သခင်ကို မှတ်မိသွားကြသည့် နတ်ဆိုးဘုရင်များ
Vol. 16 Ch. 213
ထိုအရိပ်များ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် ဖိအားပြင်းသည့် အရောင်အဝါ တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလာသဖြင့် အားလုံး အကြောက်ကြီး ကြောက်သွားကြသည်။
" ဒါ .. နတ်ဆိုးသားရဲ တစ်ကောင်လား .. "
လူငယ်လေးတစ်ယောက်က အသံတုန်တုန်ဖြင့် မေး၏။
" ဒါ သာမာန် နတ်ဆိုးသားရဲ မဟုတ်ဘူး။ နတ်ဆိုးတစ်သောင်း လွင်ပြင်က သားရဲတွေအားလုံးရဲ့ နတ်ဆိုးဘုရင်ပဲကွ "
" နတ်ဆိုးတစ်သောင်းလွင်ပြင်က နတ်ဆိုးဘုရင် ....ဟုတ်လား ။ ကျုပ်အဖေ ပြောတာကို ကြားဖူးတာတော့ ဒီ နတ်ဆိုးဘုရင်တွေက အင်မတန် အစွမ်းထက်ကြတယ်ဆို ။ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က တုကျဲ့အဆင့် ၉ က သာမာန် ကျင့်ကြံသူ တစ်ယောက်ထက်တောင် ပိုသာတယ်တဲ့ "
" ဟုတ်တယ် ၊ ကျုပ်လဲ အဲ့လိုကြားဖုးတယ် ။ ပြီးတော့ ဒီ နတ်ဆိုးဘုရင် ကိုးယောက်က အဖိုးတန် ရတနာ ကိုးခုကို စောင့်ကြပ်ကြတယ်လို့လဲ ကြားဖူးသေးတယ်။ အရင်က ဒီရတနာ ကိုးခုကို လုယူဖို့ ကြိုးစားခဲ့ကြတဲ့ အစွမ်းထက် ကျင့်ကြံသူတွေ အများကြီး ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ..အားလုံး အသေဆိုးနဲ့ သေခဲ့ကြရတယ်တဲ့ "
" ဟိုလူရဲ့ ပထမ အစီအစဥ်က ဒီ နတ်ဆိုးဘုရင် ကိုးယောက်ကို ခေါ်ထုတ်လာတာတဲ့လား .. သွားပါပြီကွာ ။ လောထျန်းတစ်ယောက်တည်းကို အသာထားလိုက်ဦး ၊ ထျန်းယွမ်အင်ပါယာတစ်ခုလုံးက အင်အားကြီး အဖွဲ့တွေ အများကြီးကို ခေါ်လာရင်တောင် အများကြီး သေကြေကြရမှာ "
ထိုတခဏအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးရှိ လူများထံမှ စိတ်ပျက်လက်ပျက် ညီးညူသံများ ထွက်လာသည်။
တစ်ချိန်တည်းမှာပင် အစီအမံ၏ အပြင်ဘက်တွင် ရှိနေသော အမည်းရောင် ဝတ်ရုံနှင့်လူက စစ်တုရင်ခုံပေါ်မှ အမည်းရောင် စစ်တုရင် အရုပ်တစ်ခုကို အောက်သို့ လွတ်ချလိုက်၏။
" လောထျန်း ၊ ငါ့ရဲ့ အစီအစဥ် ၇ ခုထဲမှာ မင်း ဘယ်အဆင့်ထိ ခုခံနိုင်မလဲ ။ မင်း နည်းနည်းကြာကြာလေးတော့ တောင့်ခံနိုင်ဖို့ မျှော်လင့်ပါတယ်ကွာ ။ အဲ့လိုမဟုတ်ရင် ပျော်စရာကောင်းမှာ မဟုတ်ဘူး "
သူက အပြုံးဖြင့် ဆိုလိုကါသည်။
အစီအမံထဲတွင်မူ ...
" နတ်ဆိုးဘုရင်ကြီးတို့ ၊ ကျေးဇူးပြုပြီးတော့ ကျုပ် ဆရာရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ပေးကြပါ "
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ဦးညွှတ်၍ ပြောလိုက်သည်။
" ဟမ့် .. ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးနဲ့များ ငါတို့ကို နှောင့်ယှက်ရတယ်လို့ကွာ "
သူ့ နဂိုမူလအသွင် ပြောင်းထားသည့် အစိမ်းရောင် အမွေးများနှင့် ခြင်္သေ့က ဗလုံးဗထွေး ပြန်ပြော၏။
လုငယ်မှာ မောက်မောက်မာမာ မဆက်ဆံဝံ့ဘဲ ထပ်၍ ဦးညွှတ် အရိုအသေ ပေးလိုက်ရသည်။
" နတ်ဆိုးဘုရင်ကြီး ၊ ဒီကိစ္စ ပြီးသွားတာနဲ့ နတ်ဆိုးဘုရင်ကြီးတို့အတွက် ဆုတွေကို ချက်ချင်း ထုတ်ပေးမယ်လို့ ကျုပ်ဆရာက ပြောပါတယ် "
အမွေးစိမ်းခြင်္သေ့က နှာခေါင်းရှံ့ကာ ပြန်ပြောသည်။
" ကောင်းပြီလေ ၊ ဒါဆိုလဲ ငါတို့တာဝန်ပဲ ထားလိုက် "
ထိုသို့ပြောပြီးနောက် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အော်လိုက်သည်။
" မင်းတို့ ရှာနေတဲ့ကောင်က ဘယ်မှာလဲ ။ ဒီကို လာပြီး သေစမ်းကွာ "
သူ့အော်သံမှာ မိုးကြိုးသံကြီး အလားပင် ..
လုံလောက်အောင် အစွမ်းမထက်သေးသည့် လူအချို့ဆိုလျှင် ထိုအသံကြောင့် သတိမေ့ လဲကျသွားကုန်ကြ၏။
အစွမ်းထက်သော သူများသည်ပင် ခက်ခက်ခဲခဲ တောင့်ခံနေကြရသည်။
ထို နတ်ဆိုးဘုရင်ကား အလွန်အစွမ်းထက်လှပေသည်။
နတ်ဆိုးဘုရင် တစ်ပါးတည်းကပင် ဤမျှအစွမ်းမျိုး ရှိနေသည် ဆိုပါက ...
နောက်ထပ် နတ်ဆိုးဘုရင် ၈ ယောက်ကိုပါ ထပ်ပေါင်းလိုက်လျှင် မည်သို့ ဖြစ်သွားပါမည်နည်း။
အားလုံး စိတ်ဓာတ်ကျသွားကြသည်။
" ငါ ပြောနေတာကို မကြားဖူးလား ။ အခုချက်ချင်း မြန်မြန် ထွက်လာခဲ့လို့ ပြောနေတယ်လေ "
ခြင်္သေ့ကြီးက ထပ်အော်လိုက်ပြန်၏။
သူ့နောက်မှ အခြား နတ်ဆိုးဘုရင် ၈ ယောက်မှာလည်း လူသတ်အရိပ်အငွေ့ဖြင့် ပြည့်နေသည့် မျက်နှာထားများ ရှိနေကြသည်။
ထိုစဥ် လောထျန်းနောက်မှ အဘိုးအိုက အံကြိတ်ကာ လောထျန်းအား ပြော၏။
" မိတ်ဆွေလေး ၊ ငါတို့ထဲမှာ တုကျဲ့အဆင့်အစွမ်းထက် ကျင့်ကြံသူတွေ နည်းနည်းတော့ ရှိတယ်ကွ။ ဒါပေမယ့် အားလုံးက တုကျဲ့အဆင့် ၃ ဝန်းကျင်ပဲ ရှိကြသေးတာ ဆိုတော့ အားလုံး အတူတူ တိုက်ခိုက်ကြရင်တောင် ဒီ နတ်ဆိုးဘုရင် ကိုးယောက်လုံးကို အနိုင်ယူဖို့ လွယ်မှာ မဟုတ်ဘူး "
သူ့အသံမှာ စိတ်ဓာတ်ကျနေဟန်ရှိပြီး သူ့အသွင်မှာလည်း လက်လျှော့ အရှုံးပေးလိုက်တော့မည့်ဟန် ဖြစ်နေသည်။
သို့သော် .. လောထျန်းက လက်ယမ်း၍ ပြောလိုက်သည်။
" ကိစ္စမရှိပါဘူးဗျာ ၊ ကျုပ်ပဲ ကိုင်တွယ်လိုက်ပါ့မယ် "
လောထျန်းက ပြောပြောဆိုဆိုပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
၎င်းကို မြင်သောအခါ သူ့နောက်မှ လူများအားလုံး အံ့သြမှင်သက်သွားကြသည်။
" ဒီ .. လောထျန်းက ရဲရဲကြီး သေဖို့ ဆုံးဖြတ်ထားတာလား "
အားလုံး ရင်ထဲမှ သက်ပြင်းများ ခိုးချလိုက်ကြ၏။
" ငါ နောက်တစ်ခါ ထပ်ပြောမယ်၊ အခုချက်ချင်း ထွက်လာခဲ့ ။ မထွက်လာလို့ကတော့ ဒီမှာ ရှိနေတဲ့ လူအားလုံးကို သတ်ပစ်မှာ "
ခြင်္သေ့ကြီးက ထပ်အော်လိုက်ပြန်သည်။
သူက ထိုသို့ပြောပြီးသည်နှင့် မြေကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
သို့သော် .. ထိုအချိန်မှာပင် ..
" မင်းက ဘာတွေ လာဟောင်နေတာလဲ "
ခြင်္သေ့ကြီးရှေ့မှ အသံတစ်သံ ထွက်လာ၏။
" ဘာကွ ..ငါ့ကို ဘယ်ကောင်က အဲ့လို ပြောရဲတာလဲ "
ခြင်္သေ့ကြီး ချက်ချင်း ဒေါသူပုန် ထသွားသည်။
သို့သော် .. ထိုအချိန်မှာပင် လောထျန်း၏ မျက်နှာအား သူ ရှင်းရှင်းလင်းလင်း မြင်သွားပြီး တစ်ကိုယ်လုံး ကြက်သေသေသွား၏။
" ခြင်္သေ့ ဘုရင်ကြီး၊ သူပဲဗျ ။ သူ့ကို သတ်နိုင်တာနဲ့ ခင်ဗျားရဲ့ တာဝန်ကျေပြီ "
လေထဲမှ လူငယ်က ကျယ်လောင်စွာ အော်ပြောလာသည်။
" ပါးစပ် ပိတ်ထားစမ်း "
ခြင်္သေ့ကြီးက လူငယ်ဘက် ချက်ချင်းလှည့်ကာ ပြန်အော်၏။
" ဟင် ... "
လေထဲမှ လူငယ် အလွန်လန့်ကာ ချက်ချင်း ပါးစပ်ပိတ်သွားသည်။
ထိုနတ်ဆိုးဘုရင်များ အားလုံးမှာ ဒေါသကြီးကြသူများဖြစ်ကြောင်း သူ သိထားပြီးဖြစ်ရာ သူတို့ကို ယောင်၍ပင် မစော်ကားလိုပါချေ။
သို့သော် ...
" ငါ မင်းကို ခွေးတစ်ကောင်လို မဟောင်ဖို့ ပြောထားတယ်မဟုတ်လား ၊ ငါ ပြောတာကို မကြားဘူးလား "
လောထျန်းက ဒေါသတကြီး ပြောလာ၏။
ထိုစကားတစ်ခွန်းတည်းဖြင့် အားလုံး တုန်လှုပ်သွားကြသည်။
ထိုလူက နတ်ဆိုးဘုရင်အား စော်ကားနေသည်မှာ နှစ်ကြိမ်ဆက်တိုက် ရှိသွားခဲ့လေပြီ ။
မကြာခင်မှာပင် သူ အသက်ပေးရတော့မည်လား ..
နတ်ဆိုးဘုရင် ခြင်္သေ့ကြီးက ဝုန်းဒိုင်းကြဲတော့မည်ဟု အားလုံး တွေးနေကြစဥ်မှာပင် ..
အမွေးစိမ်း ခြင်္သေ့ကြီးက မြေပြင်တွင် ချက်ချင်း ဒူးထောက်ချကာ ငိုသံကြီးဖြင့် ပြောလာ၏။
" သခင်ကြီး ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် မှားသွားပါတယ် "
အားလုံး မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
နတ်ဆိုးဘုရင် ခြင်္သေ့ကြီးက သူ့အမှားဟု အမှန်တကယ် ဝန်ခံတောင်းပန်နေသည်လား ။
ဘာတွေ ဖြစ်နေပါသနည်း ။
ထိုစဥ် လေထဲမှ လူငယ်မှာလည်း အခြေအနေကို လုံးဝ နားမလည်နိုင် ဖြစ်ကာ စိတ်ရှုပ်နေ၏။
မည်သို့ ဖြစ်နေပါသနည်း ..
နတ်ဆိုးဘုရင် ခြင်္သေ့ကြီးက အဘယ့်ကြောင့် လောထျန်းအား ကြောက်ရွံ့နေဟန် ဖြစ်နေရပါသနည်း ။
" နတ်ဆိုးဘုရင်ကြီး ၊ ဒါ ဘာအဓိပ္ပါယ်လဲဗျ "
သူ မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။
အမွေးစိမ်း ခြင်္သေ့ကြီးက လူငယ်ဘက် ခေါင်းလှည့်လာပြီး မီးတောက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ပြန်ပြောသည်။
" မင်း ပါးစပ် ပိတ်ထားစမ်း။နောက်တစ်ခွန်း ထပ်ပြောတာနဲ့ မင်းတစ်ကိုယ်လုံးကို ဆွဲဖြဲပစ်မယ် "
ထိုစကားနှင့်ပင် လူငယ်မှာ အလွန်ကြောက်ရွံ့သွားပြီး မျက်နှာဖြူဖျော့သွား၏။
ဖြောင်း ..
ထိုစဥ် လောထျန်းက လက်မြှောက်၍ ရိုက်လိုက်သဖြင့် ခြင်္သေ့ကြီး လဲကျသွားသည်။
" ဆူဆူညံညံ ထပ်မဟောင်နဲ့လို့ ငါ ပြောထားတ
ယ် မဟုတ်လား ။ သုံးကြိမ်မြောက် ထပ်မပြောရစေနဲ့နော်"
လောထျန်းက အေးစက်စက် မျက်နှာထားဖြင့် ပြော၏။
" တောင်းပန်ပါတယ်ဗျာ ၊ တောင်းပန်ပါတယ် "
ခြင်္သေ့ကြီးက အလွန်ကြောက်ရွံ့နေဟန်ဖြင့် ချက်ချင်း ပါးစပ်ပိတ်သွားကာ လောထျန်းဘေး၌ ကြောင်လေးတစ်ကောင်အလား ဆောင့်ကြောင့် ထိုင်လိုက်သည်။
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သေ သေနေကြ၏။
ဘာတွေ ဖြစ်ပျက်နေပါသနည်း။
ထိုစဥ် လေထဲမှ လူငယ်က ကျန် နတ်ဆိုးဘုရင် ၈ ယောက်ဘက်သို့ ဖျတ်ခနဲ လှည့်ကာ ပြောလိုက်သည်။
" နတ်ဆိုးဘုရင်ကြီး ၈ ယောက်ကပဲ ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါဗျာ "
နတ်ဆိုးဘုရင် ခြင်္သေ့ကြီးက လောထျန်းအား အဘယ့်ကြောင့် ကြောက်နေရသည်ကို သူ မသိသော်လည်း အခြားနတ်ဆိုးဘုရင် ၈ ယောက် ကျန်နေသေးသည်ဖြစ်ရာ အဆုံးသတ် ရလဒ်က အတူတူပင် ဖြစ်ပေလိမ့်မည်။
ဝုန်း .. ဝုန် .. ဝုန်း ...
နတ်ဆိုးဘုရင်ကြီး ၈ ယောက်လုံး လှုပ်ရှားသွားကာ လောထျန်းဆီသို့ တစ်လှမ်းချင်း တိုးသွားလိုက်ကြသည်။
" ကဲ ..အခုတော့ အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီး စတော့မယ် "
အားလုံးမှာ ဖြစ်လာတော့မည့် တိုက်ပွဲကို အသက်အောင့်ကာ စောင့်နေကြ၏။
သို့သော် ...
ဝုန်း ... ဝုန်း ... ဝုန်း ....
ကျန် နတ်ဆိုးဘုရင် ၈ ယောက်ကလည်း လောထျန်းရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
" အရိုအသေပေးပါတယ် သခင်ကြီး "
လောထျန်းက နတ်ဆိုးဘုရင်များ အားလုံးကို အေးစက်စက်ကြည့်ကာ မေး၏။
" မင်းတို့တွေကရော ငါ့ကို သတ်ချင်တာလား "
" မလုပ်ဝံ့ပါဘူး သခင်ကြီးရယ် "
နတ်ဆိုးဘုရင်များ သံပြိုင် ပြန်ဖြေလိုက်ကြသည်။
သူတို့ ကိုးယောက်ထဲတွင် လောထျန်း၏ အရိုက်ကို မခံခဲ့ရသူမှာ အရိုးဖြူပညာရှိ တစ်ဦးတည်းသာ ရှိ၏။
သို့ဖြစ်ရာ ..အကယ်၍ လောထျန်းသာ ဆန္ဒရှိပါက သူတို့အား တစ်ချက်တည်းဖြင့်ပင် အသေသတ်နိုင်မှန်း အားလုံး သိထားကြပြီးဖြစ်ပါသည်။
သို့ဖြစ်ရာ အသက် ဆက်ရှင်ချင်သေးသော သူများအနေဖြင့် လောထျန်းကို သတ်ရန် မကြိုးစားသင့်ပါချေ ...
" မသတ်ချင်ဘူးဆို ဘာလို့ ဒီကို ရောက်လာသေးလဲ "
လောထျန်းက ဆက်မေးလိုက်သည်။
နတ်ဆိုးဘုရင် ၉ ယောက်မှာ ထိုမေးခွန်းကို မည်သို့ဖြေရမည် မသိဘဲ ကြောက်လန့် တုန်လှုပ်သွားကြ၏။
သူတို့ထဲမှ နတ်ဆိုးမြေခွေးက အကြံရသွားဟန်ဖြင့် အမြန်ဆုံး လှုပ်ရှာကာ ခေါင်းမော့၍ ပြောလိုက်သည်။
" သခင်ကြီးကို အကူအညီ ပေးဖို့အတွက် လာခဲ့ကြတာပါ "
ခြင်္သေ့ကြီးကလည်း ချက်ချင်း ဝင်ပြော၏။
" ဟုတ်ပါတယ် ၊ သခင်ကြီးက တိုက် လို့ ပြောတာနဲ့ ကျုပ် ချက်ချင်း အချိန်မရွေး နေရာမရွေး တိုက်ခိုက်ပါ့မယ်။ သခင်ကြီးရဲ့ ရန်သူတွေအားလုံးကို ကျုပ် ရှေ့ဆုံးကနေပြီး သတ်ပစ်ပါ့မယ်ဗျာ "
" ကျုပ် ရောပဲ "
" ကျုပ်ရောပဲ "
နတ်ဆိုးဘုရင်များအားလုံး လောထျန်းအပေါ် သူတို့၏ သစ္စာရှိမှုကို ပြသရန် တစ်ယောက်ပြီးတစ်ယောက် ကျိန်ဆိုလိုက်ကြသည်။
လောထျန်းက ခေါင်းညိတ်၏။
" ကောင်းပြီလေ ၊ ဒါဆို မင်းတို့တွေအားလုံး ငါ့နောက်ကို သွားကြ "
" ဟုတ်ကဲ့ပါ "
နတ်ဆိုးဘုရင်များအားလုံး လောထျန်းနောက်သို့သွားကာ တန်းစီရပ်လိုက်ကြသည်။ သူတို့ရင်ထဲမှလည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းများ ခိုးချလိုက်ကြ၏။
သူတို့ထဲတွင် အရိုးဖြူပညာရှိ ကမူ အနည်းငယ် စိတ်ထင့်နေသေးဟန် ပေါက်နေဆဲပင်။
သူသည် အစောပိုင်းကတည်းက လောထျန်းအပေါ် မကောင်းကြံစည်ခဲ့ပြီး လောထျန်းက ယခုကဲ့သို့ ဘေးကင်းကငါး ရှိနေမည်ဟု လုံးဝ မထင်ထားခဲ့မိချေ။
ယခုတွင်မူ ..လောထျန်းတစ်ယောက် သူ့အတွေးကို မရိပ်မ်စေရန်သာ မျှော်လင့်ရပေတော့မည်။
ထိုစဥ် လောထျန်းက လေထဲမှ လူငယ်အား ခြေဆုံးခေါင်းဆုံး ကြည့်ကာ ပြော၏။
" မင်းရဲ့ ပထမ အစီအစဥ်ကို ငါ ဖြေရှင်းနိုင်သွားပြီ မဟုတ်လား "