အစီအစဥ် ၇ ခု
Vol. 16 Ch. 212
ဆယ်စုနှစ်များစွာကြာ ပြင်ဆင်ထားခဲ့သည့် အစီအမံတဲ့လား ...
လူငယ်၏ စကားကြောင့် အားလုံး အံ့သြမှင်သက်သွားကြသည်။
သူတို့ မသိလိုက်ပါဘဲ ဆယ်စုနှစ် များစွာကြာအောင် အခြားသူတစ်ယောက်၏ လျှို့ဝှက်ကြံစည်ခြင်းကို ခံနေခဲ့ကြရသည်တဲ့လား ..
ထိုတခဏတွင် အားလုံးမှာ စကားမဆိုနိုင်ကြဘဲ ကြက်သေ သေနေကြ၏။
လေထဲမှ လူငယ်က ပြုံး၍ စကားဆက်သည်။
" သိပ်ကောင်းတယ် ၊ အားလုံးကို ကြည့်ရတာ တိတ်တိတ်လေးနေပြီး ကျုပ်ပြောတာကို နားထောင်ချင်ကြတဲ့ပုံပဲ "
သူက ထိုသို့ပြောပြီးနောက် လက်ကွက်အချို့ ပြုလုပ်လိုက်ရာ အားလုံးကို ချုပ်နှောင်ထားသည့် သံချိန်းကြိုးများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကြသည်။
" ဟင် .. ဒါ ..ဘာသဘောလဲ "
၎င်းကို မြင်သောအခါ နားမလည်နိုင် ဖြစ်နေသည့် လူတစ်ယောက်က ပြော၏။
ထိုလူငယ်က မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး စိတ်ပြောင်းသွားရသည်ကို သူ နားမလည်နိုင်တော့ပါ ။
လူငယ်က အပြုံးဖြင့် ပြန်ပြောသည်။
" အစကတော့ ကျုပ်ဆရာက ဒီ ယဇ်ပူဇော်ပွဲကို နောက်ထပ် နှစ် သုံး၊ လေးဆယ်လောက် နောက်ဆုတ်ထားဦးမလို့ပဲ ။ ဒါပေမယ့် ဒီနေ့ ဒီနေရာကို ရောက်နေတဲ့ လူတစ်ယောက်ကြောင့်မို့သာ ကျုပ်ဆရာက အစီအစဥ် ပြောင်းလိုက်တာ "
သူ့စကားဆုံးသောအခါ အားလုံးဆီမှ တီတိုးစကားသံများ ထွက်လာ၏။
" ဆရာဆိုတဲ့သူရဲ့ အစီအစဥ်ကိုတောင် ပြောင်းလိုက်နိုင်တဲ့သူက ဘယ်သူပါလိမ့် "
" ငါလဲ မသိဘူးကွ ၊ ဒါပေမယ့် အဲ့လူက သာမာန်တော့ မဟုတ်လောက်ဘူး "
လေထဲမှ လူငယ်က စကားဆက်သည်။
" အဲ့လူက အသက်ငယ်ငယ်လေးပဲ ရှိသေးပေမယ့် အင်မတန် ပါရမီထူးတယ် ။ ကျုပ်ဆရာက တစ်ခါပြောတာတော့ အဲ့လူသာ ကြီးလာရင် ထိပ်တန်းအဆင့် အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ သေချာတယ်တဲ့ "
စကားဆုံးသည်နှင့် အားလုံးဆီမှ အသံများ စီခနဲ ထွက်လာသည်။
လေထဲမှ လူ ပြောသွားသည့်အတိုင်း ဆိုပါက .. သူတို့လူစု ကြောက်ရွံ့နေရသည့် လူမှာ လူငယ်တစ်ယောက် တဲ့လား ..
လူအုပ်ထဲမှ ချူစန်းယန်က မျက်မှောင်ကြုံ့သွားကာ တစ်ကိုယ်တည်း တွေး၏။
" ငါက တော်တော် အစွမ်းထက်တဲ့ သူတစ်ယောက်မှန်းတော့ သိပါတယ်။ ဒါပေမယ့် .. သူတို့တွေက ငါ့ကို အဲ့လောက်တောင် ကြောက်နေကြတာလား .. ။ ငါ့အဖေက ငါ့ရဲ့ အားနည်းချက်ကို အမြဲတမ်း ဖုံးကွယ်ထားဖို့ ပြောခဲ့ပေမယ့် ငါ သူ့စကားကို နားမထောင်ခဲ့ဘူး။ အင်း ..ခုလို တခြားသူတွေရဲ့ ပစ်မှတ်ထားတာကို ခံရလိမ့်မယ်လို့ ဘယ်ထင်ထားမလဲကွာ "
သုက ထိုသို့တွေးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။
" ဟေ့ .. သူခိုးလေး ၊ မင်းတို့တွေက ငါ့ကို သတ်ဖို့ အဲ့လောက်အကြာကြီး စီစဥ်နေခဲ့ကြမှန်း ငါ သိတောင် မသိဘူး။ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ၊ မင်းတို့တွေက ဉာဏ်ကောင်းကြတာကိုတော့ ငါ ဝန်ခံတယ်။ မင်းတို့က ငါ အသက်ကြီးမလာခင် မြန်နိုင်သမျှ အမြန်ဆုံး ငါ့ကို ရှင်းပစ်ချင်နေကြတာပဲ "
" ဒါပေမယ့် မင်းက တုံးလဲ တုံးတယ်ကွ ။ ငါဆိုတဲ့ ချူစန်းယန်က မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို တိုက်ဖို့ မွေးဖွားလာတာ။ ခု ချိန်ထိ ဘယ်တိုက်ပွဲကိုမှ မရှုံးဖူးသလို တိုက်ပွဲတစ်ခုပြီးတိုင်း ပိုအစွမ်းထက်လာတာပဲ ရှိတယ်။ အဲ့တော့ မင်းတို့မှာ ဘယ်လိုလှည့်ကွက်မျိုးပဲ ရှိထား ရှိထား ၊ ငါ ဂရုမစိုက်ဘူး။ဘယ်လိုနည်းလမ်းပဲ ဖြစ်ဖြစ်၊ မင်းတို့ စိတ်ကြိုက် အကုန်သာ သုံးကွာ "
ချူစန်းယန်က ထိုစကားများအား ဂုဏ်ဝင့်နေသည့်ဟန်ဖြင့် မျက်နှာထားတင်းတင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။
သူ့နောက်မှ လူများဆီမှ တခဲနက် အားပေးသံများ ရုတ်ချည်း ထွက်ပေါ်လာ၏။
" အကိုချူ ပြောသွားတာ ကောင်းလိုက်တာဗျာ "
" အကိုချူက တကယ်ကို သူရဲကောင်းဆန်တဲ့ လူတစ်ယောက်ပဲ "
" ချူစန်းယန်ဆိုတာ ဘယ်တိုက်ပွဲကိုမှ မရှုံးနိမ့်မယ့် ဒဏ္ဍာရီကျော် လူတစ်ယောက် "
ထိုအားပေးသံများကြားတွင် ခေါင်းတဆတ်ဆတ် ညိတ်နေကြစည့် လူကြီးများလည်း ရှိ၏။
" ဒီကောင်လေးက အင်မတန် ထူးခြားတာပဲ "
" လျှို့ဝှက်နဂါးစာရင်းမှာ နံပါတ် ၁ ရထားတဲ့သူလို့ မပြောရဘူး ၊ ဒီအစီမမံရဲ့ ပိုင်ရှင် ဆရာဆိုတဲ့ သူကတောင် သူ့ကို ကြောက်နေရတယ်။ သူက ငါတို့ လွတ်လမ်းအတွက် အဓိက သော့ချက်ပဲနဲ့ တူတယ် "
ထိုတခဏတွင် အားလုံးက ချူစန်းယန်အား မျှော်လင့်တကြီး ကြည့်လိူက်ကြသည်။
လေထဲမှ လူငယ်ကမူ အံ့အားသင့်နေဟန် တူ၏။
" အခုတော့ ဘာမှ ထပ်မပြောတော့ပါလားကွ ၊ ကြောက်နေပြီလား "
ချူစန်းယန်က ခေါင်းမော့ကာ မာန်အပြည့်ဖြင့် မေးလိုက်သည်။
အချိန်အတန်ငယ် ကြာသွားပြီးမှသာ လေထဲမှ လူငယ်က ပါးစပ်လှုပ်သွားပြီး ပြောလာ၏။
" မင်းက ဘယ်သူလဲ "
ချူစန်းယန်မှာ မျှော်လင့်မထားသည့် စကားကြောင့် ရုတ်တရက် အံ့အားသင့်သွားပြီး အေးစက်စက် ပြန်ပြောသည်။
" ငါက မင်းရဲ့ဆရာ အကြောက်ကြီး ကြောက်နေရတဲ့ ထျန်းယွမ်အင်ပါယာက လျှို့ဝှက် နဂါးစာရင်းမှာ နံပါတ် ၁ ရထားတဲ့သူ ။ နောင် အနာဂါတ်မှာလဲ ဖုန့်လင်းဒေသတစ်ခုလုံးရဲ့ နံပါတ် ၁ အစွမ်းထက်ကျင့်ကြံသူ ဖြစ်လာမယ့် ချူစန်းယန် ပဲ "
သူ့စကားဆုံးသည်နှင့် အားပေးသံများ ဝုန်းခနဲ ထွက်လာပြန်သည်။
ထိုအားပေးသံများကြောင့် ချူစန်းယန်တစ်ယောက် ပိုပို၍ စိတ်လှုပ်ရှားသွားကာ ဆက်အော်ပြော၏။
" အခု ငါနဲ့လာပြီး တိုက်ခိုက်ပါ "
လေထဲမှ လူငယ်က နှုတ်ခမ်းမဲ့သွားပြီး လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။
မြေကြီးထဲမှ ခပ်ပါးပါး သံချိန်းကြိူးတစ်ခု ထွက်လာကာ ချူစန်းယန်အား ရိုက်လိုက်၏။
ဖြောင်း ..
ချူစန်းယန်တစ်ယောက် ချက်ချင်း သွေးအန်သွားပြီး နောက်သို့ လွင့်ထွက်သွားရသည်။
သူ့ကို အားပေးနေသည့် အသံများလည်း ရုတ်ချည်း တိတ်ဆိတ်သွား၏။
အားလုံးက မျှော်လင့်တကြီး ကြည့်နေခဲ့ရသည့် ချူစန်းယန်က ထိုသို့ ချက်ချင်း ရှုံးနိမ့်သွားခဲ့ရသည်လား။
၎င်းက ဘာအဓိပ္ပါယ်ပါနည်း ..
ထိုစဥ် လေထဲမှ လူငယ်က အေးစက်စက် ပြောလိုက်သည်။
" ကျုပ်ရဲ့ဆရာ ပြောခဲ့တဲ့လူက သူ မဟုတ်ဘူး "
ထိုစကားကို ကြားမှသာ အားလုံး အခြေအနေကို ရုတ်တရက် နာလည်သွားကြ၏။
သို့သော် .. သူတို့ရင်ထဲမှ သိချင်စိတ်ကလည်း ပိုပြင်းသွားကြသည်။ ထိုလူက ချူစန်းယန် မဟုတ်လျှင် မည်သူပါနည်း ။
ထိုအချိန်တွင် လေထဲမှ လူငယ်က အသက်ပြင်းပြင်း ရှိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
" လောထျန်း ၊ ရှေ့ထွက်လာပြီး ကျုပ်နဲ့ လာတွေ့လှည့်ပါ "
" လောထျန်း ဟုတ်လား .. သူက ဘယ်သူလဲ "
" ငါလဲ မသိဘူးကွ ၊ အဲ့နာမည်ကို တစ်ခါမှတောင် မကြားဖူးဘူး "
ထိုနေရာတွင် ရှိနေကြသည့် လူအများစုမှာ လောထျန်း၏ နာမည်ကိုပင် မကြားဖူးကြပါချေ။
အနည်းစုကသာ လောထျန်းနှင့် ပတ်သက်သည့် ကောလဟာလ သတင်းအချိူ့ ကြားဖူးထားကြသည်။
သို့သော် တဖက်လူက လောထျန်းအား ဤမျှအစွမ်းထက်သူတစ်ယောက်အဖြစ် ပြောထားပေရာ သူက သာမာန်လူတစ်ယောက် မဟုတ်နိုင်မှန်း သူတို့ နားလည်ပေသည်။
ထို့နောက် အားလုံး ကြည့်နေကြစဥ်မှာပင် လောထျန်းက လူအုပ်ထဲမှ လမ်းလျှောက်ထွက်လာ၏။
" မင်းက ငါ့ကို ခေါ်လိုက်တာလား "
လောထျန်းက မေးလိုက်သည်။
လောထျန်းကို မြင်လိုက်သည်နှင့် တဖက်လူငယ်၏ မျက်နှာထား ချက်ချင်းပြောင်းသွားပြီး သူ့မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့တစ်ခု ဖျတ်ခနဲ လင်းလက်သွား၏။
သို့သော် သူက ချက်ချင်း စိတ်ကို ပြန်ထိန်းလိုက်ဟန်ဖြင့် ပြန်တည်ငြိမ်သွားသည်။
" လောထျန်း ၊ ငါ့ဆရာက ဒီနေ့ မင်းအတွက် အစီအစဥ်တွေ အများကြီးကို သေချာလုပ်ထားပြီးတော့ တိုက်ခိုက်ဖို့ ဖိတ်ခေါ်ထားတယ်ကွ။ ပြီးတော့ ငါ့ဆရာက ပြောသေးတယ် ၊ တကယ်လို့ မင်းသာ သူ့ရဲ့ အစီအစဥ် ၇ ခုလုံးကို ကျော်ဖြတ်နိုင်ရင် မင်းကို အသာတကြည် သွားခွင့်ပေးမယ့်အပြင် ဒီနေရာမှာ ရှိကြတဲ့ လူအားလုံးကိုပါ အသက်ချမ်းသာပေမယ်တဲ့။ ဒီတော့ .. မင်း တိုက်ခိုက်ရဲလား "
လူငယ်က ထိုသို့ပြောပြီးနောက် လောထျန်းအား လှောင်ပြောင် ရန်စဟန်ဖြင့် ကြည့်လိုက်သည်။
အနီးနားတဝိုက်မှ လူများအားလုံးမှာလည်း ထိုစကားကို ကြားကာ စိတ်လှုပ်ရှားသွားကြ၏။
" လူငယ်လေး ၊ ဒီ စိန်ခေါ်မှုကို လက်ခံလိုက်ပါ။ တကယ်လို့ မင်း အခက်ခဲနဲ့ ကြုံလာရင်တောင် ငါ မင်းနောက်ကနေ ခုခံပေးမယ် "
အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။
" ဟုတ်တယ် ၊ မင်း မလုပ်နိုင်တဲ့ အရာတစ်ခုခုနဲ့ ကြုံလာရင်လဲ ငါ မင်းကို ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားပေးမယ်။ခြုံပြောရရင်တော့ ..မင်း လုံးဝ မရှုံးနိုင်ဘူး "
တာအိုဘုန်းတော်ကြီး တစ်ပါးကလည်း သံယောင်လိုက်ကာ ဝင်ပြော၏။
" ဟုတ်တယ် ၊ လောထျန်း .. ငါလဲ မင်းကို ကူညီမယ်။ မကြောက်နဲ့ "
လက်ရှိအခြေအနေတွင် လောထျန်းက အားလုံးအတွက် အသက်ကယ်နိုသ်မည့် ကောက်ရိုးလေးတစ်မျှင် မဟုတ်ပါလား ..
လောထျန်းက နောက်လှည့်၍ သူ့ကို အားပေးနေကြသည့် လူများအား ဝေ့ဝဲကြည့်လိုက်သည်။ ထိုတခဏတွင် သူ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေ၏။
ထိုလူများက မကောင်းသော စိတ်ယုတ်ဖြင့် ပြောနေကြခြင်း မဟုတ်သည်ကို သူ သိသည့်အတွက်ကြောင့်လည်း သူတို့ကို ပြန်ဆူရန် အားနာနေသည်။
" လောထျန်း ၊ မင်း တိုက်ခိုက်ရဲရဲ့လား "
ထိုဥ် လေထဲမှ လူငယ်က ထပ်မေးလာပြန်သည်။
" ကောင်းပြီလေ ၊ လုပ်လိုက်ကြတာပေါ့ "
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
သူ ထိုသို့ ပြောလိုက်သည်နှင့် သူ့နောက်မှ အဘိုးအိုတစ်ယောက်က ပြောသည်။
" တော်တယ် ကောင်လေး ၊ မင်းက တော်တော်တော့ သတ္တိရှိတာပဲ "
လောထျန်းမှာ မည်သို့ ပြန်ပြောရမည် မသိဘဲ ခေါင်းသာ ကုတ်လိုက်ရသည်။
တဖက် လေထဲမှ လူငယ်က သူ့အဖြေကို ကြားသောအခါ အေးစက်စက် ပြန်ပြော၏။
" သိပ်ကောင်းတယ်လောထျန်း ၊အခု လာမယ့်ဟာက ငါ့ဆရာရဲ့ မဟာအစီအစဥ်ပဲ ။ သေချာ စောင့်ကြည့်လိုက်ပါ "
သူက ပြောပြောဆိုဆိုပင် လက်ဖြင့် သိုင်းကွက်အချို့ ပြုလုပ်လိုက်သည်။
ဝီ ...
ချက်ချင်းပင် လေထုကြီး ပြောင်းလဲလာပြီး ကောင်းကင်ယံမှ အလင်းတန်းကိုးခု ကျလာ၏။
ဝုန်း .. ဝုန်း .. ဝုန်း ..
ကြောက်မက်ဖွယ် အရောင်အဝါ ကိုးခု ပေါက်ကွဲထွက်လာသည်။
၎င်းကို မြင်သောအခါ လောထျန်းနောက်မှ အဘိုးအိုနောက်သို့ ခြေနှစ်လှမ်း ဆုတ်သွား၏။
" ဒါ .. ဘယ်လို ဖြစ်နိုင်မှာလဲ "
" ဘာဖြစ်လို့လဲ သခင်ကြီး "
သူ့ဘေးမှ သက်လတ်ပိုင်းအရွယ်လူကြီးက မေးလိုက်သည်။
အဘိုးအိုက မျက်နှာပျက်ပျက်ဖြင့် ပြန်ပြော၏။
" ဒီဟာတွေရဲ့ နောက်ကွယ်က ဉာဏ်ကြီးရှင်က သေချာကို လုပ်ထားတာကွ။ သူ့ရဲ့ ပထမအဆင့် အစီအစဥ်က ဟိုကောင်တွေကို ခေါ်ဖို့ပဲ "
ထိုအချိန်တွင် တာအိုဘုန်းကြီး၏ မျက်နှာမှာလည်း ဖြူဖျော့နေလေပြီ ။
" ဒါ ..ဟိုကောင်တွေပဲ ။ ဟိုကောင်တွေ လာနေကြပြီ "
သူ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" သခင်ကြီး ၊ ဟိုကောင်တွေဆိုတာ ဘယ်သူလဲဗျ "
လူတစ်ယောက်က မေး၏။
တာအိုဘုန်းကြီးက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြန်ဖြေသည်။
" သူတို့တွေက ဒီ နတ်ဆိုးတစ်သောင်းလွင်ပြင်မှာ ရှိတဲ့၊ လူသားတွေကို တားမြစ်ထားတဲ့နေရာက နတ်ဆိုးဘုရင် ကိုးယောက်ပဲ ။သူတို့ တစ်ယောက်ချင်းစီရဲ့လက်ချက်နဲ့ သေသွားခဲ့ကြတဲ့ တုကျဲ့အဆင့် ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ကို ရှိတယ်ကွ။ သူတို့ထဲက တစ်ယောက် ပေါ်လာရင်တောင် ပြဿနာ အကြီးကြီး ဖြစ်သွားမှာ ၊ အခု ကိုးယောက်လုံး တပြိုင်တည်း လာတာ ဆိုတော့ ... "
တာအိုဘုန်းတော်ကြီးမှာ မျက်နှာ အလွန်ပျက်နေတော့သည် ။
ထိုစဥ်မှာပင် ..
ဘုန်း ... ဘုန်း ... ဘုန်း ...
လေထုကြီး ပြန်တည်ငြိမ်သွားကာ အားလုံးရှေ့၌ ဧရာမ အရိပ်ကိုးခု ပေါ်လာ၏။