← Chapters

ဒုက္ခသည် ဓားစိတ်ဆန္ဒ

Vol. 15 Ch. 207

ဒုက္ခသည် ဓားစိတ်ဆန္ဒ

Vol. 15 Ch. 207

ကံတရားမျှော်စင်ထဲမှ အလင်းလုံးက ပညာရှိကို ကြည့်ကာ ထပ်ပြောလိုက်သည်။

" အကိုကြီး ၊ စည်းမျဥ်းတွေကို မြန်မြန် ပြောင်းပစ်လိုက်ပါတော့ဗျာ ။ ခုနက သုံးယောက်က တော်တော်လေး အစွမ်းထက်ကြတာတောင် ခုလိုကြီး ဖြစ်သွားအောင် အထိုးကြိတ် ခံခဲ့ကြရတာ ။ နောက်ထပ် ပိုအစွမ်းနိမ့်တဲ့သူသာ လာရင် သေတောင် သေသွားနိုင်တယ်ဗျ "

ပညာရှိက လောထျန်း၏ ပုံရိပ်ယောင်ကို ကြည့်ကာ အတွေးနယ်ချဲ့နေ၏။

" အရင် သခင်ကြီးက ကံတရားမျှော်စင်ထဲကို လူတွေ ဝင်ခွင့်ပြုထားခဲ့တာ။ အခု သခင်ကြီး အသစ်က အရင်အမိန့်တွေကို ဘာမှ မပြောင်းထားဘူးဆိုတော့ အရင် သခင်ကြီးရဲ့ အမိန့်အတိုင်းပဲ ဆက်လုပ်သင့်တာပေါ့ "

" အရင်သခင်ကြီးက ပြောထားတာလဲ ရှိသေးတယ်။ မျှော်စင်ထဲ ဝင်လာတဲ့လူတွေအားလုံးကို သေချာ အကာကွယ်ပေးရမယ်တဲ့။ ဒီအမိန့်အတိုင်းဆိုရင် ပထမထပ်ရဲ့ အခက်ခဲကို သေချာပေါက် လျှော့ချသင့်တယ် "

ပညာရှိက ထိုသို့တွေးကာ အပြုံးဖြင့် ပြောလိုက်သည်။

" ကောင်းပြီ ၊ ဒါဆိုမင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ သိုင်းကွက် သုံးကွက်ကို ခံနိုင်တာနဲ့ နောက်တဆင့်ကို တက်ခွင့်ရမယ် "

အလင်းလုံးမှာ ထိုအချိန်မှသာ စိတ်သက်သာရာ ရကာ သက်ပြင်းချနိုင်သွား၏။

ဝီ ..

စိတ်စွမ်းအင် အလင်းတန်းတစ်ခုက လောထျန်း၏ ပုံရိပ်ယောင်ထဲသို့ ဝင်သွားပြီး စည်းမျဥ်းများ ပြောင်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် ထျန်းယွမ် အစောင့်တပ်သားတစ်ယောက်က မျှော်စင်ထဲသို့ ဝင်လာ၏။

" မျှော်စင် စိတ်ဝိဥာဥ်သခင်ကြီး ၊ ကျုပ် ကံတရားမျှော်စင် အပေါ်ကို တက်ဖို့ လာခဲ့တာပါ "

ထိုလူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အလင်းလုံးက ပြန်ပြော၏။

" ကောင်းပြီ ၊ ဒီနှစ် ကံတရားမျှော်စင် ပထမထပ်ရဲ့ စည်းမျဥ်းတွေက ပြောင်းသွားပြီ ။ မျှော်စင်အစောင့်ရဲ့ သိုင်းကွက် ၃ ကွက်ကို ခံနိုင်တာနဲ့ နောက်တစ်ဆင့်ကို တက်ခွင့်ရမယ် "

ထျန်းယွမ် အစောင့်တပ်သား ၊ ယန်ဝေ့ တစ်ယောက် အလွန် အံ့သြမှင်သက်သွားသည်။

" ဟင် .. တော်တော်ရိုးရှင်းပါလား .. "

" ဘာကွ ၊ ရိုးရှင်းတယ် .. ဟုတ်လား "

သူ့စကားကြောင့် အလင်းလုံး ဒေါသူပုန် ထသွား၏။

" ဒါဆိုလဲ အဲ့သိုင်းကွက်ကို မင်းကိုယ်တိုင် ခံစားကြည့်လိုက်ကွာ "

သူ ဆက်ပြောလိုက်သည်။

" ကောင်းပါပြီ ၊ ဒါဆို စလိုက်ကြတာပေါ့ "

ယန်ဝေ့က ရယ်သွမ်းသွေးကာ ပြောလိုက်သည်။

သုံးစက္ကန့် အကြာတွင်မူ ..

" စိတ်ဝိဥာဥ်သခင်ကြီး ၊ ကျုပ်ကို ကယ်ပါဦးဗျာ "

ကြမ်းပေါ်တွင် လဲကျကာ သေလုမျောပါး ဖြစ်နေသည့် ထျန်းယွမ် အစောင့်တပ်သားဆီမှ အသံထွက်လာ၏။

သို့သော် .. သူ သိုင်းကွက် သုံးကွက်ကိုမူ ခံနိုင်ခဲ့ပေသည်။

အလင်းလုံးမှာ အချိန်အတန်ငယ် ကြာသည်အထိ အံ့သြမှင်သက်ကာ နေရာမရွှေ့နိုင်ဘဲ ဖြစ်နေသေး၏။ ထို့နောက်မှသာ ဒဏ်ရာပျောက်ကင်းစေသည့် ဆေးလုံးတစ်လုံး ထုတ်ပေး၍ ဒုတိယထပ်သို့ တက်ခိုင်းလိုက်သည်။

ထိုထျန်းယွမ် အစောင့်တပ်သား ဒုတိယထပ်သို့ ရောက်သွားသည့် အချိန်တွင်မူ တစ်ကိုယ်လုံး သွေးများ  ရွှဲနေသည့် ချင်လင်းကို တွေ့သွားကာ အံ့သြမှင်သက်သွား၏။

" တပ်ချုပ်ကြီး .. "

ချင်လင်းမှာလည်း သူ တက်လာသည်ကို တွေ့သည့်နှင့် အံ့သြတုန်လှုပ်သွားရသည်။

" မင်း ..ဘယ်လိုလုပ်ပြီး ဒီကို တက်လာနိုင်တာလဲ "

ထိုလူက သူ ကြုံတွေ့ခဲ့ရသည့် အခြေအနေကို အတိုချုံ့ ရှင်းပြ၏။

သူ့စကားကို ကြားသောအခါ ချင်လင်းနှင့် ကျန်နှစ်ယောက်လုံး မျက်လုံးများ ပြုးကျယ်သွားကြသည်။

" ဘာ ..မင်းက သိုင်းကွက် သုံးကွက်တည်းနဲ့ တက်လာနိုင်တယ် ..ဟုတ်လား "

သူတို့ သုံးယောက်ဆီမှ တစ်ပြိုင်နက်တည်းနီးပါး  အသံထွက်လာ၏။

ထျန်းယွမ်အစောင့်တပ်သား ၊ ယန်ဝေ့ က ခေါင်းညိတ်ပြလိုက်သည်။

ချင်လင်းတို့ သုံးယောက်မှာ ခဏတာမျှ စကားမဆိုနိုင်ဘဲ ဆွံ့အနေကြ၏။

" &%$#% ငါကျတော့ ဘာဖြစ်လို့ သိုင်းကွက် ၃၀ တောင် ခံလာရတာလဲ ။ ငါ့မှာ အဲ့ကောင်ကြောင့် သေရတော့မလို့ "

" အဲ့လိုမှန်းသိရင် နောက်ကျမှ တက်လာပါတယ်ကွာ "

သူတို့သုံးယောက်ဆီမှ မကျေမနပ်သံများ ထွက်လာသည်။

" ပါးစပ်ပိတ်ထားကြစမ်း ၊ ဆူဆူညံညံ လုပ်မနေကြနဲ့ "

ထိုစဥ် ဓားအိမ်များကို သုတ်နေသည့် စိတ်ဝိဥာဥ်မိန်းကလေးက ရုတ်တရက် ဒေါသတကြီး အော်ပြောလိုက်သည်။

သုံးယောက်လုံး ချက်ချင်း အသံတိတ်သွားကြ၏။

ထိုမိန်းကလေး စိတ်ဝိဥာဥ်၏ အစွမ်းက မည်မျှကြောက်စရာကောင်းသည်ကို သူတို့ သိထားကြသည် မဟုတ်ပါလား။

ကံတရားမျှော်စင်၏ အပြင်ဘက်တွင်မူ ... ထျန်းယွမ်အစောင့်တပ်သားက ဒုတိယထပ်သို့ အောင်မြင်စွာ တက်သွားနိုင်သည်ကို မြင်သောအခါ အားလုံး စိတ်လှုပ်ရှား ပျော်ရွှင်သွားကြသည်။

" ကောင်းတယ် ၊ ကြည့်ရတာ  တပ်ချုပ်ကြီး နဲ့ သူ့ မိတ်ဆွေအပြင် တခြားသူတွေလဲ မျော်စင်ပေါ်ကို တက်ဖို့ အခွင့်အရေး ရှိကြတဲ့ပုံပဲ "

" စည်းမျဥ်းတွေ ထပ်ပြောင်းသွားလို့များလား "

" အဲ့ဒါကို တွေးမနေပါနဲ့ကွာ ။ သူ တက်သွားနိုင်တယ်ဆိုရင် ငါလဲ တက်နိုင်မှာပဲ ။ ငါလဲ မျှော်စင်ပေါ်ကို တက်မယ်ကွာ "

သူတို့အားလုံး ကံတရားမျှော်စင်ဆီသို့ ရုတ်ချည်း ပြေးသွားလိုက်ကြသည်။

မည်သို့ပင် ဆိုစေကာမူ .. စည်းမျဥ်းများ ပြောင်းသွားသည့်တိုင် သူတို့အားလုံး၏ ၃၀ % ခန့်သာ ပထမထပ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ကြ၏။

ထို့အပြင် သူတို့အားလုံးမှာလည်း ပြင်းထန်သော ဒဏ်ရာများ ကိုယ်စီ ရသွားခဲ့ကြသေးသည်။

ဒဏ်ရာအနည်းဆုံး သူသည်ပင် လက်တစ်ဖက် ကျိုးခဲ့ရ၏။

အလင်းလုံး စိတ်ဝိဥာဥ်က  သူတို့အားလုံးကို ဆုအနေဖြင့် ဒဏ်ရာသက်သာစေသည့် ဆေးလုံးတစ်လုံးစီ ပေးအပ်ခဲ့သည်။

ဤသို့ဖြင့် အချိန် တစ်ရီခန့် ကြာသွားပြီးနောက်တွင်မူ .. ကံတရားမျှော်စင်၏ ဒုတိယထပ်၌ လူပေါင်း နှစ်ဆယ်ကျော် ရှိနေခဲ့ပြီဖြစ်ပြီး အားလုံးက အတွင်းအားသုံးကာ ဒဏ်ရာများ သက်သာအောင် ကုသနေကြ၏။

ထိုအချိန်တွင် ချင်လင်းက ရုတ်တရက် ထရပ်လိုက်သည်။

" ကျုပ်ရဲ့ ဒဏ်ရာတွေက အားလုံး သက်သာသလောက်နီးပါး ဖြစ်နေပြီဆိုတော့ နောက်တစ်ထပ်ကို တက်ဖို့ လုပ်လိုက်တော့မယ် "

တဖက်မှ လျိုဝမ်ကျင့်ကလည်း ထရပ်၏။

" ကျုပ်လဲ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ "

" ကျုပ်ရောပဲ "

ဖုန့်လီထျန်းကလည်း ထရပ်သည်။

သူတို့သုံးယောက်မှာ အားလုံးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ရာ သူတို့၏ ဒဏ်ရာသက်သာနှုန်းက အခြားသူများနှင့် ယှဥ်ပါက အလွန်မြန်သည်ဟု ပြော၍ ရပေသည်။

တဖက် ခပ်လှမ်းလှမ်းမှ ဓားအိမ်များကို သုတ်နေသည့် စိတ်ဝိဥာဥ် မိန်းကလေးက သူတို့ဘက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ ​ပြောလာ၏။

" နောက်တစ်ဆင့်အတွက် စိန်ခေါ်ချင်တယ်ဆို စည်းမျဥ်းတွေက အရင်ကနဲ့ အတူတူပဲ ။ ဓားစိတ်ဆန္ဒကို အနိုင်ယူရင်ယူ ၊ မဟုတ်ရင်လဲ ဓားစိတ်ဆန္ဒရဲ့ အသိအမှတ် ပြုတာကို ခံရအောင်လုပ် "

သူတို့သုံးယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ချင်လင်းက ကျန်နှစ်ယောက်ဘက် လှည့်ကြည့်ကာ မေး၏။

" ခင်ဗျားတို့ နှစ်ယောက်က ဘယ်ဓားကို စိန်ခေါ်ဖို့ စဥ်းစားထားလဲ "

လျိုဝမ်ကျင့်က မုတ်ဆိတ်မွေးကို သပ်ကာ ​ပြန်ပြောသည်။

" ကျုပ် ဒီ ကံတရားမျှော်စင်ကို အရင်တစ်ခါ လာခဲ့တုန်းကတော့ နံပါတ် ၇၃ ဓားကို အောင်အောင်မြင်မြင် စိန်ခေါ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ် ကံတရားမျှော်စင်က တစ်ခုခု လွဲနေတယ်ထင်တယ်ဗျ ။ ဒီတော့ ဘေးကင်းအောင် နံပါတ် ၉၉ ဓားကိုပဲ စိန်ခေါ်တော့မယ် "

ဖုန့်လီထျန်းကလည်း အပြုံးဖြင့် ပြော၏။

" ခင်ဗျားနဲ့ ကျုပ်နဲ့ အတွေးတူနေတာပဲဗျ။ တပ်ချုပ်ကြီးရော  ဘယ်လိုသဘောရလဲ "

ချင်လင်းက သက်ပြင်းချလိုက်သည်။

" အရင်အကြိမ်တွေလိုမျိုး ဆိုရင်တော့ ကျုပ် ပိုအစွမ်းထက်တဲ့ ဓားကို သေချာပေါက် စိန်ခေါ်မိမှာပဲ ။ ဒါပေမယ့် အခုက ခင်ဗျားတို့ပြောသလို ကိုယ့်အတွက် ဘေးကင်းဖို့ပဲ ပိုအရေးကြီးတာဆိုတော့ အစွမ်းအနိမ့်ဆုံး ဓားကိုပဲ စိန်ခေါ်တော့မယ်ဗျာ "

" ဒါဆို ဘယ်သူအရင် သွားကြမလဲ "

ဖုန့်လီထျန်းက မေးလိုက်သည်။

ချင်လင်းက ပြန်ပြော၏။

" ကျုပ်က အရင်ပထမထပ်မှာတုန်းက နောက်ဆုံးမှ တက်ရတာဆိုတော့ ဒီအထပ်မှာ အရင်ဆုံး သွားလိုက်မယ်ဗျာ "

သူ့စိတ်ထဲတွင် ဖြစ်နိုင်ချေကို သေချာ တွက်ချက်ပြီး ဖြစ်ပါသည်။

ပထမထပ်တွင် မျှော်စင်အစောင့် အသစ်ပြောင်းသွား၍ ခက်ခဲမှုက အဆများစွာ တိုးသွားခဲ့သော်လည်း ဤဓားစိတ်ဆန္ဒများတွင်မူ ထိုသို့ဖြစ်စရာ အကြောင်းမရှိပါချေ။

သို့ဖြစ်ရာ ယခုစိန်ခေါ်မှုကို မြန်မြန် ကျော်ဖြတ်နိုင်ပါက အပေါ်သို့ စောစောရောက်ပြီး အဖိုးတန် ရတနာကောင်းများကို ရနိုင်ပေလိမ့်မည်။

" ကောင်းပါပြီဗျာ ၊ တပ်ချုပ်ကြီး ပြောသလိုပဲ လုပ်ကြတာပေါ့ "

လျိုဝမ်ကျင့်သည် ထိုအစီစဥ်ကို သိပ်သဘောမတူလှသော်ငြား ချင်လင်းနှင့် ပြဿနာ မဖြစ်လို၍ ခေါင်းသာ ညိတ်လိုက်၏။

ချင်လင်းက ပြုံးကာ နံပါတ် ၉၉ ဓားဆီသို့ လျှောက်သွားလိုက်သည်။

" ဟမ့် .. ဘေးကင်းဖို့အတွက်သာ မဟုတ်ရင် ဒီလို အစွမ်းနိမ့်တဲ့ ဓားမျိုးကို ရွေးမှာမဟုတ်ဘူး "

ချင်လင်းက အထင်သေးဟန်ဖြင့် ပြောကာ ဓားကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။

သို့သော် ..

ချွှင် ..

ဓားဆီမှ အသံတစ်သံ ရုတ်တရက် ထွက်လာ၏။

ချင်လင်းမှာ ခေတ္တမျှ အံအားသင့်သွားသော်လည်း အပြုံးဖြင့် ​ဆိုလိုက်သည်။

" သြော်.. မင်းက ငါ့ကို အသိအမှတ် မပြုချင်သေးဘူးပေါ့လေ "

ထို့နောက် သူက လှောင်ပြုံး ပြုံးလိုက်ပြီး သူ့အစွမ်းများအားလုံးကို လက်ထဲတွင် စုစည်းကာ ဓားအား လက်အောင်ခံအဖြစ် သိမ်းသွင်းရန် အားသုံး၍ ကြိုးစားလိုက်သည်။

သို့သော် .. သူ မျှော်လင့်မထားစွာပင် ..

ချွှင် ..

ဓားဆီမှ ဓားစိတ်ဆန္ဒတစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး ချင်လင်းအား တိုက်ခိုက်လိုက်တော့၏။

" အား ...ဘာ ..ဘာတွေ ဖြစ်နေတာလဲ "

ချင်လင်းမှာ ချက်ချင်း ဒယီးဒယိုင် ဖြစ်သွား သည်။ သူ့ကိုယ်တွင်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာတစ်ခု ထပ်ရသွားခဲ့လေပြီ။

ထိုအချိန်တွင် သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေ၏။

သူသာ အနည်ငယ်မျှ နှေးကွေးနေခဲ့လျှင်ပင် ထိုဓားချက်ကြောင့် သူ့ကိုယ်နှစ်ပိုင်း ပြတ်သွားခဲ့ရမည် ဖြစ်ပါသည်။

" တပ်ချုပ်ကြီးချင် .. "

ဖုန့်လီထျန်းက သူ့အား တအံ့တသြ ကြည့်လာ၏။

သဘာဝကျကျ ပြောရပါက ချင်လင်း၏ အစွမ်းဖြင့် ဆိုလျှင် အစွမ်းအနိမ့်ဆုံးဖြစ်သည့် နံပါတ် ၉၉ ဓားကို အလွယ်တကူ ထိန်းချုပ်နိုင်သင့်သည် မဟုတ်ပါလား ။

သို့သော် ..ယခု မည်သို့ဖြစ်နေရပါသနည်း။

" ဟင် ..ဘာတွေ စကားများနေကြတာလဲ "

ထိုစဥ် ဓားအိမ်များကို သန့်ရှင်းရေး လုပ်နေသည့် မိန်းကလေးက ရုတ်တရက် ဒေါသထွက်သွားဟန်ဖြင့် ပြောလာသည်။

ထိုအချိန်မှာပင် ...

ချွှင် ...

ဓားစိတ်ဆန္ဒက ပိုအစွမ်းထက်လာကာ ချင်လင်းဆီသို့ တိုးဝင်သွား၏။

ဓားစိတ်ဆန္ဒက သူ့နားသို့ မရောက်ခင်မှာပင် ၎င်းကြောင့် သူ သေရတော့မည်ကဲ့သို့ ချင်လင်း ခံစားမိလိုက်သည်။

ထိုတခဏတွင် သူ အလွန် ကြောက်လန့်တုန်လှုပ်သွား၏။

" ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို လာကူကြဦးလေ "

သူ အော်လိုက်သည်။

ဖုန့်လီထျန်းနှင့် လျိုဝမ်ကျင့် တို့မှာလည်း ချင်လင်းတစ်ယောက် ထိုသို့ အသတ်ခံရမည်ကို မကြည့်နိုင်သဖြင့် သူ့အော်သံ ကြားသည်နှင့် ချက်ချင်း လှုပ်ရှားသွားကာ ဓားစိတ်ဆန္ဒကို တားဆီးလိုက်ကြသည်။

သို့သော် ..

ချွှင်

ဓားချင်းထိသံများ ထွက်လာပြီးနောက် ထိုနှစ်ယောက်လုံး နောက်သို့လွင့်စင်သွားကြ၏။ သူတို့ကိုယ်တွင်လည်း မရေမတွက်နိုင်သည့် ဒဏ်ရာပေါင်းများစွာ ရသွားခဲ့ကြသည်။

ထိုနေရာတစ်ခုလုံးလည်း သွေးစက်များဖြင့် ပေကျံနေလေပြီ ။

" ဒါ .. ဘယ်လို ဖြစ်နိုင်မှာလဲ "

" ကြောက်စရာ ကောင်းလိုက်တဲ့ ဓားပါလား "

ထိုနှစ်ယောက်မှာ မြေပြင်သို့ ​​မတ်တပ်ရပ်လျက်သား ဆင်းသက်လိုက်နိုင်သော်လည်း ချက်ချင်း ဒယီးဒယိုင် ဖြစ်သွားပြီး ဒူးထောက် ကျသွားကြသည်။

အစောပိုင်းက သက်သာသွားခဲ့သည့် ဒဏ်ရာဟောင်းများမှာလည်း အခြေအနေ ပြန်ဆိုးလာကြ၏။

" စိတ်ဝိဥာဥ်ကြီး ..  ဒီ ဓားစိတ်ဆန္ဒက ... "

ချင်လင်းက စ်တ်ဝိဥာဥ် မိန်းကလေးအား လှည့်ကြည့်လိုက်သည်

မိန်းကလေးက သူတို့ကို မျက်မှောင်ကြုံ့ကြည့်ကာ နှာခေါင်းရှုံ့၏။

" လူညံ့တွေပဲ "

ထို့နောက် သူမက နံပါတ် ၉၉ ဓားဘက် လှည့်ကာ ပြောလိုက်သည်။

" ကိုယ့်နေရာကိုယ် ပြန်သွားတော့ "

ပုံမှန်ဆိုလျှင် သူမ အမိန့်ပေးလိုက်သည်နှင့် ထိုဓားက ၎င်း၏ မူလနေရာသို့သာ ပြန်သွားရမည် ဖြစ်ပါသည်။

သို့သော် ..ယခုမူကား သူမအမိန့်ကို ကြားပြီးသည့်တိုင် ထိုဓားက မူလနေရာသို့ ပြန်မသွားခဲ့ပါချေ။ ထိုအစား ..ရန်စခံလိုက်ရသဖွယ် ပိုပို၍ပင် အစွမ်းထက်လာသေး၏။

၎င်းကို မြင်သောအခါ မိန်းကလေး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။

" မင်းကများ ငါ့ကို အာခံရဲတယ်ပေါ့လေ ။ ဒီလို အမိန့်မနာခံရင် မင်းက ငါ့အတွက် ဘာသုံးစားလို့ ရတော့မှာလဲ ။ နံပါတ် ၉၈ ၊ သူ့ကို ဖျက်ဆီးလိုက်စမ်း "

သူမ၏ အမိန့်ကို ကြားလိုက်ရသည်နှင့် နံပါတ် ၉၈ ဓားက ကောင်းကင်ယံသို့ ချက်ချင်း ထိုးတက်သွား၏။

All Chapters