လောထျန်းနောက်သို့ လိုက်လျှင် အသားမရှားပါ
Vol. 15 Ch. 198
လောထျန်းက ကြောင်အအပြုံးကာ ခေါင်းညိတ်လိုက်သည်။
" ခုလို တွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ဗောဓိပင်စိတ်ဝိဥာဥ်မှာ လောထျန်းကို ကြည့်ကာ ကြိမ်ဖန်များစွာ ပြောမလို မပြောမလို လုပ်နေပြီးမှ နောက်ဆုံး ထုတ်ပြောရန် အားမွေးလိုက်ဟန်ဖြင့် ပြောလာ၏။
" သူတော်စင်ကြီး ၊ ကျွန်မ နောက်ထပ် တောင်းဆိုချင်တာ တစ်ခု ရှိပါသေးတယ် "
" ဟင် .. ဘာထပ်လိုချင်လို့လဲ "
လောထျန်းက သူမကို ကြည့်ကာ မေးလိုက်သည်။
ဗောဓိပင်စိတ်ဝိဥာဥ်က အချိန်အတန်ငယ်ကြာ တုန့်ဆိုင်းနေပြီး နောက်မှသာ ပြန်ပြော၏။
" ကျွန်မကို သူတော်စင်ကြီးနဲ့အတူ ခေါ်သွားလို့ ရနိုင်မလားလို့ပါ ။ ဖြစ်နိုင်ရင် ကျွန်မ သူတော်စင်ကြီးဘေးမှာပဲ အမြဲ နေချင်ပါတယ် "
အကယ်၍ လောထျန်းဘေးတွင်သာ နေရပါက ရလာမည့် အကျိုးအမြတ်မှာ အလွန်ကြီးလိမ့်မည်ဖြစ်ကြောင်း သူမ သိထားပြီး ဖြစ်ပါသည်။
ယခု လောထျန်းထံမှ ထွက်ပေါ်နေသည့် အရောင်အဝါကို အချိန်အနည်းငယ်ကြာ ထပ်ကြည့်ရလျှင်ပင် သူမအတွက် အကျိုးအမြတ် များစွာ ရသွားမည် ဖြစ်၏။
ထိုမျှမက လောထျန်းဘေးတွင်သာ နေရလျှင် လောထျန်းဆီမှ ဆုလာဒ်များလည်း များစွာ ထပ်ရနိုင်ပေသေးသည်။
ထိုစဥ် .. တဖက်မှ လောထျန်း၏ မျက်လုံးများလည်း အရောင်လက်သွားကြ၏။
ထို ဗောဓိပင်မှာ သူ့အတွက် အသုံးမဝင်လှသော်လည်း .. အခြားသူများအတွက်မူ ရတောင့်ရခဲလှသည့် ထိပ်သီးအခွင့်အရေးကောင်းကြီးဖြစ်ပေသည်။
သို့ဖြစ်ရာ အကယ်၍ ဗောဓိပင်ကိုသာ ပျောင်ပိုင်မြို့ထဲတွင် စိုက်ထားနိုင်ပါက ပျောင်ပိုင်မြို့၏ အစွမ်းကို များစွာ အထောက်အကူပြုမည်မှာ သေချာလှ၏။
ထိုသို့တွေးကာ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
" ကောင်းပြီလေ ။ လောလောဆယ်တော့ ကျုပ် တခြားလုပ်စရာလေးတွေ ရှိနေသေးတယ်။ အားလုံး ပြီးသွားမှပဲ မင်းကို လာခေါ်ပြီး ဆုမီတောင်အပြင်ကို ခေါ်ထုတ်သွားပေးမယ် "
" ကျေးဇုးတင်ပါတယ် သူတော်စင်ကြီး "
ဗောဓိပင်စိတ်ဝိဥာဥ်က အလွန်ပျော်ရွှင်သွားဟန်ဖြင့် ပြန်ပြောသည်။
ထို့နောက် သူမက ခပ်လှမ်းလှမ်းမှ လောရုံတို့ အုပ်စုကို လှမ်းကြည့်ကာ ပြော၏။
" သူတော်စင်ကြီး ၊ အဲ့လူတွေက သူတော်စင်ကြီးရဲ့ မိတ်ဆွေတွေလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် "
ဗောဓိပင်က ဆက်ပြော၏။
" တကယ်လို့ သူတော်စင်ကြီး သွားစရာရှိရင် သူတို့ကို ဒီမှာ ထားခဲ့လို့ ရပါတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းကို ကျွန်မ ကူညီပေးပါ့မယ် "
အမှန်တွင်မူ ဗောဓိပင် စိတ်ဝိဥာဥ်မှာလည်း အကြံအစည် ရှိ၍သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။
လောထျန်းက သူမကို ခေါ်သွားမည်ဟု ပြောထားသည့်တိုင် ကတိမတည်ဘဲ ပြန်သွားမည်ကို သူမ စိုးရိမ်နေ၏။
သို့သော် အကယ်၍ လောထျန်း၏ မိတ်ဆွေများကိုသာ ခေါ်ထားပါက လောထျန်းတစ်ယောက် သေချာပေါက် ပြန်လာပေလိမ့်မည်။
လောထျန်းသည် တဖက်လူ၏ အတွေးကို ထိုးဖောက်မြင်နေရသော်ငြား မည်သို့မှ ထုတ်မပြောလိုက်ချေ။
ထိုဗောဓိ စိတ်ဝိဥာဥ်တွင် မကောင်းသည့် ရည်ရွယ်ချက်မျိုး မရှိသည်ကို သူ သိထားသည် မဟုတ်ပါလား။
ထို့အပြင် သူမထံမှ အကူအညီ ရပါက လောရုံတို့အတွက်လည်း များစွာ အကျိုးရှိသွားနိုင်ပေသည်။
" ကောင်းပါပြီ ၊ ဒီမှာ ခဏ စောင့်နေခဲ့ဦး။ ကျုပ် သူတို့ကို သွားပြောလိုက်ဦးမယ် "
လောထျန်းက ပြောပြောဆိုဆိုပင် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ စိတ်စွမ်းအင် အလင်းတန်းတစ်ခု ထွက်လာပြီး မြေပြင်တွင် ပြန့်ကျဲနေသည့် ဗောဓိကိုင်းများကို စုစည်းကာ သူ့ခေါင်းပေါ်သို့ တင်လိုက်၏။ သူ့အသွင်မှာ တောထဲတွင် ထင်းရှာရာမှ ပြန်လာသည့် လူတစ်ယောက်အသွင် ဖြစ်နေပြီး ထိုပုံစံဖြင့်ပင် လောရုံတို့ဆီသို့ သွားလိုက်သည်။
ထိုအချိန်ထိတိုင် လောရုံတို့ လူစုမှာ အံ့သြမှင်သက်နေကြဆဲ ဖြစ်ပါသည်။
ထို့နောက် လောထျန်း သူတို့အနား ပြန်ရောက်လာမှသာ အားလုံး ဟေးခနဲ အော်ဟစ်အားပေးလိုက်ကြ၏။
" အကိုထျန်းက တကယ် အံ့သြစရာ ကောင်းတာပဲဗျာ။ အဲ့လောက်အများကြီးကို ဘယ်လို ရခဲ့တာလဲဗျ "
လောရုံက အံ့သြတကြီး ရေရွတ်လိုက်သည်။
လောထျန်းက အပြုံးဖြင့် ဗောဓိသစ်သီးတစ်လုံးကို ထုတ်ယူကာ ပြော၏။
" အားလုံး လာခဲ့ကြ။ တစ်ယောက်ကို တစ်ခုစီ ဝေပေးမယ် "
သူက ပြောပြောဆိုဆိုပင် လောရုံနှင့်အခြားသူများအား ဗောဓိသစ်သီးများ ဝေပေးလိုက်သည်။
စွန်းရှို့၏ အစောင့်အကြပ် ၃ ယောက်နှင့် ယန်ဖုန်းထျန်တို့ကမူ ဝေစု မရခဲ့ကြပါချေ။
ထိုအခိုက်အတန့်တွင် စွန်းရှို့၏ အစောင့်အကြပ် ၃ ယောက်မှာ အားလုံး၏ လက်ထဲမှ ဗောဓိသစ်သီးများကို ကြည့်ကာ အလွန်နောင်တရနေကြတော့၏။
လောရုံ ဒုက္ခရောက်နေစဥ်အချိန်တွင် သူတို့ မည်သည့်အတွက်ကြောင့် ဘေးထိုင်ကြည့်နေခဲ့ရပါသနည်း။
အကယ်၍ ထိုစဥ်ကသာ သူတို့ ဝင်အကာအကွယ် ပေးခဲ့ပါက လောရုံ၏ အသက်ကို မကယ်နိုင်ခဲ့လျှင်ပင် ယခုချိန် ဗောဓိသစ်သီးများ ရနေလောက်လေပြီ။
ထိုအချိန်တွင် ယန်ဖုန်းထျန်၏ မျက်နှာကြီးကမူ အီးမှန်ထားသည့်အလား အလွန်ရုပ်ဆိုးနေတော့သည်။
သူသည် အစောပိုင်းက ဗောဓိရွက်တစ်ခုကို ရခဲ့ချိန်တွင် မာနတက်ကာ မောက်မောက်မာမာဖြင့် လောထျန်းအား နည်းမျိုးစုံသုံးကာ ရိုင်းရိုင်းစိုင်းစိုင်း စကားများ ပြောဆိုနေခဲ့၏။
သူ့စိတ်ထဲတွင်လည်း လောထျန်းက တစ်သက်လုံး ကြိုးစားလျှင်ပင် သူ့အဆင့်သို့ မရောက်နိုင်ဟု တွေးကာ သွေးနားထင်ရောက်နေခဲ့ပေသည်။
ယခုတွင်မူ ...
ဗောဓိသစ်သီးများကို မဆိုထဘိ ၊ လောထျန်း ခေါင်းရွက်ထားသည့် ဗောဓိသစ်ကိုင်းများကပင် သူ ရနိုင်သည့် အတိုင်းအတာထက် များစွာ ကျော်လွန်နေခဲ့လေပြီ။
ထိုအကြောင်းကို ပြန်တွေးမိကာ သူ အလွန်အရှက်ရနေသလို ဒေါသလည်း အလွန်ထွက်နေသဖြင့် မျက်နှာကြီး ရဲတွတ်နေ၏။
" ဟေ့ .. မဟာပါရမီရှင်ကြီးယန် ၊ မင်းမျက်နှာက ဘာဖြစ်နေတာလဲ ။ ခုနကလို မမောက်မာနိုင်တော့ဘူးလား "
" အခုမှ ဘာလို့ ပါးစပ်ကြီး ပိတ်နေတာလဲ။ တစ်ခုခု ပြောဦးလေ ။ မင်းက ငါတို့ တစ်သက်လုံး ကြိုးစားရင်တောင် မရနိုင်တဲ့ ဗောဓိရွက်အဆင့် ပါရမီရှင်ကြီးပဲဟာ "
" မင်းက ခုနကတော့ သိပ်ကို အစွမ်းထက်တဲ့သူလို လုပ်နေတော့ ငါ့မှာ ဗောဓိရွက်ကို အထင်ကြီးလိုက်ရတာ။ ဒါပေမယ့် အခုတော့ ငါ့အကိုထျန်းကိုလဲ ကြည့်လိုက်ပါဦး။ သူ ပြန်ယူလာတဲ့ ဗောဓိရွက်တွေ ဘယ်လောက်တောင်ပါလိမ့် .. မှန်းစမ်း ..အရွက်တစ်သောင်းနဲ့တူတယ် ။ ဟုတ်တယ်မလား "
" ခု ကြည့်ရတာတော့ ဗောဓိရွက်က အဲ့လောက်လဲ မဟုတ်တော့ပါဘူးကွာ။ ဒီဟာလေး တစ်ရွက်ကိုတောင် ရတနာကြီးတစ်ခုလို ပြောနေခဲ့တဲ့ မင်းက ဘယ်လောက်တောင် မောက်မာနေခဲ့လဲ ပြန်စဥ်းစားလိုက်ဦး ""
လောရုံက အခွင့်အရေးကို အမိအရယူကာ သူ့အား ဖိနှိပ်ထားလိုက်သည်။
" မင်း ... "
ယန်ဖုန်းထျန်မှာ ဒေါသထွက်ကာ တစ်ခုခု ပြန်ပြောချင်နေသော်လည်း ပြန်ချေပစရာ စကားလုံး မရှိသဖြင့် အသံတိတ်၍သာ နေနေရ၏။
သူ့ရှေ့မှ မြင်ကွင်းက လက်တွေ့ အဖြစ်မှန်များပင် မဟုတ်ပါလား ...
နောက်ဆုံးတွင်မူ သူ မည်သို့မှ ပြန်မပြောနိုင်ဘဲ သက်ပြင်းရှည်ကြီး တစ်ချက် ချ၍သာ လှည့်ထွက်သွားရတော့သည်။
" ကျွတ်စ် .. ကျွတ်စ် .. တကယ့် အမှိုက်ကောင်ပဲ "
လောရုံက သူ့ကို ကြည့်ကာ ပြုံးလိုက်သည်။
လောထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မည်သို့မှ မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။
ထို့နောက် သူက အားလုံးကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
" ကဲ ..အားလုံး ခနနေကျရင် ဗောဓိပင်အောက်ကို သွားပြီး ကျင့်ကြံလိုက်ကြဦး "
ထိုသို့ ပြောပြီးနောက် သူနှင့် ဗောဓိပင် စိတ်ဝိဥာဥ်တို့ကြားတွင် ထားခဲ့သည့် သဘောတူညီချက်အကြောင်းကိုလည်း သူ အကြမ်းဖျင်း ပြောပြလိုက်သည်။
သူ့စကားဆုံးသည့် အချိန်တွင်မူ အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရပြန်၏။
" ဘယ်လို .. ဗောဓိပင်ရဲ့ စိတ်ဝိဥာဥ်က ကျုပ်တို့ ကျင့်ကြံဖို့အတွက် ကူညီပေးမှာ .. "
အထူးသဖြင့် စွန်းရှို့တစ်ယောက်မှာ မျက်လုံးများ အလွန်ပြူးကျယ်နေတော့သည်။
သူ လောထျန်းနောက်သို့ လိုက်လာသည့် အချိန်မှစ၍ ရခဲ့သည့် အကျိုးအမြတ်များက အလွန်များပြားနေခဲ့လေပြီ။
လောထျန်းက ပထမဆုံး ရွှယ်လင်ဆေးရည်ကို သုံးကာ သွေးရေအိုင်တွင် သူတို့၏ ခန္ဓာကိုယ်များကို သန့်စင်ရန် လုပ်ပေးခဲ့၏။ ထို့နောက်တွင်မူ ထျန်းလင်သတ္ထုရိုင်းများ ..
ယခုတွင်လည်း ဗောဓိသစ်သီးများကို ပေးခဲ့ရုံမက ဗောဓိပင်အောက်၌ ဗောဓိပင် စိတ်ဝိဥာဥ်၏ အကူအညီဖြင့် ကျင့်ကြံနိုင်ရန်ပင် စီစဥ်ပေးခဲ့သေးသည်။
စွန်းရှို့သည် အစွမ်းအရာတွင်သာမက ပါရမီတွင်ပါ ထျန်းယွမ်အင်ပါယာရှိ လူငယ်များကြား၌ သာမာန်အဆင့်မျှသာ ရှိခဲ့၏။
သူ့အား အခြားသူများနှင့် ကွဲထွက်နေစေခဲ့သည့် တစ်ခုတည်းသော အရာမှာ သူ့မိသားစု၏ ချမ်းသာကြွယ်ဝမှုပင် ။
သို့သော် .. ယခုတွင်မူ ..
အရာအားလုံး ကွဲပြားခြားနားသွားခဲ့လေပြီ။
လောထျန်းနှင့်အတူ ဆုမီတောင်သို့ လိုက်လာပြီးနောက်ပိုင်း သူ့တိုက်ခိုက်စွမ်းရည်မှာ ယခုဆိုလျှင် လျှို့ဝှက်နဂါးစာရင်း၏ အဆင့် ၂၀ အတွင်းသို့ပင် ဝင်နိုင်ပြီ ဖြစ်ပါသည်။
သူတို့ စွန်းမိသားစု၌ ထိုအဆင့်ရှိသည့် ပါရမီရှင်မျိုး တစ်ယောက်တလေပင် မရှိခဲ့ဖူးပါချေ။
ယခင်က သူ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချခဲ့သည့်အတွက် လက်ရှိအချိန်တွင် အလွန် ဝမ်းသာနေရလေပြီ။
လောထျန်းနောက်သို့ လိုက်ပါက စားစရာ အသားမရှားမည်မှာ သေချာလှပေသည်။
ကျန်လူများမှာလည်း သူ့နည်းတူပင် အလွန်စိတ်လှုပ်ရှားနေကြ၏။ ထို့နောက် သူတို့အားလုံး လောထျန်း၏ အစီအစဥ်အတိုင်း လိုက်နာကာ ဗောဓိပင်အောက်သို့ သွားလိုက်ကြသည်။
"မရီး အဲလေ မမ ရွှယ် ၊ အတူတူ သွားရအောင်လေ "
တဖက်မှ လောရှောင်ရှောင်းက ရွှယ်လင်းလုံအနား ရောက်လာကာ အသံတိုးတိုးဖြင့် မဝံ့မရဲ ပြော၏။
" အမ် .. သွားကြမယ်လေ "
ရွှယ်လင်းလုံမှာ လောရှောင်ရှောင်းအား ခဏတာမျှ တွန့်ဆုတ်စွာ ကြည့်နေသေးသော်လည်း ခဏအကြာတွင်မူ မျက်နှာနီနီနှင့် လောရှောင်ရှောင်း ဆွဲသည့်နောက်မှ ဗောဓိပင်ဆီသို့ ပါသွားတော့သည်။
" သူတော်စင်ကြီး ၊ စိတ်မပူပါနဲ့။ သူတို့ ကျင့်ကြံတာကို ကျွန်မ အတတ်နိုင်ဆုံး အကူအညီ ပေးပါ့မယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကာလအတွင်း ကျွန်မရဲ့ သစ်ပင်အောက်မှာ ဉာဏ်အလင်းပွင့်သွားခဲ့တဲ့သူတွေ မရေမတွက်နိုင်အောင်ကို ရှိပါတယ်။ အဲ့လူတွေရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းတွေကလဲ ဗောဓိပင်မှာ ကျန်နေခဲ့တာမို့ ကျွန်မ အဲ့ဒီ အရင်းအမြစ်တွေကို သုံးပြီးတော့ သူတော်စင်ကြီးရဲ့ အပေါင်းအပါတွေကို မြန်နိုင်သမျှ အမြန်ဆုံး အစွမ်းထက်လာအောင် လုပ်ပေးလိုက်ပါ့မယ် "
ဗောဓိပင် စိတ်ဝိဥာဥ်က လောထျန်းအား ကတိကဝတ် ပြုလိုက်သည်။
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ခုလို ကူညီပေးတဲ့အတွက် ကျေးဇုးတင်ပါတယ် "
ထို့နောက်တွင်မူ သူက အားလုံးကို အစီအစဥ်များ ချပေးခဲ့ပြီးနောက် ထွက်ခွာသွားလိုက်သည်။ အားလုံးမှာ သူ့ကို အံ့သြတကြီး ကြည့်ရင်း ကျန်နေခဲ့ကြ၏။
ဗောဓိပင်မှ ထွက်ခွာလာပြီးနောက်တွင်မူ သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ဟင်းလင်ပြင်လက်စွပ်ထဲမှ အသံလွှင့်အဆောင်ကို ထုတ်ယူလိုက်သည်။
သို့သော် .. ထိုအချိန်တွင် သူ့အသံလွှင့်အဆောင်၌ ရာနှင့်ချီသော စာတိုများဖြင့် ပြည့်နှက်နေခဲ့လေပြီ။
ထိုစာတိုများ အားလုံးကို လူတစ်ဦးက ပေးပို့ထားခဲ့ခြင်းပင်။
ထိုလူမှာ ထျန့်ရှန့်နိုင်ငံမှ သခင်ကြီးကျိုး ဖြစ်ပါသည်။
" ချီး .. ဒီ အသံလွှင့်အဆောင်ကို ထုတ်ထားဖို့ မေ့နေတာ။ ဒါပေမယ့် ဘာမှ မနှောင့်နှေးသွားတာ တော်သေးတာပေါ့ "
သူ ပြောနေစဥ်မှာပင် အသံလွှင့် အဆောင်ထဲသို့ စိတ်စွမ်းအင် အလင်းတန်းတစ်ခု ဝင်ရောက်လာ၏။
" သခင်လေး လောထျန်း ၊ အခုမှပဲ အဆက်အသွယ် ရတော့တယ်ဗျာ။ သခင်လေး အဆင်ပြေရဲ့လား "
အသံလွှင့်အဆောင်၏ အခြားတဖက်မှ အဘိုးအို ကျိုး၏ အသံ ထွက်ပေါ်လာသည်။
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။
" အဆင်ပြေတယ်ဗျ ၊ ဘာဖြစ်လို့လဲ "
သခင်ကြီးကျိုးက ပြောသည်။
" သခင်လေးလောထျန်း ၊ကံတရားမျှော်စင် ပေါ်လာပြီဗျ ။ ဆုမီတောင်ထိပ်မှာ ပေါ်လာတာ။ အခုလောလောဆယ် ကျုပ်ရဲ့ မိတ်ဆွေနှစ်ယောက်လဲ အဲ့ကို သွားနေကြပြီ။ သခင်လေး မြန်မြန်လာခဲ့နော် ၊ တခြားသူတွေ အရင်ရောက်သွားရင် မလွယ်ဘူးဗျ "
၎င်းကို ကြားသောအခါ လောထျန်းက ချက်ချင်း ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
" ကောင်းပါပြီ ၊ ကျုပ် အခုချက်ချင်း ထွက်လာခဲ့မယ် "
ထိုသို့ပြောပြီးနောက်တွင်မူ လောထျန်းသည် အသံလွှင့်အဆောင်အား ချက်ချင်းပိတ်ကာ ထိုနေရာမှ တည်နေရာရွှေ့ပြောင်း ပျောက်ကွယ်သွား၏။
အခြားတဖက်မှ အဘိုးအို ကျိုးကလည်း ပိတ်သွားသည့် အသံလွှင့်အဆောင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူ့ဘေးမှ အခြားအဘိုးအိုတစ်ဦးက မျက်မှောင်ကြုံ့၍ ပြောလာ၏။
" သခင်ကြီး ကျိုး ၊ခင်ဗျား ရှာနေတဲ့သူက ဘယ်သူလဲဗျ ။ ကြည့်ရတာ ဒီလူက ခင်ဗျားအတွက် အင်မတန် တန်ဖိုးရှိတဲ့ပုံပဲ "