ကံကြမ္မာ ကျမ်းစာအုပ်
Vol. 15 Ch. 202
လောထျန်းက သူ့ရှေ့မှ ပုံးများကို တအံ့တသြ မေးလိုက်သည်။
" အထဲမှာ ဘာတွေ ပါလဲဗျ "
အမျိုးသမီးက ပြန်ပြော၏။
" နောက်မှ ကိုယ့်ဟာကိုယ် ကြည့်လိုက်ပါ ။ ခုတော့ မြန်မြန်သွားတော့"
လောထျန်းက ထပ်ပြောသည်။
" ဒါပေမယ့် ကြည့်ရတာ ဖွင့်ဖို့ သော့လဲ မပါဘူး "
အမျိုးသမီးက မြန်မြန် ပြန်ပြော၏။
" သော့က မျှော်စင်ထဲမှာ မဟုတ်ဘူး။ ဆုမီတောင်ပေါ်မှာ ရှာတွေ့လိမ့်မယ်။ မြန်မြန်သွားပါတော့ "
လောထျန်းက မသွားသေးဘဲ မျက်မှောင်ကြုံ့ကာ ဆက်ပြောလာသည်။
" ဒါပေမယ့် ဆုမီတောင်က အကျယ်ကြီးပဲလေ။ ဘယ်မှာ သွားရှာရမှာလဲ "
အမျိုးသမီးမှာ ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက် သံလိုက်အိမ်မြှောင်တစ်ခု ကမ်းပေးကာ ပြော၏။
" ဒီဟာက သော့တွေ ဖွက်ထားတဲ့ လျှို့ဝှက်နေရာကို လမ်းပြပေးလိမ့်မယ်။ မြန်မြန် သွားပါတော့ဟယ် "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ သံလိုက်အိမ်မြှောင်ကို လှမ်းယူလိုက်သည်။
" ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ စိတ်ဝိဥာဥ် ကြီးက တကယ် သဘောကောင်းတာပဲ "
သူက ထိုသို့ပြောကူ အမျိုးသမီးအနားသို့ သွား၍ လက်ဆွဲနှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။
သို့သော် .. အမျိုးသမီးက အလွန်ကြောက်ရွံ့နေဟန်ဖြင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားပြီး ပြော၏။
" ဒီနားကို မလာခဲ့နဲ့ ၊ မြန်မြန်သာ သွားပါတော့ ။ ငါတောင်းပန်ပါတယ် "
လောထျန်းမှာ နားမလည်နိုင် ဖြစ်သွားကာ ခေတ္တမျှ မှင်သက်သွားသည်။ ထို့နောက်မှ ပြောလိုက်၏။
" ကောင်းပါပြီ ၊ ကံကောင်းရင် ပြန်ဆုံကြတာပေါ့ဗျာ "
သူက ထိုသို့ပြောပြီးနောက် နောက်တစ်ဆင့်သို့ သွားသည့် ဝင်ပေါက်ထဲသို့ ခြေချလိုက်တော့သည်။
သူ ထွက်သွားပြီးသည်နှင့် အမျိုးသမီးစိတ်ဝိဥာဥ်မှာ ကြမ်းပြင်ပေါ်သို့ ချက်ချင်း ခွေကျသွားကာ ငိုကြွေးလိုက်၏။
" ငါ့မှာ ကြောက်လိုက်ရတာ ။ ဒီလို ကြောက်စရာလူကို ဘယ်မိသားစုက မွေးထားတာလဲ။ ဒီတစ်ခါတော့ ငါ သေရတော့မယ်လို့တောင် ထင်နေခဲ့တာ "
သူမသညိ စိတ်ဝိဥာဥ်ကို အထူးပြု ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် လူတစ်ယောက်ကို ကြည့်လျှင် အပေါ်ယံ ရုပ်ရည်သွင်ပြင်ကို မကြည့်ဘဲ ထိုသူတို့၏ စိတ်ဝိဥာဥ်ကိုသာ ကြည့်လေ့ ရှိပါသည်။
လောထျန်းသည် အများအမြင်တွင်မူ ရုပ်ရည်ချောမော ခန့်ညားသည့် လူငယ်လေးတစ်ယောက်အနေဖြင့်သာ ရှိမည်ဖြစ်သော်လည်း ...
သူမ၏ မျက်လုံးထဲတွင်မူ သူသည် ကောင်းကင်နှင့် မြေကြီးသို့တိုင် ထိနေပြီး ပါးစပ်တစ်ခုလုံး အစွယ်များဖြင့် ပြည့်နေသည့် ကြောက်မက်ဖွယ် ရှေးဟောင်း သားရဲကြီးတစ်ကောင် ဖြစ်နေ၏။
သူ တစ်ကိုက် ကိုက်လိုက်ရုံဖြင့်ပင် သူမတစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မလိုပင် ။
ထို့ကြောင့်လည်း သူမ အလွန်ကြောက်ရွံ့နေခဲ့ရခြင်း ဖြစ်ပါသည်။
ထိုစဥ် .. တဖက်မှ လောထျန်းမှာ ကံတရားမျှော်စင်၏ ပဥ္စမထပ်သို့ ရောက်သွား၏။
ထိုအထပ်တွင်မူ လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ကာ ဖတ်နေသည့် ပညာရှိနှင့်တူသော လူကြီးတစ်ယောက် ရှိနေသည်။
လောထျန်း တက်လာသည်ကို မြင်သောအခါ ထိုလူ အလွန်အံ့အားသင့်သွား၏။
" မင်းက ဒီအထပ်ကို တကယ်ကြီး တက်လာနိုင်တယ်ပေါ့ "
သူ အံ့သြတကြီး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" အောက်ထပ်မှာ ရှိကြတဲ့ သူတွေရဲ့ အကူအညီကြောင့်မို့သာ ဒီအထိ တက်လာနိုင်တာပါဗျာ "
သူ့စကားကြောင့် ပညာရှိ အံ့သြမှင်သက်သွားရပြီး အပြုံးဖြင့် ဆိုသည်။
" အောက်ထပ်က လူတွေရဲ့ အကူအညီကြောင့်မို့ ..ဟုတ်လား ။ ထားပါလေ တခြားသူတွေအကြောင်း မပြောချင်ပါဘူး။ ဒါပေမယ့် ဟို ကလေးမလေး ရှောင်ဟွင်း ဆိုရင် တခြားသူတွေကို နည်းနည်းလေးတောင် ဂရုစိုက်တတ်တဲ့ သူ မဟုတ်ဘူး ။ ထားပါ .. မင်း သိထားသင့်တာတစ်ခုက လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကာလအတွင်းမှာ ဒီအထပ်အထိ တက်လာနိုင်တာ မင်းက သုံးယောက်မြှောက်ပဲကွ။ အဲ့တော့ ကိုယ့်ကိုကိုယ် အရမ်းကြီး မနှိမ့်ချပါနဲ့ "
သူ့စကားဆုံးသောအခါ လောထျန်း အံ့သြမှင်သက်သွား၏
" လွန်ခဲ့တဲ့ နှစ်ထောင်ချီအတွင်းမှာ ကျုပ်က သုံးယောက်မြောက် .. ဟုတ်လား ။ ဟို အဘိုးကြီး ကျိုးနဲ့ တခြားသူတွေကရော "
သူ တအံ့တသြ မေးလိုက်သည်။
" အဘိုးကြီး ကျိုး .. သူက ဘယ်သူလဲ "
ပညာရှိကလည်း အံ့သြတကြီး ပြန်မေး၏။
ထိုအချိန်မှသာ လောထျန်းတစ်ယောက် အခြေအနေကို ရုတ်တရက် နားလည်သွားတော့သည်။
" ချီး .. ငါက နောက်ကျနေလို့ လမ်းတလျှောက်လုံး တခြားသူတွေကို မတွေ့ခဲ့ရတာလို့ ထင်နေတာ။ လက်စသတ်တော့ ငါက အစောဆုံး ဖြစ်နေတာပဲ "
ထိုတခဏတွင် သူ ရယ်ရမလို ၊ ငိုရမလို ဖြစ်သွား၏။
တဖက်မှ ပညာရှိက ပြောလိုက်သည်။
" ကဲ .. မင်းလဲ ရောက်နေပြီဆိုတော့ စည်းမျဥ်းတွေအကြောင်းကို အရင်ပြောကြတာပေါ့။ ငါခုနက ပြောခဲ့သလိုပဲ ၊ဒီကို မင်းထက် အရင်ရောက်လာတဲ့သူ နှစ်ယောက် ရှိတယ်ကွ။ အခု သူတို့တွေ ဘယ်လိုဖြစ်သွားကြလဲ ဆိုတာရော သိလား "
လောထျန်း ခေါင်းယမ်းပြလိုက်သည်။
" ကျုပ် မသိဘူးဗျ "
ပညာရှိက စကားဆက်၏။
" အဲ့နှစ်ယောက်ထဲက တစ်ယောက်ကတော့ ကပျက်ကချော် ဓားသမားတစ်ယောက်ပေါ့ကွာ ။ သူက ဒီကိုရောက်လာပြီးတော့ အရက်နည်းနည်းပဲ သောက်ပြီး ပြန်သွားတာ "
ထိုစကားကို ကြားသောအခါ လောထျန်း အနည်းငယ် အံ့အားသင့်သွားပြီး မေးသည်။
" ဘာဖြစ်လို့လဲဗျ "
ပညာရှိက ပြန်ဖြေ၏။
" ဘာလို့လဲဆိုတော့ သူက ဒီအဆင့်ရဲ့ ခက်ခဲပုံကို တွေ့ပြီး လက်လျှော့သွားလို့ပဲကွ "
လောထျန်းက ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ဆက်မေးသည်။
" ဒါဆို နောက်တစ်ယောက်ကရောဗျ "
ပညာရှိက သူ့ညာဘက်လက်ဖြင့် တစ်နေရာသို့ လက်ညိုးညွှန်ပြ၏။
" ဟိုမှာ "
လောထျနိး ခေါင်းလှည့်ကြည့်လိုက်သည်။
ပညာရှိ ညွှန်ပြသည့် နေရာရှိ ကြမ်းပြင်ပေါ်တွင်ကား အလောင်းတစ်လောင်း ရှိနေ၏။ ထိုလူ သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီမှန်း သိသာသော်လည်း သူ့အလောင်းကမူ ပုပ်ပွနေခြင်း အလျင်းမရှိပါ။
ပညာရှိက စကားဆက်သည်။
" အဲ့လူက ကျုံ့ကျိုးဒေသက အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲ ။ အင်မတန် ပါရမီထူးပြီး အင်အားကြီးတယ်။ သူ သေသွားခဲ့တာ နှစ်တွေ ဒီလောက်အများကြီး ကြာနေတာတောင် သူ့ခန္ဓာကိုယ်ကို မသေမျိုးအဖြစ် လုပ်ထားနိုင်တုန်းပဲ "
လောထျန်း အံ့အားသင့်သွားကာ မေးလိုက်သည်။
" သူက ဘယ်လို သေသွားခဲ့တာလဲဗျ "
" ဘာလို့လဲဆိုတော့ သူက ဒီအထပ်က စိန်ခေါ်မှုကို မအောင်မြင်ခဲ့လို့ပဲ "
ပညာရှိက ပြောပြလိုက်သည်။
လောထျန်းက သူ့ကိုကြည့်ကာ ဆက်မေး၏။
" ဒီအထပ်က စိန်ခေါ်မှုက ဘာလဲဗျ "
ပညာရှိက အပြုံးဖြင့် ပြောလိုက်သည်။
" မစိုးရိမ်ပါနဲ့ကွာ ၊ အခု ခဏထိုင်ဦး။ငါ မင်းသောက်ဖို့ လက်ဖက်ရည်ကြမ်း လုပ်ပေးမယ်။ အေးအေးဆေးဆေးပဲ စကားပြောကြတာပေါ့။ ပြီးသွားမှ မင်းအနေနဲ့ ဒီ စိန်ခေါ်မှုကို လက်ခံမလား ၊ အလျှော့ပေးပြီး ထွက်သွားမလားဆိုတာ ဆုံးဖြတ်ပေါ့ "
သူ့စကားကို ကြားပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်ပြီး ခုံတစ်လုံး ဆွဲယူကာ ထိုင်လိုက်သည်။
တဖက်မှ ပညာရှိကမူ လောထျန်းကိူ ကျောပေးကာ ရေနွေးအိုး စတည်နေ၏။
ထိုသို့ လုပ်နေရင်း သူ ပြောသည်။
" ဒီ ကံတရားမျှော်စင်က အရင် ပိုင်ရှင်ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်း ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာဖို့အတွက် တည်ဆောက်ခဲ့တာကွ "
" ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ နှစ်တွေထောင်ချီ ကြာသွားခဲ့တာတောင် အဲ့လိုလူ တစ်ယောက်မှ ပေါ်မလာခဲ့ဘူး "
လောထျန်းမှာ ပညာရှိ၏ ကားကို နားထောင်နေရင်း အနည်းငယ် ပျင်းလာ၏။ထိုစဥ် မလှမ်းမကမ်းတွင် ရှိနေသော သလင်းကျောက် တစ်ခုကဲ့သို့ ကြည်ရှင်းတောက်နေသည့် စာအုပ် တစ်အုပ်ကို သူ ရုတ်တရက် တွေ့သွားသည်။ သူ ထိုစာအုပ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။
ထိုစဥ် တဖက်မှ ပညာရှိက စကားဆက်သည်။
" ဒီ ကံတရားမျှော်စင်ရဲ့ အမွေအနှစ်က အင်မတန် အစွမ်းကြီးတယ်ကွ ။ ဒီအမွေအနှစ်ကို ရသွားတာနဲ့ မင်းမှာ အစွမ်းကြီးတဲ့ အစွမ်းတစ်ခုကို ပိုင်ဆိုင်သွားလိမ့်မယ် "
" ဟုတ်ကဲ့ "
လောထျန်းက ခေါင်းညိတ်လိုက်ပြီး စာအုပ်ကို ဖွင့်ကာ ဖတ်ကြည့်လိုက်သည်။
ပညာရှိက စကားဆက်၏။
" ဒါပေမယ့် အဲ့လိုအင်အားကြီးတဲ့ အစွမ်းတစ်ခုကို ပိုင်ဆိုင်လိုက်ပြီဆိုတာနဲ့ ကိုယ့်အတွက် အန္တရာယ်ကလဲ အင်မတန် ကြီးသွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာကြီးထဲမှာ ဆုမီတောင်ရဲ့ အမွေအနှစ်ကို လိုချင်တဲ့သူတွေက မနည်းဘူးကွ။ သူတို့ရဲ့ အစွမ်းတွေကလဲ အင်မတန် ကြောက်စရာကောင်းကြတယ် "
" အင်း .. "
လောထျန်း စာဖတ်နေရင်း ပြောလိုက်သည်။
ပညာရှိက လောထျန်း ဘာလုပ်နေသည်ကို သတိမထားမိဘဲ ဆက်ပြော၏။
" မင်းက ဆုမီတောင်ကို လျှို့ဝှက်ဒေသတစ်ခုလို့ပဲ သိထားမှာ ။ ဒါပေမယ့် ဒီ့ထက် ပိုအစွမ်းထက်တဲ့ သူတွေကြားထဲမှာတော့ ဆုမီတောင် ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ မုန်တိုင်းတစ်ခု ဖြစ်သွားမှာ သေချာတယ် "
" အင်း .. "
လောထျန်းက စာရွက်တစ်ရွက်ကို လှန်လိုက်သည်။
ပညာရှိက စကားဆက်သည်။
" ဒါပေမယ့် ဆုမီတောင်က အဲ့လို အရေးကြီးလွန်းလို့လဲ အရင်ပိုင်ရှင်က သူ့အမွေဆက်ခံသူကို ရွေးဖို့အတွက် အများကြီး ပင်ပန်းဆင်းရဲခံခဲ့တာပဲ "
" ဟုတ်ကဲ့ "
လောထျန်းက အဘိုးအိုအား လှည့်မကြည့်ဘဲ စာအုပ်ကိုသာ တစ်ရွက်ပြီး တစ်ရွက် လှန်ရင်း ပြော၏။
" ဒီ ကံတရားမျှော်စင်မှာ ရှေ့ပိုင်းက စိန်ခေါ်မှုတွေထက် ပိုအရေးကြီးတဲ့ ၊ အဓိကအကျဆုံး အမွေအနှစ်ကတော့ ကံကြမ္မာ ကျမ်းစာအုပ်ပဲကွ "
" အဲ့လိုလား "
လောထျန်းက သံယောင်လိုက်နေ၏။
" အဲ့ဒီ ကံကြမ္မာကျမ်းစာအုပ်ကို ကံတရားက ရွေးချယ်တာ ခံရတဲ့သူတွေကပဲ ဖတ်နိုင်တယ်။ ကံတရားက ရွေးချယ်ထားတဲ့သူ မဟုတ်ရင်တော့ စာအုပ်ကို ဖွင့်လို့တောင် ရမှာမဟုတ်ဘူး။ ဒါကိုမှ အားသုံးပြီး ဖွင့်ဖို့ကြိုးစားရင် စာအုပ်ရဲ့ တိုက်ခိုက်တာကို ခံရပြီး သေချာပေါက်ကို သေသွားရလိမ့်မယ် "
" မင်းရှေ့က အရင်ရောက်လာတဲ့သူက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲပြီးတော့ စာအုပ်ကို အတင်းဖွင့်ဖို့ ကြိုးစားခဲ့လို့ နောက်ဆုံးမှာ ကံကြမ္မာ ကျမ်းစာအုပ်ရဲ့ သတ်တာကို ခံခဲ့ရတာပဲ "
လောထျန်းက သာမာန်ကိစ္စတစ်ခုကို ပြောနေသည့်အလား ပြန်မေးသည်။
" ဒါဆို အဲ့ဒီ ကံကြမ္မာစာအုပ်ကို ဘယ်မှာရှာလို့ ရလဲဗျ "
ထိုအချိန်တွင် ပညာရှိ ပြင်ဆင်နေသည့် လက်ဖက်ရည်ကြမ်းကလည်း အသင့်ဖြစ်သွားသဖြင့် သူက လက်ဖက်ရည်ခွက်ကို ကိုင်ကာ နောက်သို့ ဖြည်းဖြည်းချင်း လှည့်လာပြီး ပြော၏။
" ငါ ဒီလောက် အကြောင်းစုံ ပြောပြထားတာတောင် မင်းက လက်မလျှော့ချင်သေးဘူးပေါ့ ။ မင်းက တကယ်ကို ..... "
သူ လှည့်လှည့်ချင်းမှာပင် စာအုပ်တစ်အုပ်ကို ကိုင်ကာ ဖတ်နေသည့် လောထျန်းအား တွေ့သွားပြီး အံ့သြမှင်သက်သွားတော့သည်။
ခွမ်း ..
သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကလည်း ကြမ်းပြင်ပေါ်သို့ ရုတ်ချည်း ကျကွဲသွား၏။ သူကမူ လောထျန်းအား ပြူးကျယ်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
" ဟင် .. ဘာဖြစ်လို့လဲ "
လောထျန်းက ခွက်ကျကွဲသွားသည့် အသံကို ကြားသွားကာ ချက်ချင်း ခေါင်းမော့၍ ပညာရှိအား လှည့်ကြ ည့်လာ၏။
ပညာရှိမှာ စာအုပ်ကို တလှည့် ၊ လောထျန်းကို တလှည့် ထပ်ခါထပ်ခါ ကြည့်ရင်း တီးတိုးရေရွတ်သည်။
" ဘယ်လို .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
လောထျန်းမှာလည်း ပညာရှိ၏ အမူအရာကြောင့် အံ့အားသင့်သွားရကာ မေးလိုက်သည်။
" ဘာက ဘာလို့ မဖြစ်နိုင်တာလဲဗျ "
ပညာရှိက လောထျန်းရှေ့မှ စာအုပ်ကို ညွှန်ပြကာ အသံတုန်တုန်ဖြင့် မေး၏။
" မင်း .. ကံကြမ္မာကျမ်းစာအုပ်ကို ဖွင့်လိုက်တာလား "
ထိုစကားကို ကြားသောအခါ လောထျန်း လန့်သွားရသည်။
" ကံကြမ္မာ ကျမ်းစာအုပ် ...၊ ဒီဟာကို ပြောတာလား "
ပညာရှိက ခေါင်းညိတ်ပြ၏။
လောထျန်းက ဆက်ပြောသည်။
" ဒီဟာက ကံကြမ္မာ ကျမ်းစာအုပ်လား။ ခင်ဗျားပြောသလောက်လဲ ထုးဆန်းမနေပါဘူးဗျာ "
ထိုစဥ် ပညာရှိကြီးက ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။
" ကြိုဆိုပါတယ် သခင်ကြီး "
" ဟင် .. သခင်ကြီး .. ဟုတ်လား "
လောထျန်းက သူ့အား အံ့သြတကြီး ပြန်ကြည့်၏။
ပညာရှိကြီးက ဦးညွှတ်၍ ဆိုသည်။
" ကျုပ်တို့ရဲ့ အရင်သခင်ကြီးက အမိန့်ထုတ်ထားတာရှိတယ်ဗျ ။ ကံကြမ္မာစာအုပ်ကို ဖွင့်နိုင်တဲ့ ဘယ်သူ့ကိုမဆို ကံတရားမျှော်စင်ရဲ့ သခင်ကြီးအဖြစ် သတ်မှတ်ရမယ်တဲ့။ ဒီတော့ မျှော်စင် စိတ်ဥာဥ်တွေ ဖြစ်ကြတဲ့ ကျုပ်တို့အတွက်လဲ သခင်ကြီးပေါ့ဗျာ "
" သခင်ကြီးကို အရိုအသေ ပြုပါတယ် "
သူက ထိုသို့ပြောကာ ကြမ်းပြင်သို့ ဒူးနှစ်ဖက်လုံး ထောက်ချလိုက်ပြီး ကြမ်းနှင့် နဖူး ထိသည်အထိ ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
" ခဏ နေပါဦးဗျာ၊အရင် ပြန်ထပါဦး "
လောထျန်းက သူ့နားသို့ မြန်မြန်ပြေးသွားကာ ဆွဲထူလိုက်သည်။
ထိုအချိန်မှာပင် ...
ဝီ ...
ကံကြမ္မာကျမ်းစာအုပ်ပေါ်၌ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။