ကံတရားမျှော်စင်
Vol. 15 Ch. 199
အဘိုးအိုကျိုးက မုတ်ဆိတ်ကို သပ်ရင်း အပြုံးဖြင့် ပြောသည်။
" ဒီလူက စိတ်ဝိဥာဥ်သခင် တစ်ယောက်ပဲ "
သူ့စကားကို ကြားသည်နှင့် ဘေးမှ လူနှစ်ယောက်လုံး လှည့်ကြည့်လာကြ၏။
" ထျန်းယွမ်အင်ပါယာမှာ ရှိတဲ့ စိတ်ဝိဥာဥ်သခင်ကြီးတွေရော ၊ တခြားလက်အောက်ခံနိုင်ငံတွေမှာ ရှိတဲ့ စိတ်ဝိဥာဥ်သခင်ကြီးတွေရော အားလုံးကို ကျုပ် ကြားဖူးပါတယ်။ အဲ့ထဲမှာ လောထျန်းဆိုတဲ့ နာမည်နဲ့ စိတ်ဝိဥာဥ်သခင်ကြီး တစ်ယောက်မှလဲ မရှိပါဘူး "
လူကြီးတစ်ဟောက်က မျက်မှောင်ကြုံ့၍ ပြောလာသည်။
အဘိုးအိုကျိုးမှာ ထျန်းရှန့်သိုင်းပြိုင်ပွဲနေ့မှ လောထျန်း၏ လုပ်ရပ်များကို ပြန်တွေးမိသွား၏။ ထို့နောက် သူ ပြောလိုက်သည်။
" ခနပဲ စောင့်လိုက်ပါဗျာ ။ သူနဲ့တွေ့ရင် သိရပါလိမ့်မယ် "
လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောနေသည့် သူ့ကို ကြည့်ကာ ကျန် အဘိုးအိုနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် မည်သို့မှ ထပ်ပြောမနေဘဲ အဘိုးအိုကျိုး နောက်မှသာ ရှေ့သို့ ဆက်တိုးသွားလိုက်ကြ၏။
ထိုအချိန်မှာပင် .. သူတို့ရှေ့၌ ကျောက်တုံးရုပ်ထုတစ်ခု ရုတ်တရက် ဘွားခနဲ ပေါ်လာသည်။
" ထပ်ပေါ်လာပြန်ပြီ ။ တောင်ထိပ်ကို ရောက်ခါနီးလေလေ ဒီကျောက်တုံးရုပ်ထုတွေက ပိုများလာလေပဲ ။ မြန်မြန်ရှင်းပြီး ဆက်သွားကြတာပေါ့ "
သုတို့ထဲမှ တစ်ယောက်က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
ကျန်နှစ်ယောက်ကလည်း ချက်ချင်း ခေါင်းညိတ်လိုက်ကြ၏။ မကြာမီ ထိုတောင်စောင်း၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေတော့သည်။
အခြား တောင်တက်လမ်းများတွင်လည်း နေရာတိုင်းနီးပါး အလားတူ တိုက်ပွဲများ ဖြစ်ပွားနေကြ၏။
" &%$##% တောင်ထိပ်ကို ရောက်ခါနီးတိုင်း ဒီကောင်တွေနဲ့ပဲ တိုးနေရတာပဲ။ တော်တော်ပြဿနာရှာကြတဲ့ကောင်တွေ "
အရပ်ရှည်ရှည်နဲ့ ခပ်တောင့်တောင့် လူကြီးတစ်ယောက်က ကျောက်တုံးရုပ်ထုတစ်ခုကို လက်သီးဖြင့် ထိုးရင်း ပြောလိုက်သည်။ ကျောက်တုံးရုပ်ထုမှာ သူ့လက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွား၏။
" ဒီကောင်တွေက သတ်လို့လဲ မရဘူး။ အစိတ်စိတ်အမွှာမွှာ ကွဲသွားရင်တောင် ထပ်ပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားကြတာ။ ဒီကောင်တွေကိုသာ ကျုပ်ရဲ့ မိသားစုအိမ်တော်ကို ခေါ်သွားလို့ရရင် ဘယ်လောက် ကောင်းလိုက်မလဲ "
အဘိုးအိုတစ်ယောက်ကလည်း ကျောက်တုံးရုပ်ထုကို အသည်းအသန် တိုက်ခိုက်နေရင်း ပြောသည်။
" အဲ့လောက် မရိုးအစမ်းပါနဲ့ဗျာ။ ဒီကျောက်တုံးရုပ်က ဒီကနေ ထွက်တာနဲ့ ဘာမှ သုံးစားမရတဲ့ ကျောက်တုံးကြီး ဖြစ်သွားမှာပဲ "
သက်လတ်ပိုင်းအရွယ် ဓားသမားတစ်ယောက်က ပြောရင်းဆိုရင်း ကျောက်တုံးရုပ်ထု၏ လက်ကို ခုတ်ဖြတ်လိုက်သည်။ သို့သော် ..၎င်းလက်က ချက်ချင်း ဆိုသလိုပင် မူလအတိုင်း ပြန်ဖြစ်သွား၏။
" အဓိပ္ပါယ်မရှိတဲ့ စကားတွေ လျှောက်ပြောမနေကြစမ်းပါနဲ့ဗျာ။ လောလောဆယ်မှာ အရေးအကြီးဆုံးက ဒီကောင်တွေကို မြန်မြန်ရှင်းပြီး တောင်ထိပ်ကို စောစော ရောက်ဖို့ပဲ "
အခြားတစ်ယောက်က ဝင်အော်သည်။
" အရမ်ကြီး စိတ်ပူမနေပါနဲ့ဗျာ ။ ကျုပ်တို့တွေ ကြုံသလို တခြားသူတွေလဲ ကြုံနေရမှာပဲ။ ဘယ်သူမှတော့ တောင်ထိပ်ကို အဲ့လောက်မြန်မြန်ကြီး ရောက်နိုင်မှာ မဟုတ်ဘူး "
အဘိုးအိုတစ်ယောက်က အပြုံးဖြင့် ပြန်ပြော၏။
" ဒါ အမှန်ပဲ "
ရှေ့မှ ခပ်တောင့်တောင့် လူကြီးကလည်း ပြောကာ အော်ရယ်လိုက်သည်။
သူတို့၏ ယခင် အတွေ့အကြုံများအရ ဆိုလျှင်လည်း ကံတရားမျှော်စင်ရှေ့သို့ ရောက်ရှိချိန်မှာ တစ်ယောက်နှင့်တစ်ယောက် များစွာ မကွာလှပါချေ။
သို့သော် ... ထိုစဥ် ကံတရားမျှော်စင်ရှေ့၌ ...
" လူတွေ ဘယ်ရောက်ကုန်တာလဲ ၊ ဘယ်သူမှလဲ မရှိကြပါလား "
လူသူရှင်းလင်းနေသည့် ကံတရားမျှော်စင်ရှေ့တွင် ရပ်နေသော လောထျန်းမှာ စိတ်ရှုပ်ထွေးနေဟန် ပေါက်နေ၏။
" ငါ နောက်ကျသွားတာများလား ။ သူတို့တွေ အထဲရောက်သွားကြပြီထင်တယ် "
သူ ရုတ်တရက် လန့်ကာ စိတ်ပူသွားသည်။
ထိုအချိန်မှာပင် ...
ကျွီ ....
ကံတရားမျှော်စင်၏ စေ့ပိတ်ထားသော တံခါးမှ နားစူးစရာ အသံကျယ်ကြီး ထွက်လာသည်။
ထို့နောက် တံခါးပွင့်သွားကာ လောထျန်းရှေ့တွင် အတွင်းသို့ ဝင်သည့် လမ်းတစ်ခု ပေါ်လာ၏။
" အင်း ..ငါက နောက်ကျနေတာဆိုတော့ မြန်မြန်ပဲ ဝင်သွားလိုက်တော့မယ် "
လောထျန်းမှာ ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ ချက်ချင်း အထဲသို့ ဝင်သွားလိုက်သည်။
သူ ကံတရားမျှော်စင်ထဲသို့ ဝင်လိုက်သည်နှင့် သူ့နံဘေးရှိ လေထုက စတင်ပြောင်းလဲလာသည်။
အပြင်မှ ကြည့်လျှင်မူ ကံတရားမျှော်စင်သည် ဤမျှ မကြီးလှသော်လည်း အထဲတွင်ကား သီးသန့်ကမ္ဘာငယ်တစ်ခုသဖွယ် ဖြစ်နေ၏။
ပထမထပ်သည်ပင် ပတ်ကတ်လည် ပေ နှစ်သောင်းခန့် ကျယ်ဝန်းကာ အလွန်ကြီးမားကျယ်ပြောလှပေသည်။
ဝီ ..
ထိုစဥ် အလင်းလုံးတစ်ခု ရုတ်တရက် လင်းလက်လာကာ လောထျန်းရှေ့သို့ မျောလွင့်လာ၏။
" မျှော်စင် စူးစမ်းလေ့လာသူတို့ .. ဒီနေရာကတော့ ကံတရားမျှော်စင်ရဲ့ ပထမထပ်ပါ။ ဒီအထပ်မှာ မျှော်စင်စူးစမ်းလေ့လာသူတို့အတွက် စည်းမျဥ်းတွေကတော့ ဒီလိုရှိပါတယ် : လေ့လာသူတို့အနေနဲ့ မျှော်စင်စောင့်ရဲ့ ပုံရိပ်ယောင်နဲ့ တိုက်ခိုက်ရပါမယ် ။ ဒီ မျှော်စင်စောင့် ပုံရိပ်ယောင်ရဲ့ သိုင်းကွက် ဆယ်ကွက်ကို ခံနိုင်ရင် အဆင့် ၄ ဆုကို ရပါမယ် "
" သိုင်းကွက် နှစ်ဆယ်ကို ခံနိုင်ရင်တော့ အဆင့် ၃ ဆုကို ရပါမယ် "
" သိုင်းကွက် ၃၀ ကို ခံနိုင်ရင်တော့ အဆင့် ၂ ဆုကို ရမယ့်အပြင် ကံတရားမျှော်စင်ရဲ့ ဒုတိယထပ်ကို တက်နိုင်မယ့် အခွင့်အရေးကိုပါ ရမှာပါ "
" သိုင်းကွက် ၅စ ကို ခံနိုင်ရင်တော့ အဆင့် ၁ ဆုနဲ့ ဒုတိယထပ်ကို တက်ခွင့် ရမှာဖြစ်ပါတယ် "
" သိုင်းကွက် တစ်ရာအထိ ခံနိုင်ရင်တော့ လျှို့ဝှက်ဆုနဲ့ ဒုတိယထပ်ကို တက်ခွင့် ရမှာပါ "
အလင်းလုံးမှ အသံမှာ စက်ရုပ်သံ တစ်ခုအလား ခံစားချက် ကင်းမဲ့နေသည်။
လောထျန်းက အခြေခံစည်းမျဥ်းများကို အကြမ်းဖျင်း နားလည်သွားကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။
" ဒီ ပထမထပ်မှာ တစ်ယောက်မှ ရှိမနေတာ မထူးဆန်းတော့ပါဘူး။ ကြည့်ရတာ သူတို့တွေက ဒုထတိယထပ်ကို တက်သွားကြပြီနဲ့တူတယ် ။ ငါ တော်တော် နောက်ကျနေတာပဲ။ သခင်ကြီး ကျိုး ဆီ သတင်းမပို့သေးတာပဲ ကောင်းမှာပါလေ။ အပေါ်တက်ပြီး လူကိုယ်တိုင်ပဲ သွားတွေ့တော့မယ် "
သူ ထိုသို့ တစ်ကိုယ်တည်းတွေးကာ အလုပ်ရှုပ်နေစဥ်မှာပင် အလင်းလုံးက စိတ်မရှည်ဟန်ဖြင့် ပြောလာ၏။
" စည်းမျဥ်းတွေကို နားလည်တယ်ဆိုရင် တစ်ခုခု ပြန်ပြောဦးလေ "
လောထျန်း ခပ်မြန်မြန် ပြန်ဖြေလိုက်ရသည်။
" ကျုပ် နားလည်ပါတယ် "
သူ့စကားဆုံးသည်နှင့် အလင်းလုံးက ဖျတ်ခနဲ လက်သွားပြီး လောထျန်းရှေ့၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်ယောင်မှာ ခန္ဓာကိုယ် အပေါ်ပိုင်း အင်္ကျီမပါသည့် လူတစ်ယောက်ဖြစ်ပြီး အသားအရည်က မဲနက်နေကာ တစ်ကိုယ်လုံး အမာရွတ်များဖြင့် ပြည့်နေသဖြင့် အနည်းငယ် လန့်ချင်စရာပင် ကောင်းနေသည်။
" ဒီလူက မျှော်စင်စောင့်ပဲ ။ မင်း အဆင်သင့်ဖြစ်ရင်ပြောပါ ။ ချက်ချင်း တိုက်ပွဲစကြမယ် "
အလင်းလုံးက ပြောလိုက်သည်။
လောထျနက မျှော်စင်စောင့်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ပြော၏။
" ကျုပ် မေးချင်တာလေးတွေ ရှိသေးတယ် "
" မေးလေ "
အလင်းလုံးက ပြန်ပြောသည်။
" ခင်ဗျားပြောတာ လျှို့ဝှက်ဆုက သူ့ရဲ့ သိုင်းကွက် ၁၀၀ ကို ခံနိုင်မှ ရမှာနော် ဟုတ်လား။ အဲ့လိုမဟုတ်ဘဲ သူ့ကို အနိုင်ယူလိုက်နိုင်ရင်ရော ရမှာလား "
လောထျန်းက မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ အလင်းလုံး ခေတ္တမျှ စကားမဆိုနိုင်ဘဲ အံ့သြမှင်သက်သွား၏။ ထို့နောက်မှသာ ၎င်းက ခံစားချက်ပါလာသည့် အသံဖြင့် ပြန်ပြောသည်။
" အနိုင်ယူမယ် .. ဟုတ်လား ။ မင်းတစ်ယောက်တည်းနဲ့ အစွမ်းနဲ့လေ ? .. ဒီ ပုံရိပ်ယောင်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ ဆိုတာကိုရော မင်း သိရဲ့လား "
လောထျန်း ခေါင်းယမ်းပြလိုက်၏။
တဖက်မှ အသံက အေးစက်စက် ဆက်ပြောသည်။
" ဒီ ပုံရိပ်ယောင်ကို ဟိုး ရှေးခေတ်တုန်းက ကမ္ဘာတစ်ခြမ်းကိုတောင် ဖိနှိပ်နိုင်ခဲ့တဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က သူ တုကျဲ့အဆင့်မှာ ရောက်နေတဲ့အချိန် ဖန်တီးထားတာကွ "
" ဒီ ပုံရိပ်ယောင်ရဲ့ အစွမ်းက အဲ့အချိန်တုန်းက သူ့ ပိုင်ရှင်ရဲ့အပြင်က အစွမ်းနဲ့ အတူတူပဲ။ သူက ကံတရားမျှော်စင်ရဲ့ ပထမထပ်မှာ အစောင့်လုပ်လာတာ နှစ်ပေါင်း ထောင်ချီကြာနေပြီ ။ ဒီအတောအတွင်းမှာ ဘယ်သူကမှ သူ့ရဲ့ သိုင်းကွက်ကို ၁၀၀ ထက်ပိုပြီး မခံနိုင်ကြသေးဘူး။ အခု မင်းက သူ့ကို အနိုင်ယူချင်တယ် ..ဟုတ်လား ။ ကောင်းပြီ ၊ တကယ်လို့ သူ့ကို အနိုင်ယူလိုက်နိုင်ရင် ဒီအထပ်မှာရှိတဲ့ အမြင့်ဆုံးဆုကို မင်းကို ငါ ပေးမယ်။ ပြီးတော့ သူ့နေရာမှာ မင်းရဲ့ ပုံရိပ်ယောင်ကို အစားထိုးပြီး မျှော်စင်စောင့်အဖြစ်နဲ့ ထားပေးမယ်ကွာ "
အလင်းလုံးက ပြောလိုက်သည်။
" ဝိုး ..အမြင့်ဆုံးဆုကို ရမှာ .. တကယ်ကြီးလား "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
အလင်းလုံးက လှောင်သံဖြင့် ပြန်ပြောသည်။
" ဒါပေါ့ကွ ။ ငါက ကံတရားမျှော်စင်မှာ နံပါတ် ၁ စိတ်ဝိဥာဥ်ပဲ ။ ဒီအထပ်မှာ ငါ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့် အပြည့်ရှိတယ်။ တကယ်လို့ မင်းမှာ လုံလောက်တဲ့ အစွမ်းရှိရင်တော့ ဒီ ပုံရိပ်ယောင်ကို အနိုင်ယူလိုက်ပေါ့ကွာ "
လောထျန်းက အပြုံးဖြင့် ပြော၏။
" ကဲ ..ဒါဆို စလိုက်ကြစို့ "
အလင်းလုံး ဖျတ်ခနဲ လက်သွားပြန်သည်။
တဖက်မှ ပုံရိပ်ယောင်၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာ၏။
ဝုန်း ..
ကံတရားမျှော်စင်၏ ပထမထပ် တစ်ခုလုံး ရက်စက်ကြမ်းတမ်းသော အရိပ်အငွေ့ဖြင့် ချက်ချင်း ပြည့်သွားတော့သည်။
" ဝိုး ..တခြားပုံမှန် တုကျဲ့အဆင့်တွေနဲ့ တကယ်ကို ကွာတာပဲ "
လောထျန်း၏ မျက်လုံးများကလည်း ချက်ချင်း အရောင်လက်သွား၏။
တဖက်မှ ပုံရိပ်ယောင်၏ အစွမ်းမှာ တုကျဲ့အဆင့် အတွင်းတွင်သာ ရှိသေးသည့်တိုင် ၎င်းက သူ ယခင်က တွေ့ဖူးခဲ့သည့် တုကျဲ့အဆင့် သခင်ကြီးများ အားလုံးထက် ပိုအစွမ်းထက်နေပေသည်။
မျှော်စင် စိတ်ဝိဥာဥ်က ထိုလူ့အပေါ်တွင် ယုံကြည်ချက် အပြည့် ရှိနေသည်မှာ မဆန်းတော့ပါချေ။
ထိုလူကား အမှန်တကယ် ထူးဆန်းလှပေသည်။
" ဟားဟား .. အခုတော့ ကြောက်နေပြီလား ။ လာလေ ၊ သူ့အစွမ်းကို ကိုယ်တိုင် လာခံစားကြည့်လိုက်ပါဦး "
အလင်းလုံးက ရယ်သွမ်းသွေးကာ ပြောလိုက်သည်။
ဝုန်း ..
ထို့နောက်တွင်မူ ပုံရိပ်ယောင်က လှုပ်ရှားသွားပြီး လောထျန်းဆီသို့ လျှပ်စီးတစ်ခုသဖွယ် တဟုန်ထိုး ပြေးဝင်လာ၏။
" တော်တော်မောက်မာတဲ့ ကလေး .. ခုတော့ ခံရတော့မယ် "
အလင်းလုံး စိတ်ဝိဥာဥ်က ရယ်ကာ လောထျန်း အရိုက်ခံရတော့မည်ကို စောင့်ကြည့်နေလိုက်သည်။
သို့သော် ...
ဘုန်း ...
ပုံရိပ်ယောင်က လောထျန်း၏ ရင်ဘတ်အား ထိုးလိုက်၏။ သို့သော် လောထျန်းကမူ တစ်လက်မပင် နေရာရွှေ့မသွားခဲ့ပါ။
" ဟင် .. ဘယ်လိုဖြစ်ပြီး ... "
အလင်းတန်း စိတ်ဝိဥာဥ် အံ့သြမှင်သက်သွားရသည်။
ထိုအချိန်မှာပင် လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။
" ခင်ဗျားက အစွမ်းထက်တဲ့ပုံ ပေါက်နေတော့ ကျုပ်က ထူးခြားမယ် ထင်နေတာ။ တကယ်တော့ ခင်ဗျားလဲ ကျန်တဲ့သူတွေနဲ့ ထူးမခြားနားပါပဲ။ ကျုပ်က ခင်ဗျားထိုးတာကို ခံပြီးပြီဆိုတော့ အခု ကျုပ်ရဲ့ လက်သီးကို ပြန်ခံလိုက်ဦး "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လက်သီးဆုပ်ကာ ထိုးလိုက်တော့သည်။
ဘုန်း ...
ချက်ချင်းပင် ကြောက်မက်ဖွယ် အားတစ်ခုက ပုံရိပ်ယောင်နှင့် ထိသွား၏။
တခဏအတွင်းမှာပင် ထိုလက်သီးချက်အားက ပုံရိပ်ယောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်သွားသဖြင့် ပုံရိပ်ယောင်မှာ ပြိုကွဲသွားတော့သည်။
သို့သော် လက်သီးချက်က ထိုနေရာတွင် ရပ်မသွားဘဲ အားပြင်းပြင်းဖြင့် ရှေ့ဆက်တိုးသွားကာ ကံတရားမျှော်စင်၏ နံရံနှင့် ပြင်းထန်စွာ ထိသွားတော့သည်။
ဘုန်း ...
စူးရှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်လာပြီး ပထမထပ်ရှိ မရေမတွက်နိုင်သော အကာအကွယ်အစီအမံများ အားလုံး လင်းလက်သွားကာ လက်သီးချက်၏ လက်ကျန်အားကို တားဆီးရန် ကြိုးစားလိုက်ကြသည်။
သို့သော် ..
ခွမ်း ... ခွမ်း ...
အကာအကွယ် အစီအမံများ တစ်ခုပြီးတစ်ခု ပြိုကွဲသွားကာ ပေါက်ကွဲထွက်တော့မလို ဖြစ်သွားသည်။