← Chapters

ဒုက္ခရောက်သူများနှင့် အစွမ်းထက် ကျင့်ကြံသူ သုံးယောက်

Vol. 15 Ch. 206

ဒုက္ခရောက်သူများနှင့် အစွမ်းထက် ကျင့်ကြံသူ သုံးယောက်

Vol. 15 Ch. 206

ထို့နောက်တွင်မူ အလင်းလုံးက ဖျတ်ခနဲ လက်သွားပြီး လောထျန်း၏ ပုံရိပ်ယောင်ကလည်း ရပ်တန့်သွားသည်။

လျိုဝမ်ကျင့်မှာမူ သွေးများအန်နေကာ သူ့တစ်ကိုယ်လုံးမှ အရိုးတော်တော်များများလည်း ကျိုးနေခဲ့လေပြီ။

ယခုထက် နည်းနည်းလေးသာ  ပိုကြာသွားခဲ့ပါက သူ အသက်ပင် ဆုံးရလိမ့်မည်ဖြစ်သည်။

" ရော့ .. ဒီမှာ ဆုအနေနဲ့ ဒဏ်ရာပျောက်ကင်းတဲ့ဆေးလုံး ။ ဒုတိယထပ်ကို သွားလို့ရပါပြီ "

အလင်းလုံးက အနည်းငယ် ရှက်နေဟန်ဖြင့် ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် လျိုဝမ်ကျင့် ရှေ့သို့ ဆေးလုံးတစ်လုံး မျောလွင့်လာ၏။

" ကျေး .. ကျေးဇူးတင်ပါတယ် သခင်ကြီး "

လျိုဝမ်ကျင့် က အံကြိတ်ကာ ဆေးလုံးကို ယူပြီး ချက်ချင်း တန်းမြိုချလိုက်သည်။

သို့သော်  သူရထားသည့် ဒဏ်ရာများမှာ အလွန်ပြင်းထန်နေသဖြင့် ဒဏ်ရာသက်သာစေသည့် ဆေးလုံးဖြင့်ပင် သူ့ဒဏ်ရာများ ပျောက်ကင်းသည့် နှုန်းက အလွန်နှေးငွေးနေသည်။

ထို့နောက်တွင်မူ လျိုဝမ်းကျင့်က ထော့နဲ့ထော့နဲ့ဖြင့်  တစ်လှမ်းချင်းလှမ်းကာ ဒုတိယထပ်သို့ တက်သွား၏။

ပညာရှိက အလင်းလုံးအား လက်ပိုက်၍ကြည့်ကာ ပြောလိုက်သည်။

" တော်တော်အစွမ်းနိမ့်တယ်နော် .. ဟုတ်လား "

ထိုစဥ် အလင်းလုံးမှာလည်း သူ မြင်ခဲ့ရသည့် အဖြစ်အပျက်ကို မယုံနိုင်ဘဲ အလွန်အံ့သြတုန်လှုပ်နေ၏။

" ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။ သူ့အစွမ်းရဲ့ တစ်ထောင်ပုံတစ်ပုံ ကတောင် ဒီလောက် အစွမ်းထက်နေတာလား ။ သူ့ မူလခန္ဓာကိုယ်ဆို ဘယ်လောက်တောင် အစွမ်းထက်နေလိုက်မလဲ "

ပညာရှိမှာလည်း လောထျန်းနှင့် တွေ့ခဲ့စဥ်က အဖြစ်ပျက်များကို ပြန်တွေးမိသွားကာ ငူငူကြီးရပ်လျက် စဥ်းစားခန်း ဝင်လိုက်သည်။

သူတို့၏ သခင်ကြီးကို သူ လျှော့တွက်မိခဲ့လေပြီ ။

ထိုစဥ် ကံတရားမျှော်စင် အပြင်ဘက်၌ ...

ကံတရားမျှော်စင်၏ ဒုတိယထပ်သို့ တက်သော ကန့်သတ်ချက် အတားအဆီးအား ဖယ်ရှားလိုက်သည်ကို မြင်သည့်အချိန်တွင် ချင်လင်း၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။

" ဟင် ..လျိုဝမ်ကျင့်က ဒုတိယထပ်ကို တက်နိုင်ခဲ့ပြီလား ။ တော်တော်မြန်တာပဲ "

သူ ပြောလိုက်သည်။

ဖုန့်လီထျန်းကလည်း အနည်းငယ် မျက်မှောင်ကြုံ့သွားကာ ပြော၏။

" ကျုပ်က ဒီအဆင့်ကို အရမ်းခက်မယ်တောင် ထင်နေခဲ့တာ။ ဒါပေမယ့် သူက ဒီလောက်မြန်မြန်နဲ့ တက်သွားတာ ဆိုတော့ ကြည့်ရတာ လွယ်လွယ်လေးနဲ့ တူပါတယ်။ သူနဲ့ ကျုပ်နဲ့က အစွမ်းချင်း မကွာဘူးဆိုတော့ သူလုပ်နိုင်ရင် ကျုပ်လဲ လုပ်နိုင်မှာပဲ "

ချင်လင်းက ဖုန့်လီထျန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။

" ဒီတစ်ခါတော့ ကျုပ် ဂိုဏ်းချုပ်ကြီးကိုပဲ အရင်ပေးသွားလိုက်ပါမယ် "

ဤတစ်ကြိမ်တွင်မူ ချင်လင်းစိတ်ထဲတွင် အလောတကြီး သွားလိုစိတ် ရှိမနေတော့ပါ။

လျိုဝမ်ကျင့် အရင်တက်သွားပြီးကတည်းက လက်ဦးမှု ရယူနိုင်မည့် အခွင့်အရေးကို သူ ဆုံးရှုံးခဲ့ရပြီ မဟုတ်ပါလား ။

သို့ဖြစ်ရာ ဖုန့်လီထျန်းကိုသာ အရင်တက်ခိုင်းပြီး အခြေအနေကို စောင့်ကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။ သို့ဆိုလျှင် အရေးကြုံလာပါက သူ အကောင်းဆုံး တုန့်ပြန်နိုင်သွားပေမည်။

ဖုန့်လီထျန်းမှာ ချင်လင်း၏ အကြံကို သိနေသော်လည်း ဂရုမစိုက်လှပါချေ။

  " ကောင်းပါပြီ ၊ ကျေးဇူးအများကြီးတင်ပါတယ် တပ်ချုပ်ကြီး "

သူ ထိုသို့ပြောကာ ကံတရားမျှော်စင်ထဲသို့ ခြေချလိုက်သည်။

ကံတရားမျှော်စင် အတွင်းတွင်မူ အလင်းလုံးနှင့် ပညာရှိတို့ အကြိတ်အနယ် ဆွေးနွေးနေကြဆဲပင်။

" ကျုပ် မှားသွားတာ ဝန်ခံပါတယ်ဗျာ ။ ဒါပေမယ့် အခု မျှော်စင်အစောင့် ပုံရိပ်ယောင်က အရမ်း အစွမ်းထက်လွန်းနေတယ်ဗျ ။ ဒါ ကောင်းတဲ့အရာ မဟုတ်ဘူးလေ ။ ကျုပ်တို့တွေ စည်းမျဥ်းကို ပြောင်းလိုက်သင့်လားဗျ ။ ဥပမာ .. သိုင်းကွက် သုံးကွက် ခံနိုင်ရင် နောက်တစ်ဆင့်ကို တက်လို့ရမယ် ဆိုတာမျိုးပေါ့ ။ မျှော်စင်အစောင့် ပုံရိပ်ယောင်ကိုလဲ သိုင်းကွက်သုံးကွက်ပြီးတာနဲ့ ရပ်ခိုင်းလိုက်ကြမလား "

အလင်းလုံးက မေးလိုကါသည်။

ပညာရှိက ခေတ္တမျှ စဥ်းစားကာ ပြန်ပြော၏။

" အဲ့လို လုပ်လို့တော့ ရတယ် "

အလင်းလုံး ပြုံးသွားပြီး ပြောသည်။

" ဒါဆို ကျုပ် အခုချက်ချင်း ပြောင်းလိုက်တော့မယ် "

သို့သော် သူမည်သို့မှ မလုပ်ရသေးခင်မှာပင် ..

ဝုန်း ..

ဖုန့်လီထျန်းက မျှော်စင်ထဲသို့ ရောက်လာသည်။

" လျိုဝမ်ကျင့် .. မင်း အပေါ်ဆုံးထပ်ကို အရင်ဆုံးရောက်သွားမှာကိုတော့ ငါ အဖြစ်မခံနိုင်ဘူး  ။ ခုချက်ချင်းပဲ အလုပ်စမှ ဖြစ်မယ် "

သူက ပြောပြောဆိုဆိုပင် လောထျန်း၏ ပုံရိပ်ယောင်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ကံတရားမျှော်စင်၏ စည်းမျဥ်းမှာ အပြင်လူက မျှော်စင်အစောင့်အား စတင်တိုက်ခိုက်သည်နှင့် ထိုလူသည် မျှော်စင်သို့ တက်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု သတ်မှတ်လိုက်လေ့ ရှိ၏။ ထိုအခြေအနေမျိုးတွင် တဖက်လူက အရှုံးမပေးလာမချင်း မျှော်စင် စိတ်ဝိဥာဥ်အနေဖြင့် တိုက်ပွဲကို ဝင်ရောက်စွက်ဖက် တားပိုင်ခွင့် မရှိတော့ပါချေ။

၎င်းမှာ ကံတရားမျှော်စင်၏ ယခင်ပိုင်ရှင်ဟောင်းက ချမှတ်ထားသော စည်းမျဥ်းဖြစ်သဖြင့် မျှော်စင် စိတ်ဝိဥာဥ်များသည်ပင် ထိုစည်းမျဥ်းကို ပြောင်းလဲ၍ မရကြပါ။

သို့ဖြစ်သဖြင့် အလင်းလုံးမှာ တိုက်ပွဲမစခင် အ ချိန်အတွင်း မည်သို့မှ မလုပ်နိုင်ခဲ့ပေ။

" မျှော်စင်စောင့် အသစ်ပါလား  .. ၊ ဝူဟွိမသေမျိုးနန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီးက ဘယ်လောင်အစွမ်းထက်တယ်ဆိုတာကို ပြရသေးတာပေါ့ကွာ "

ဖုန့်လီထျန်း၏ စကားဆုံးသည်နှင့် အံ့မခန်း အရောင်အဝါတစ်ခုက လေထဲသို့ လွင့်တက်လာသည်။  ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီး တစ်ခုကလည်း လောထျန်း၏ ပုံရိပ်ယောင်ပေါ်သို့ ဆူနာမီလှိုင်းလုံးကြီး တစ်ခုသဖွယ် ကျလာ၏။

ထို့နောက်တွင်မူ ..

ဘုန်း ..

အသံကျယ် တစ်သံနှင့်အတူ ဖုန့်လီထျန်း၏ ခန္ဓာကိုယ်က နောက်သို့ လွင့်သွားကူ နံရံပေါ်သို့ အရှိန်ပြငါးပြင်း ရိုက်မိသွားတော့သည်။ သူ့ပါးစပ်မှ  ကျိုးနေသော သွား ၇ ၊ ၈ ချောင်းခန့်လည်း ထွက်လာကြ၏။

" ဟင် .. ဒါ .. ဘယ်လိုလုပ်ပြီး .. "

ဖုန့်လီထျန်းတစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားရသည်။

မျှော်စင်အစောင့် အသစ်မှာ ရိုးရှင်းသည့် သာမာန်လူတစ်ယောက် မဟုတ်နိုင်မှန်း သူ သိပြီးဖြစ်သော်လည်း ယခုကဲ့သို့ အစွမ်းထက်နေလိမ့်မည်ဟုမူ ထင်မထားခဲ့ပါ။

ဘုန်း ..

သူ ရှည်ရှည်ဝေးဝေး စဥ်းစားချိန် မရသေးခင်မှာပင် တဖက်မှ လောထျန်း၏ ပုံရိပ်ယောင်က သူ့ရှေ့သို့ ဝုန်းခနဲ ရောက်လာပြီး လက်သီးဖြင့် ထိုးလိုက်ပြန်၏။

" ချုပ်နှောင်စေ "

ဖုန့်လီထျန်းမှာ စဥ်းစားချိန်ပင် မရလိုက်ဘဲလက်သီးချက်ကို ကာကွယ်ရန် ချက်ချင်း တုန့်ပြန်လိုက်ရသည်။

သို့သော် ..

ဖြောင်း ..

လက်သီးချက် တစ်ချက်တည်းဖြင့် သူ့ခန္ဓာကိုယ်မှ အရိုးများစွာ ကျိုးသွားတော့၏။

ဖုန့်လီထျန်းက နာကျင်စွာ အော်ဟစ်ကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။

ထိုအချိန်မှသာ သူ့ပြိုင်ဘက်က မည်မျှ အစွမ်းထက်ကြောင်း သူ သိလိုက်ရတော့၏။

တဖက်မှ လောထျန်း၏ ပုံရိပ်ယောင်က သူ့နောက်သို့ ပြေးလိုက်လာပြန်သည်။

" ထွက်ပြေးရမယ် "

ဖုန့်လီထျန်းမှာ မည်သို့မှ မတတ်နိုင်ဘဲ ထွက်ပြေးရန် ပြင်လိုက်ရ၏။

သို့သော် .. သူ့ခန္ဓာကိုယ်အစွမ်းက လျိုဝမ်ကျင့်ထက် များစွာ ပိုအားနည်းပေရာ ..

လွတ်လမ်းက ဘယ်မှာပါနည်း။

ခပ်အုပ်အုပ် ထိုးကြိတ်သံများ ဆက်လက် ထွက်ပေါ်လာသည်။ ပညာရှိမှာ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သဖြင့် မျက်လုံးကို လက်ဖြင့်ကာထားလိုက်ရ၏။

" ဘုရားရေ ...ခုတစ်ယောက်က အစောကတစ်ယောက်ထက်တောင် အခြေအနေ ပိုဆိုးနေတာပဲ "

သူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

အလင်းလုံးမှာလည်း ဆက်မကြည့်နိုင်တော့သဖြင့် ကူကယ်ရာမဲ့စွာ အော်ပြောလိုက်သည်။

" ဟေ့ ..ခုဆို သိုင်းကွက် သုံးဆယ် ကျော်သွားပြီ ။ အခု အရှုံးပေးလိုက်ရင် နောက်တဆင့်ကို တက်လို့ရပြီ "

ထိုအသံကို ကြားသည်နှင့် ဖုန့်လီထျန်းက ချက်ချင်း အော်ပြော၏။

" အရှုံးပေးပါတယ် ၊ ကျုပ် အရှုံးပေးပါတယ် "

လောထျန်း၏ ပုံရိပ်ယောင်က လှုပ်ရှားနေရာမှ ချက်ချင်း ရပ်တန့်သွားတော့သည်။

အလင်းလုံးမှာ ဖုန့်လီထျန်း၏ ဆိုးရွားလှသော အခြေအနေကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားသလို အလွန်လည်း ရှက်သွား၏။

ဝီ ..

ဆေးလုံးနှစ်လုံးကို သယ်ဆောင်လာသည့် အလင်းတန်းတစ်ခုက ဖုန့်လီထျန်းရှေ့သို့ ရောက်လာသည်။

အမှန်တွင်မူ ဖုန့်လီထျန်း၏ လုပ်ဆောင်ချက်မှာ လိုင်ဝမ်ကျင့်လောက်ပင် မကောင်းပေရာ ဆေးလုံးနှစ်လုံးနှင့် မထိုက်တန်လှပေ။

သို့သော် သူ့အခြေအနေက အလွန်ဆိုးရွားနေသဖြင့် အလင်းလုံးက ဆေးတစ်လုံး ပိုပေးလိုက်ခြင်း ဖြစ်ပါသည်။

" သွားတော့ ၊ ဒုတိယထပ်ကို သွားတော့ "

အလင်းလုံးက ပြောလိုက်သည်။

" ကောင်းပါပြီ "

ဖုန့်လီထျန်းက ဆေးလုံးနှစ်လုံးကို ယူပြီး ချက်ချင်း မြိုချကာ သူ့ဒဏ်ရာများ အနည်းငယ် တည်ငြိမ်သွားသည်အထိ စောင့်လိုက်၏။ ထို့နောက်မှသာ ဒုတိယထပ်သို့ ခက်ခက်ခဲခဲ တက်သွားတော့သည်။

သူ ဒုတိယထပ်သို့ ရောက်သည့် အချိန်တွင်မူ သူ့နည်းတူပင် တစ်ကိုယ်လုံး သွေးများရွှဲနေပြီး နေရာတွင်ထိုင်ကာ ဒဏ်ရာများ သက်သာလာအောင် စောင့်ဆိုင်းနေသည့် လျိုဝမ်ကျင့်အား တွေ့လိုက်ရတော့၏။

" မင်းလဲ .. "

သူတို့ နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ချိန်တည်း မျက်နှာလွှဲလိုက်ကြသည်။

ကံတရားမျှော်စင်၏ အပြင်တွင်မူ ..

" ဖုန့်လီထျန်းလဲ နောက်တစ်ဆင့်ကို တက်သွားတာလား .. ။ သူက လျိုဝမ်ကျင့်ထက်တောင် ပိုမြန်သေးတယ်။ ကြည့် ရတာ ဒီ မျှော်စင်စောင့် အသစ်က ငါတို့လို အဆင့်ရှိတဲ့ ကျင့်ကြံသူတွေအတွက် အန္တာယ်မပြုနိုင်ဘူးနဲ့တူတယ် "

ချင်လင်းက တစ်ချက်ရယ်ကာ ပြောလိုက်သည်။

အကယ်၍ တစ်ယောက်တည်းကသာ နောက်တဆင့်သို့ တက်နိုင်ပါက တိုက်ဆိုင်မှုတစ်ခုဟု ပြော၍ ရသေးသော်လည်း .. ယခု နှစ်ယောက်လုံး ဆက်တိုက် အဆင့်တက်သွားကြပြီဖြစ်ရာ ထိုသို့ ပြော၍ မရတော့ပေ။

ချင်လင်း၏ မိမိကိုယ်ကို ယုံကြည်မှုများလည်း ပိုတိုးလာသည်။

ထို့နောက်တွင်မူ သူ ကံတရားမျှော်စင်၏ ဝင်ပေါက်ရှေ့သို့ သွားလိုက်ပြီး နောက်သို့ တစ်ချက်ပြန်လှည့်ကာ ပြော၏။

" ထျန်းယွမ် အစောင့်တပ်သားတို့ ၊ တကယ်လို့ ငါ နောက်တစ်ဆင့်ကို အောင်အောင်မြင်မြင်နဲ့ တက်သွားနိုင်ရင် မင်းတို့အနေနဲ့ မျှော်စင်ထဲ ဝင်ဖို့ ကြိုးစားမလား ၊ လက်လျှော့ပြီး အပြင်မှာပဲ နေမလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်လို့ရတယ် "

" ဟုတ်ကဲ့ပါ တပ်ချုပ်ကြီး "

ထျန်းယွမ် အစောင့်တပ်သားများက သံပြိုင် ပြန်ပြောလိုက်ကြသည်။

ချင်လင်းက အသံကျယ်ဖြင့် အော်ရယ်ပြီး မျှော်စင်ထဲသို့ ခြေချလိုက်၏။

ထိုစဥ် မျှော်စင် ပထမထပ်၌ ..

" အကိုကြီး .. ကျုပ်မှာက လုပ်ပိုင်ခွင့် အပြည့်မရှိဘူးဗျ ။ စည်းမျဥ်းတွေ မြန်မြန် ပြောင်းရအောင် ကျုပ်နဲ့ ခနလိုက်ခဲ့ပါဗျာ ။ မပြောင်းမိရင်တော့  ... "

အလင်းလုံးက ပညာရှိကို ကြည့်ကာ ပြောလိုက်သည်။

ပညာရှိကမူ အနည်းငယ် တွန့်ဆုတ်နေ၏။

ထိုအချိန်မှာပင် ချင်လင်းက မျှော်စင်ထဲသို့ ရောက်လာသည်။

" အိုး .. မျှော်စင်စောင့်က အသစ်ပြောင်းသွားတာပဲ "

သူ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

အလင်းလုံးက သူ ဝင်လာသည်ကို မြင်သည်နှင့် ချက်ချင်း အော်ပြော၏။

" ခဏ စောင့်ဦး "

ချင်လင်းက အလင်းလုံးကို ပြန်ကြည့်ကာ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ  ၊ ကျုပ်က အလျင် လိုနေတာဗျ .. မစောင့်နိုင်ဘူး "

သူ့စိတ်ထဲ၌မူ ..

" ငါက ထျန်းယွမ်အစောင့်တပ်ဖွဲ့ရဲ့ တပ်မှုးချုပ်ပဲ ။ ဒီတော့ နောက်တစ်ဆင့်တက်ဖို့ကို ဖုန့်လီထျန်းတို့ နှစ်ယောက်ထက် ပိုမြန်မှ ဖြစ်မယ်။ အဲ့လိုမဟုတ်ရင် ထျန်းယွမ်အစောင့်တပ်ဖွဲ့တစ်ခုလုံး မျက်နှာပျက်သွားရမှာ "

ထိုသို့ ကြိတ်တွေးနေ၏။

ထို့နောက် သူက ဆုံးဖြတ်ချက် ချပြီးဟန်ဖြင့် လောထျန်း၏ ကိုယ်ပွားအရိပ်အား ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။

၎င်းကို မြင်သောအခါ အလင်းလုံးမှာ စိတ်ပျက်လက်ပျက်သာ ခေါင်းယမ်းလိုက်တော့သည်။

" သွားပြန်ပြီ ..နောက်တစ်ယောက် "

ဘုန်း ..ဘုန်း .. ဘုန်း ...

ကံတရားမျှော်စင် ပထမထပ်မှ ပေါက်ကွဲသံများ ၊ အရိုးများ ကျိုးကြေသံများနှင့် ချင်လင်း၏ နာကျင်စွာ အော်ဟစ်ညည်းညူသံများ တောက်လျှောက် ထွက်လာတော့၏။

ဤသို့ဖြင့် ဆယ်စက္ကန့်မျှ ကြာပြီးနောက်တွင်မူ ..

" ကျုပ် အရှုံးပေးပါတယ် "

မျက်နှာတပြင်လုံး သွေးအလိမ်းလိမ်း ပေနေသည့် ချင်လင်းက လက်မြှောက်ကာ အသည်းအသန် အော်လိုက်သည်။

တဖက်မှ လောထျန်း၏ ပုံရိပ်ယောင်က တုန့်ခနဲ ရပ်သွားကာ မူလနေရာသို့ ပြန်သွား၏။

ထိုအချိန်မှာပင် အလင်းလုံးက ချင်လင်းရှေ့သို့ မျောလွင့်လာပြီး စိတ်တိုနေဟန်ဖြင့် ပြောလာသည်။

" သိပ်ကို အလျင်လိုနေတယ်ပေါ့လေ ဟုတ်လား ။ နောက်တစ်ဘဝကူးဖို့ အလျင်လိုနေတာလား။ ရော့ .. ဒီ ဒဏ်ရာသက်သာတဲ့ ဆေးကိုယူပြီး ဒုတိယထပ်ကို သွားတော့ "

" ဟုတ်ကဲ့ပါ "

ချင်လင်းမှာ ဆေးကို ယူလိုက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် ဒုတိယထပ်သို့ တက်သွား၏။

ထို့နောက်တွင်မူ ..

" ဟင် .. "

ဒုတိယထပ်သို့ ရောက်နှင့်နေကြသည့် လူနှစ်ယောက်ကလည်း ချင်လင်း တက်လာသည်ကို တွေ့သွားကြသည်။

သူတို့သုံးယောက်လုံး ချက်ချင်း ခေါင်းများငုံ့သွား၏။  ထို့နောက် မည်သည့်စကားမှ မဆိုဘဲ တိတ်တဆိတ်ထိုင်၍ ဒဏ်ရာများ သက်သာလာအောင်သာ စောင့်ဆိုင်းနေလိုက်ကြသည်။

ဒုတိယထပ် တစ်ခုလုံးတွင် မိန်းမငယ် စိတ်ဝိဥာဥ်၏ ဓားအိမ်များကို သန့်ရှင်းရေး လုပ်နေသော အသံတစ်သံတည်းသာ ထွက်ပေါ်နေသည်။

" ဟိုမှာ ကြည့်ဦးကွ ၊ တပ်ချုပ်ကြီးလဲ နောက်တဆင့်ကို မြန်မြန်ဆန်ဆန် တက်သွားပြီ။ ကြည့်ရတာ ငါတို့အတွက် မျှော်စင်ပေါ်တက်ဖို့ အခွင့်အရေး ရှိတဲ့ပုံပဲ "

ထျန်းယွမ်အစောင့်တပ်သား တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

All Chapters