အသွင်ပြောင်း ဓားဝိဥာဥ်
Vol. 15 Ch. 208
နံပါတ် ၉၈ ဓားထံမှ ဓားစိတ်ဆန္ဒ ထွက်ပေါ်လာပြီး လေထဲသို့ လွင့်ပျံ့လာ၏။
နံပါတ် ၉၉ ဓားမှာလည်း အလားတူပင် တန်ပြန်တိုက်ခိုက်လိုဟန် ရှိနေသည်။
ထိုဓားများ အားလုံးမှာ အစွမ်းအပါ် မူတည်၍ နံပါတ်စဥ်အလိုက် စနစ်တကျ နေရာချထားခြင်း ဖြစ်ရာ ၎င်းတို့ နှစ်ခုကြားတွင် မည်သည်က ပိုအစွမ်းထက်ပြီး မည်သည်က ပိုအစွမ်းနိမ့်သည်မှာ ရှင်းလင်းပြီးသား ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်များအတွင်းတွင်လည်း နံပါတ် ၉၈ ဓားကသာ နံပါတ် ၉၉ ဓားအား အမြဲတစေ ဖိနှိပ်ထားခဲ့၏။
ယခုတွင်လည်း စိတ်ဝိဥာဥ်ဆီမှ အမိန့်ရထားသည်ဖြစ်ရာ နံပါတ် ၉၈ ဓားအတွက် ၎င်း၏ ကြီးမြတ်သော အစွမ်းကို ပြသရန် အခွင့်ကောင်းပင် ။
ချွှင် ..
နံပါတ် ၉၈ ဓားမှ ဓားအစွမ်းက နံပါတ် ၉၉ ဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။
သို့သော် ..
ဝုန်း ..
နံပါတ် ၉၉ ဓားက နေရာလုံးဝ ရွှေ့မသွားခဲ့ပါချေ။ ထိုအစား ၎င်းထံမှ ကြောက်မက်ဖွယ် ဖိအားတစ်ခု တိုးထွက်လာကာ နံပါတ် ၉၈ အား ချက်ချင်း ဖိနှိပ်ထားလိုက်၏။
ထို့နောက် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် နံပါတ် ၉၈ ဓားက အစိတ်စိတ်အမွှာမွှာ ကွဲသွားကာ လုံးဝ ဖျက်ဆီးခံလိုက်ရတော့သည်။
" ဘယ်လို... "
ထိုမြင်ကွင်းကို ကြည့်နေခဲ့သည့် စိတ်ဝိဥာဥ် မိန်းကလေး ချက်ချင်း ဟန်ချက်ပျက်သွားသည်။
နံပါတ် ၉၉ ဓားက နံပါတ် ၉၈ ဓားကို အမှန်တကယ် ဖျက်ဆီးလိုက်သည်လား ...။
ချွှင် ..
ထိုအချိန်မှာပင် နံပါတ် ၉၉ ဓားက စိတ်မကျေနပ်သေးဟန်ဖြင့် ဓားသံများ ဆက်တိုက်ပေးလာပြန်၏။
စိတ်ဝိဥာဥ်မိန်းကလေး မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။
" ဓားနံပါတ် ၃၅ ၊ ထွက်လာခဲ့ "
ချွှင်
အမြင့်ပိုင်းနေရာမှ ဓားတစ်လက်က လေထဲသို့ ချက်ချင်း ပျံတက်လာသည်။
ထိုဓား ထွက်လာသည်နှင့် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုက ကံတရားမျှော်စင်၏ ဒုတိယထပ် တစ်ခုလုံးကို လွှမ်းခြုံသွား၏။
၎င်းကို မြင်သောအခါ ဖုန့်လီထျန်းတစ်ယောက် အသက်ပင် မရှူနိုင် ဖြစ်သွားသည်။
" နံပါတ် ၃၅ ဓားရဲ့ အစွမ်းက ကြောက်စရာ ကောင်းလိုက်တာ။ ဒီလိုအဆင့်က ဓားမျိုးကို သုံးတာ ကျုပ် ခုမှ ပထမဆုံး မြင်ဖူးတာပဲ "
ချင်လင်းကလည်း ခေါင်းညိတ်၍ ပြော၏။
" ကျုပ်အတွက်လဲ ခုက ပထမဆုံး အကြိမ်ပဲ ။ ဓားကတောင် ဒီလောက် ကြောက်စရာကောင်းနေမှတော့ ဓားပိုင်ရှင်က ဘယ်လောက်အစွမ်းထက်နေမလဲ မှန်းတောင် မမှန်းနိုင်ဘူး။ တကယ်လို့ ဓားပိုင်ရှင်သာ ဒီမှာရှိရင် ကျုပ် အဲ့ဒီလူရဲ့ သိုင်းကွက် တစ်ကွက်ကိုတောင် မတားနိုင်မှာ သေချာတယ် "
အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်မှာပင် နံပါတ် ၃၅ ဓားက နံပါတ် ၉၉ ဓားဆီသို့ ကြောက်မက်ဖွယ်အစွမ်းဖြင့် တိုးဝင်လာသည်။
စိတ်ဝိဥာဥ်မိန်းကလေးက အေးစက်စက် ပြော၏။
" အမိန့်မနာခံတဲ့ ဓားကို မဖြစ်မနေ ဖျက်ဆီးရမယ် "
သို့သော် ...
ဂျွတ် ...
ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ နံပါတ် ၃၅ ဓားမှာလည်း ကျိုးသွားတော့သည်။
" ဒါ ..ဘယ်လိုလုပ်ပြီး ခုလို ဖြစ်သွားရတာလဲ "
အားလုံး အံ့သြတုန်လှုပ်သွားကြရပြန်သည်။
အစောပိုင်းတွင် နံပါတ် ၃၅ ဓားမှ ထုတ်လွှတ်ခဲ့သည့် ဓားစိတ်ဆန္ဒမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေခဲ့သည် မဟုတ်ပါလား ။
သို့သော် .. ၎င်းသည်ပင် နံပါတ် ၉၉ ဓားကို တစ်ချက်လေးမျှ မခံနိုင်ခဲ့ပေ ။
၎င်းက အိမ်မက်တစ်ခုပေလား ..
ထိုအချိန်တွင် စိတ်ဝိဥာဥ် မိန်းကလေးမှာလည်း အံ့သြမှင်သက်နေ၏။
" ဘာတွေ ဖြစ်နေတာလဲ ...နံပါတ် ၁၁ ထွက်လာခဲ့ "
သူမက လေသံမာမာဖြင့် အော်လိုက်သည်။
ချွှင် ..
နံပါတ် ၁၁ ဓားက ချက်ချင်း ထွက်လာကာ နံပါတ် ၉၉ အား လှမ်းခုတ်လိုက်သည်။
သို့သော် ..
၎င်းမှာလည်း ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရပြန်၏။
" ဟင် .. "
စိတ်ဝိဥာဥ် မိန်းကလေး၏ မျက်နှာထားမှာ လုံးဝ ပြောင်းသွားခဲ့လေပြီ ။
ချွှင် ..
ထိုစဥ် တိုက်ပွဲများစွာကို ဆက်တိုက် အောင်နိုင်ခဲ့သည့် နံပါတ် ၉၉ ဓားထံမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ထွက်လာသည်။
အု ...အွတ် ...
ထိုအရောင်အဝါကြောင့် ဒုတိယထပ်တွင် ရှိနေကြသူများအားလုံး သွေးအန်သွားကြ၏။အများစုမှာ အရှုံးပေး၍ တစ်ယောက်ပြီးတစ်ယောက် ပြေးဆင်းသွားကြသည်။
" စိတ်ဝိဥာဥ်ကြီး ၊ အဆင့် ၁၀ အတွင်းက ဓားတွေကို ထွက်လာခိုင်းလိုက်ပါတော့ဗျာ။ ဒီတိုင်းဆို ကျုပ်တို့ ဆက်မခံနိုင်တော့ဘူး "
လျိုဝမ်ကျင့်က အံကြိတ်ကာ တောင့်ခံနေရင်း ပြောလိုက်သည်။
စိတ်ဝိဥာဥ် မိန်းကလေးက အသံမာဖြင့် ထပ်အော်၏။
" ဓားတွေအားလုံး ဒီကောင့်ကို သတ်ကြ "
သူမအော်သံ ဆုံးသည်နှင့် ချက်ချင်းပင် လေထဲသို့ ဓားပေါင်း ၉၀ ကျော် ဝဲပျံတက်လာပြီး ဓားအစီအမံတစ်ခု ဖော်ဆောင်လိုက်ကြသည်။
ထိပ်ဆုံးနေရာမှ ဓားသုံးလက်ကသာ နေရာမရွှေ့ဘဲ မလှုပ်မယှက် ရှိနေကြ၏။
" ဟင် .. စိတ်ဝိဥာဥ်ကြီး ၊ ထိပ်ဆုံးနေရာက ဓားသုံးလက်ကိုရော ဘာဖြစ်လို့ အတူတူ မတိုက်ခိုက်ခိုင်းတာလဲ "
တစ်ယောက်က သိချင်စိတ် ပြင်းပြစွာ မေးလာသည်။
စိတ်ဝိဥာဥ် မိန်းကလေးက အနည်းငယ်ရှက်သွားဟန်ဖြင့် ပြန်ပြော၏။
" အဲ့ဒီ ဓား သုံးလက်က ကျွန်မရဲ့ အမိန့်ကို မနာခံကြဘူး "
" ဟင် .. ဘာဖြစ်လို့လဲဗျ "
လူများ နားမလည်နိုင် ဖြစ်သွားကြသည်။
စိတ်ဝိဥာဥ် မိန်ကလေးက ရှင်းပြသည်။
" ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ သခင်တွေက အစွမ်းထက်လွန်းလို့ပဲ ။ ဒီ ဓားတွေက သူတို့ရဲ့ သခင်ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှ မနာခံကြဘူး "
ထိုစကားကို ကြားသောအခါ လူများ သိချင်စိတ် ပိုဖြစ်သွားကြ၏။
ထိုဓားသုံးလက်၏ ပိုင်ရှင်များက မည်သူများပါနည်း။ ၎င်းတို့က မည်သည့်အတွက် ဤမျှ မောက်မာနေရသနည်း ။
ထိုစဥ် လေထဲတွင် ဓားအစီအမံတစ်ခု ဖော်ဆောင်နေကြသည့် ဓား ၉၀ ကျော်မှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ ။
ဝုန်း ..
၎င်းအစီအမံမှ ထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒနှင့် အရောင်အဝါကြောင့် ဒုတိယထပ်တွင် ရှိနေကြသူများအားလုံး ဆက်တောင့်မခံနိုင်ကြတော့ပါချေ။
" %$%#& ငါ ဒီမှာတော့ အသေမခံနိုင်ဘူး ။ ဒီလို ဖြစ်မယ်မှန်းသာ ကြိုသိရင် ဒုတိယထပ်ကို တက်မလာပါဘူးကွာ "
ထိုအချိန်တွင် ချင်လင်းတစ်ယောက် နောင်တ အလွန်ရနေခဲ့ပြီ ဖြစ်သည်။
ထိုသို့ ဖြစ်မည်ကိုသာ ကြိုသိခဲ့ပါက သူ ကံတရားမျှော်စင်သို့ပင် လာခဲ့မိမည် မဟုတ်ပေ ။
ထိုစဥ် .. ဓားအစီအမံက နံပါတ် ၉၉ ဓားဆီသို့ ချက်ချင်း တိုးဝင်သွားသည်။
ဓားစိတ်ဆန္ဒကလည်း ဧရာမ ဓားကြီးတစ်လက်အဖြစ် အသွင်ပြောင်းသွားပြီး ကမ္ဘာကြီးကိုပင် နှစ်ခြမ်း ခွဲပစ်တော့မည့်အလား လေထဲမှ အရှိန်ဖြင့် ကျလာ၏။
သို့သော် ...
ထို ဧရာမ ဓားကြီးမှာ နံပါတ် ၉၉ ဓားကို တွေ့သည်နှင့် ချက်ချင်း အက်ရာများဖြင့် ပြည့်သွားတော့သည်။
အားလုံးက ဖြစ်ပျက်နေသည့် အခြေအနေကို မတုန့်ပြန်နိုင်ကြသေးခင်မှာပင် ...
ခွမ်း ...
ဧရာမ ဓားကြီးက အစိတ်စိတ်အမွှာမွှာ ကွဲသွားကာ ၉၀ ကျော်သော ဓားများမှာလည်း အပိုင်းပိုင်း ကျိုးသွားပြီး နေရာအနှံ့ လွင့်စင်ထွက်သွားကြကုန်၏။
အု ..
ဒုတိယထပ်တွင် ကျန်နေသူများထဲမှ ကံဆိုးသူမောင်ရှင် တစ်ယောက်ဆိုလျှင် ဓားအကျိုးတစ်လက်ဖြင့် ထိုးဖောက်ခံရပြီး နံရံတွင် ဓားစိုက်လျက် ရှိနေတော့သည်။
" ကယ်ကြပါဦး .. "
သူ ေအာ်ဟစ်ငိုကြွေးလိုက်သည်။
ကျန်လူများမှာလည်း မသက်သာလှပါချေ။
ရှုပ်ထွေးသည့် ဓားစွမ်းအင်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရထားသူများမှာ အခြေအနေ ပိုဆိုးကုန်ကြလေပြီ ။
အရှုပ်အထွေး ၊ အပျက်အစီးများကြားတွင် သွေးအန်နေသော လျိုဝမ်ကျင့်က ပြော၏။
" ဒီကနေသာ အသက်ရှင်ရက် ပြန်ထွက်နိုင်လို့ကတော့ ကံတရားမျှော်စင်ကို တစ်သက်လုံး ဘယ်တော့မှ ထပ်မလာဘူး "
" ကျုပ်ရောပဲ "
ဖုန့်လီထျန်းကလည်း ဝင်ပြောသည်။
ချင်လင်းကလည်း အံကြိတ်ကာ ပြော၏။
" ပထမထပ်မှာတုန်းကတော့ လူသတ်နတ်ဘုရားတစ်ပါး ရှိနေတယ် ။ အခု ဒုတိယထပ်မှာ ကျပြန်တော့လဲ ဓားနတ်ဘုရားတစ်ပါး ရှိနေပြန်ပြီ ။ ဒီ ကံတရားမျှော်စင်က ကျုပ်တို့တွေသတ်ဖို့ ဆုံးဖြတ်ချက် ချထားတာပဲ ။ ပုံမှန်ဆိုရင် ခုလောက်ကြီး ရှုပ်ထွေးနေစရာ ဘာအကြောင်းမှ မရှိဘူးလေ "
စိတ်ဝိဥာဥ် မိန်းကလေးမှာ ထိုလူများ၏ စကားကို ကြားကာ ရှက်သွားသည်။
ထို့နောက် သူမက နံပါတ် ၉၉ ဓားအား မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏။
" ဒီဓားက သာမာန် ဓားတစ်လက်ပါ ၊ အခု ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်အစွမ်းထက်လာရတာလဲ "
သူမ တွေးလိုက်သည်။
သို့သော် .. လက်ရှိအခြေအနေမှာ ထိုအကြောင်းကို အတွေးနယ်ချဲ့ရန် အချိန်ကောင်း မဟုတ်သေးချေ။
သူမ နံပါတ် ၉၉ ဓားထံမှ ချက်ချင်း အကြည့်လွှဲကာ အစဥ်လိုက် ရှိနေကြသည့် ထိပ်ဆုံး ဓား သုံးလက်အား ကြည့်လိုက်သည်။
" ရှင်တို့သုံးယောက်က ကျေးဇူးပြုပြီး ဝင်တိုက်ခိုက်ပေးကြပါရှင် "
သူမက ရိုကျိုးစွာ ဆိုလိုက်၏။
" ဟားဟား ..မိန်းကလေး ၊နောက်ဆုံးတော့ မင်း ငါတို့ဆီက အကူအညီတောင်းရတဲ့ နေ့ကို ရောက်လာပြီကိုး "
နှင်းကဲ့သို့ ဖြူဖွေးနေသော နံပါတ် ၃ ဓားမှ အသံတစ်သံ ထွက်လာသည်။
ဝီ ..
မရှေးမနှောင်းမှာပင် ထိုဓားအပေါ်၌ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။
" ဟမ့် .. မင်းက ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုအတွက် ငါတို့ကို အနှောင့်ယှက် ပေးတယ်ပေါ့လေ "
နံပါတ် ၂ အမည်းရောင် ဓားပေါ်တွင်လည်း အမည်းရောင် အဝတ်စားများ ဝတ်ဆင်ထားသော ဆံပင်ရှည်ရှည် လူကြီးတစ်ယောက် ပေါ်လာသည်။
" အင်း .. ဘာမှ သုံးစားမရတဲ့ ကောင်တွေက ဒီ ဘာမဟုတ်တဲ့ အမှိုက်ကြောင့် ခုလိုအခြေအနေထိတောင် ဖြစ်သွားခဲ့ကြတာကိုး "
နံပါတ် ၁ နေရာမှ ရှေးဟောင်း ကြေးနီဓား အပေါ်တွင်မူ တစ်ကိုယ်လုံး အမာရွတ်များဖြင့် ပြည့်နေသည့် လူကြီးတစ်ယောက် ပေါ်လာ၏။
၎င်းကို မြင်သည်နှင့် အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
" ဒါ .. အသွင်ပြောင်း ဓားဝိဥာဥ် လား .. "
တစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။
ဓားဝိဥာဥ်များမှာ သဘာဝ စိတ်ဝိဥာဥ် အမျိုးအစားထဲမှ တစ်ခုဖြစ်ပြီး အလွန်ရှားပါးသည့် စာရင်းဝင်ဖြစ်ပါသည်။
အသွင်ပြောင်းနိုင်သည့် ဓားဝိဥာဥ်ဆိုလျှင် ပို၍ပင် ရှားပါးသေး၏။
သမိုင်းတလျှောက်တွင်ပင် ထိုသို့သော အသွင်ပြောင်း ဓားဝိဥာဥ်မျိုး ဆယ်ခုကျော်ရုံလေးသာ ရှိပေသည်။
၎င်းတို့ တစ်ခုချင်းစီမှာလည်း ကမ္ဘာကျော်သည့် ဓားများ ဖြစ်ကြ၏။
သို့သော် .. လက်ရှိအချိန်တွင် ထို အသွင်ပြောင်း ဓားဝိဥာဥ် သုံးခုက တစ်ပြိုင်နက်တည်း ပေါ်လာသည့်အတွက် အားလုံးမှာ အိမ်မက်မက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
ချွှင် ..
ထိုစဥ် .. နံပါတ် ၉၉ ဓားထံမှ မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ၎င်းမှာ ထို အသွင်ပြောင်း ဓားဝိဥာဥ် သုံးယောက်ကို စိန်ခေါ်နေသယောင်ပင် ။
နံပါတ် ၁ ဓားဝိဥာဥ်က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
" နံပါတ် ၃ အဘွားကြီး ၊ ဒီကောင့်ကို ရှင်းလိုက်စမ်းပါဗျာ "
အမျိုးသမီးပုံနှင့် ဓားဝိဥာဥ်က ချက်ချင်း မကျေမနပ် ပြန်ပြော၏။
" ကျွန်မက ဘာလို့ သွားရမှာလဲ "
" ဘာလို့လဲဆိုတော့ မင်းက အစွမ်းအနိမ့်ဆုံးမို့လေ "
နံပါတ် ၂ ဓားဝိဥာဥ်က ဝင်ပြောလိုက်သည်။
အမျိုးသမီး၏ မျက်နှာ ချက်ချင်း ညိုသွား၏။ သို့သော် သူမက မည်သို့မှ မတတ်နိုင်ဟန်ဖြင့် သက်ပြင်းချ၍ ထရပ်လိုက်သည်။ ထို့နောက် နံပါတ် ၃ ဓားကို လက်ထဲတွင်ကိုင်ကာ နံပါတ် ၉၉ ဓားဆီသို့ ရွယ်၍ ပြောလိုက်သည်။
" မင်းရဲ့ သခင်က ဘယ်သူမှန်း မသိပေမယ့် ငါ အခု တော်တော်ဒေါသထွက်နေတယ် ။ အဲ့တော့ မင်းကို ငါ ဖျက်ဆီးရလိမ့်မယ် "