ဆုမီတောင်ကို သန့်စင်ခြင်း
Vol. 15 Ch. 203
ထိုစိတ်စွမ်းအင် အလင်းတန်းက အလင်းလုံး တစ်ခုအဖြစ် ပြောင်းလဲသွားကာ လောထျန်းရှေ့သို့ ဖြည်းဖြည်းချင်း မျောလွင့်လာသည်။
ပညာရှိမှာ ထိုအလင်းလုံးကို ကြည့်ကာ ပိုပို၍ စိတ်လှုပ်ရှားသွားဟန် တူ၏။ သူက ပြောလိုက်သည်။
" ကံကြမ္မာကျမ်းစာအုပ်ကလဲ သူ့သခင်ကို အသိအမှတ် ပြုတယ်ဗျ ။ သခင်ကြီး .. အဲ့ဒီ အလင်းလုံးကို သန့်စင်လိုက်ပါ။ ကျုပ် သခင်ကြီးရဲ့ အစောင့်အကြပ်အဖြစ် လုပ်ပေးပါ့မယ် "
လောထျန်းက ခေါင်းညိတ်ကာ သူ့ရှေ့မှ အလင်းလုံးအား စတင်သန့်စင်လိုက်သည်။
ပညာရှိက အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ချက်ချင်း ထရပ်၏။
" ငါ ဒီနေ့ကို စောင့်နေခဲ့တာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီ။ အခု ကံကြမ္မာစာအုပ်ကလဲ သူ့သခင်ကို အသိအမှတ် ပြုလိုက်ပြီဆိုတော့ ဆုမီတောင်ရဲ့ အနာဂတ်က လင်းလက်လာတော့မှာ အမှန်ပဲ "
" ကံကြမ္မာကျမ်းစာအုပ်ကို သန့်စင်ဖို့ကတော့ အချိန်ကြာကြာယူရမှာ ဆိုပေမယ့် မျှော်လင့်ချက် ရှိသွားပြီ "
ပညာရှိက ထိုသို့တွေးကာ မျက်လုံးစုံမှိတ်၍ သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။ သူ့မျက်နှာပေါ်တွင်လည်းအပြုံးတစ်ခုပေါ်လာ၏။
ထိုအချိန်မှာပင် ..
" စိတ်ဝိဥာဥ်ကြီး ၊ လာထိုင်ပါဦး "
သူ့နောက်မှ လောထျန်း၏ အသံ ထွက်လာသည်။
ပညာရှိက နောက်လှည့်ကာ ပြော၏။
" ကျေးဇူးတင်ပါတယ်သခင်ကြီး ။ ကျုပ် မထိုင်သေးပါဘူးဗျာ။ သခင်ကြီး ကံကြမ္မာကျမ်းစာအုပ်ကို မြန်မြန် သန့်စင်သင့်တယ်နော် "
လောထျန်းက ပြန်ပြောလိုက်သည်။
" သန့်စင်ပြီးသွားပြီဗျ "
" အင် .. "
ပညာရှိကြီး အံ့သြမှင်သက်သွားရ၏။
သန့်စင်ပြီးပြီတဲ့လား ..
သူ နားကြားများ လွဲသွားလေသလား ...
ကံကြမ္မာကျမ်းစာအုပ်ကို သန့်စင်ရန်မှာ မည်မျှ ခက်ခဲကြောင်း သူ မသိဘဲ မနေပါချေ။
သူ ခန့်မှန်းတွက်ချက်ထားသည့် အတိုင်း ဆိုပါက အနည်းဆုံး သုံးရက်ခန့် အချိန်ယူမှသာ ၎င်းကို သန့်စင်၍ ပြီးနိုင်မည် ဖြစ်ပါသည်။
ယခုတွင်မူ မိနစ်ပိုင်းပင် မရှိသေးသော အချိန်တိုလေးအတွင်း သန့်စင်၍ ပြီးသွားပြီတဲ့လား ..
သူ့ကို နောက်နေသည်များလား ..
လောထျန်းမှာ ပညာရှိက မယုံကြည်နိုင် ဖြစ်နေသည်ကို မြင်သဖြင့် လက်တစ်ဖက် ဝေ့ယမ်းပြလိုက်သည်။အလင်းလုံးက သူ့လက်ပေါ်တွင် ပေါ်လာကာ သူ့ထိန်းချုပ်မှုကို အပြည့်အဝ နာခံဟန် ပြနေ၏။
ထိုမြင်ကွင်းကြောင့် ပညာရှိကြီး အလွန်အံ့သြတုန်လှုပ်သွားတော့သည်။
" တကယ်ကြီး သန့်စင်လို့ ပြီးသွားတာပဲ .. "
ထိုတခဏတွင် သူ လောထျန်းကို ကြည့်သည့်အကြည့်မှာ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားခဲ့လေပြီ။
" ဒီလောက်အချိန်တိုလေးနဲ့ လုပ်နိုင်တာ .. ဒေါသတောင် ထွက်ချင်စရာကြီး "
သူ့စိတ်မှလည်း တွေးလိုက်၏။
" ဒါနဲ့ .. ဒါက ဘာလဲဗျ "
ထိုစဥ် လောထျန်းက သိချင်စိတ်ဖြင့် မေးလာသည်။
လောထျန်း၏ မေးခွန်းကို ကြားမှသာ အချိန်အတန်ကြာ အံ့သြမှင်သက်နေခဲ့သည့် ပညာရှိကြီး အသိပြန်ဝင်လာပြီး ပြောပြလိုက်သည်။
" သခင်ကြီး ၊ အဲ့ဒါက ဆုမီတောင်ရဲ့ အဓိက ဗဟိုချက်ပဲဗျ "
" ဆုမီတောင်ရဲ့ အဓိက ဗဟိုချက် ..ဟုတ်လား "
လောထျန်း အံ့အားသင့်သွားရပြန်၏။
ပညာရှိကြီးက ရှင်းပြသည်။
" ဟုတ်တယ်ဗျ ။ တကယ်တော့ ဆုမီတောင်က မသေမျိုး လက်နက်တစ်ခုပဲ။ သခင်ကြီးအနေနဲ့ ဒီ မသေမျိုးလက်နက်ကို သုံးဖို့ဆိုရင် ဗဟိုချက်ကို သန့်စင်ထားဖို့ လိုတယ် "
လောထျန်း အံ့သြတကြီူ ထပ်မေး၏။
" မသေမျိုးလက်နက် .. ဟုတ်လား ။ တောင်ကြီးတစ်ခုလုံးက လက်နက်တစ်ခုပေါ့ "
ပညာရှိက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက ကံကြမ္မာကျမ်းစာအုပ်ကို လှမ်းကြည့်ရင်း မေး၏။
" သခင်ကြီး ဒီ ကံကြမ္မာကျမ်းစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို ဖတ်ပြီးသွားပြီလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ကျုပ် ဖတ်ပြီးသွားပြီ ။ ဒါပေမယ့် နားတော့မလည်ဘူး ။ စာအုပ်တစ်အုပ်လုံးမှာ အဓိပ္ပါယ်ဖော်ရခက်တဲ့ အရုပ်ပုံတွေနဲ့ချည်းပဲ ရေးထားတာဗျ "
ပညာရှိက အပြုံးဖြင့် ပြန်ပြော၏။
" ဟုတ်တယ်ဗျ ။ ကျုပ်တို့ရဲ့ အရင်သခင်ကြီး ရေးခဲ့တဲ့ ဒီ ကံကြမ္မာကျမ်းစာအုပ်က တားမြစ်မန္တန်တစ်ခုပဲ ။ ကံတရားနဲ့ တစ်သားတည်းဖြစ်ဖို့ အရွေးခံထားရတဲ့သူ မဟူတ်ဘဲ ဒီစာအုပ်ကို အတင်းဖတ်ဖို့ ကြိုးစားရင် ချက်ချင်း အသတ်ခံရမှာ "
" ဒါပေမယ့် တစ်ယောက်ယောက်က ဒီမန္တန်တွေ အားလုံးကို ဖတ်နိုင်ရင်တော့ ကံကြမ္မာကျမ်းစာအုပ်ကို ချုပ်နှောင်ထားတဲ့ ကန့်သတ်ချက်တွေ အကုန် ပြေလျော့သွားပြီး ဆုမီတောင်ရဲ့ ဗဟိုချက်ကလဲ လွတ်လပ်သွားတယ် "
" အခု သခင်ကြီးက ဆုမီတောင်ရဲ့ ဗဟိုချက်ကို သန့်စင်ပြီးသွားပြီဆိုတော့ ဆူမီတောင် တစ်ခုလုံးက သခင်ကြီးရဲ့ အပိုင် ဖြစ်သွားပြီဗျ "
ပညာရှိက ထိုသို့ပြောကာ ဦးညွှတ်၍ အရိုအသေ ထပ်ပေးလိုက်ပြန်သည်။
လောထျန်းမှာ ထိုအချိန်မှသာ အတွေးရသွားပြီး မျက်လုံးမှိတ်၍ စစ်ဆေးကြည့်လိုက်၏။ သူနှင့် ဆူမီတောင်တို့ကြားတွင် ဆက်နွယ်မှုတစ်ခု အမှန်တကယ် ရှိနေပေသည်။
" တကယ်ကြီးပဲ ... "
သူ အံ့သြတုန်လှုပ်သွားရသည်။
" သခင်ကြီး ၊ ကျုပ် သတိပေးချင်တာလေး တစ်ခုတော့ ရှိပါတယ်။ ဆုမီတောင်က သခင်ကြီးရဲ့အပိုင် ဖြစ်သွားပြီ ဆိုပေမယ့် လက်ရှိမှာ ဆုမီတောင်ကို ဒီကနေ နေရာမရွှေ့ပါသေးနဲ့ဦး "
ပညာရှိက ပြောလိုက်သည်။
" ဘာဖြစ်လို့လဲဗျ "
လောထျန်းက သူ့ကိုကြည့်ကာ မေး၏။
ဆုမီတောင်က သူ့အပိုင် ဖြစ်နေပြီဆိုလျှင် မည်သည့်အတွက်ကြောင့် သူနှင့်အတူ ယူသွား၍မရပါသနည်း။
ပညာရှိက မြန်မြန် ပြန်ရှင်းပြလိုက််သည်။
" ဘာလို့လဲဆိုတော့ အရင် သခင်ကြီးက အဝါရောင် ရေပူစမ်းပင်လယ်ကို ဖိနှိပ်ဖို့အတွက် ဆုမီတောင်ကို သုံးထားလို့ပဲဗျ ။ သူ တစ်ခါ ပြောဖူးတာတော့ အဝါရောင် ရေပူစမ်းအောက်မှာ ဖိနှိပ်ထားတဲ့သူကို မဖျက်ဆီးနိုင်မချင်း ဆုမီတောင်ကို ဒီနေရာကနေ ရွှေ့လို့ မရဘူးတဲ့။ အဲ့လိုမဟုတ်ရင် ကမ္ဘာကြီးတစ်ခုလုံးကို ပျက်စီးစေနိုင်တဲ့ အဖြစ်ဆိုးတွေ ဖြစ်လာလိမ့်မယ်တဲ့ "
ထိုစကားကို ကြားသောအခါ သူ အစောပိုင်းက ကြားခဲ့ရသည့် အဝါရောင်ရေပူစမ်းပင်လယ် ဒဏ္ဍာရီများအကြောင်းကို လောထျန်း ပြန်သတိရသွား၏။
သူ မနေနိုင်တော့ဘဲ မေးလိုက်သည်။
" အဝါရောင်ရေပူစမ်းပင်လယ်အောက်မှာ ဘာတွေ ရှိတာလဲဗျ "
ပညာရှိကြီးက ရှကိသွားဟန်ဖြင့် ပြန်ဖြေ၏။
" အမှန်တိုင်းပြောရရင် ကျုပ်လဲ မသိဘူးဗျ "
" ဟင် .. မသိဘူး ... ခင်ဗျားက ဒီ မျှော်စင်ရဲ့ စိတ်ဝိဥာဥ်တစ်ကောင် မဟုတ်ဘူးလားဗျ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
ပညာရှိက ပြန်ရှင်းပြ၏။
" မဟုတ်ဘူးဗျ သခင်ကြီးရ။ ဒီ ကံတရားမျှော်စင်နဲ့ ကျုပ်တို့လို စိတ်ဝိဥာဥ်တွေအားလုံးကို အရင် သခင်ကြီးက သူ့သေလုမျောပါး ဖြစ်နေချိန်မှ ဖန်တီးခဲ့တာ "
" ကျုပ်တို့ရဲ့ စိတ်စွမ်းအင် အသိဉာဏ်တွေ လှုပ်နှိုးမခံ ရခင် အချိန်မှာတည်းက ဆုမီတောင်နဲ့ အဝါရောင် ရေပူစမ်းပင်လယ်တွေက ရှိထားပြီးသွားပြီဗျ ။ ပြီးတော့ အရင် သခင်ကြီးကလဲ အဲ့အချိန်မှာ ကုသလို့ မရတော့တဲ့ ဒဏ်ရာတွေ ရထားနှင့်နေပြီ။ ဒါ့ကြောင်မို့ သူက မသေခင်မှာ ကျုပ်တို့ကို နည်းနည်းလေးပဲ ပြောပြသွားနိုင်ခဲ့တာ "
" ကျုပ် မှတ်မိတာတော့ သူက အဲ့အချိန်တုန်းက အဝါရောင် ရေပူစမ်းပင်လယ်နဲ့ ပတ်သက်ပြီး စကားလေး နည်းနည်းပဲ ပြောခဲ့တာ။ သူ ပြောတာတော့ အဝါရောင်ရေ့ပူစမ်းပင်လယ်အောက်မှ အင်မတန် ကြောက်စရာကောင်းတဲ့ အရာတစ်ခု ရှိနေတယ်တဲ့။ သူတို့မျိုးဆက်က လူတွေကတော့ အစွမ်းကုန်သုံးတာတောင် အဲ့အရာကို ချုပ်နှောင်ရုံပဲ ချုပ်နှောင်နိုင်ခဲ့ပြီးတော့ မဖျက်ဆီးနိုင်ခဲ့ဘူးလို့ ပြောတယ် "
" ဆုမီတောင်ရဲ့ ပိုင်ရှစ်အသစ်ကသာ ဒီအရာကို ဖျက်ဆီးနိုင်ချေ ရှိလိမ့်မယ်တဲ့ "
သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားရပြန်သည်။
" အဲ့လောက်ကြီးတောင် အစွမ်းထက်တာလား "
ပညာရှိက ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ "
လောထျန်းက ခေါင်းညိတ်ကာ ဆိုလိုက်သည်။
" ကောင်းပြီလေ ၊ ကျုပ် ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်သွားတဲ့အခါကျရင် သူ့ကို သွားသတ်လိုက်မယ် "
" ဟင် .. "
ပညာရှ်ကြီးမှာ နားမလည်နိုင်ဟန် ဖြစ်သွားသည်။
အဝါရောင်ရေပူစမ်းပင်လယ်အောက်မှ အလွန်ကြောက်စရာကောင်းသည့် အရာတစ်ခုကို ကောင်းကင်ထိန်းချုပ်အဆင့်နှင့် သတ်မည်တဲ့လား ..
သူ နားကြားများ လွဲသွားလေသလား ..
ထိုစဥ် ..လောထျန်းက မျှော်စင် ၄ ထပ်မြောက်မှ အမျိုးသမီး ပေးလိုက်သည့် အမည်းရောင်ပုံး တစ်ခုကို ရုတ်တရက် ထုတ်ယူကာ မေးလိုက်သည်။
" ဒါ .. ဘာလဲဗျ "
အစောက သူ ၄ ထပ်မြောက်အဆင့်မှ ဓားပြတိုက်လာစဥ် ... မဟုတ်ငေးပါ ၊ ၎င်းမှာ သူရခဲ့သည့် ဆုများ ဖြစ်ပါသည်။
၎င်းတို့ကို ရလာစဥ် ပုံးထဲ၌ မည်သည့်အရာ ရှိမှန်း သူ သိချင်နေခဲ့သေည်လည်း စိတ်ဝိဥာဥ် အမျိုးသမီးက သူ့ကို ရှင်းပြလိုဟန် မရှိဘဲ အတင်းသာ မောင်းထုတ်ခဲ့၏။
ယခုတွင်မူ သူ မေးစရာလူ ရသွားခဲ့လေပြီ။
ပညာရှိမှာ လောထျန်းလက်ထဲမှ ပုံးအမည်းကို မြင်သည်နှင့် အံ့သြမှင်သက်သွားပြီး ပြောပြသည်။
" ဒါ .. ဒါက နှစ်တစ်ထောင်ဆေး ပဲဗျ ။ ဒါကို သောက်လိုက်တာနဲ့ ကိုယ့်ရဲ့ သက်တမ်းကို နှစ်တစ်ထောင် ထပ်ဆွဲဆန့်ပေးနိုင်တဲ့ ဆေးတစ်မျိုးပေါ့ ။ ဒါပေမယ့် ဟို စိတ်ဝိဥာဥ်အမျိုးသမီးက အပြင်လူတွေ ဒီမျှော်စင်ကို လာကြအောင် ဆွဲဆောင်ဖို့ ဆိုပြီးတော့ သော့တွေကို အပြင်မှာ သွားပစ်ထားခဲ့ တာ "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
နှစ်တစ်ထောင်ဆေး ...
မိမိ၏ သက်တမ်းကို နှစ် တစ်ထောင်ကြာ ဆွဲဆန့်ထားနိုင်သည့် ဆေးတဲ့လား ...
၎င်းမှာ ပစ္စည်းကောင်းတစ်ခုပင် ။
သူတို့ လောမိသားစုထဲမှ အကြီးအကဲအချို့မှာ အသက်များ မငယ်ကြတော့ပေရာ ထိုဆေးသာ လက်ထဲရှိထားပါက သူတို့အားလုံး စိတ်ဖြောင့်ဖြောင့်ဖြင့် နောက်တစ်ဆင့်တက်အောင် ကျင့်ကြံနိုင်ကြပေလိမ့်မည်။
ပညာရှိက လောထျန်းကို ကြည့်ကာ မေးလာ၏။
" သခင်ကြီး ၊ သော့ကို သွားရှာချင်လား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
ပညာရှိက အပြုံးဖြင့် ဆက်ပြော၏။
" ဒါဆို သော့တွေ ဖွက်ထားတဲ့ လျှို့ဝှက်နေရာဆီ သခင်လေးကို ကျုပ် လိုက်ပို့ပါ့မယ် "
လောထျန်းက ချက်ချင်း သဘောတူလိုက်သည် ။
ပညာရှိက ချက်ချင်းပင် လက်နှစ်ဖက်လုံး သုံး၍ အစီမမံများ ပြုလုပ်လိုက်၏။
ထို့နောက်တွင်မူ လောထျန်းရှေ့၌ လေထုဖြတ်လမ်းတစ်ခု ပေါ်လာတော့သည်။
" သခင်ကြီး ၊ ဒီကနေသွားလိုက်ရင် လျှို့ဝှက်နေရာကို တည့်တည့်ကြီး ရောက်သွားလိမ့်မယ်ဗျ ။ ကျုပ်တို့လို မျှော်စင် စိတ်ဝိဥာဥ်တွေက ကံတရားမျှော်စင်ကနေ ခွာလို့ မရတာမို့ သခင်ကြီးကို လိုက်မပို့ပေးနိုင်တာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဗျာ "
ပညာရှိက ပြောကာ ဦးညွှတ်လိုက်သည်။
လောထျန်းက ခေါင်းညိတ်၍ ပြန်ပြော၏။
" စိတ်မပူပါနဲ့ဗျာ ၊ ကျုပ်တစ်ယောက်တည်း သွားတတ်ပါတယ်ဗျ "
" နှုတ်ဆက်ပါတယ် သခင်ကြီး "
ပညာရှိက ထပ်ပြီး ဦးညွှတ်အရိုအသေပေးကာ လောထျန်းတစ်ယောက် လေထုဖြတ်လမ်းထဲ ခြေချလိုက်သည်အထိ စောင့်ကြည့်နေလိုက်သည်။
ထိုအချိန်မှာပင် ...
" အကိုကြီး ..ရှိလား ၊ ကျုပ်တော့ ဒုက္ခရောက်ပြီဗျ "
ပညာရှိ၏ နားထဲတွင် မျှော်စင်ပထမထပ်မှ စိတ်ဝိဥာဥ်၏ အသံကို ကြားလိုက်ရ၏။
' ဟင် .. "
ပညာရှိကြီး အံ့အားသင့်သွားကာ မျှော်စင် ပထမအထပ်သို့ ချက်ချင်း ဆင်းလာခဲ့လိုက်သည်။
" ဘာဖြစ်လို့လဲ "
ထို့နောက် ပထမထပ်မှ အလင်းလုံး စိတ်ဝိဥာဥ်ကို ကြည့်ကာ သူ မေး၏။
အလင်းလုံးက ဖျတ်ခနဲ လက်သွားပြီး တွန့်ဆုတ်ဆုတ်အသံဖြင့် ပြန်ပြောသည်။
" အကိုကြီး ၊ မျှော်စင်အစောင့်ရဲ့ ပုံရိပ်ယောင်ကို ကြည့်လိုက်ပါဦး "
ပညာရှိကြီးက ပုံရိပ်ယောင်အား တစ်ချက် လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။
" သခင်ကြီးပါလား "
ပညာရှိကြီး အံ့သြမှင်သက်သွားသည်။
" ဘာသခင်ကြီးလဲဗျ .. သခင်ကြီးက ဘယ်မှာလဲ "
အလင်းလုံး စိတ်ဝိဥာဥ်က အံ့သြတကြီး ပြန်မေး၏။
ပညာရှိက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြောလိုက်သည်။
" အဲ့ဒါတွေ နောက်မှ ပြောကြမယ်။ အခု ဒီ ပုံရိပ်ယောင်က ဘာဖြစ်လို့လဲ "
အလင်းလုံးက သက်ပြင်းချကာ ပြန်ဖြေ၏။
" ကျုပ် ဒီ ပုံရိပ်ယောင်ကို လုပ်နေတဲ့ အချိန်တုန်းက အမှားတစ်ခု လုပ်လိုက်မိတာဗျ ။ အခုတော့ သူကအရမ်းအစွမ်းနိမ့်နေတာမို့ ဘယ်သူ့ကိုမှတောင် တားနိုင်မယ် မထင်ဘူး "
ထိုအချိန်မှာပင် ကံတရားမျှော်စင် အပြင်ဘက်မှ ဆူဆူညံညံအသံများ ထွက်ပေါ်လာပြီး အစွမ်းထက်သော အရောင်အဝါ အများအပြားကို သူတို့ အာရုံခံမိသွားကြသည်။
အလင်းလုံးမှာ ရုတ်တရက် ပျာယာခတ်သွား၏။
" ကြည့်ပါဦး .. မကြာခင် လူတွေ ဝင်လာကြတော့မှာ။ ဒီ ပုံရိပ်ယောင်နဲ့ဆို ဘယ်သူ့ကိုမှ တားနိုင်မှာ မဟုတ်ဘူးဗျ "