မတော်တဆ သတ်မိခြင်း
Vol. 16 Ch. 217
ဝမ့်ရှီချွမ်က လက်ယမ်းလိုက်ရာ အဆောင်နှစ်ခု လေထဲသို့ မြင့်တက်သွားသည်။ ထို့နောက် အလင်းတန်းနှစ်ခု အောက်သိူ့ ဖြာကျလာ၏။
" ဆင့်ခေါ် အဆောင်ပဲ ၊ ဒီကောင်လေးက အကူအညီတွေ ထပ်ခေါ်ဥိးမလို့လား .. "
လူအူပ်ထဲမှ အဘိုးအိုတစ်ယောက်က နားမလည်ဟန်ဖြင့် ပြောလိုက်သည်။
" အကူအညီ ထပ်ခေါ်ဦးမှာလား .. ခေါ်တော့ရော ဘာထူးမှာလဲ "
" အဲ့လိုတော့ မပြောနဲ့လေကွာ ။ သူ ခုနက ပြောသွားတာတော့ ဒီတစ်ခေါက် ခေါ်မယ့်လူက ဖုန့်လင်းဒေသ တစ်ခုလုံးကိုတောင် ဒုက္ခရောက်သွားအောင် လုပ်နိုင်တယ်တဲ့ "
" သူ ပြောတာတွေကို မင်းလဲ တောက်လျှောက် နားထောင်လာရတာပဲကွာ ။ အရင် အစီအစဥ်တွေ တုန်းကလဲ သူ အဲ့လို အမြင့်ကြီးတွေ လျှောက်ပြော ခဲ့တာပဲ။ ဒါပေမယ့် ရလဒ်အကုန်လုံးက ဒီလောက် ဆိုးရွားနေတာကို "
" ဒါလဲ ဟုတ်တာပဲ "
အားလုံးက တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။ သူတို့ စိတ်ထဲတွင်လည်း ဝမ့်ရှီချွမ်၏ စကားကို လုံးဝ အလေးနက် မထားကြပါချေ။
ထိုစကားများကို နားထောင်နေသည့် ဝမ့်ရှီချွမ်၏ မျက်နှာမှာ ပိုပို၍ ရက်စက်ကြမ်းကြုတ်ဟန် တူလာ၏။
သူသည် အစကတည်းက ယုတ်မာသည့် လူသတ်သမားတစ်ယောက်အသွင် နေလာခဲ့သော်လည်း ...
ယခုတွင်မူ အားလုံး၏ အမြင်၌ သူ့အား ဟာသတစ်ခုဟုသာ ထင်နေကြလေပြီ ။
လက်ရှိတွင် သူ မျှော်လင့်ထားခဲ့သည့် အခြေအနေနှင့် လုံးဝ ကွာနေပြီဖြစ်ရာ .. သူ တစ်ခုခု လုပ်မှ ရပေတော့မည်။
သူက ထိုသို့ တွေးပြီးနောက် လူအုပ်ထဲမှ အဘိုးအိုအား လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
" ချီဝူရှင်း ၊ ခင်ဗျားကြီးရဲ့ ဘိုးဘေးက ဘယ်လို သေသွားခဲ့ရတယ်ဆိုတာ မှတ်မိသေးလား "
လူအုပ်ထဲမှ ချီဝူရှင်းက မျက်နှာထားတင်းတင်းဖြင့် ပြန်ပြော၏။
" မင်းက အခု ဘာဖြစ်လို့ ဒီကိစ္စကို ပြောနေရတာလဲ "
သို့သော် .. ဝမ့်ရှီချွမ်က မည်သို့မှ ပြန်မပြောခင်မှာပင် သူ တစ်စုံတစ်ခုကို အတွေးရသွားပြီး အံ့သြတုန်လှုပ်သွားသည်။
" မင်း .. မင်းရဲ့ အဆင့် ၄ အစီအစဥ်က အဲ့ကောင်ကြီးကို လွတ်ဖို့လား '
အဘိုးအို၏ အထိတ်တလန့် ဖြစ်သွားသော မျက်နှာကို ကြည့်ကာ ဝမ့်ရှီချွမ် ကျေနပ်သွားသည်။ သူ့ကိုယ်သူ ယုံကြည်မှုလည်း ပြန်တိုးလာပြီး ရယ်လိုက်၏။
" ခင်ဗျားကြီးက တော်တော်တော့ လျင်သားပဲ ။ ဟုတ်တယ် ၊ အဆင့် ၄ အစီအစဥ်က အဲ့ကောင်ကြီးဆီက လာမှာ "
သူ့စကား ဆုံးသည်နှင့် အဘိုးအို ချီဝူရှင်းတစ်ယောက်ဟန်ချက်ပျက်သံားသည်။
" အားလုံး .. ဒီကောင်ကြီး အနိုင်ရသွားလို့ မဖြစ်ဘူးနော် ။ ငါတို့တွေ အကုန်လုံး စုစည်းပြီး ဒီကောင်ကြီးကို တားမှ ဖြစ်မယ်။ မဟုတ်ရင် ငါတို့အကုန် သေရမှာကွ "
ချီဝူရှင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
" ဟင် .. သခင်ကြီး ချီ ၊ ဘာဖြစ်လို့လဲဗျ "
အားလုံးမှာ တုန်လှုပ်ခြင်း တစ်ဝက် ၊ နာမလည်ခြင်းတစ်ဝက် ရောထွေးနေသည့် မျက်နှာထားများ ဖြစ်သွားကြ၏။
ချီဝူရှင်းက ပြောပြသည်။
" ငါ့ရဲ့ ဘိုးဘေးက တုကျဲ့အဆင့် ၉ မှာ နှစ်တွေအကြာကြီး ပိတ်မိနေခဲ့တာကွ ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် လောက်တုန်းကတော့ သူက ကျင့်ကြံခြင်းအဆင့်တက်ဖို့ ရည်ရွယ်ချက်နဲ့ တားမြစ်ချက်တစ်ခုကို ချိုးဖောက်ခဲ့တယ်။ သူက အဲ့ကျရင် ကျင့်ကြံခြင်းအဆင့်တက်သွားမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ဘူး "
" သူ မသေသွားခင်မှာ ငါတို့ဆီကို စာတိုတစ်ကြောင်းပဲ ပြန်ပို့နိုင်ခဲ့တယ် "
" ဘာပို့လိုက်တာလဲဗျ.. "
အားလုံး၏ အကြည့်က ချီဝူရှင်း ထံတွင်သာ ရောက်နေကြ၏။
" တားမြစ်ချက် ကျိုးပေါက်သွားပြီ ၊ ထျန်းယွမ် ဖျက်ဆီးခံရပြီ တဲ့ "
ချီဝူရှင်းက ခက်ခက်ခဲခဲ ပြောပြလိုက်သည်။
" ဘယ်လို .. ဒါ နည်းနည်း ချဲ့ကားလွန်းရာ ကျမနေဘူးလားဗျာ "
လူငယ်တစ်ယောက်က အံ့သြတကြီး မေးလိုက်သည်။
လူငယ်ဘေးမှ အဘိုးအိုတစ်ယောက်က မျက်မှောင်အနည်းငယ် ကြုံ့၍ ပြောလာ၏။
" မဟုတ်သေးဘူးကွ ၊ ချီ မိသားစုရဲ့ ဘိုးဘေးကို ငါ သိတယ် ။ သူက အင်မတန် အစွမ်းထက်ပြီး တည်တံ့တဲ့ သူတစ်ယောက်ပဲ။ သူ့ရဲ့ မသေခင် နောက်ဆုံးစကားက ပေါက်ကရတော့ မဟုတ်တာ သေချာတယ် "
" ဒါဆိုလဲ ဘာကို စောင့်နေသေးတာလဲဗျာ ။ အားလုံး အတူတူ တိုက်ခိုက်ကြမယ် "
တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် .. အစွမ်းထက် ကျင့်ကြံသူ ဆယ်ယောက်ကျော်က လေထဲမှ အဆောင်နှစ်ခုအား တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
သို့သော် ..
သွေးမှုန်များ ရုတ်တရက် ထွက်ပေါ်လာကာ ထို တိုက်ခိုက်မှုများ အားလုံးကို တားဆီးထားလိုက်သည်။
ဝမ့်ရှီချွင်က ၎င်းကို မြင်သောအခါ အပြုံးဖြင့် ပြော၏။
" အားလုံးပဲ .. အားအင်တွေ အကုန်ခံပြီး ခက်ခက်ခဲခဲ ကြိုးစားမနေကြပါနဲ့ ။ ကျုပ် အဲ့ဒီ အဆောင်နှစ်ခုကို လေထဲ ပစ်လိုက်ကတည်းက အစီအစဥ်က အသက်ဝင်သွားခဲ့ပြီ ။ ကျုပ်ကို သတ်မယ်ဆိုရင်တောင် နောက်ပြန်ဆုတ်လို့ မရတော့ဘူး "
ထို့နောက် သူက လောထျန်းအား စူးစူးရှရှ စိုက်ကြည့်ကာ ထပ်ပြောသည်။
" ဒါတွေ အားလုံးက မင်းအတင်းဖိအားပေးလို့ ဖြစ်ရတာ "
မည်သို့ပင်ဆိုစေ .. လောထျန်းမှာမူ အပြစ်ကင်းသည့် အသွင်ဖြင့် ရှိနေ၏။
သူက ဖိအားပေးသောကြောင့် ဖြစ်လာရတာတဲ့လား ..
သို့သော် .. ပထမ အစီအစဥ် စလိုက်စဥ်ကတည်းက သူ ဘာမှ မလုပ်ရသေးပါချေ။
ဝီ ...
ထိုအချိန်တွင် .. အဆောင်များဆီမှ အလင်းတန်းများ ဖျတ်ခနဲ လင်းလက်လာပြီး တစ်စုံတစ်ခုက တည်နေရာရွှေပြောင်းလာတော့မည်ဟန် ဖြစ်သွားသည်။
" နောက်ကျသွားခဲ့ပြီ ... "
ချီဝူရှင်းတစ်ယောက် မျက်နှာ အလွန်ပျက်သွား၏။
ထိုအရာ၏ ကြောက်မက်ဖွယ် ကောင်းပုံကို ဤလူအုပ်ထဲတွင် သူသည်သာ အသိဆုံး ဖြစ်ပါသည်။
ဝမ့်ရှီချွင်က ပြုံးလိုက်ပြီး အလင်းတန်းရှေ့၌ ဒူးထောက်ကာ ပြောလိုက်သည်။
" သခင်ကြီးကို ကျုပ် လေးလေးစားစားနဲ့ ကြိုဆိုပါတယ် "
" လာနေပြီလား "
ချီဝူရှင်းက အလင်းတန်းအား တုန်လှုပ်စွာ ကြည့်လိုက်၏။
ကျန်လူများမှာလည်း တားဆီး၍ မရနိုင်သည့် ရန်သူတစ်ဟောက်နှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ကြရသည်။
ဤတစ်ကြိမ်တွင် ....
ကြောက်မက်ဖွယ် အရာကြီးတစ်ခု လာနေလေပြီ ။
အားလုံးက ကြောက်လန့်တုန်လှုပ်စွာ ကြည့်နေကြစဥ်မှာပင် အလင်းတန်းနှစ်ခုက တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွား၏။
အလင်းတန်းများ ရှိနေခဲ့သည့် နေရာတွင် လူနှစ်ယောက် ပေါ်လာသည်။
အားလုံးမှာ သူတို့၏ လက်နက်များကို တင်းတင်း ဆုပ်၍ သူသေကိုယ်သေ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြ၏။
သို့သော် .....
" အမ် .. အဲ့ဒါ ဘာတွေလဲ "
ထိုလူနှစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အချိန်တွင်မူ သူတို့အားလုံး အံ့သြမှင်သက်သွားကြတော့သည်။
အဘယ့်ကြောင့်ဆိုသော် .. အလင်းတန်းမှ တဆင့် တည်နေရာရွှေ့ပြောင်းလာကြသူများမှာ အသက်မရှိတော့သည့် အလောင်းနှစ်လောင်း ဖြစ်နေသောကြောင့်ပင် ။
" သခင်ကြီး ချီ ၊ ဒါ သခင်ကြီးပြောတဲ့ တားမြစ်ချက် ဆိုတာလား "
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ချီဝူရှင်းကို ကြည့်ကာ မေးလိုက်သည်။
မျက်မှောင်ကြုံ့နေသည့် ချီဝူရှင်းက ပြန်ပြော၏။
" ဒါမျိုးကိူ ... ငါလဲ မမြင်ဖူးဘူးကွ ၊ ဒါပေမယ့် သတိတော့ မလွတ်ကြနဲ့ "
တဖက်မှ မြေကြီးပေါ်တွင် ဒူးထောက်နေသည့် ဝမ့်ရှီချွမ်မှာလည်း အလောင်းနှစ်လောင်းကို မော့ကြည့်ကာ အံ့သြမှင်သက်သွားသည်။
" ဆရာ ပြောထားတာက ဒီလို ဟုတ်လို့လား .. "
" ဟိုကောင်ကြီးက ဒီ အလောင်းနှစ်လောင်းထဲမှာများ ပုန်းနေတာလား မသိဘူး "
ဝမ့်ရှီချွမ်က ထိုသို့တွေးကာ တလေးတစား ထပ်ပြော၏။
" ကျုပ် နာမည်က ဝမ့်ရှီချွမ် လို့ ခေါ်ပါတယ်။ သခင်ကြီးကို နှုတ်ဆက်ပါတယ်ဗျာ။ ကျေးဇူးပြုပြီး ထွက်လာပေးပါ "
ထိုစကားကို ကြားသည်နှင့် လူအုပ်ကြီး တုန်လှုပ်သွားကြပြန်သည်။
" ဒီ အလောင်းနှစ်လောင်းက တားမြစ်ချက် ဖြစ်နေတာကိုး .. "
" သတိထားကြဟေ့ ၊ အလောင်းထဲကနေ တစ်ခုခု ဝုန်းခနဲ ထွက်လာနိုင်တယ် "
" လူငယ်တွေ နောက်ဆုတ်ကြဟေ့ ၊ ငါတို့ အဘိုးကြီးတွေက ရှေ့မှာနေမယ် "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
သို့သော် အခြေအနေက မည်သို့မှ ထူးခြားမသွားခဲ့ပါချေ ။
ထိုအချိန်တွင် ဝမ့်ရှီချွမ်တစ်ယောက် အနည်းငယ် စိုးရိမ်စိတ် ဝင်လာ၏။
ထိုစဥ် .. သူ့အနားတွင် ရပ်နေသည့် လောထျန်းက အလောင်းနှစ်လောင်းကို ကြည့်ကာ ခေတ္တမျှ စဥ်းစားနေပြီး ပြောလိုက်သည်။
" ဒီနှစ်ယောက်ကို တစ်နေရာမှာ တွေ့ဖူးသလိုပဲ .. "
" ဟင် .. "
ထိုတခဏတွင် အားလုံး လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။
" သခင်လေးလောထျန်း ၊ ဒီလူတွေကို ဘယ်မှာ တွေ့ဖူးခဲ့တာလဲ "
ချီဝူရှင်းက တုန်လှုပ်စွာ မေးလာ၏။
လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြောသည်။
" ကျုပ် စဥ်းစားလို့ မရဘူး ဖြစ်နေတယ် ။ ခဏနေဦးဗျာ .. "
ဝမ့်ရှီချွမ်က သူ့ကို လှောင်ပြုံးဖြင့် ကြည့်၍ ပြော၏။
" လောထျန်း .. ခက်ခက်ခဲခဲ ကြိုးစား မနေစမ်းပါနဲ့ကွာ ။ ဒီ သခင်ကြီးရှေ့ရောက်ရင် မင်းအစွမ်းက ဘာမှ မဟုတ်တော့ဘူး "
ထိုအချိန်တွင် လောထျန်း၏ မျက်လုံးများ ရုတ်တရက် အရောင်လက်လာကာ ပြောလိုက်သည်။
" အား .. ဒီနှစ်ယောက်ကို ဘယ်မှာ တွေ့ခဲ့လဲ မှတ်မိပြီ ။ အဝါရောင် ရေပူစမ်းပင်လယ် အောက်က ရှေးဟောင်းဘုရားကျောင်းထဲမှာ တွေ့ခဲ့တာပဲ "
သူ့စကားကို ကြားကြားချင်းမှာပင် ချီဝူရှင်း နှင့် ဝမ့်ရှီချွမ် တို့ နှစ်ယောက်လုံး အံ့သြတုန်လှုပ်သးကြ၏။
ချီဝူရှင်းက မြန်မြန် ပြန်မေးလိုက်သည်။
" ဒါဆို .. သခင်လေးက ဒီ အလောင်းနှစ်လောင်းကို အဲ့ဒီ ဘူရားကျောင်းထဲမှာ တွေ့ခဲ့တာပေါ့ "
လောထျန်းက ခေါင်းယမ်းကာ ပြန်ပြော၏။
" ကျုပ် သူတို့ကို တွေ့တဲ့အချိန်တုန်းကတော့ နှစ်ယောက်လုံး အသက်ရှင်နေကြသေးတယ်ဗျ။ ဒါပေမယ့် အဲ့ ဘုရားကျောင်းထဲမှာ မိစ္ဆာနတ်ဆိုးတစ်ယောက်ကို ချုပ်နှောင်ထားတာ ရှိတယ် ။ အဲ့ မိစ္ဆာနတ်ဆိုးက ဒီလူတွေရဲ့ အသွေးအသားတွေကို စက္ကန့်ပိုင်းလေးအတွင်း စုပ်ယူလိုက်လို့ ခုလို ဖြစ်သွားကြတာ "
သူ့စကားကို နားထောင်ပြီးနောက် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ထိုလူနှစ်ယောက်မှာ သေဆုံးနေပြီ ဖြစ်သည့်တိုင် သူတို့၏ ခန္ဓာကိုယ်ကို ကြည့်ခြင်းဖြင့်ပင် သူတို့ အသက်ရှင်စဥ်က တုကျဲ့အဆင့် ကျင့်ကြံခြင်းကိုယ်စီ ရှိထားခဲ့ကြကြောင်း သိသာပေသည်။
ထိုသို့သော အစွမ်းထက် ကျင့်ကြံသူနှစ်ယောက်က အခြားသူတစ်ယောက်၏ အသွေးအသားများ စုပ်ယူခြင်းကို ခံခဲ့ကြရသည်တဲ့လား ။
ထိုစဥ် ဝမ့်ရှီချွမ်၏ မျက်လုံးများကမူ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေ၏။
" သခင်ကြီးက တကယ်ကို အစွမ်းထက်တာပဲဗျာ။ ကျေးဇူးပြုပြီး လူလုံးထွက်ပြပေးပါ "
သူ ကျယ်လာင်စွာ အော်ပြောလိုက်သည်။
လောထျန်းက သူ့ကိုကြည့်ကာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပြောလာ၏။
" မင်းရဲ့ အဆင့် ၄ အစီအစဥ်က ရှေးဟောင်း ဘု ရားကျောင်းထဲမှာ ချုပ်နှောင်ထားတဲ့ မိစ္ဆာနတ်ဆိုး များလား "
ဝမ့်ရှီချွမ်က သူ့ဘက်လှည့်လာပြီး လှောင်ပြုံး ပြုံးလိုက်သည်။
" ဘာလဲ မင်းက အခုတော့ ကြောက်နေပြီပေါ့လေ "
ထို့နောက် သူက အလောင်းနှစ်လောင်းဘက် လှည့်၍ ဦးညွှတ်အရိုအသေပေးကာ ထပ်ပြော၏။
" သခင်ကြီး ၊ ကျေးဇူးပြုပြီး ဒီကောင့်ကို လာသတ်ပေးပါဗျာ။ ကျုပ်ဆရာက သူပေးထားတဲ့ကတိကျု သေချာပေါက် တည်မှာပါ "
ထိုစဥ် ဘေးမှ ကြည့်နေသည့် လောထျန်းက လက်ပိုက်၍ ပြောလိုက်သည်။
" အော်မနေနဲ့ ၊ မိစ္ဆာနတ်ဆိုးက ဒီမှာ မဟုတ်ဘူး "
" ဟင် ....မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ "
ဝမ့်ရှီချွမ် အံ့အားသင့်သွား၏။
" ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ မိစ္ဆာနတ်ဆိုးက သေသွားပြီ မို့လို့ပဲ "
လောထျန်း ပြန်ဖြေလိုကါသည်။
" ဘာပြောတယ် .. "
ဝမ့်ရှီချွမ်တစ်ယောက် အံ့သြတုန်လှုပ်သွားရပြန်၏။
" သေသွားပြီ .. ဟုတ်လား ၊ မဖြစ်နိုင်တာတွေ လာပြောမနေနဲ့ ။ ငါ့ဆရာပြောတာတော့ ဒီ သခင်ကြီးမှာ မသေမျိုး ခန္ဓာကိုယ် ရှိတယ်တဲ့ ။ ဒီလိုလူမျိုးက ဘယ်လိုလုပ် သေနိုင်မှာလဲ "
သူ ဒေါသတကြီး ပြန်အော်လိုက်သည်။
လောထျန်းက ပြန်ပြော၏။
" ငါ သူ့ကို မတော်တဆ သတ်မိသွားတာ "