← Chapters

မေးခွန်းတစ်ခုလောက် မေးတာကို ၊ ဘာဖြစ်လို့ သွေးအန်နေရတာလဲ

Vol. 16 Ch. 214

မေးခွန်းတစ်ခုလောက် မေးတာကို ၊ ဘာဖြစ်လို့ သွေးအန်နေရတာလဲ

Vol. 16 Ch. 214

" အ ... "

လူငယ်၏ မျက်နှာ ချက်ချင်း သွေးဆုတ်ဖြူရော်သွားသည်။

အစပိုင်းတွင် ..သူ့ဆရာ၏ အစီအစဥ် ၇ ခုအကြောင်းကို ကြားခဲ့စဥ်အချိန်၌ သူ့ဆရာက အဘယ့်ကြောင့် ဘာမဟုတ်သည့် ကိစ္စလေးတစ်ခုကို ဤမျှ ပုံကြီးချဲ့နေရသနည်းဟု သူ့ စိတ်ထဲတွင် တွေးနေခဲ့သေး၏။

သူ့အမြင်တွင်မူ ထိုနတ်ဆိုးဘုရင် ၉ ယောက်နှင့်ပင် လောထျန်းအား ဆယ်ကြိမ်မက သတ်၍ရလိမ့်မည်ဟုသာ ထင်နေခဲ့သည်။

သို့သော် .. ထိုနတ်ဆိုးဘုရင် ကိုးယောက်က တိုက်ပွဲမစခင်မှာပင် မြှားဦးကို သူတို့ဘက်သို့ ပြန်လှည့်လိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။

သူ ခေါင်းခြောက်အောင် စဥ်းစားသည့်တိုင် အဘယ့်ကြောင့် ယခုလို ဖြစ်သွားရသည်ကို နားမလည်နိုင်ပါ ။

" ဟေ့ .. ငါ မင်းကို မေးနေတယ်လေ ။ အခု ပထမဆုံး အစီစဥ်ကို ငါ ဖြေရှင်းလိုက်နိုင်ပြီမလား "

လောထျန်းက ထပ်မေးလိုက်သည်။

" ဟုတ်တယ် "

လူငယ်က သွားကြားထဲမှ ညှစ်ထုတ်လိုက်ရသည့် လေသံဖြင့် ပြန်ပြော၏။

" အင်း .. ကောင်းပြီလေ ။ ဒါဆို ဒုတိယ အစီအစဥ်က ဘာလဲ ၊ မြန်မြန် စလိုက်ကြရအောင် "

လောထျန်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

လူငယ်က မျက်လုံးမှိတ်ပြီး အသက်ကို ပုံမှန် ရှူသွင်း ရှူထုတ် လုပ်ကာ ပြန်တည်ငြိမ်သွားအောင် ကြိုးစားလိုက်သည်။ထို့နောက်မှသာ သူ ပြော၏။

" ကောင်းပြီလေ ၊ ဒါဆိုလဲ မင်း စောင့်ကြည့်နေလိုက် "

သူက ထိုသို့ပြောကာ လက်ဖြင့် အစီအမံများ ထပ်မံပြုလုပ်လိုက်ပြန်သည်။

ဝီ ...

ချက်ချင်းပင် အလင်းတန်း ခြောက်ဆယ်၊ခုနစ် ဆယ်ကျော် လင်းလက်သွား၏။

" ဟင် ..ဘာတွေ ထပ်လာဦးမှာလဲ "

ထိုအလင်းတန်းများကို မြင်သောအခါ အားလုံး သိချင်စိတ် ဖြစ်သွားကြသည်။

ထို့နောက်တွင်မူ လူငယ်ရှေ့၌ လူရိပ် ခြောက်ဆယ် ၊ ခုနစ်ဆယ်ကျော် ထွက်ပေါ်လာကြ၏။

အားလုံး : " အင် ... "

လူငယ်က ထိုလူရိပ်များအားအား ဦးညွှတ် အရိုအသေပေးရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ခုကို မြင်ကာ အံ့သြမှင်သက်သွားသည်။

အဘယ့်ကြောင့်ဆိုသော် .. သူ့ရှေ့မှ လူများအားလုံးက ဒဏ်ရာများ ကိုယ်စီနှင့် ဖြစ်နေသောကြောင့်ပင် ။

မြောက်များစွာသော လူများ၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်ဟန်ရှိပြီး မတ်တပ်ပင် အနိုင်နိုင် ရပ်နေကြရဟန် တူ၏။

" တပ်ချုပ်ကြီး ၊ ဂိုဏ်းချုပ်ကြီးတို့ ... အားလုံး အဆင်ပြေကြရဲ့လား "

လူငယ်က ထိုလူများကို ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။

မှန်ပါသည် ၊ လူငယ်ရှေ့မှ လူများမှာ အခြားသူများ မဟုတ်ကြပါချေ။ ထျန်းယွမ်အစောင့်တပ်ဖွဲ့၏ တပ်ချုပ်ကြီး ချင်လင်း ၊ ဝူယွိမသေမျိုးနန်းတော်မှ ဂိုဏ်းချုပ်ကြီး ဖုန့်လီထျန်း ၊ မိုးကြိုးဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး လျိုဝမ်ကျင့် နှင့် သူတို့ အဖွဲ့သုံးခုမှ တပည့်များ ဖြစ်ကြပါသည်။

ထိုလူများ အားလုံးမှာ တုကျဲ့အဆင့် ရောက်ထားသူများ ဖြစ်ကြပြီး အထူးသဖြင့် ခေါင်းဆောင် သုံးယောက်မှာ တုကျဲ့ အဆင့် ၉ ရှိကြသူများဖြစ်၏။သူတို့အားလုံး၏ အစွမ်းကို ပေါင်းလိုက်ပါက ထျန်းယွမ်အင်ပါယာ၊ ထိပ်သီးအင်အားစု၏ တစ်ဝက်နှင့်ပင် ညီမျှပေသည်။

၎င်းမှာ အမည်းရောင်ဝတ်ရုံ နှင့် လူက သေချာပြင်ဆင်ထားသည့် ဒုတိယ အစီအစဥ်ပင် ။

အမည်းရောင်ဝတ်ရုံနှင့် လူ၏ မူလအကြံမှာ နတ်ဆိုးဘုရင် ကိုးယောက်တို့ကို ရှေ့ပြေးများအနေဖြင့် စေလွှတ်ရန် စီစဥ်ထားခြင်း ဖြစ်၏။ အကယ်၍ ထိုနတ်ဆိုးဘုရင်များက လောထျန်းအား မသတ်နိုင်ခဲ့လျှင်ပင် သူ့အစွမ်း၏ အချို့အဝက်ကိုဖြုန်းတီးပြီး လောထျန်းတစ်ယောက် ခြေကုန်လက်ပမ်းကျစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

ထို့နောက်မှသာ ချင်လင်းနှင့် သူ့အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပါက လောထျန်းကို သတ်နိုင်လိမ့်မည်ဟု အမည်းရောင်ဝတ်ရုံ တွေးထင်ထားခဲ့၏။

သို့သော် .. ယခုတွင်မူ သူ့ ပထမ အစီအစဥ်က ကျရှုံးသွားခဲ့လေပြီ ။

ထိုမျှမက လက်ရှိ ဒုတိယအစီအစဥ်ကပါ မျှော်လင့်မထားသည့် အဖြစ်နှင့် အဘယ့်ကြောင့် ထပ်ကြုံနေရပါသနည်း။

ထို ဒဏ်ရာရထားကြသည့် လူတစ်စုနှင့် ဆက်တိုက်ခိုက်၍ ဖြစ်နိုင်ပါမည်လား ..

" ဝမ့်ရှီချွမ် ပါလား ... မင်းက သခင်ကြီးကိုယ်စား ဒီတိုက်ပွဲကို ဦးဆောင်နေတဲ့ သူလား "

ဖုန့်လီထျန်းက လူငယ်ကို ကြည့်ကာ မေးလိုက်သည်။

အမှန်တွင်မူ ဝမ့်ရှီချွမ်ဟု အမည်ရသည့် ထိုလူငယ်မှာ ဝူယွိမသေမျိုးနန်းတော်မှ တပည့်တစ်ယောက် ဖြစ်ပါသည်။

သို့သော် .. သူသည် အမည်းရောင်ဝတ်ရုံနှင့် လူ၏ လူယုံအဖြစ်လည်း တိတ်တဆိတ် တာဝန်ယူလျက်ရှိပေရာ ဂုဏ်အဆင့်အတန်းတွင် ဖုန့်လီထျန်းထက် မနိမ့်လှပါချေ။

" ဟုတ်ပါတယ် ဂိုဏ်းချူပ်ကြီး ၊ ဂိုဏ်းချုပ်ကြီးရဲ့ ဒဏ်ရာတွေက ... "

ဖုန့်လီထျန်းက လက်ယမ်းပြကာ ပြန်ပြော၏။

" ဒီလောက်က ဘာမှ မဟုတ်ပါဘူးကွာ ။ မတော်တဆ ကိစ္စလေးနဲ့ကြုံပြီး ဒဏ်ရာအသေးစားလောက်ပဲ ရသွားတာပါ။ ဘာမှ အကြီးကျယ်ကြီး မဟုတ်ဘူး "

ဝမ့်ရှီချွမ်က အားလုံးကို အနည်းငယ် သံသယ မကင်းဟန်ဖြင့် ကြည့်ကာ ထပ်မေးသည်။

" အားလုံး တကယ်ကြီး အဆင်ပြေကြရဲ့လား "

လျိုဝမ်ကျင့်က အပြုံးဖြင့် ဝင်ပြော၏။

" စိတ်မပူပါနဲ့ကွာ ။ ဒဏ်ရာတွေက ပေါ့သေးသေးမဟုတ်ဘူး ဆိုပေမယ့် ရန်သူကိုတော့ သတ်နိုင်ပါသေးတယ်ကွ "

ဝမ့်ရှီချွမ်က ခေါင်းကုတ်ကာ ပြန်ပြောသည်။

" ဒါပေမယ့် .. သခင်ကြီးတို့ ၊ ကျုပ် ဒီမှာ ပြဿနာနဲ့တော့ ကြုံနေရတယ် "

" ဟင် .. ဘာဖြစ်လို့လဲ "

ဖုန့်လီထျန်းက မေး၏။

ဝမ့်ရှီချွမ်က နတ်ဆိုးဘုရင် ကိုးယောက်တို့၏ ဘက်ပြောင်းသွားပုံကို အတိုချုံ့ ပြောပြလိုက်သည်။

သူ့စကားဆုံးသည်နှင့် ခေါင်းဆောင်သုံးယောက်လုံး ချက်ချင်း မျက်မှောင်ကြုံ့သွားကြ၏။

" ဒါ တကယ်ကြီးလား "

ဖုန့်လီထျန်းက သေချာအောင် ထပ်မေးလိုက်သည်။

" ကျုပ်တို့နဲ့ မျိုးနွယ်မတူတဲ့ ဒီသားရဲတွေကို ယုံလို့မရဘူးလို့ ကျုပ် ပြောခဲ့သားပဲ "

လျိုဝမ်ကျင့်က နှာခေါင်းရှုံ့၍ ပြောလာ၏။

ချင်လင်းကလည်း အေးစက်စက် ပြောသည်။

" ကျုပ်ကတော့ ဒီသားရဲတွေ ခုလို ပုန်ကန်သွားကြတာ ကောင်းတဲ့အရာလို့ ထင်တယ် "

" ဟင် .... "

ဝမ့်ရှီချွမ်တစ်ယောက် နားမလည်နိုင် ဖြစ်သွားသည်။

ချင်လင်းက အေးစက်စက် ဆက်ပြော၏။

" ကျုပ် ဒီ နတ်ဆိုးတစ်သောင်းလွင်ပြင်က နတ်ဆိုးဘုရင် ၉ ယောက်ကို အမဲလိုက်ချင်နေတာ ကြာလှပြီ ။ ဒါပေမယ့် အရင်က အဲ့လိုလုပ်ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး။ ဒီနေ့တော့ လောထျန်းကိုရော ၊ နတ်ဆိုးဘုရင် ၉ ယောက်ကိုရော သတ်နိုင်ပြီပေါ့ကွာ "

ရဲရင့်လှသော စကားကြောင့် ကြားလိုက်ရသူ ဝမ့်ရှီချွမ်တစ်ယောက် ကြက်သီးများပင် ထသွားသည်။

" ဟို .. တပ်ချုပ်ကြီး ချင် ၊ ပြိုင်ဘက်က နတ်ဆိုးဘုရင်တွေ ဆိုတော့ .. အခု တပ်ချုပ်ကြီးရဲ့ ဒဏ်ရာတွေနဲ့ ... "

သူက စိုးရိမ်နေသေးဟန်ဖြင့် ပြော၏။

ချင်လင်းက လူငယ်အား တစ်ချက် ခေါင်းလှည့်ကြည့်ကာ အလေးနက် ပြောလိုက်သည်။

" အရင်ကလိုမျိုး ဆိုရင်တော့ ငါ အဲ့လိုယုံကြည်မှု ရှိမှာ မဟုတ်ဘူးကွ ။ ဒါပေမယ့် ဒီနေ့ ကြုံခဲ့ရတဲ့ တိုက်ပွတွေအပြီးမှာတော့ ငါ အရင်ကနဲ့ လုံးဝ မတူတဲ့သူ ဖြစ်သွားပြီ "

" အရင်ကနဲ့ မတူတော့ဘူး ... ဟုတ်လားဗျ "

ဝမ့်ရှီချွမ်က သူ့အား တအံ့တသြ ကြည့်လိုက်သည်။

ချင်လင်းက ခေါင်းညိတ်ကာ ဆက်ပြော၏။

" ဟုတ်တယ် ၊ ဒီနေ့ ငါ နတ်ဘုရားတစ်ပါးလို ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်ကွ။ သူက ဒီ ကမ္ဘာကြီးရဲ့ ကျယ်ပြောပုံတွေကို ငါ မြင်နိုင်အောင် လုပ်ပေးခဲ့ပြီးတော့ ငါ့အတွက် ပိုကျယ်တဲ့ ကမ္ဘာကြီးတစ်ခုကိုလဲ ပြပေးခဲ့တယ်။ အခုဆို ငါ အရင်ကနဲ့ လုံးဝ မတူတော့ဘူး "

ဝမ့်ရှီချွမ်မှာ နာမလည်နိုင်ဟန် မျက်နှာထား ရှိနေဆဲပင် ။

ဖုန့်လီထျန်းက ဝင်ပြောသည်။

" အမှန်ပဲ ၊ လူတစ်ယောက်ဟာ အမြင်ပိုကျယ်လာတာနဲ့အမျှ ကျင့်ကြံခြင်းအပေါ် နားလည်မှုကလဲ ပိုတိုးလာပြီးတော့ ပိုမြင့်တဲ့ အဆင့်ကို ရောက်သွားနိုင်တယ် "

" ဒါ ... "

ထိုအချိန်ထိတိုင် ဝမ့်ရှီချွမ်မှာ စိတ်ရှုပ်ထွေးနေဟန် ပေါက်နေဆဲဖြစ်သည်။

လျိုဝမ်ကျင့်က ခေါင်းညိတ်ကာ ဝင်ပြောလာ၏။

" အမှန်ပဲ ။ အရင်က ငါတို့တွေ နတ်ဆိုးဘုရင်ကိုးယောက်ကို မတိုက်ခိုက်ရဲခဲ့ပေမယ့် အခုတော့ အားလုံး ပြာင်းလဲသွားပြီ ။ ပြိုင်ဘက်က ဘယ်သူပဲ ဖြစ်ဖြစ် .... "

သူတို့ သုံးယောက်၏ အာရုံထဲတွင် ကံတရားမျှော်စင်မှ လူ၏ ပုံရိပ်ကို ပြန်မြင်ယောင်သွားကြသည်။

ထို့နောက် သူတို့သုံးယောက်လုံး သံပြိုင် ပြောလိုက်ကြ၏။

" ငါတို့ ဘယ်တော့မှ နောက်မဆုတ်ဘူး "

ထိုလူကြီး သုံးယောက်နောက်မှ ကျန် အစွမ်းထက် ကျင့်ကြံသူများကလည်း ရဲရင့်ကာ မာန်အပြည့် ရှိနေကြသည်။

" သူတို့ရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်တွေက အံ့သြစရာကောင်းလောက်အောင် မာကြောတာပါလား ။ ဒီလိုမျိုးကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ ။ ဒီတိုင်းဆိုရင် ငါတို့တွေ နိုင် နိုင်လောက်တယ် "

ဝမ့်ရှီချွမ်မှာ ထိုလူများကို ကြည့်ရင်း တွေးမိသွားပြီး တစ်ကိုယ်လုံး ကြက်သီးများထကာ တုန်ပင် တုန်သွားသည်။

ထိုစဥ် ... တဖက်မှ လောထျန်းက ရုတ်တရက် မေးလာ၏။

" ဟေ့ .. မင်းတို့တွေက ဒုတိယအဆင့် အစီအစဥ်က လူတွေလား "

ထိုအသံကို ကြားသည်နှင့် လူကြီး သုံးယောက်လုံး အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင်လည်း လူသတ် အရိပ်အငွေ့က အပြည့်ရှိနေ၏။

သို့သော် ... လောထျန်း၏ မျက်နှာကို သေချာ မြင်လိုက်ရသည်နှင့် သူတို့သုံးယောက်လုံး တစ်ပြိုင်နက်တည်း ကြက်သေ သေသွားကြတော့သည်။

ထိုမျက်နှာမှာ ... သူတို့၏ အိမ်မက်ဆိုးကြီး ဖြစ်လာခဲ့လေပြီ ။

၎င်းကို မြင်သည်နှင့် ကံတရားမျှော်စင် ပထမထပ်၌ သူတို့ အထိုးကြိတ် ခံခဲ့ရသည်များကို ပြန်မြင်ယောင်လာကြ၏။

ထို့နောက် ဒုတိယထပ်တွင် ဓားတစ်လက်ဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို အပြောင်ရှင်းပစ်တော့မည့် လူတစ်ယောက်၏ ပုံရိပ်များ ...

ထိုမှတ်ဉာဏ်များအားလုံးက အကြောက်တရားအဖြစ် ပြောင်းသွားကာ သူတို့၏ စိတ်ထဲတွင် စွဲထင်ကျန်နေခဲ့သည်။

ထိုတခဏတွင် သူတို့၏ စိတ်စွမ်းအင်များက လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး သူတို့၏ ချီများနှင့် သွေးများလည်း မတည်မငြိမ် ဖြစ်လာကြ၏။

၎င်းက ချီနှင့် သွေးများ​၏ မှတ်ဉာဏ်ဟောင်းကို ပြန်လှုပ်နှိုးလိုက်သလို ဖြစ်သွားကာ ယခင်က သူတို့ ရထားခဲ့ကြသည့် ဆိုးဆိုးရွားရွား ဒဏ်ရာများ ပြန်ပေါ်လာကြတော့သည်။

အု ..

အု ..

အု ..

သူတို့ သုံးယောက်လုံး တစ်ချိန်တည်းနီးပါး သွေးများ အန်လိုက်ကြပြီး နောက်သို့ ခြေလှမ်း ဆယ်လှမ်းကျော် ဆုတ်သွားကြ၏။

" ဟေ့ ..ဘာတွေ ဖြစ်နေကြတာလဲ ။ ငါက မေးခွန်းလေးတစ်ခုပဲ မေးရသေးတာလေ ၊ ဘာမှတောင် မလုပ်ရသေးဘူး "

တဖက်မှ လောထျန်းမှာ စိတ်ရှုပ်ထွေးသွားရသည်။

သူ စကားအနည်းငယ် ပြောလိုက်ရုံဖြင့် ထိုလူများက အဘယ့်ကြောင့် သွေးများ အန်နေရသည်ကို သူ နားမလည်နိုင်တော့ပါ။

၎င်းက လိမ်ဆင်တစ်ခုပေလား ..

" အကြီးအကဲတို့ "

ဝမ့်ရှီချွမ်က တုန်လှုပ်စွာ အော်လိုက်သည်။

သို့သော် .. ထိုလူကြီး သုံးယောက်မှာ ဒဏ်ရာဟောင်းများနှင့် စိတ်စွမ်းအင်များ မတည်မငြိမ် ဖြစ်သွားမှုကြောင့် သတိမေ့ လဲကျသွားတော့၏။

ဝမ့်ရှီချွမ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ လုံးဝ ဆွံ့အသွားရသည်။

" ဟေ့ .. ဒုတိယ အစီအစဥ်က ဘာလဲ ပြောဦးလေ ၊ ဘယ်တော့ စမှာလဲ "

လောထျန်းက မေးလာပြန်၏။

ဝမ့်ရှီချွမ်က မျက်လုံးမှိတ်ကာ ဆယ်ကြိမ်ခန့် အသက်ရှူသွင်း ရှူထုတ် လုပ်ပြီးမှ မျက်လုံ ပြန်ဖွင့်လိုက်သည်။

" ကောင်းပြီ ၊ လောထျန်း .. မင်းကို ငါ့ရဲ့ အံ့မခန်း တတိယအစီအစဥ်ကို ပြမယ် "

သူက ပြောလိုက်သည်။

" ဒုတိယ အံ့အခန် အစီအစဥ်ကရော ဘယ်လိုလဲ "

လောထျန်းက ထပ်မေး၏။

ဝမ့်ရှီချွမ်က သူ့စကားကို လျစ်လျူရှုကာ ဆက်ပြောသည်။

" ဒီ တတိယအစီအစဥ်မှာတော့ မင်း အရင်က တစ်ခါမှ မခံစားဖူးတဲ့ ဆင်းရဲဒုက္ခမျိုးကို ခံစားရအောင် လုပ်ပေးမယ် "

လောထျန်းက လက်မလျှော့သေးဘဲ ထပ်မေးလာပြန်၏။

" ဒုတိယအစီအစဥ်ကရော ဘာလဲလို့ "

ဝမ့်ရှီချွမ်မှာ ထိုအကြောင်းကို မပြောလိုဟန်ဖြင့် သူပြောလက်စ စကားကိုသာ ဆက်​သည်။

" ဒီ တတိယအစီအစဥ်က လူတွေကို သတ်ဖို့တင် မဟုတ်ဘူး ၊သူတို့ရဲ့ နှလုံးသားကိုပါ ဖျက်ဆီးဖို့ပဲကွ "

" မဟုတ်သေးပါဘူး ၊ ဒုတိယ အစီအစဥ်က ဘယ်လိုလဲ ။ ဘာလဲ "

လောထျန်းက ထပ်မေးလိုက်ပြန်သည်။

ဝမ့်ရှီချွမ်မှာ စိတ်မထိန်းနိုင်တော့ဘဲ ဒေါသူပုန် ထသွားပြီး ဒေါသတကြီး ပြန်အော်လိုက်၏။

" မင်းက ဘာလို့ အဲ့လောက် ဒေါသထွက်စရာ ကောင်းနေရတာလဲ "

သူက ပြောပြောဆိုဆိုပင် အဆောင်ကဒ်ပြားတစ်ခုကို ထုတ်ကာ လေထဲသို့ ပစ်ပြီး ပြောလိုက်သည်။

" စိတ်ဒုက္ခ ခံစမ်းကွာ "

All Chapters