြောသည်။
ဗောဓိပင် စိတ်ဝိဥာဥ်က အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြော၏။
" ကျွန်မကို .. ပစ္စည်းတစ်ခုခုလောက် ပေးလို့ ရနိုင်မလားလို့ တောင်းဆိုချင်လို့ပါ "
လောထျန်း ပို၍ပင် ဆွံ့အသွားရသည်။
ဘာတွေ ဖြစ်နေပါသနည်း။
အခြားသူများဆိုလျှင် မသိသေးသည့် အသိပညာများကို ရုတ်တရက် သိသွားကြကာ ဉာဏ်အလင်းပွင့်သွားကြပြီး ကျင့်ကြံခြင်း အဆင့်တက်သည်ဖြစ်စေ ၊ သိုင်းပညာ၏ အနှစ်သာရများကိုဖြစ်စေ နားလည်သဘောပေါက် သွားကြသည်ချည်းသာ ဖြစ်ပါသည်။
အချို့ကမူ ဗောဓိရွက်များနှင့် ဗောဓိကိုင်းများပင် ရခဲ့ကြသေး၏။
သို့သော် ... သူ့အလှည့်တွင်မူ ..
မည်သည့်အရာကိုမှ မရခဲ့သည့်အပြင် ဗောဓိပင် ကိုယ်တိုင်ကပါ သူ့ထံမှ တောင်းဆိုနေလိုက်သေးသည်။ ၎င်းက ပထမအကြိမ်တွင် မည်သည့်အရာများကို မရခဲ့ပါသနည်း။
မည်သို့ ဖြစ်ပျက်နေသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ ။
" ခင်ဗျားက ဘာလိုချင်လို့လဲ "
လောထျန်းက ဗောဓိပင် စိတ်ဝိဥာဥ်အား ကြည့်ပြီး မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
" ဘာပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ် ။ သူတော်စင်ကြီး ဘေးနားမှာ ရှိနေတဲ့ဟာ ဖြစ်ရင်ကို ရပါပြီ။သူတော်စင်ကြီးက ကောင်းကင်ဘုံတာအိုအစွမ်းကို နားလည်တယ်။ သူတော်စင်ကြီးကိုယ်တိုင်က သတိမထားမိနိုင်ပေမယ့် သူတော်စင်ကြီးဘေးနားက ပစ္စည်းတွေက သူတော်စင်ကြီးရဲ့ အနားမှာရှိတာ ကြာနေပြီမို့ ကောင်းကင်ဘုံတာအိုအစွမ်းရဲ့ အစွန်းအစတွေ စွဲထင်ကျန်နေကြတယ် "
" အပြင်လူတွေကတော့ ဒါတွေကို ခံစားနိုင်မှာ မဟုတ်ပေမယ့် ကျွန်မတော့ အလွယ်တကူ မြင်နိုင်တယ်ရှင့်။ဒါ့ကြောင့်မို့ ကျေးဇူးပြုပြီး ကျွန်မကို ပေးပါလား သခင်ကြီးရယ် "
သူမက ထိုသို့ပြောကာ ထပ်၍ ဦးညွှတ်လိုက်ပြန်သည်။
လောထျန်းမှာ သူမကို ကြည့်ရင်း ကူကယ်ရာ မဲ့နေသလိုပင် ခံစားလိုက်ရ၏။ ထို့နောက် သူ အကြိမ်ကြိမ် စဥ်းစားပြီးမှသာ သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ထုတ်၍ သူမအား ပေးလိုက်တော့သည်။
" ဒီဓားက ကျုပ် သွားလေရာ သယ်သွားတဲ့ ဓားတစ်လက်ပဲ။ ဒါပေမယ့် ဒီနောက်ပိုင်း မသုံးဖြစ်တာတော့ တော်တော်ကြာပြီ။ ဒါဆို အဆင်ပြေမယ်လို့ ထင်လား "
လောထျန်း ပြောလိုက်သည်။
ဗောဓိစိတ်ဝိဥာဥ်က တဖြည်းဖြည်းခေါင်းမော့လာပြီး ဓားကို ကြည့်လိုက်၏။ ထို့နောက်တွင်မူ သူမ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
သူမ ပြောသွားခဲ့သည့် တာအိုအစွမ်း ဆိုသည့်အရာမှာ မျက်စိဖြင့် မြင်နိုင်သော အရာတစ်ခု မဟုတ်သဖြင့် သာမာန်လူများ မမြင်နိုင်ကြပါချေ။
သို့သော် ဗောဓိပင်၏ စိတ်ဝိဥာဥ် တစ်ခုဖြစ်သည့် သူမ မှာမူ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
ယခု လောထျန်း လက်ထဲမှ ဓားမှာ သာမာန် သံဓားအဟောင်းတစ်လက်သာ ဖြစ်ပြီး စျေးထဲတွင် ချရောင်းပါက ရိုးရိုးသာမာန် ဓားတစ်လက်ဖြင့် လုံးဝ ကွာခြားမည် မဟုတ်ပေ။
သို့သော် .. ဗောဓိစိတ်ဝိဥာဥ်၏ အမြင်တွင်မူ ၎င်းက တန်ဖိုးဖြတ်၍ မရသည့် ရတနာကြီးတစ်ခုပင်။
လောထျန်းလက်ဖျားမှ ထိုသံဓားမှာ တာအိုအစွမ်းဖြင့် ရောယှက်နေသည့်အတွက် ၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် သူမတစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရ၏။
ဝုန်း ..
သူမ ချင်ချင်း ဦးညွှတ်၍ အရိုအသေ ထပ်ပေးပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ဒီ ဆုလာဒ်အတွက် ကျေးဇူးအများကြီး တင်ပါတယ် သူတော်စင်ကြီးရယ်"
" အမ် ... "
လောထျန်းမှာ သူမကို ကြည့်ကာ ဆွံ့အသွားရပြန်၏။
သူပေးလိုက်သည့် ပစ္စည်းမှာ သာမာန် သံဓားတစ်လက်သာ ဖြစ်သော်လည်း သူမက ဤမျှ စိတ်လှုပ်ရှားသွားရသည်တဲ့လား။
ဗောဓိပင်စိတ်ဝိဥာဥ်က လောထျန်းပေးသည့် သံဓားအား အဖိုးတန် ရတနာတစ်ခုအလား ဂရုတစိုက် သေချာကိုင်တွယ်လိုက်သည်။
တဖက်မှ လောထျန်းကမူ အနည်းငယ် မျက်မှောင်ကြုံ့သွား၏။
" အင်း ..ဗောဓိပင် စိတ်ဝိဥာဥ်ကြီး ၊ကျုပ်က မင်းကို တစ်ခု ပေးထားခဲ့တာဆိုတော့ မင်းဘက်ကနေလဲ ကျုပ်အတွက် လက်ဆောင်အနေနဲ့ တစ်ခုခု ပြန်ပေးသင့်တယ်လို့ ထင်တယ်။ကျုပ် ကြားတာတော့ မင်းရဲ့ ဗောဓိရွက်တွေနဲ့ ဗောဓိကိုင်းတွေက အရမ်း အစွမ်းထက်တယ်ဆို "
လောထျန်းက ပြောလိုက်သည်။
သူက ၎င်းအား ဉာဏ်အလင်းပွင့်ရန် ကူညီပေးခဲ့သည့်အပြင် ဓားတစ်လက်ကိုပါ ထပ်ပေးခဲ့သေးသည် မဟုတ်ပါလား။
သို့ဖြစ်ရာ သူသာ ဘာကိုမှ ပြန်မရခဲ့ပါက သူ့အတွက် အရှုံးကြီး ဖြစ်သွားရပေလိမ့်မည်။
လောထျန်းစကားကို ကြားပြီးနောက်တွင်မူ ဗောဓိစိတ်ဝိဥာဥ်က ရုတ်တရက် သတိရသွားဟန်ဖြင့် ပြန်ပြော၏။
" မှန်ပါတယ် သူတော်စင်ကြီး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါရှင် ။ ကျွန်မ စိတ်လှုပ်ရှားလွန်းလို့ မေ့သွားတာမို့ပါ "
သူမက ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း လက်တစ်ဖက်ကို လှုပ်လိုက်သည်။
ဝုန်း ...
ဗောဓိပင်မှ သစ်ကိုင်းများ ချက်ချင်း လှုပ်ခါသွားကြပြီး ဗောဓိသီး ဆယ်လုံးကျော် သူမရှေ့သို့ ကျလာ၏။
" သူတော်စင်ကြီး ဒီ ဗောဓိသီးတွေက သူတော်စင်ကြီးရဲ့ လက်ဆောင်နဲ့ နှိုင်းယှဥ်လို့ မရပေမယ့် ကျေးဇူးပြုပြီး လက်ခံပေးပါ "
ထိုအခြင်းအရာကို မြင်သောအခါ လောထျန်းတစ်ယောက် အံ့သြမှင်သက်သွားရပြန်သည်။
ထိုဗောဓိပင်မှ အသီးက မည်မျှ အဖိုးတန်ကြောင်းကို သူ သိထားခဲ့ရပါသည်။
ထိုသစ်သီး တစ်လုံးတည်းသည်ပင် ထျန်းယွမ်အင်ပါယာ တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေနိုင်သည် မဟုတ်ပါလား။
သူပေးခဲ့သည့် ဓားအဟောင်းတစ်လက်က ဤမျှများပြားသော သစ်သီးများနှင့် လဲလှယ်ရန် ထိုက်တန်သည်တဲ့လား။
ထိုစဥ် ဗောဓိပင် စိတ်ဝိဥာဥ်ကမူ လောထျန်း၏ မျက်နှာအား သတိထား ကြည့်နေ၏။
လောထျန်းဖြစ်သွားသည့် မျက်နှာထားကြောင့် သူမတစ်ကိုယ်လုံး တုန်သွားရသည်။
" သူတော်စင်ကြီးက မကျေနပ်လို့များလား ။ ဒါပေါ့ ၊ ဒီ ဗောဓိသီး နည်းနည်းလောက်ကိုတော့ သူတော်စင်ကြီးက ဘယ်ဂရုစိုက်ပါ့မလဲ။ ငါ့ရင်ထဲက ကျေးဇူးတင်စိတ်ကို သူတော်စင်ကြီးသိအောင် သေချာပြရမယ် "
သူမက ထိုသို့တွေးကာ မည်သည့်စကားမှ မဆိုဘဲ လက်တစ်ဖက် ဆန့်ထုတ်၍ ဗောဓိကိုင်းများ တစ်ခုပြီးတစ်ခု ချိုးယူလိုက်သည်။
ထိုသို့ သစ်ကိုင်းများကို ချိုးယူလိုက်သည်နှင့် သူမခေါင်းမှ ဆံပင်များကလည်း တဖြည်းဖြည်း လျော့နည်းလာ၏။
ဤသို့ဖြင့် အချိန်တိုအတွင်းမှာပင် သူမ ခေါင်းတစ်ခုလုံး ပြောင်လုနီးပါး ဖြစ်သွားခဲ့လေပြီ။
လောထျန်းမှာ ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး ကမန်းကတန်း ပြောလိုက်သည်။
" ရပ်ပါတော့ ၊ လုံလောက်ပါပြီဗျာ။ အဲ့လောက်ဆို လုံလောက်ပါပြီ "
ဗောဓိစိတ်ဝိဥာဥ်မှာ ချက်ချင်း မရပ်သေးဘဲ နောက်ထပ် သစ်ကိုင်းများ လက်နှစ်ဆုပ်စာအပြည့် ချိုးယူပြီးမှသာ ရပ်သွား၏။
ထိုအချိန်တွင် သူမ ခေါင်းမှ ဆံပင်များမှာ ခေါင်းနောက်နားလေးတွင်သာ ကျန်တော့ပြီး တစ်ခေါင်းလုံး ပြောင်လုနီးပါး ဖြစ်နေလေပြီ။
၎င်းကို မြင်သောအခါ လောထျန်း အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။
" မင်းရဲ့ ဆံပင်တွေ .. "
သူ ရေရွတ်လိုက်သည်။
ဗောဓိစိတ်ဝိဥာဥ်က အပြုံးဖြင့် ပြန်ပြော၏။
" စိတ်မပူပါနဲ့ သူတော်စင်ကြီး။ ဒီသစ်ကိုင်းတွေက နောက် သုံးလကနေ ငါးလအတွင်း ပြန်ကောင်းလာကြမှာပါ။ ဗောဓိသီးတွေကတော့ ထပ်သီးဖို့ နောက်ထပ် နှစ်တော်တော်များများ ကြာနိုင်သေးတာမို့ တောင်းပန်ပါတယ်။ တကယ်လို့ သူတော်စင်ကြီး လိုအပ်လာရင် အသီးသီးတာနဲ့သာ လာခဲ့ပါ "