မကောင်းတာ တစ်ခုခုရှိနေတယ်
Vol. 15 Ch. 209
နံပါတ် ၁ ဓားဝိဥာဥ်က မျှော်စင်စိတ်ဝိဥာဥ် မိန်းကလေးဘက် လှည့်ကြည့်ကာ ပြော၏။
" ကဲ .. အခု နံပါတ် ၃ က တကယ်ကြီး လုပ်တော့မှာ ။ ဟိုကောင်က ဘာမှ သုံးစားရတဲ့ကောင် မဟုတ်ဘူး။ နောက်ခါကျရင် ကျုပ်ကို ဘာအကြောင်းရင်းမှ မရှိဘဲ လာမနှောင့်ယှက်ပါနဲ့ "
ထိုသို့ ပြောပြီးနောက် နံပါတ် ၁ ဓား၏ ဓားဝိဥာဥ်က မုလနေရာသို့ ပြန်သွားရန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ..
နံပါတ် ၃ ဓား၏ ဓားဝိဥာဥ်က နောက်ပြန် လွင့်လာကာ နံပါတ် ၁ ဓား၏ ဓားဝိဥာဥ်နှင့် အရှိန်ပြင်းပြင်း တိုက်မိသွားပြီး နှစ်ယောက်လုံး နံရံနှင့် တိုက်မိသွားကြသည်။
" &%$$% နံပါတ် ၃ အဘွားကြီး ၊ မင်း ဘယ်လို လုပ်လိုက်တာလဲ "
နံပါတ် ၁ ဓားဝိဥာဥ်က ဒေါသတကြီး အော်လိုက်သည်။
" တောင်းပန်ပါတယ် အကိုကြီးရယ် ၊ ကျွန်မလဲ ဘာတွေ ဖြစ်သွားမှန်း မသိလိုက်လို့ပါ "
နံပါတ် ၃ ဓားဝိဥာဥ်က အလူးအလဲ ပြန်ထကာ မျက်နှာငယ်လေးဖြင့် ပြန်ပြော၏။
အစောပိုင်းက သူမ နံပါတ် ၉၉ ဓားအား တိုက်ခိုက်ရန် ပြင်လိုက်စဥ်တွင် ရုတ်တရက် သူမ၏ မျက်လုံးများ ပြာဝေသွားပြီး နောက်သို့ လွင့်ထွက်သွားရခြင်း ဖြစ်ပါသည်။
ထိုစကားကို ကြားသောအခါ နံပါတ် ၁ ဓားဝိဥာဥ်က နံပါတ် ၂ ဓားဝိဥာဥ်ဘက်လှည့်၍ မေး၏။
" နံပါတ် ၂ ၊ မင်းရော သေချာ မြင်လိုက်လား "
သို့သော် .. နံပါတ် ၂ ဓားဝိဥာဥ်၏ မျက်နှာထားမှာလည်း အလွန်တည်နေပြီး စိတ်ရှုပ်ထွေးနေဟန် တူသည်။
" အကိုကြီး ၊ ဒီ ကောင်က တစ်ခုခုတော့ လွဲနေတယ်ဗျ ။ ကျုပ်တို့ သုံးယောက်လုံး ပေါင်းပြီး တိုက်ခိုက်မှ ရမယ်ထင်တယ် ။ မဟုတ်ရင် အခြေအနေ ပိုဆိုးသွားလိမ့်မယ် "
နံပါတ် ၂ ဓားဝိဥာဥ်က ပြောလိုက်သည်။
နံပါတ် ၁ ဓားဝိဥာဥ်က သူ့အား မျက်မှောင်ကြုံ့၍ ပြန်ကြည့်၏။
" မင်း တကယ်ကြီး ပြောနေတာလား "
ချွှင် ..
နံပါတ် ၂ ဓားဝိဥာဥ်က ပြန်မဖြေဘဲ သူ့ဓားကိုသာ လက်ထဲကိုင်ပြီး မြှောက်လိုက်သည်။
၎င်းကို မြင်သောအခါ နံပါတ် ၁ ဓားဝိဥာဥ်မှာလည်း ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ဘဲ ချက်ချင်း ဓားဆွဲထုတ်လိုက်ရ၏။
ဝှစ် ..
ထို့နောက် ဓားဝိဥာဥ် သုံးယောက်လုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ် ဓားအစွမ်းများဖြင့် လွှမ်းခြုံသွားတော့သည်။
မျှော်စင် စိတ်ဝိဥာဥ် မိန်းကလေး၏ မျက်နှာထားမှာလည်း ချက်ချင်း ပြောင်းသွား၏။
" ရှင်တို့ သုံးယောက်ကို တစ်ပြိုင်နက်တည်း မတိုက်ခိုက်ကြဖို့ ကျွန်မ ပြောထားတယ်လေ ။ ဒီ ဒုတိယထပ်က ရှင်တို့ သုံးယောက်လုံးရဲ့ တစ်ပြိုင်တည်းတိုက်ခိုက်တဲ့အစွမ်းကို မခံနိုင်ဘူး "
သူမ အော်လိုက်သည်။
သို့သော် ဓားဝိဥာဥ် သုံးယောက်ကမူ သူမကို လျစ်လျူရှူထားကြ၏။
အားလုံး ကြည့်နေစဥ်မှာပင် ထို ဓားဝိဥာဥ်များ၏ ခန္ဓာကိုယ်မှ ဓားစိတ်ဆန္ဒ များ ထွက်လာကာ နံပါတ် ၉၉ အား ဖိနှိပ်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်မှသာ ချင်လင်းတစ်ယောက် သက်ပြင်းချနိုင်သွား၏။
" ဟို နံပါတ် ၉၉ ရဲ့ ဓားစိတ်ဆန္ဒက အစွမ်းထက်ပေမယ့် ဓားဝိဥာဥ်ကို အသွင်မပြောင်းနိုင်သေးတော့ ရှုံးသွားရတာပေါ့ ။ ဒီတိုင်းဆိုရင်တော့ ဘယ်သူအနိုင်ရလဲဆိုတာ သိသာနေပြီ "
အားလုံးလည်း ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ... ထိုအချိန်၌ ..
ဝီ ..
နံပါတ် ၉၉ ဓားထံမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်ချည်း တိုးထွက်လာ၏။
ထို့နောက်တွင်မူ အရောင်အဝါက လူသားတစ်ယောက်အသွင် တဖြည်းဖြည်း ပြောင်းသွားတော့သည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ။ ဒီဓားကရော အသွင်ပြောင်း ဓားဝိဥာဥ် ရှိတာပဲလား "
အားလုံး တအံ့တသြ ဖြစ်သွားကြ၏။
" ဒါ .. အသွင်ပြောင်း ဓားဝိဥာဥ် မဟုတ်ဘူး ။ ဓားပိုင်ရှင်ရဲ့ ဓားအသက်ပဲ "
" ဓားပိုင်ရှင်ရဲ့ ဓားအသက် ..ဟုတ်လား "
" အမှန်ပဲ ၊ ထိပ်တန်းအဆင့် ဓားသမားတစ်ယောက်က သူ့ရဲ့ ဓားစိတ်ဆန္ဒကို ချန်ထားတဲ့အချိန်မှာ ဓားအသက်ကိုပါ တစ်ပါတည်း ချန်ထားခဲ့လေ့ရှိတယ် ။ တကယ်လို့ တစ်ယောက်ယောက်က ဒီဓားကို သုံးလိုက်ရင်တော့ ဓားပိုင်ရှင်ရဲ့ ပုံရိပ်အမှန် ပေါ်လာတတ်တယ်ကွ "
ထိုစကားကို ကြားမှသာ အားလုံး သဘောပေါက်နားလည်သွားကြသည်။
တဖက်လူက စကားဆက်၏။
" ဒါပေမယ့် .. သမိုင်းတလျှောက်မှာ ဒီအဆင့်မျိုး ရခဲ့တဲ့ ကျင့်ကြံသူတွေက နည်းနည်းလေးပဲ ရှိတာ။ ဆိုတော့ ..ဒီ ဓားရဲ့ ပိုင်ရှင်က ရှေးဟောင်း မသေမျိုး ဓားသမားတစ်ယောက်များလား မသိဘူး "
" ခဏ ..ဒီ ဓားအသက်က အပြည့်အဝ ပုံပေါ်လာရင် ဓားပိုင်ရှင်ရဲ့ ပုံကို အတိအကျ မြင်ရမှာပဲမဟုတ်လား .. "
စကားဆုံးသည်နှင့် အားလုံး၏ အကြည့်က ဓားပိုင်ရှင်၏ ပုံရိပ်ဆီသို့ ကျသွားကြသည်။
ဝီ ..
ထို့နောက်တွင်မူ .. ဓားအသက်မှ ဓားပိုင်ရှင်၏ ပုံရိပ်က အပြည့်အဝ ပုံပေါ်လာတော့၏။
ဒုတိယထပ်တွင် ရှိနေသူများအားလုံး ချက်ချင်း အသံတိတ်သွားကြသည်။
အချိန်အတန်ကြာသွားပြီးမှသာ လျိုဝမ်ကျင့်ထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာသည်။
" ဘာဖြစ်လို့ .. သူပဲ ထပ်ဖြစ်နေတာလံ "
အခြားသူများထံမှလည်း အံ့သြတကြီး စကားသံများ ထွက်လာပြီး အားလုံး တုန်ယင်သွားကြ၏။
ထိုအချိန်တွင်မူ .. နံပါတ် ၉၉ ဓားနောက်၌ ချောမောခန့်ညားသည့် လူငယ်တစ်ဦး၏ ပုံရိပ်က မျက်နှာဝင့်စွာ ရပ်နေသည်။
ထိုလူငယ်၏ ပုံရိပ်ကို သူတို့အားလုံး ကောင်းကောင်းကြီး သိကြပါသည်။
ထိုလူမှာ ပထမထပ်တွင် သူတို့ကို သေလုမျောပါးဖြစ်အောင် ထိုးကြိတ်ခဲ့သော သူတိူ့၏ အိမ်မက်ဆိုးကြီးပင် ... ။
" သူက ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား ... "
" ဟုတ်တယ် ၊ ဒီလူက .. လက်သီးကိုပဲ သုံးသင့်တာမဟုတ်ဘူးလား ။ အခု .. ဘယ်လိုကြောင့် ဓားသမားတစ်ယောက် ဖြစ်နေရတာလဲ "
" ဒါပေမယ့် သူ့ရဲ့ ဓားအသက်ကလဲ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ် ။ ဒါကို ကြည့်ရင် သူ့ရဲ့ ဓားသိုင်းပညာက ခန္ဓာကိုယ် ကျင့်စဥ်ထက် ပိုအစွမ်းထက်တယ် ဆိုတာကို ပြနေတာပဲ "
" ဒါဆို .. ပထမထပ်က သူ့ရဲ့ အစွမ်းက အစွမ်းပြည့် မဟုတ်သေးဘူးပေါ့ .. "
အားလုံး အံ့သြမှင်သက်သွားကြပြန်သည်။
အကယ်၍သာ ထိုလူက သနားညှာတာခြင်း မရှိဘဲ အစွမ်းကုန် ထုတ်သုံးခဲ့လျှင် မည်သို့နေမည်နည်း။
ဖြစ်သွားမည့် ရလဒ်ကို သူတို့ တွေးပင် မတွေးကြည့်ရဲပါ ။
ထိုအချိန်၌ .. လောထျန်း၏ ပုံရိပ် လှုပ်ရှားသွားတော့သည်။
ဝုန်း ...
သူ ဓားကို ဆွဲထုတ်လိုက်သည်နှင့် ကောင်းကင်ယံ တခွင်လုံးသာမက လေထုကြီးတစ်ခုလုံးပါ တုန်ခါသွား၏။
ကောင်းကင်ကြီးလည်း အရောင်ပြောင်းသွားခဲ့လေပြီ ။
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခုကလည်း ရုတ်ချည်း တိုးထွက်လာကာ တစ်ဖက်လူများဆီသို့ တိုးဝင်သွားတော့သည်။
" တားကြဟေ့ "
နံပါတ် ၁ ဓားဝိဥာဥ်က ကျယ်လောင်စွာအော်ကာ အစွမ်းကုန်သုံး၍ ပြန်တိုက်ခိုက်လိုက်၏။
ဘုန် ..
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဒုတိယထပ်တွင် ရှိနေသူများအားလုံး နောက်သို့ လွင့်စင်သွားရပြန်သည်။
မျှော်စင်စိတ်ဝိဥာဥ် မိန်းကလေးပင် မကျန်ပါချေ။
ဤသို့ဖြင့် အချိန်အတန်ကြာသွားပြီးမှသာ လေထုကြီး ပြန်တည်ငြိမ်သွားပြီး ဒုတိယထပ် တစ်ထပ်လုံး ပြန်အေးချမ်းသွား၏။
" ငါ .. အသက်ရှင်နေသေးတာလား .. "
အပျက်အစီးများကြားမှ တပ်ချုပ်ကြီးချင်လင်း တွားသွား ထွက်လာသည်။ ထိုအချိန်တွင် အစောပိုင်းက ပြန်သက်သာနေခဲ့သည့် သူ့ကိုယ်မှ အရိုးများက နောက်တစ်ခါ ထပ်ကျိုးနေခဲ့ပြီဖြစ်ကြောင်းကိုလည်း သူ သိလိုက်ရ၏။
အခြားသူများမှာလည်း အခြေအနေချင်း မကွာလှပါချေ။
ကံဆိုးသူ အချို့ဆိုလျှင် နေရာ၌ပင် သေဆုံးသွားခဲ့ကြရသည်။
ကံတရားမျှော်စင်၏ ဒုတိယထပ် တစ်ခုလုံးမှာလည်း အပျက်အစီးများဖြင့် ရှုပ်ပွနေတော့၏။
" ဘယ်သူ နိုင်သွားလဲ "
တစ်ယောက်က ခေါင်းမော့ကြည့်ကာ မေးလာသည်။
အားလုံးက တိုက်ပွဲဖြစ်သွားခဲ့သည့် နေရာသို့ လှမ်းကြည့်လိုက်ကြရာ ထောင့်တစ်ခု၌ ထိုင်နေကြသည့် ထိပ်ဆုံး ဓားဝိဥာဥ် သုံးယောက်ကို တွေ့လိုက်ရသည်။ သူတို့ကိုယ်ပေါ်မှ စိတ်စွမ်းအင် အလင်းတန်းများကမူ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြ၏။ ၎င်းမှာ သူတို့ သုံးယောက်လုံး ဒဏ်ရာပြင်းထန်စွာ ရထားခဲ့ကြသည့် လက္ခဏာပင်။
ထို့နောက် ထို ဓားဝိဥာဥ် သုံးယောက်နှင့် မနီးမဝေးတွင် ရှိနေသော ၎င်းတို့၏ မူလ ဓားကိုယ်ထည်များကိုလည်း အားလုံး တွေ့သွားကြသည်။
ရှေးဟောင်း ကြေးနီဓားမှာ အပိုင်းပိုင်း ကျိုးပဲ့နေခဲ့ပြီဖြစ်ပြီး အမည်းရောင် ဓား၏ ဓားသွားမှာလည်း လုံးဝ ပျက်စီးနေခဲ့လေပြီ။
အဖြူရောင် ဓားတွင်လည်း အက်ကွဲရာများ အပြည့်ပင် ။ ၎င်း မှာ လုံးလုံး ပျက်စီးမသွားခဲ့သည့်တိုင် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ပေသည်။
ချွှင် ..
ထိုစဥ် နံပါတ် ၉၉ က အသံပေးကာ နံပါတ် ၁ နေရာသို့ သွားပြီး ဘုရင်ကြီးတစ်ပါးအလား နေရာယူလိုက်၏။
အနိုင်ရသွားခဲ့သူမှာ နံပါတ် ၉၉ ဓားဖြစ်ကြောင်း သံသယဝင်စရာ မလိုတော့ပါချေ။
၎င်းမှာ နံပါတ် ၉၉ အတွက် အောင်ပွဲကြီး တစ်ခုပင် ။
ဓားဝိဥာဥ် သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကြမ်းပြင်ပေါ်သို့ အတူတကွ ဒူးထောက်ချလိုက်ကြသည်။
" အကိုကြီး ကို ကြိုဆိုပါတယ်"
သူတို့အားလုံး လက်နက်ချ အရှုံးပေးသွားကြလေပြီ ။
ထိုသို့ မလုပ်၍လည်း မဖြစ်ပါချေ ..
အကယ်၍ သူတို့သာ ဆက်တိုက်ခိုက်နေပါက အသက်ဆုံးရမည်မှာ သေချာသလောက်ပင် မဟုတ်ပါလား ။
ဝီ ...
ထိုအချိန်တွင် နံပါတ် ၉၉ ဓားထံမှ အသံထွက်လာ၏။
၎င်းကို နားထောင်ပြီးနောက်တွင်မူ အမျိုးသမီး ဓားဝိဥာဥ်က ချင်လင်းဘက် ချက်ချင်းလှည့်ကြည့်ကာ ပြောလိုက်သည်။
" ငါတို့အကိုကြီးက ပြောတယ် ၊ မင်းနဲ့သူနဲ့ ကြားက တိုက်ပွဲက ခုထိ မပြီးသေးဘူးတဲ့ ။ အခု ဆက်ပြီး တိုက်ခိုက်ချင်သေးလားတဲ့ "
ဆက်ပြီး တိုက်ခိုက်ရမည်တဲ့လား ....
ချင်လင်း၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။
ယခုလို အခြေအနေမျိုးတွင် သူ မည်သို့ ဆက်တိုက်ခိုက်ရပါမည်နည်း ။
အစောက ဓားဝိဥာဥ်များကြားမှ တိုက်ပွဲတွင်ပင် သူ အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရရာ ..
ယခုသာ ထပ်တိုက်ခိုက်ပါက မိမိကိုယ်ကို သေကြောင်းကြံနေသကဲ့သို့ ဖြစ်သွားပေမည်။
" ကျုပ် ထပ်ပြီး မတိုက်ခိုက်တော့ပါဘူး ၊ အရှုံးပေးပါတယ် ။ ကျုပ် အခုပဲ အပြင်ပြန်ထွက်တော့မှာပါ "
ချင်လင်းက ပြောလိုက်ပြီးနောက် ဒဏ်ရာများကို အံကြိတ်ခံကာ မျှော်စင်အပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်သည်။
" မင်းတို့တွေကရော "
အမျိုးသမီး ဓားဝိဥာဥ်က အခြားသူများအား ဆက်ကြည့်လိုက်၏။
အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ချက်ချင်း အရှုံးပေးလိုက်ကြသည်။
" ကျုပ်တို့ အရှုံးပေးပါတယ် "
ယခုအချိန်တွင် ဆက်တိုက်ခိုက်သူမှာ ရူးနေ၍သာ ဖြစ်ပေလိမ့်မည်။
မကြာမီတွင်မူ မျှော်စင် ဒုတိယထပ်၌ .. စိတ်ဝိဥာဥ် မိန်းကလေး တစ်ယောက်တည်းသာ ကျန်နေခဲ့တော့၏။
သူမက နံပါတ် ၉၉ ဓားကို ဇဝေဇဝါ ဖြစ်နေသည့် အကြည့်ဖြင့် ကြည့်ကာ တီးတိုးရေရွတ်သည်။
" ဒီပုံရိပ်ကို မကြာသေးခင်ကမှ တွေ့ဖုးတယ်လို့ ခံစားရနေရတယ် ။ ဘယ်မှာ တွေ့ဖူးတာပါလိမ့် .. "
ထိုစဥ် .. ကံတရားမျှော်စင် အပြင်ဘက်၌ ..
ဝှစ် . .. ဝှစ် ... ဝှစ် ...
လေထုကို ဖြိုခွင်းလာသဟ့် အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လူတစ်ဒါဇင်ကျော်ခန့် ရောက်လာကြ၏။
" အင်း .. ငါတို့ တော်တော်နှေးနေသေးတာပဲ ။ လူတွေ အများကြီးတောင် ရောက်နှင့်နေကြပြီ ။အားလုံး မျှော်စင်ထဲဝင်ဖို့ အသင့်ပြင်ကြဟေ့ "
" ဟုတ်ကဲ့ပါ"
ကျန်လူများ သံပြိုင် ပြန်ဖြေလိုက်ကြသည်။
သို့သော် .. ထိုအချိန် ...
ဝီ ....
မျှော်စင်အဝင်ဝ၌ အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ် လင်းလာပြီး ချင်လင်းနှင့် အခြားသူများ အသည်းအသန် ပြေးထွက်လာကြ၏။
" ဟင် .. တပ်ချုပ်ကြီး ချင်လင်းပါလား ။ ဘယ်လိုတွေ ဖြစ်သွားတာလဲ တပ်ချုပ်ကြီး "
အစောက ရောက်လာသူမှာ ချင်လင်းကို မြင်ကာ အံ့အားသင့်သွားသည်။
ချင်လင်းက သူ့ကို လှမ်းကြည့်ကာ ပြော၏။
" သခင်ကြီး မို .. ကံတရားမျှော်စင်ထဲကို မဝင်ဖို့ ကျုပ် အကြံပေးချင်တယ် "
" ဟင် ..ဘာဖြစ်လို့လဲဗျ "
သခင်ကြီးမိုက အံ့သြတကြီး မေးလိုက်သည်။
ချင်လင်းက မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေသည်။
" ဒီနှစ် ကံတရားမျှော်စင်ထဲမှာ မကောင်းတာ တစ်ခုခု ရှိနေတယ် "