← Chapters

ငေးကြည့်ခြင်း

Vol. 3 Ch. 106

ငေးကြည့်ခြင်း

Vol. 3 Ch. 106

အဝေးပြေးလမ်းမတစ်ခုရဲ့နံဘေး။

အမှောင်ထုထဲမှာ လူတစ်ဒါဇင်လောက်က မှောင်ရိပ်ခိုနေပြီး ကားအသွားအလာရှင်းတဲ့ လမ်းမကြီးပေါ်ကို အကဲခတ်လို့ နေပါတယ်။ သူတို့လက်ထဲမှာတော့ ဓားတွေသေနတ်တွေကို ကိုင်ဆောင်ထားပြီး ရမ်းကားမယ့်ပုံစံမျိုးရှိပါတယ်။

မကြာခင်မှာပဲ ကားမီးရောင်ကို သူတို့စမြင်ရပြီးတော့ အနက်ရောင်ဗင်ကားတစ်စီး လမ်းမပေါ်မှာ ဖြတ်သန်း လာခဲ့ပါပြီ။ ဗင်ကားပေါ်မှာတော့ ၂၄ နာရီ ATM ဝန်ဆောင်မှု လုပ်ငန်းလို့ ရေးသားထားတယ်။

ဘဏ်ကားတစ်စီးတော့မဟုတ်ပေမဲ့ ATM စက်တွေကိုလိုက် ငွေဖြည့်ပေးတဲ့ ကားတစ်စီးပါ။ ဘဏ်ကားတွေလောက် ငွေမပါဘူးဆိုပေမဲ့ ပမာဏအတော်များများကတော့ ပါနေမှာ သေချာပါတယ်။

“စကြစို့။” ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ ထိပ်ပြောင်နဲ့ လူကြီးက ပြောလိုက်တယ်။ ဆိုင်ကယ်ပေါ်မှာရှိနေတဲ့ လူတစ်ယောက်က သူ့ကိုလက်မထောင်ပြလိုက်ပြီး ကားလမ်းပေါ်ကိုဆိုင်ကယ်နဲ့ မောင်းတက်သွားလိုက်ကာ ဗန်ကားရှေ့မှာ ပိတ်ရပ်လိုက်တယ်။

တီ... တီ...

ဗန်ကားက အချိန်မီဘရိတ်အုပ်လိုက်နိုင်ပြီး လုံခြုံရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ ကားဒရိုက်ဘာက ကားတံခါးကနေ ခေါင်းပြူကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်တယ်။

“ဟေ့လူ၊ ခင်ဗျားသေချင်နေတာလား။”

ဒါပေမဲ့ မကြာခင်မှာပဲ သူ့ဒေါသတွေက ကြောက်ရွံမှုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ အကြောင်းအရင်းက သူ့နားထင်ကို အေးစက်လှတဲ့ သေနတ်ပြောင်းက လာရောက်ထိတွေ့နေလို့ ဖြစ်ပါတယ်။

“ဟေ့လူတွေ၊ မသေချင်ရင် ဗန်ကားတံခါးကို ဖွင့်ပြီးတော့ ပါသမျှပိုက်ဆံထုတ်ပေးလိုက်။”

ကားဒရိုက်ဘာက သူ့ကိုသေနတ်နဲ့ချိန်ထားတဲ့သူကို ​ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပါတယ်။ အမှောင်ထဲ အလင်းပြန်နေတဲ့ ထိပ်ပြောင်ပြောင်ကြီးကို တွေ့ရတဲ့အခါမှာ သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းသွားတယ်။

‘ဒါ... ဒါအခုတလော နာမည်ကြီးနေတဲ့ လမ်းဓားပြ ထိပ်ပြောင်ကြီးဆိုတဲ့လူမဟုတ်လား။'

တူရကီနိုင်ငံက အတော်လေးလုံခြုံတဲ့နိုင်ငံတစ်ခုလို့ ပြောလို့ ရတယ်ဆိုပေမဲ့ ခိုးဆိုးလုနှိုက်မရှိတာတော့ မဟုတ်ပါဘူး။ လောဘသားကောင်ဆိုတာက နေရာတိုင်းမှာရှိတယ်လေ။ ပြီးတော့ ဓားပြထိပ်ပြောင်ကြီးက သာမန်ဓားပြတစ်ယောက် မဟုတ်ဘဲ...

‘နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေတဲ့ အကြီးစားဓားပြနဲ့မှ လာတွေ့ရတယ်လို့။' ကားသမားနဲ့သူ့အဖော်တို့ ငိုချင်စိတ် ပေါက်သွားလေရဲ့။ သူတို့မှာလည်း လက်နက်ပါပါရဲ့ ဒါပေမဲ့ အခုက လူတစ်ဒါဇင်နဲ့နှစ်ယောက်မဟုတ်လား။ ဒါကြောင့် ကားပေါ်ကနေ ဆင်းပေးဖို့အတွက် ဆုံးဖြတ်လိုက်တယ်။

“ဟဲဟဲ... ဒီလိုမျိုး လိမ္မာမှပေါ့ကွ။” ထိပ်ပြောင်ကြီးက ရယ်မောလိုက်ပြီး သူတို့လက်နက်တွေကိုသိမ်းကား လမ်းမဘေးမှာ ဒူးထောက်လက်မြှောက်ခိုင်းထား လိုက်ပါတော့တယ်။

အဲဒီနောက်တော့ သူ့လူတွေက ဗင်ကားကိုဖွင့်ပြီး နောက်က မီးခံသေတ္တာကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ဖွင့်လိုက်ပါတယ်။ အတွင်းထဲမှာပါတဲ့ ပိုက်ဆံအထပ်လိုက်ကို မြင်ပြီးနောက်မှာ သူတို့တွေက ပျော်ရွှင်စွာနဲ့ ထခုန်နေကြတယ်။

“ငါတို့နောက်ကို ရဲတွေလိုက်နေတာနဲ့ ဒီလောက်ပိုက်ဆံ အများကြီးရအောင် ဓားပြမတိုက်ရတာတောင်ကြာပြီ။ ကောင်လေးတို့၊ ဒီနေ့တော့ ဘားမှာနှပ်ကြတာပေါ့။”

ထိပ်ပြောင်ကြီးက ပျော်ပျော်ရွှင်ရွှင်နဲ့ပြောလိုက်တယ်။ ဒါပေမဲ့ လက်ထောက်ဖြစ်ပုံပေါ်တဲ့ လူတစ်ယောက်က အနားကိုကပ်လာပြီး တီးတိုးပြောလိုက်တယ်။ ထိပ်ပြောင်က နားထောင်ပြီးတဲ့နောက်မှာ ဗန်ကားမောင်းတဲ့ ကားသမားနဲ့ အဖော်ကို ကြည့်လိုက်ပါလေရော။

“ကောင်းတယ်၊ မျက်မြင်သက်သေမရှိအောင် သူတို့ကို သတ်လိုက်။”

အဲဒီစကားကြောင့် ကားသမားရင်ထဲ အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရတယ်။ ဒီဓားပြတွေက သူတို့ကို ချမ်းသာပေးမဲ့ ပုံမပေါ်ပါဘူး။ ဆိုင်ကယ်ဦးထုပ်စောင်းထားတဲ့ လူက သူတို့အနားရောက်လာပြီး အသံတိတ်ပြောင်းပါတဲ့ ပစ္စတို သေနတ်နဲ့ သူ့ခေါင်းကိုချွန်လိုက်တဲ့အတွက် ဒရိုက်ဘာဦးလေးကြီးဟာ သူ့ကိုယ်သူသေတော့မယ်လို့ ကျိန်းသေတွက်ထားလိုက်တယ်။

ဒါပေမဲ့...

“ဟင်....” မကြာခင်ရောက်လာတော့မယ်လို့ သူထင်ခဲ့တဲ့ သေခြင်းတရားက ရောက်မလာတဲ့အတွက် တအံ့တဩနဲ့ မှိိတ်ထားတဲ့ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကြောက်စရာ အလွန်ကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတော့တယ်။

“အား... အား....” သူ့ကို သေနတ်နဲ့ချိန်ထားခဲ့တဲ့ ဓားပြရဲ့ လက်က လက်ကောက်ဝက်ကနေပြတ်သွားပြီး သွေးတွေ ပန်းထွက်နေတယ်။ သေနတ်ကတော့ ကတ္တရာလမ်းမပေါ် ကျနေပြီးတော့ လက်ပြတ်ကြီးက သေနတ်မောင်းပေါ်မှာ ရှိနေတုန်းပဲ။

“ အမှောင်ထုကို အလွဲသုံးစားလုပ်ပြီး မကောင်းမှုပြုသူတွေ အားလုံးပေးဆပ်ရမယ်။”

စကားသံထွက်ပေါ်လာပြီးနောက် ထိပ်ပြောင်ကြီးနဲ့သူတို့ရဲ့ လူတွေက အသံလာရာကို လှည့်ကြည့်လိုက်ကြပါတယ်။ ကားလမ်းပေါ်မှာရပ်နေတဲ့ ဗင်ကားပေါ်မှာ လူနှစ်ယောက် မတ်တပ်ရပ်နေပြီးတော့ သူတို့ကို အေးစက်စွာနဲ့ စိုက်ကြည့် နေကြပါတယ်။ အမျိုးသားနဲ့အမျိုးသမီး နှစ်ယောက်ဖြစ်ပြီး အမျိုးသားကတော့ အပြာရောင်မျက်လုံးတွေနဲ့အနက်ရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားကာ လက်ထဲမှာ အက်ကွဲနေတဲ့ ဓားမြှောင်နှစ်ချောင်းကို ကိုင်ထားတယ်။

အမျိုးသမီးကတော့ ဆေဘာဓားကိုလက်ထဲမှာကိုင်ထားပြီး အမျိုးသားရဲ့နောက်မှာ ကျောချင်းယှဥ်ကာရပ်နေတယ်။ သူ့ကျောနောက်မှာတော့ အနက်ရောင်တောင်ပံတွေရှိနေပြီး အနက်ရောင်ငှက်မွှေးတွေက လေထုထဲမှာ မျောလွင့်လို့။

“မင်းတို့က ဘယ်သူတွေလဲ။” ထိပ်ပြောင်ကြီးက အဲဒီလူငယ်နှစ်ယောက်ကို သေနတ်နဲ့ချိန်လိုက်တယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း အလားတူပြုမူကြပါတယ်။

“ငါတို့က ညနတ်ဘုရားမရဲ့စေတမန်တွေပဲ။”

အဲဒီစကားနဲ့အတူ သူတို့နှစ်ယောက်က ရုတ်တရက်လှုပ်ရှား လိုက်ကြတယ်။ ထိပ်ပြောင်ကြီးနဲ့သူ့လူတွေက လန့်ဖြန့်ပြီး သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တယ်။ ကားဒရိုက်ဘာက အဲဒီလူငယ်နှစ်ယောက်သေပြီလို့ ထင်ခဲ့ပေမဲ့ နေရာကနေ ပျောက်သွားပြီး ငှက်မွှေးတောင်တွေက အနီးအနားလေထု အတွင်းမှာ စတင်ပြန့်လွင့်လာတယ်။

မကြာခင်မှာပဲ ဓားပြတွေရဲ့ခန္ဓာကိုယ်တွေကနေ သွေးတွေ ပန်းထွက်လာပြီး ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာမျိုးစုံနဲ့ လဲကျကုန်တယ်။ သေတော့ မသေကြသေးပါဘူး။ မသေအောင်လည်း တမင်လက်စထိန်းပြီး တိုက်ခိုက်ခဲ့တဲ့ပုံ ပေါ်ပါတယ်။

“အ... အသက်ကိုချမ်းပါပေးပါ။” တစ်စုံတစ်ယောက်က သူ့ကိုကုတ်ကနေဆွဲပြီး မြှောက်ထားကြောင်း သိလိုက်ရပြီးတဲ့ နောက်မှာတော့ ထိပ်ပြောင်ကြီးက ငိုကာယိုကာနဲ့စတင်ပြီး တောင်းပန်ပါတော့တယ်။

သူ့နောက်မှာတော့ နက်ဆန်ရှိနေပြီး နက်ဆန်ရဲ့အရိပ်က သူ့ခန္ဓာကိုယ်ကနေ ခွဲထွက်လာကာ ဓားပြဗိုလ်ထိပ်ပြောင်ကို လေထုထဲ သုံးပေလောက်မြှောက်နေအောင် ကုတ်ကနေ ဆွဲမြှောက်ထားတာ ဖြစ်ပါတယ်။

“စိတ်မပူနဲ့... မင်းလိုကောင်မျိုးကိုသတ်ပြီး ငါလက်ညစ်ပတ် မခံနိုင်ဘူး။”

ဒီစကားကြောင့် ထိပ်ပြောင်ကြီးက ကြောက်လန့်နေတာ နည်းနည်းလျော့သွားတယ်။ ဒါပေမဲ့ လူငယ်နောက်ထပ် ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ သရဲတစ္ဆေကို မြင်လိုက်ရတဲ့အလား မျက်နှာပျက်ယွင်းသွားလေရဲ့။

“ဒါပေမဲ့ နောက်တစ်ခါ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေသူတွေကို ထိခိုက်အောင် မလုပ်နိုင်ဖို့ မင်းကိုဒုတ္ခိတဖြစ်အောင်တော့ လုပ်ရလိမ့်မယ်။”

ဘုန်း....

လူငယ်ရဲ့အရိပ်ကြီးက ထိပ်ပြောင်ကြီးကို အမြင့်ကြီး မြှောက်ပြီး ကတ္တရာလမ်းပေါ် ကိုင်ပေါက်ပစ်လိုက်တယ်။ အရိုးတွေကျိုးပဲ့တဲ့အသံနဲ့ ငယ်သံပါအောင် အော်လိုက်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ အဲဒီနောက်တော့ လူငယ် နှစ်ယောက်က ကားဒရိုက်ဘာနဲ့သူ့အဖော်ကိုတောင် လှည့်မကြည့်တော့ဘဲ တောင်ပံတွေကိုဖြန့်ကာ ကောင်းကင်ပေါ် ပျံတက်လိုက်ကြတယ်။ ဒါပေမဲ့ ထွက်မသွားခင်မှာတော့ သတင်းစကားတစ်ခုပါးခဲ့ ပါသေးတယ်။

“မှတ်ထားကြ... ညနတ်ဘုရားမကို မင်းတို့အမှတ်ရနေပြီး သူ့အပေါ်သစ္စာရှိပေးနေသမျှ ကျုပ်တို့စေတမန်တွေက ခင်ဗျားတို့ကို ကာကွယ်​ပေးမယ်။”

ကားဒရိုက်ဘာနဲ့သူ့အဖော်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။ အဖော်လုပ်တဲ့သူက “ဘာကြီးလဲ၊ ညနတ်ဘုရားမက။ ဒီလူတွေက အူကြောင်ကြောင် ဘာသာရေးဂိုဏ်း တစ်ခုကများလား။” ဆိုပြီးပြောလိုက်ပေမဲ့ ကားဒရိုက်ဘာ ကတော့

“ငါ့ဘဝတစ်လျှောက်လုံး ဘယ်ဘာသာတရားကိုမှ မကိုးကွယ်ဖူးဘူး။ ခုခေတ်မှာ ဘာသာရေးဂိုဏ်း တော်တော်များများက ဟိုရောဂါပျောက်မယ် ဒီရောဂါပျောက်မယ်နဲ့ ပျောက်စေ ဆရာလုပ်ပြီးတော့ ဘာသာထဲဝင်ခိုင်းပြီး အလှူငွေတွေ နင်းကန်တောင်းတာများတယ်။”

“ဒါပေမဲ့ ဒီလူတွေက ငါတို့ကို တကယ်ကယ်ခဲ့ပြီး ဘာမှပြန်မ​တောင်းခဲ့ဘူးပဲ။ သူတို့ ဘယ်သူတွေလဲဆိုတာ ငါလေ့လာကြည့်လိုက်ဦးမယ်။”

...

“မကောင်းတော့ဘူး၊ ကားဘရိတ်ပေါက်သွားပြီ။”

ဘက်စ်ကား ဒရိုက်ဘာက အော်ဟစ်လိုက်တယ်။ သူတို့က တောင်ဆင်းလမ်းတစ်ခုကနေ ဆင်းနေတာဖြစ်ပြီးတော့ ရုတ်တရက် ကားဘီးပေါက်သွားတဲ့အတွက် အရှိန်ထိန်းမရ ဖြစ်နေပြီးတော့ လမ်းအတိုင်းသွားနိုင်ဖို့ ထိန်းထားရုံသာ တတ်နိုင်ပါတော့တယ်။

ဒါပေမဲ့ ကားက တစ်စတစ်စပိုမြန်လာပြီး ထိန်းချုပ်ရတာ ခက်ခဲလာတဲ့အတွက်ကြောင့် ကားပေါ်က ခရီးသည်တွေ အားလုံး ဘုရားတရားတနေရုံသာ တတ်နိုင်ပါတော့တယ်။

“သွားပြီ...” ဒါပေမဲ့ တစ်ကြိမ်တော့ လုံးဝမထိန်းနိုင်ဘဲ ကားက တောင်တက်လမ်းအကာကိုဝင်တိုက်မိသွားပြီး အားလွန်ကာ ချောက်ထဲ ပြုတ်ကျသွားတော့တယ်။

ကားပေါ်ကလူတွေအားလုံး သေတော့မယ်လို့ ထင်နေတဲ့ အချိန်မှာပဲ စစ်ယူနီဖောင်းဝတ်ထားတဲ့ တောင်ပံနဲ့ မိန်းမလှလေးက ရှေ့မှာပေါ်လာပြီး ကားကြီးကို လမ်းအပေါ် ပြန်တွန်းတင်ပေးလိုက်တယ်။

အဲဒီနောက်တော့ ကားထဲမှာ လူငယ်လေးတစ်ယောက် ပေါ်လာပြီး အားလုံးကို ပြောလိုက်တယ်။

“လူတွေ ညနတ်ဘုရားမကို သတိရနေသမျှ ညနတ်ဘုရားမရဲ့စေတမန်တွေက မင်းတို့ကို ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်။”

“....” အကြောက်မပြေသေးတဲ့ လူများ။

...

မနက်နေထွက်ခါနီးအချိန်။

နာတာရှာက ပန်းအိုးလေးထဲမှာစိုက်ထားတဲ့ အပင်လေး တစ်ပင်ကို ရေလောင်းနေတယ်။ အခုဆိုရင် မြေဆီလွှာ ထဲကနေပြီး ဥလိုအဖုလေးတစ်ဖုတိုးထွက်နေတာကို မြင်နိုင်တယ်။

“မြန်မြန်ကြီးလာတော့၊ ဒါမှ နင့်က သခင်ကို ကူညီနိုင်မှာ။”

နာတာရှာက တီးတိုးပြောလိုက်တော့ အပင်ရဲ့အရွက်တွေက လှုပ်ရှားသွားတယ်။ နာတာရှာက မဲ့လိုက်ပြီး “ဘာလဲ မြန်မြန်မကြီးနိုင်ဘူးလို့ ပြောချင်တာလား။ ဒါဆိုရင်လည်း ရတယ်၊ နင့်ကို မုန်လာဥချဥ်ရည်ဟင်းချက်ဖို့ သုံးလိုက်မယ်။”

နာတာရှာက ကြက်သွန်နီလှီးတဲ့ဓားကို ထောင်ပြလိုက်တော့ အပင်လေးက ကြောက်လွန်းလို့ တုန်နေတာပဲ။ ဒီတော့မှ နာတာရှာက ရယ်မောလိုက်ပြီး...

“ငါက စတာပါဟ။ ပြောရရင် သခင်က အခုနောက်ပိုင်း အလုပ်လုပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ တိတ်ဆိတ်နေလွန်းလို့။”

နာတာရှာက နက်ဆန်ရှိနေတဲ့နေရာကို ကြည့်လိုက်တယ်။ နက်ဆန်က ကျောက်ဆောင်တစ်ခုပေါ်မှာထိုင်နေပြီးတော့ အရှေ့ဘက် ကောင်းကင်ယံကနေ ထွက်ပေါ်လာနေတဲ့ အပ်ချည်တစ်မျှင်စာ ရောင်နီပြေးလေးကို ကြည့်နေတယ်။ သူ့ကိုကြည့်ရတာ တစ်စုံတစ်ခု အလိုမကျဖြစ်နေသလိုပဲ။

ဖလက်...

နာတာရှာက အတောင်ပံကို ဖြန့်ပြီး ကျောက်ဆောင်ပေါ် ခုန်တက်လိုက်တယ်။ အဲဒီနောက် နက်ဆန့်ဘေးမှာ ဝင်ထိုင် လိုက်ပြီးတော့...

“ထပ်ပြီးတော့ ဆယ်ဗီအကြောင်း တွေးနေပြန်ပြီလား။”

နက်ဆန်က ဝန်လည်းမခံသလို ငြင်းလည်းမငြင်းပယ်ဘူး။ အဲဒီအစား သူက ကောင်းကင်ကြီးပေါ်ကိုသာ ဆက်ပြီးတော့ ကြည့်နေခဲ့တယ်။ နာတာရှာကတော့ သက်ပြင်းချလိုက်ပြီး

“သူမရှိတော့ ဟာတာတာကြီးဖြစ်နေသလို ခံစားရသား။ သူအဆင်ပြေနေမယ်လို့တော့ မျှော်လင့်ရတာပဲ။”

အဲဒီနောက်တော့ သူတို့တွေ စကားစပြတ်သွားပြီးတော့ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့တယ်။ ဒါပေမဲ့ ခဏနေတော့ နာတာရှာက တစ်စုံတစ်ခုကို သတိရသွားဟန်နဲ့

“အခုတလော ညနတ်ဘုရားမကိုးကွယ်သူ အရေအတွက် တိုးပွားလာတယ်ဆိုတော့ သခင့်အင်အားရော တိုးလာပြီလား။”

နက်ဆန်က သူ့အရိပ်ကို ကြည့်လိုက်တယ်။ အရင်ကထက် ပိုနက်မှောင်နေပြီး တမင်ချဲ့မထားတာတောင် အရွယ်က ပုံမှန်ရှိသင့်တာထက် နှစ်ဆလောက်ဖြစ်နေပြီ။

“ငါတို့ကယ်ခဲ့တဲ့လူတိုင်းက ညနတ်ဘုရားမရဲ့နောက်လိုက် ဖြစ်မလာတာနာတာပဲ။”

“ဒါကတော့ လူသားတွေရဲ့ကိုးကွယ်ယုံကြည်မှုကို တစ်ကြိမ်တစ်ခါလောက် တွေ့ဖူးရုံနဲ့ လွယ်လွယ်ကူကူ ပြောင်းလဲလို့မှမရတာ။”

နာတာရှာက နက်ဆန်ဘဝင်မကျဖြစ်နေတဲ့ကိစ္စအတွက် ဖြေရှင်းချက်ပေးခဲ့တယ်။ ဒီရက်တွေမှာ သူတို့နှစ်ယောက်က လေ့ကျင့်ရင်းနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို လိုက်လံပြီး ကယ်တင်ခဲ့ကြတယ်။ ဒါမျိုးက အရင်ကလည်း နက်ဆန် လုပ်နေကြဆိုပေမဲ့ ပိုတိုးချဲ့လုပ်ကိုင်နေပြီး သဘာဝလွန် ကိစ္စနဲ့ပတ်သက်တဲ့အရာတွေမှာတင်မက သာမန်ပြဿနာတွေမှာပါ ကူညီပေးနေခဲ့တာပါ။ ပြီးတော့ ညနတ်ဘုရားမရဲ့ သတင်းစကားကို ဖြန့်နေသေးတယ်။

နက်ဆန်က လက်သီးကို ဆုပ်လိုက်တယ်။ “မနက်ဖြန် အဲဒီလူကို ထပ်ပြီးတော့ စိန်ခေါ်မယ်။ ငါ့အနားကလူတွေကို ကာကွယ်ပေးဖို့အတွက် ခွန်အားအလုံအလောက် ရှိတဲ့အခါ ငါကိုယ်တိုင် သူ့ကိုအရာအားလုံး ရှင်းပြမယ်။”

...

အဲဒီအချိန် ဆာဗွေနယ်စားနယ်မြေမှာတော့။

မင်းသမီးလေးတစ်ပါးလိုမျိုး ချစ်စရာဂါဝန်လေး ဝတ်ဆင်ပေးခြင်း ခံထားရတဲ့ ဆယ်ဗီက သူ့ပတ်ဝန်းကျင်ကို မယုံနိုင်စွာနဲ့ ကြည့်လိုက်ပါတယ်။

“ဘုရားရေ၊ ငါလေး နတ်ပြည်များ ရောက်နေတာလား။”

သူ့အနားမှာ အိမ်ဖော်ဝတ်စုံနဲ့အစေအပါးနှစ်ဆယ်လောက် ရှိနေပြီးတော့ စားပွဲပေါ်မှာ ဟင်းလျာပွဲပေါင်းတစ်ရာနီးနီးကို ပြင်ဆင်ပေးနေပါတယ်။ အသစ်ခန့်ထားတဲ့ စားဖိုမှူး ဦးလေးကြီးကလည်း အမှားမပါအောင်လို့ အဲဒီမနက်စာ စားပွဲကို ကိုယ်တိုင်လာပြီး ကြပ်မတ်ပေးနေပါတယ်။ စံအိမ် မီးဖိုချောင်မှာတော့ ဒါဇင်နဲ့ချီတဲ့ စားဖိုမှူးတွေက ချွေးတလုံးလုံးနဲ့ ဟင်းလျာတွေကို ချက်ပြုတ်လို့။

ရိုစယ်လီယာကတော့ နာတာရှာအနားမှာထိုင်နေပြီးတော့ သူဒီနေ့ပြင်ဆင်ပေးခိုင်းထားတဲ့ ဟင်းပွဲတွေကို တစ်ခုပြီး တစ်ခုမိတ်ဆက် ပေးနေပါတော့တယ်။

“ဒါက ကြေးအိုး။”

“ဒါက တုံ့ယန်းဟင်းချို။”

“ဒါလေးက တာကိုယာကီ။”

“ဟောက မာလာမောက်ချိုက်။”

“ဒါကတော့ .....”

ဟင်းပွဲတွေက မျိုးစုံလွန်းတဲ့အတွက်ကြောင့် စာရေးဆရာ ကိုယ်တိုင်တောင်မှ နာမည်မပေးနိုင်လောက်အောင်ပါပဲ။ ဆယ်ဗီကတော့ စုံလင်လှတဲ့ ဟင်းပွဲတွေကိုကြည့်နေရင်းနဲ့ သူမှတ်မိတဲ့ တစ်ခုတည်းသောမှတ်ဉာဏ်ဖြစ်တဲ့ မိသားစုလိုခင်တဲ့လူတစ်ယောက် ဟင်းချက်ပေးခဲ့တဲ့ အကြောင်းကို ပြန်ပြီးမေ့သွားခဲ့ပြန်ပါပြီ။

All Chapters