မျှော်စင် စိတ်ဝိဥာဥ် များ၏ ဒုက္ခ
Vol. 15 Ch. 201
ကံတရားမျှော်စင် တတိယထပ်၌ ...
ထိုအဆင့်သို့ ရောက်သွားသည်နှင့် ပတ်ဝန်းကျင်မှ စိတ်စွမ်းအင်များမှာ ယခင်အထပ်များနှင့်မတူဘဲ အလွန်ပေါကြွယ်ဝနေသည်ကို လောထျန်း ခံစားမိလိုက်သည်။
ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ချိန်တွင်လည်း ဤတတိယထပ်မှာ သီးသန့်ကမ္ဘာငယ် တစ်ခုအလား အဆုံးအစမဲ့ အလွန်ကျယ်ပြောနေသည်ကို တွေ့လိုက်ရ၏။
ခပ်လှမ်းလှမ်းမှ ကောင်းကင်ယံတွင်လည်း မှိန်ဖျော့ဖျော့ နဂါးအရိပ်များနှင့် ဥဒဟို ပျံသန်း ရစ်ဝဲနေကြသည့် ဖီးနှစ်ငှက်များ ရှိနေသည်။
သို့သော် .. ထိုအရာများ အားလုံးက ရုတ်ချည်း ပြန်ပျောက်ကွယ်သွားကြ၏။
" ဒီမှာလဲ ဘယ်သူမှ မရှိကြပြန်ဘူး။ သခင်ကြီးကျိုးနဲ့ သူ့လူတွေက တော်တော်မြန်ကြတာပဲ "
လောထျန်းက ဘေးဘီသို့ ဝေ့ဝဲကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထိုစဥ်မှာပင် ..
" ကံတရားမျှော်စင် ၊ တတိယထပ်ကနေ ကြိုဆိုပါတယ်.. "
တဖက်လူ စကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် လောထျန်းက အလောတကြီး ဝင်ဖြတ်ပြော၏။
" ကျုပ် အလျင်လိုနေလို့ စည်းမျဥ်းတွေကိုသာ မြန်မြန်ပြောပေးပါဗျာ "
အသံပိုင်ရှင်မှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ စကားဆက်လိုက်သည်။
" ကောင်းပြီ ၊ ဒီ တတိယထပ်ရဲ့ စည်းမျဥ်းကတော့ စိတ်စွမ်းအင်ပင်လယ် ပုံဖော်ခြင်းပဲ ။ ဒီအထပ်မှာ အရင်က လာသွားခဲ့တဲ့ အစွမ်းထက် ကျင့်ကြံသူကြီးတွေရဲ့ ထူခြားတဲ့ စိတ်စွမ်းအင်ပင်လယ် ပုံရိပ်တွေ ရှိကြတယ်။ မင်းရဲ့ စိတ်စွမ်းအင်ပင်လယ် ပုံရိပ်က ဒီဖိအားတွေကို စက္ကန့်တစ်ရာ တောင့်ခံနိုင်တာနဲ့ နောက်တဆင့်ကို ဆက်သွားလို့ရတယ် "
ထိုစကားကို ကြားသောအခါ လောထျန်း၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွား၏။
" စိတ်စွမ်းအင်ပင်လယ်ပုံရိပ် ... တကယ်လို့ စိတ်စွမ်းအင်ပင်လယ်ပုံရိပ် ရှိမထားရင်ရော ဘယ်လိုလုပ်ရမလဲ "
သူ ခပ်ရှက်ရှက်ဖြင့် မေးလိုက်သည်။
သူ စိတ်စွမ်းအင်ပင်လယ်ကို စုဆောင်းခဲ့စဥ်က လောရှောင်ရှောင်းကဲ့သို့ သားရဲမျိုး ပေါ်မလာခဲ့သလို လောရုံကဲ့သို့ ထူးဆန်းသော တောင်ကြီးမျိုး လည်း ပေါ်မလာခဲ့ပါချေ။
သူ့ထံတွင် မြောက်များစွာသော ကြယ်များမှ လွဲ၍ အခြားမရှိပါ။
အသံပိုင်ရှင်က တည်ငြိမ်စွာ ပြန်ပြော၏။
" မရှိလဲ ကိစ္စမရှိဘူး။ မင်းရဲ့ စိတ်စွမ်းအင်ပင်လယ်ကိုသာ တောင့်ခံထားပြီးတော့ အဖိနှိပ် မခံရအောင် ကြိုးစားပါ "
လောထျန်းက ခေါင်းညိတ်လိုက်သည်။
" ကျုပ် နားလည်ပါပြီ ။ ဒါဆို .. စလိုက်ကြတာပေါ့ "
အသံပိုင်ရှင်က စကားဆက်၏။
" ကောင်းပြီ ၊ လောလောဆယ် ဒီအထပ်မှာ မင်းတစ်ယောက်တည်း ရှိတာဆိုတော့ တောင့်မခံနိုင်တော့ရင် အော်သာ အော်လိုက်ပါ။ ငါ ချက်ချင်း လာတားပေးမယ် "
လောထျန်း ဦးညွှတ်၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် "
ဝီ ...
" တင်ပျဥ်ခွေထိုင်ပြီးတော့ မင်းရဲ့အစွမ်းအပြည့် သုံးပြီး စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက် ။ အခုစတော့ "
အသံပိုင်ရှင်က ပြောလိုက်သည်။
ထို့နောက်တွင်မူ လေထဲတွင် အမည်းရောင် ကျားကြီးတစ်ကောင် ပေါ်လာ၏။
လောထျန်းမှာ အချိန်မဆွဲရဲဘဲ ချက်ချင်း တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။
" ဒီအဆင့်က အရင်ဟာတွေနဲ့ တော်တော်ကွာတယ်။ ငါက တိုက်ခိုက်ရေးစွမ်းရည်မှာရော ၊ ဓားစွမ်းရည်မှာရော ကောင်းထားလို့မို့ အရင် ၂ ဆင့်ကို လွယ်လွယ်နဲ့ ဖြတ်ကျော်နိုင်ခဲ့တာ "
" ဒါပေမယ့် ငါ့မှာက ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် မရှိထားတော့ ဒီအဆင့်မှာ ငါ့ဘက်က အရေးမသာဘူး "
" ဒီတော့ စစချင်းတည်းက အစွမ်းအပြည့် သုံးမှ ဖြစ်မယ် "
လောထျန်းက ထိုသို့တွေးကာ ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး အစွမ်းပြည့်သုံး၍ စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်တော့သည်။
" အင်း .. ဒီကောင်လေးရဲ့ ပါရမီအခံကတော့ ကောင်းပေမယ့် သူ့မှာ စိတ်စွမ်းအင်ပင်လယ်ကောင်းကောင်း မရှိရှာဘူး ၊ သနားပါတယ် .. "
အသံပိုင်ရှင်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ..
ဝုန်း ..
လောထျန်းက အစွမ်းပြည့်သုံးကာ သူ့စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်သည်နှင့် ချက်ချင်းပင် သူ့ခေါင်းပေါ်၌ ကြယ်ကြီးတစ်လုံး ပေါ်လာသည်။
" ဟင် .. "
အသံပိုင်ရှင် အံ့သြမှင်သက်သွား၏။
ကြောက်မက်ဖွယ် အရောင်အဝါကို ထုတ်လွှတ်နေသည့် ကြယ်ကြီးကို ကြည့်ကာ သူ စကားမဆိုနိုင်ဘဲ တိတ်သွားတော့သည်။
အချိန်အတန်ငယ် ကြာပြီးနောက်မှသာ ..
" ချီး .. ဒီကောင်လေးပြောတာတော့ သူ့မှာ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် မရှိဘူးဆို ။ အခု ဒီဟာကြီးက ဒီ အထပ်မှာရှိတဲ့ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်တွေထဲမှာ အဆင့် ၁၀ အတွင်းတောင် ဝင်နိုင်တယ်။မဟုတ်သေးဘူး ၊ ထိပ်ဆုံး အဆင့် ၅ အတွင်းတောင် ဝင်မှာ "
အသံပိုင်ရှင်က မကျေမနပ် ပြောလိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် သူ အံ့သြမှင်သက်သွားရပြန်၏။
အဘယ့်ကြောင့်ဆိုသော် လောထျန်းခေါင်းပေါ်မှ ထူးခြားသော စိတ်စွမ်းအင်ပင်လယ် ပုံရိပ်ကြီးက တစထက်တစ ကျယ်ပြန့်လာနေသောကြောင့်ပင် ..
တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ကြယ်ပေါင်း ရာနှင့်ချီ ထွက်ဝေးလာပြီး လောထျန်းခေါင်းပေါ်တွင် အတန်းလိုက် နေရာယူနေကြ၏။
၎င်းထံမှ ထွက်နေသည့် အသံမှာလည်း ကြောက်စရာ ကောင်းလောက်အောင်ပင် ကျယ်လောင်နေသည်။
" အဆင့်၅ မဟုတ်ဘူး ၊ ဒါ သေချာပေါက် အဆင့် ၁ ပဲ။ မမစပပဲ ဒီကောင်လေးက ငါ့ကို လာနောက်နေတာလား။ ဒီ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်ကြီးက ကြောက်စရာကောင်းလိုက်တာကွာ "
အသံပိုင်ရှင်မှာ အလွန်အံ့သြတုန်လှုပ်နေတော့သည်။
သို့သော် ဤမျှနှင့် ပြီးမသွားသေးပါချေ ...
ဝုန်း ...
လောထျန်းခေါင်းပေါ်မှ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကြီးက ကျယ်သထက် ကျယ်လာကာ ကြယ်အရေအတွက်မှာလည်း မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း ဆယ်ဆခန့်ပင် တိုးလာ၏။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ် ဖိအားတစ်ခုက ပျံ့လွင့်လာသည်။
အခန်းထဲတွင် နဂိုက ရှိနေခဲ့သော အစွမ်းထက် ကျင့်ကြံသူများ၏ ဖိအားမှာ ဖိအားအသစ်အောက်တွင် ချက်ချင်းပင် ပြိုကွဲသွားကြ၏။
၎င်းကို မြင်သောအခါ အသံပိုင်ရှင် အလွန်ကြောက်လန့်တုန်လှုပ်သွားတော့သည်။
" မဖြစ်ဘူး ၊ ဒီတိုင်း ဆက်သွားရင် ဒီမှာရှိတဲ့ ဖိအားတွေအကုန်လုံး သူ့ကြောင့် ပျက်စီးကုန်တော့မယ် ။ လူငယ်လေး .. မင်း အောင်မြင်သွားပြီ ၊ အခု ရပ်လိုက်တော့ "
သူ ပြောနေစဥ်မှာပင် နောက်တဆင့်သို့ တက်နိုင်သည့် တံခါးပေါက် ပေါ်လာ၏။
သို့သော် .. ထိုအချိန်တွင် လောထျန်းမှာ သူ့စိတ်စွမ်းအင်ပင်လယ် တစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်ထားသဖြင့် အခြား သူ့ဘေးမှ ဖြစ်ပျက်နေသည့် အရာများအား လုံးဝ သတိမထားမိသလို အသံပိုင်ရှင်၏ စကားကိုလည်း မကြားမိလိုက်ချေ။
" အခု ရပ်လိုက်တော့ "
အသံပိုင်ရှင်မှာ အလွန်စိုးရိမ်လာသဖြင့် လောထျန်းရှေ့သို့ သွား၍ သူ့ကို လှုပ်နှိုးရန် ပြင်လိုက်သည်။
သို့သော် ...
ဝုန်း ..
လောထျန်းခေါင်းပေါ်မှ ကြယ်ကြီးနောက်တွင် တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာ၏။
" ဘာကြီးလဲဟ "
အသံပိုင်ရှင်မှာ ထပ်မံတုန်လှုပ်သွားရပြန်သည်။
ထိုတွင်းနက်ကြီး ပေါ်လာသည်နှင့် လောထျန်းအပေါ်မှ ဖိအားကလည်း ပိုပို၍ ကြောက်စရာကောင်းလာ၏။
" ရပ်လိုက်တော့ .. ရပ်လိုက်တော့ .. "
အသံပိုင်ရှင်မှာ ထိုဖိအားကို ခက်ခက်ခဲခဲပင် ခုခံနေရလေပြီ။
သို့သော် လောထျန်းကမူ မျက်လုံးများ မှိတ်ထားဆဲပင် ...
" အစွမ်းကုန်ထုတ်သုံး ၊ အစွမ်းကုန် ထုတ်သုံး ၊ အစွမ်းကုန် ထုတ်သုံး ၊ .. အရှုံးမပေးနဲ့ "
လောထျန်းသည် သူ့စိတ်ထဲမှလည်း ထိုသို့ရေရွတ်ကာ သူ့ကိုယ်သူ အားပေးနေ၏။
ထို့နောက် သူ့စိတ်စွမ်းအင်ပင်လယ်ကိုလည်း ဆက်ထုတ်လွှတ်လိုက်သည်။
" ငါ .. မထိန်းနိုင်တော့ဘူး ၊ ချီး ... ရပ်လိုက်တော့ ... "
နောက်ဆုံးတွင်မူ အသံပိုင်ရှင်မှာ လောထျန်း၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်မှ ဖိအားကို ဆက်မခံနိုင်တော့ဘဲ သတိမေ့ လဲကျသွားတော့သည်။
သူ သတိမေ့မသွားခင် နောက်ဆုံး စက္ကန့်တွင်မူ ကြယ်ပင်လယ်ကြီးကို ရေးရေးမျှ မြင်သွားခဲ့ရ၏။
ဤသို့ဖြင့် စက္ကန့်တစ်ရာ ကုန်လွန်သွားပြီးနောက် ...
" အင်း .. ဒီလောက်ဆို အချိန်စေ့ပြီမလား "
လောထျန်း၏ မျက်လုံးများ ပွင့်လာကြသည်။ သို့သော် .. ထိုအချိန်တွင် သူ့ဘေး၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေတော့ချေ။
အစောက လေထဲတွင် ရှိနေခဲ့ကြသည့် ထူးဆန်းသော အရိပ်များလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ကြလေပြီ။
" စိတ်ဝိဥာဥ်ကြီး ၊ ကျုပ် နောက်တစ်ဆင့်ကို သွားလို့ရပြီလား "
လောထျန်းက မေးလိုက်သည်။
သို့သော် .. မည်သည့် တုန်ါပြန်သံကိုမှ ပြန်မကြားရပါ။
" စိတ်ဝိဥာဥ်ကြီး ၊ ရှိနေသေးလားဗျ။ တကယ်လို့ ကျုပ် အောင်မြင်သွားပြီဆို ဆုတွေဘာတွေရော ရဦးမှာလား "
သူ ဆက်မေး၏။
သို့သော် ..သူ့ဘေးမှ အရာအားလုံးက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။
" ချီး .. ဘာဆုမှ မရှိတဲ့ပုံအဲ။ အမြင်ကတ်စရာ ကောင်းလိုက်တာ "
လောထျန်း တီုးတိုးရေရွတ်ကာ အထွန့်တက်လိုက်သည်။
" အပေါ်ထပ်ကို သွားတဲ့ တံခါး ပွင့်နေလို့ တော်သေးတာပေါ့။ ကဲ .. ဆက်သွားလိုက်မယ် "
လောထျန်းက ပြောပြောဆိုဆို ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
ဤသို့ဖြင့် လောထျန်းထွက်သွားပြီး အချိန်အတန်ကြာမှသာ အစောက အသံပိုင်ရှင် ပြန်သတိရလာ၏။
" %&$&# ငါက သေပြီလို့တောင် ထင်နေခဲ့တာ။ ဒီကောင်လေးက လူရော ဟုတ်သေးရဲ့လား။ အပေါ်ကကောင်တွေကို ဂရုစိုက်ဖို့ သတိပေးရမယ် "
တဖက်မှ ကံတရားမျှော်စင် လေးထပ်မြောက်တွင်မူ ...
အမျိုးသမီးတစ်ယောက်က လောထျန်းအား မျက်နှာတည်ဖြင့် သေချာစိုက်ကြည့်နေသည်။
" စိတ်ဝိဥာဥ်ကြီး ၊ ဘာပြဿနာ ရှိလို့လဲ။ ကျုပ်ကို အဲ့လိုကြီး ကြည့်နေတာ ကြာလှပြီ။ ဘာဖြစ်လို့ တစ်ခုခု မပြောတာလဲ။ ဒီအထပ်ရဲ့ စည်းမျဥ်းတွေကရော ဘာလဲ။ ဆုတွေဘာတွေရော ရဦးမှာလားဗျ "
လောထျန်းက မေးခွန်းများ ဆက်တိုက်မေးလိုက်သည်။
အမျိုးသမီးက ထိုအချိန်မှသာ တစ်လုံးချင်း ပြန်ပြောလာ၏။
" ဒီအဆင့်က လူတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းကို စစ်ဆေးတာ ။ ဒါပေမယ့် .. ငါ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းကို မစစ်ဆေးချင်ဘူး "
လောထျန်း အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။
" ဟင် ..ဘာဖြစ်လို့လဲ "
အမျိုးသမီးက ခေါင်းမော့၍ လောထျန်း၏ ခေါင်းပေါ်သို့ ကြည့်လိုက်သည်။
ဤအဆင့်တွင် ရှိနေသော မျှော်စင်စိတ်ဝိဥာဥ်တစ်ကောင်ဖြစ်သည့် သူမသည် စိတ်ဝိဥာဥ်များအကြောင်းကို ကျွမ်းကျင် ပြီး တဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်းက မည်မျရှိသည်ကို တစ်ချက်တည်း ကြည့်ရုံဖြင့်ပင် ပြောနိုင်သူ ဖြစ်ပါသည်။
သို့သော် ယခု သူမရှေ့မှ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း အဆုံးသတ်ကို လုံးဝ မမြင်ရချေ။
လောထျန်း ထုတ်လွှတ်ထားခဲ့သည့် ရှေ့မှ စိတ်ဝိဥာဥ်အစွမ်းသည်ပင် သူမကို ေကြာက်ရွံ့တုန်လှုပ်သွားအောင် လုပ်နိုင်စွမ်း ရှိနေပေသည်။
အကယ်၍ လောထျန်းအား ယခင်နည်းလမ်းများအတိုင်းသာ စစ်ဆေးကြည့်ပါက သူမ သေသွားရမည်ကိုပင် စိုးရိမ် ကြောက်ရွံ့စရာ ဖြစ်ပါသည်။
သူမ ဘဝတလျှောက်တွင် ဤမျှ အစွမ်းထက်သည့် လူတစ်ယောက်ကို လုံးဝ မမြင်ဖူးခဲ့ချေ။
" မင်းကို ခြွင်းချက်ထားပြီး တစ်ခါတည်း အမှတ်ပြည့် ပေးလိုက်မယ် "
အမျိုးသမီးက ပြောလိုက်သည်။
လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။
" တကယ်လား .. အဲ့လိုလုပ်လို့ ရတယ်ပေါ့ ။ စိတ်ဝိဥာဥ်ကြီးက သိပ်ကို ကြင်နာတတ်တဲ့သူပဲဗျာ "
ကြင်နာတတ်သူ တဲ့လား ...
အကယ်၍ အခြားသူများသာ လောထျန်း၏ စကားကို ကြားသွားပါက သွေးပင် အန်ကြမည်လား မပြောတတ်ပေ။
ယခင်က ဆုမီတောင် ဖွင့်ခဲ့သည့် အချိန်များအတွင်း ဤအထပ်သို့ ရောက်လာနိုင်ခဲ့ကြသူ အချို့ ရှိပါသည်။
သို့သော် .. ထိုအထဲမှ တစ်ဝက်ကျော်လောက်မှာ အမျိုးသမီး၏ လက်ချက်ဖြင့် သေခဲ့ကြရသည်ချည်းသာ ဖြစ်၏။
ယခု လောထျန်းရှေ့တွင် ရှိနေသည့် စိတ်ဝိဥာဥ်မှာ မျှော်စင်တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး လူသတ်အရိပ်အငွေ့ ရှိသူပင်။
" သွား သွား .. အပေါ်ထပ်ကို မြန်မြန်သွားတော့ "
အမျိုးသမီးက အပေါ်ထပ်တက်သည့် တံခါးကို ချက်ချင်း ဖွင့်ကာ ပြောလိုက်သည်။
သူမ လောထျန်းအား ဤနေရာတွင် ဆက်မနေစေချင်ပါ။
အဘယ့်ကြောင့်ဆိုသော် အတက်အကျ ဖြစ်နေသော လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက စိတ်ဝိဥာဥ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူမကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်၍ ဖြစ်ပါသည်။
လောထျန်းက တံခါးပေါက်ကို တစ်ချက်လှည့်ကြည့်ကာ ပြောလာ၏။
" ဆုကရော ဘယ်မှာလဲဗျ "
အမျိုးသမီး လန့်သွားကာ သူမနောက်မှ အမည်းရောင် ပုံးတစ်ခုကို ချက်ချင်း ထုတ်ပေးလိုက်သည်။
" ဒီမှာ .. "
" တစ်ခုတည်းလား .. "
လောထျန်း အံ့အားသင့်သွား၏။ သူ စိတ်ခံစားချက်များ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် သူ့ စိတ်ဝိဥာဥ်အစွမ်းကလည်း တိုးလာသည်။
အမျိုးသမီးမှာ အလွန်ကြောက်လန့်သွားကာ နောက်ထပ် ဆယ်ပုံးကျော် ထပ်ထုတ်ပေးလာ၏။
" ဒါ ရှိသမျှ အကုန်ပဲ ၊ အားလုံးယူပြီး မြန်မြန်သာ သွားပါတော့ "