ပျောင်ပိုင်မြို့အား တိုက်ခိုက်ခြင်း
Vol. 16 Ch. 215
ဝုန်း ..
အဆောင်ကဒ်ပြားက လေထဲသို့ ရောက်သွားသည်နှင့်ရုတ်ချည်းပင် အရောင်များ တလက်လက် တောက်လာ၏။
လူအုပ်ထဲမှ တစ်ယောက်က ၎င်းကို ချက်ချင်း အမှတ်ရသွားကာ ပြောသည်။
" ဒါ ..ပုံရိပ်ဖော် အဆောင်လား .. "
ထို့နောက်တွင်မူ အဆောင်က အလင်းတန်းလိုက်ကာတစ်ခုအဖြစ် ပြောင်းသွားပြီး အားလုံး၏ ခေါင်းအထက်ရှိ လေထဲတွင် တည်ငြိမ်စွာ လွင့်နေတော့သည်။
အလင်းတန်း လိုက်ကာပေါ်တွင်မူ လူသုံးယောက်က အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည်ကို မြင်နေရ၏။
ထိုစဥ်မှာသာ ဝမ့်ရှီချွမ် ပြန်ပြုံးနိုင်သွားကာ ပြောလိုက်သည်။
" လောထျန်း ၊ ဒါ ဘယ်နေရာလဲဆိုတာ မင်း သိလား "
လောထျန်းက သူ့ကို တစ်ချက်လှည့်ကြည့်ကာ ခေါင်းယမ်း၏။
ဝမ့်ရှီချွမ်က စကားဆက်လိုက်သည်။
" ဒါ ယဲ့ဖုန်းနိုင်ငံပဲ "
" ယဲ့ဖုန်းနိုင်ငံ ဟုတ်လား .. "
လောထျန်းက ထိုအချိန်မှ အလင်းတန်းလိုက်ကာကို သေချာကြည့်လိုက်ရာ သူနှင့် ရင်းနှီးသည့် နေရာတစ်ခု ဖြစ်နေမှန်း တွေ့လိုက်ရသည်။
ဝမ့်ရှီချွမ်က ဆက်ပြော၏။
" ယဲ့ဖုန်းနိုင်ငံ မြောက်ပိုင်း ၊ လော မိသားစုက လောထျန်း "
" မင်း ဘယ်လို အဖိုးတန် ရတနာမျိုးနဲ့ ကြုံခဲ့လို့ ခုလို ရုတ်တရက်ကြီး အစွမ်းတိုးလာရသလဲဆိုတာ ငါ မသိဘူး။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်ပေမယ့် တိုက်ခိုက်စွမ်းရည်ကတော့ သာမာန် တုကျဲ့အဆင့် ကျင့်ကြံသူတွေထက်တောင် ပိုသာနေတယ် "
" ပျောင်ပိုင်မြို့က လော မိသားစုကလဲ အရင်ကတည်းက ပျောင်ပိုင်မြို့ရဲ့ အကြီးဆုံး မိသားစု သုံးခုထဲက တစ်ခုပဲ။ ဒါပေမယ့် သူတို့မိသားစုက ယဲ့ဖုန်းနိုင်ငံထဲက လူမသိ သူမသိ မိသားစုငယ်လေး တစ်ခုအဆင့်ပဲ ရှိတာပါ။ လောမိသားစုရဲ့ ခေါင်းဆောင် လောဖုန်းကတောင်မှ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် မှာပဲ ရှိတယ် "
ဝမ့်ရှီချွမ်က အလွန်တည်သော မျက်နှာထားဖြင့် လောထျန်း၏ အချက်အလက်များကို ပြောနေ၏။
သူ့စကားကို ကြားသောအခါ လူအုပ်ထဲမှ လူများအားလုံး အံ့သြတကြီး ဖြစ်ကုန်ကြသည်။
" ဒီ .. လောထျန်းက အဲ့လို မိသားစုငယ်လေး တစ်ခုက လား "
" မိသားစုခေါင်းဆောင်ကတောင် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်ပဲ ရှိတာတဲ့ ၊ နောက်နေတာ များလားကွာ ။ ငါတို့ ဂိုဏ်းထဲက အောက်ခြေအဆင့် တပည့်တွေထဲမှာတောင် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်တွေ နည်းတာ မဟုတ်ဘူး "
" အင်း .. ဒါ အံ့သြစရာတော့လဲ မဟုတ်ပါဘူးလေ ။ ငါ အသက်ငယ်တုန်းအရွယ်မှာ ကမ္ဘာပတ်ပြီး ခရီးသွားခဲ့တုန်းက အစွမ်းထက်တဲ့သူတွေရဲ့ ဒဏ္ဍာရီတွေကို အများကြီး ကြားခဲ့ဖူးတယ်။ မိသားစုဝင်တစ်ယောက်က မမျှော်လင့်ဘဲ တွေ့သွားတဲ့ အခွင့်ကောင်းတွေကြောင့်မို့ ရုတ်တရက် အစွမ်းထက်လာတာမျိုး ၊ ဥပမာပြောရရင် လက်စွပ်တစ်ကွင်းထဲမှာ ကျန်နေတဲ့ အစွမ်းထက်ကျင့်ကြံသူရဲ့ စိတ်ဝိဥာဥ်လို အခွင့်ကောင်းမျိုးရခဲ့တဲ့ ရှောင်မျိုးရိုး ရှောင်ယန်လို ပေါ့ကွာ ။ဒီလို အဖြစ်မျိုးက ရှားပေမယ့် အရမ်းကြီးတော့လဲ မရှားပြန်ဘူး ။ ကြည့်ရတာ ဒီ လောထျန်းကလဲ အဲ့လိုဆင်တူ အခွင့်ကောင်းမျိုး ရခဲ့တယ်နဲ့တူတယ် "
ထိုစကားကို ကြားသောအခါ အားလုံး နားလည်သွားကြသယောင် ရှိသည်။
တဖက်မှ ဝမ့်ရှီချွမ်က စကားဆက်၏။
" ပျောင်ပိုင်မြို့က လောမိသားစုက မကြာသေးခင်ကမှ နတ်ဘုရားသားရဲ သုံးကောင်ကိုလည်း သိမ်းသွင်းထားခဲ့သေးတယ်။ အဲ့ထဲက တစ်ကောင်က ကွေ့ရှအဆင့် ရှိပြီးတော့ နောက် နှစ်ကောင်ကတော့ ထုံရွှယ်အဆင့်မှာပဲ ရှိကြသေးတာ ။ လောမိသားစုထဲမှာ မင်းကလွဲရင် ဒီသုံးယောက်က အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးအင်အားစုပဲ "
ထို့နောက် သူက ပြောလက်စကို ခဏရပ်ကာ လောထျန်းအား ကြည့်လိုက်ပြီး လှောင်သံဖြင့် ဆက်ပြောသည်။
" လောထျန်း ၊ ငါတို့တွေက ရန်သူကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားဘူးကွ ။ မင်းနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက် မချခင်ကတည်းက ငါနဲ့ ငါ့ဆရာက မင်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ သတင်းတွေ အကုန်လုံးကို စုစည်းထားခဲ့ကြတာ "
လောထျန်းသည် စကားပြောမည့်ဟန် ပြင်လိုက်သေးသော်လည်း မည်သို့မှ မဆိုဘဲ တိတ်တဆိတ်သာ ဆက်နေလိုက်၏။
တဖက်လူ၏ စုံစမ်းမှုက အသေးစိတ် ကျသည်မှာ မှန်ပါသည်။
သို့သော် ထိုအချက်အလက်များမှာ လွန်ခဲ့သော လများစွာအကြာမှ အချက်အလက်များပင် ။
ဝမ့်ရှီချွမ်ကမူ ၎င်းကို မသိဘဲ ယုံကြည်မှုအပြည့်ဖြင့် စကားဆက်၏။
" မင်းသာ မရှိဘူးဆိုရင် မင်းတို့ မိသားစုထဲက အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးအင်အားစုက ကွေ့ရှအဆင့်ရှိတဲ့ နတ်ဘုရား သားရဲ တစ်ကောင်ပဲ ရှိတာ "
" ပုံမှန်ဆိုရင်တော့ ဒီလိုပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ဖို့ ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူတွေ နည်းနည်းလောက်ကို လွှတ်လိုက်ရင်တောင် ရနေပြီ ။ ဒ်ပေမယ့် ပိုပြီး သေချာအောင်လို့ ငါတို့က တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူ ၃ ယောက်ကို လွှတ်ထားတယ်ကွ။ ရည်ရွယ်ချက်ကတော့ မင်းတို့ လောမိသားစုကို လွတ်မယ့်အခွင့်အရေး နည်းနည်းလေးမှ မပေးဖို့ပဲ "
လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူ့စကားကို အေးအေးဆေးဆေးသာ နားထောင်နေသော်လည်း သူ့နောက်မှ လူများကမူ ချက်ချင်း အံ့သြတူန်လှုပ်သွားကြသည်။
" ဟေ့ .. ကောင်လေး ၊ မင်းက တော်တော် အကျင့်ယုတ်တာပါလားကွ "
" ဟုတ်တယ် ၊ တိုက်ခိုက်ချင်ရင် ငါတို့နဲ့ မျက်နှာချင်းဆိုင်ပြီး တိုက်ခိုက်လေကွာ ။ အခုက ဘာလုပ်တာလဲ "
အားလုံးမှာ ဒေါသထွက်နေကြ၏။
သို့သော် ... ဝမ့်ရှီချွမ်က အော်လိုက်သည်။
" ပါးစပ်ပိတ်ထားကြစမ်း "
ချွင် ..
သူ့အော်သံကျယ်နှင့်အတူ သံချိန်းကြိုးသံများလည်း ထွက်ပေါ်လာကြ၏။
လူများအားလုံး လန့်သွားကာ ချက်ချင်း ပါးစပ်ပိတ်လိုက်ကြသည်။ သူတို့ မည်သည့်စကားမှ ထပ်မပြောရဲတော့ပါချေ။
ထိုစဥ်မှာပင် အလင်းတန်းလိုက်ကာပေါ်၌ မြို့တစ်ခု ပေါ်လာ၏။
ထိုမြို့ကို တစ်ချက်ကြည့်ရုံဖြင့်ပင် လောထျန်း မှိတ်မိသွားသည်။ ၎င်းမှာ ပျောင်ပိုင်မြို့ပင် ။
ပျောင်ပိုင်မြို့ကို မြင်သည်နှင့် ဝမ့်ရှီချွမ်၏ မျက်နှာထက်မှ အပြုံးက ပိုပို၍ ကြီးလာသည်။
" ဘယ်လောက်လှလိုက်တဲ့ မြို့လေးလဲ ..ဒါပေမယ့် ခဏနေကျရင်တော့ သွေးမြစ်ကြီး စီးသွားတော့မှာပေါ့ကွာ "
သူက ထိုသို့ပြောပြီးနောက် လောထျန်းကို ကြည့်ကာ မေးလိုက်သည်။
" လောထျန်း ၊ အခု အရမ်း ဒေါသထွက်နေပြီလား ။ စိတ်ဆင်းရဲဒုက္ခရော ရောက်နေရပြီမဟုတ်လား "
" သနားစရာ ပါလားကွာ ၊ မင်းအဲ့လို ဖြစ်နေလဲ ဘာမှ အသုံးမဝင်တော့ဘူး။ ဒီနေ့တော့ ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ မင်းသိအောင် လုပ်ပေးမယ် "
သူက ထိုသို့ပြောပြီးနောက် ချက်ချင်း ခေါင်းလှည့်ကာ အလင်းတန်းလိုက်ကာထဲမှ လူသုံးယောက်အား ပြောလိုက်စည်။
" အကြီးအကဲတို့ ၊ အခု စလို့ရပါပြီ ။ ဒါပေမယ့် အားလုံးကို ချက်ချင်း မသတ်ဘဲ ဖြည်းဖြည်းချင်းပဲ သတ်ကြဖို့တော့ မမေ့ကြပါနဲ့ "
တဖက် အလင်းတန်းလိုက်ကာမှ တုကျဲ့အဆင့် အဘိုးအိုတစ်ယောက်က အပြုံးဖြင့် ပြန်ပြော၏။
" စိတ်မပူပါနဲ့ကွာ ၊ ငါတို့က ဒီလိုကိစ္စမျိုးမှာ အင်မတန် ကျွမ်းကျင်တယ်ကွ။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းကြီးသိတယ် "
အဘိုးအိုက ထိုသို့ပြောပြီးနောက် လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေသော လောထျန်းက ပြောလာ၏။
" အင်း .. မင်းကို အဲ့လို မလုပ်ဖို့တော့ ငါ အကြံပေးချင်တယ် "
ဝမ့်ရှီချွမ်က သူ့ကို နှုတ်ခမ်းမဲ့ကြည့်ကာ ပြန်ပြောသည်။
" ဟမ့် .. ဘာလဲ မင်းက အခုတော့ ကြောက်နေပြီပေါ့လေ ။ ဒါဆိုရင် ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်စမ်း '
လောထျန်းက သူ့ကိုပြန်ကြည့်ကာ ပြော၏။
" ငါက မင်းတို့အတွက် ပြောနေတာလေ ။ ဘာလို့ တောင်းပန်ရမှာလဲ "
ဝမ့်ရှီချွမ်မှာ ထိုစကားကို ကြားကြားချင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်သည်။
" ဘာဖြစ်လို့လဲတဲ့ ... မင်း ဒေါသထွက်လွန်းလို့များ ဦးနှောက်ချောင်သွားတာလားကွာ ။ ငါတို့အတွက် ပြောပေးတာ ဟုတ်လား ။ မင်းဆိုလိုတာက သူ ရိုက်လိုက်တာနဲ့ သူ့အတွက် အန္တရာယ် ဖြစ်သွားမှာပေါ့လေ ။ လျှောက် လိမ်ပြောမနေနဲ့ ၊ မင်းတို့ လောမိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို ငါ စုံစမ်ထားပြီးသားလို့ ပြောပြီးပြီလေ "
ဝမ့်ရှီချွမ် ဖြစ်နေပုံကို ကြည့်ကာ လောထျန်း စိတ်ပျက်လက်ပျက်သာ ခေါင်းယမ်းလိုက်သည်။
" ထားလိုက်ပါ ၊ မင်းက ငါပြောတာကို မယုံမှတော့ စိတ်ကြိုက်သာ လုပ် "
ဝမ့်ရှီချွမ်က လှောင်ပြုံးဖြင့် ပြန်ပြော၏။
" အခုဆို မင်းရဲ့ မိသားစုတင်တွေနဲ့ မိတ်ဆွေတွေ သေတာကို မင်းမျက်လုံးနဲ့ ကိုယ်တိုင် မြင်ရတော့မှာ ။ သေချာကြည့်ထားနော် ။ စလိုက်ကြတော့ "
သူ့စကားဆုံးသည်နှင့် အဘင်းတန်းလိုက်ကာထဲမှ အဘိုးအိုက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘုန်း ..
သူသည် တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် သူ့လက်ဝါးချက် တစ်ချက်တည်းကပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှ၏။
ထိုလက်ဝါးကြီး၏ အားမှာ ကမ္ဘာမြေပြင် တစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်ဟန်ပင် ။
ဝမ့်ရှီချွမ်မှာ အလင်းတန်းလိုက်ကာပေါ်မှ မြင်ကွင်းကို ကြည့်ကာ အလွန်ပျော်ရွှင်နေသည်။
ထိုလက်ဝါးဒဏ်ကြောင့် ဖြစ်လာမည့် ပျောင်ပိုင်မြို့အတွင်းမှ လူများ သေကြေကြမည့် ပုံကိုပင် သူ မြင်ယောင်နေ၏။
သို့သော် ..
ဘုန်း .
ထိုလက်ဝါးက ပျောင်ပိုင်မြို့ပေါ်မှ လေထုပေါ်သို့သာ ကျသွားပြီး အင်အားကြီးသော အစွမ်းတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
" ဟင် .. အစီအမံတစ်ခုပါလား "
အလင်းတန်းလိုက်ကာထဲမှ အဘိုးအို မျက်မှောင်ကြုံ့သွားသည်။
တဖက်မှ ဝမ့်ရှီချွမ်၏ မျက်နှာထားကလည်း အနည်းငယ် ပြောင်းသွား၏။
" သခင်ကြီး ယွိ ၊ ဘာတွေ ဖြစ်နေတာလဲ "
သူ မေးလိုက်သည်။
အဘိုးကြီး ယွိလောင်က သက်ပြင်းတစ်ချက်ချကာ ပြန်ပြော၏။
" ဒီမြို့ကို အဆင့် ၇ အကာအကွယ် အစီအမံတစ်ခုနဲ့ ကာကွယ်ထားတာပဲ "
ဝမ့်ရှီချွင် ချက်ချင်း မျက်မှောင်ကြုံ့သွားကာ လောထျန်းအား ကြည့်လိုက်သည်။
" မင်း ဒီလောက်တည်ငြိမ်နေတာ မဆန်းတော့ပါဘူး ။ ဒါက မင်းရဲ့ လျှို့ဝှက်ဖဲချပ်ပေါ့လေ "
ထို့နောက် သူက အဘိုးကြီး ယွိလောင်ဘက် လှည့်ကာ မေး၏။
" သခင်ကြီး ယွိ ၊ ဒီ အစီအမံကို ချိုးဖျက်လို့ ရနိုင်လား "
ယွိလောင်က ခေါင်းညိတ်ပြသည်။
" ဒီ အစီအမံက အစွမ်းထက်တယ် ဆိုပေမယ့် တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတွေရဲ့ အစွမ်းကိုတော့ မခံနိုင်ပါဘူး ။ အစွမ်းကုန်သုံးပြီးတော့ ဒီ အစီအမံကိူ ချိုးဖျက်ပစ်လို့ ရတယ် "
သူက ပြောပြောဆိုဆိုပင် ထပ်မံတိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေကြသည့် လူအုပ်ကြီး တစ်ခုလုံး လောထျန်းအား စိတ်မကောင်းစွာ ကြည့်လိုက်ကြ၏။
ဒုက္ခများက ရှောင်လွဲ၍ မရတော့ဟန်ပင် ..
အဆင့် ၇ အကာအကွယ်အစီအမံသည်ပင် တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူ သုံးယောက်၏ အစွမ်းကို အချိန်ကြာကြာ ခံနိုင်မည် မဟုတ်မှန်း သူတို့ သိထားပြီး မဟုတ်ပါလား ..
သို့သော် .. ထိုအချိန်မှာပင် ..
" ငါ အိပ်နေတာကို နှောင့်ယှက်တာ ဘယ်သူလဲ "
မြို့ထဲမှ အသံတစ်သံ ထွက်လာသည်။
ထို့နောက် ...
ဝုန်း ..
လေလှိုင်းလုံးတစ်ခု ပေါက်ကွဲသွားကာ ပျောင်ပိုင်မြို့ထဲမှ အမျိုးသမီးတစ်ယောက် ပျံသန်းလာ၏။
သူမ မှာ နျိုထျဲ့ချူ ပင် ..
" ဘယ်သူလဲ ၊ ခုနက လက်ဝါးနဲ့ ရိုက်လိုက်တာ ဘယ်သူလဲ ပြောစမ်း "
နျိုထျဲ့ချူက ဒေါသတကြီး မေးလိုက်သည်။
အဘိုးအို ယွိလောင်က နျိုထျဲ့ချူကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွား၏။
" ဒါ .. အချက်အလက်ထဲမှာ ပြောထားတဲ့ နတ်ဘုရား သားရဲ သုံးယောက်ထဲက တစ်ယောက်ထင်တယ် ။ ဒီ သားရဲရဲ့ သွေးက အစွမ်းထက်တယ် ဆိုပေမယ့် ကွေ့ရှအဆင့်မှာပဲ ရှိတာဆိုတော့ ငါ့လို တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဥ်ရင် ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှ မပိုဘူး "
သူက ထိုသို့တွေးကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
" ငါရိုက်လိုက်တာ "
နျိုထျဲ့ချူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။
" အဘိုးကြီး ၊ ဒါဆိုလဲ ရော့ ငါ့တုတ်စာ စားလိုက်ဦး "
သူမက ပြောပြောဆိုဆိုပင် လက်ထဲမှ တင်းပုတ်ကြီးဖြင့် ရိုက်ချလိုက်သည်။