အစီစဥ်များ နောက်ကွယ်မှ ပဲ့ကိုင်သူထွက်လာရခြင်း
Vol. 16 Ch. 218
မတော်တဆ သတ်လိုက်မိတာ တဲ့လား ...
အားလုံးက လောထျန်းအား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
လောထျန်းက အားလုံးကို ကြည့်ကာ မြန်မြန် ရှင်းပြ၏။
" အဲ့အချိန်တုန်းက ကျုပ် သူ့ကို သတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး ။ နောက်မှ အစွမ်းပြည့်သုံးရင်း သတ်ဖို့ လုပ်ထားတာ ။ ဒါပေမယ့် သူက ကျုပ် အစွမ်းပြည့် မစုစည်းနိုင်ခင်မှာ သေသွားခဲ့တာပဲ "
ထို့နောက် သူက ပြောလက်စကို ခနရပ်ကာ ခေါင်းယမ်းပြီး စကားဆက်သည်။
" သေချာစဥ်းစားကြည့်လိုက်တော့လဲ ကျုပ် အမှားပါလေ ။ ကျုပ်က အစပိုင်းမှာ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း လုပ်မိသွားတာ။ သူ့အခြေအနေကို စောစောသာ သတိထားမိခဲ့ရင် ခုလို ဖြစ်မှာ မဟုတ်ဘူး "
အားလုံး : " ........ "
အစွမ်းကို မစုဆောင်းနိုင်င်မှာပင် သေသွားခဲ့သည် တဲ့လား ..
၎င်းက လူစကားပင် ဟုတ်ပါသေးရဲ့လား ..
ဝမ့်ရှီချွမ်မှာ လောထျန်းကို တစ်လှည့် ၊ အလောင်းနှစ်လောင်းကို တစ်လှည့် ကြည့်ကာ လက်မလျှော့နိုင်ဘဲ ဖြစ်နေ၏။
" သခင်ကြီး ၊ ကျုပ် တောင်းပန်ပါတယ် "
သူက ပြောပြောဆိုဆို အလောင်းတစ်လောင်းဆီသို့ သွားကာ ၎င်းအား သူ့လက်ဖြင့် တွန်းလိုက်သည်။
သူ တွန်းလိုက်သည့် အားကြောင့် အလောင်းမှ လက်တစ်ဖက် ပြုတ်သွား၏။
ထိုအလောင်းများမှာ အလောင်းချည်းသက်သက်သာ ဖြစ်ပြီး ထို့ထက် ဘာမှ မပိုကြောင်း သံသယဖြစ်စရာ မလိုတော့ပါချေ။
တစ်နည်း ဆိုရသော် .. သူ၏ အဆင့် ၄ အစီအစဥ်က ကျရှုံးသွားခဲ့လေပြီ ။
ထိုတခဏတွင် ဝမ့်ရှီချွမ်တစ်ယောက် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ့ရင်ထဲတွင် သွေးလုံးကြီးတစ်ခု တစ်နေသကဲ့သို့ ခံစားနေရ၏။
သူ ထိုနေရာမှ မရွှေ့နိုင်ဘဲ အချိန်အတန်ကြာသည်အထိ ဒူးထောက်လျက်သား ဆက်ရှိနေသည်။
လောထျန်းက သူ့ကို ကြဟ့်ကာ ပြောလာ၏။
" ဒါဆို .. အဆင့် ၄အစီအစဥ်ကလဲ ကျရှုံးသွားပြီပေါ့ ၊ ဟုတ်တယ်မလား "
ဝမ့်ရှီချွမ် : " ....... "
သွေးများက လည်မျိုအတိုင်း အပေါ်သို့ တက်လာသည်။
" အခုထိ ငါ ဘာမှလဲ မလုပ်ရသေးဘူး "
လောထျန်းက ဆက်ပြော၏။
ဝမ့်ရှီချွမ်၏ ကိုယ်ထဲမှ သွေးများ ဆက်တက်လာကြသည်။
' ကဲ .. ဒါဆို အဆင့် ၅ အစီအစဥ်ကို စလိုက်ကြတာပေါ့ "
လောထျန်းက ပြောလိုက်သည်။
သွေများက လည်ချောင်းဝသို့ ရောက်လာခဲ့လေပြီ။
" တကယ်လို့ အဆင့် ၅ အစီအစဥ်က အဆင်သင့် မဖြစ်သေးဘူးဆိုရင် .. ဒုတိယ အစီစဥ်လဲ ရပါတယ်။ ဒုတိယ အစီစဥ်က ဘာလဲဆိုတာ မင်း ခုထိ မပြောရသေးဘူးနော် "
လောထျန်းက စကားဆက်၏။
အု ..
ဝမ့်ရှီချွမ်တစ်ယောက် ဆက်မထိန်းထားနိုင်တော့ဘဲ သွေးများ အန်လိုက်တော့သည်။ သူ့ကိုယ်လည်း ဒယီးဒယိုင် ဖြစ်သွားကာ လဲကျတော့မလိုပင် ဖြစ်သွား၏။
သူ့ရုပ်သွင်မှာလည်း တခဏအတွင်း ဆယ်နှစ်ကျော်ခန့် အိုစာသွားသကဲ့သို့ပင် ။ သူ့မျက်နှာတပြင်လုံး ဖြူဖျော့နေကာ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေလေပြီ ။
" လောထျန်း ၊ ငါ သေတဲ့အထိ မင်းကို တိုက်ခိုက်နေမှာ။ တကယ်လို့ ငါ သေသွားရင်တောင် မင်းတစ်ကိုယ်လုံးကို သွေးတွေရွှဲသွားအောင် လုပ်ပစ်မှာကွ "
ဝမ့်ရှီချွှမ်မှာ ဒေါသကို ဆက်မထိန်းနိုင်တော့ဘဲ အစွယ်တဝင့်ဝင့်ဖြင့် လောထျန်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။
သို့သော် .. သူ လောထျန်းအနီး မရောက်ခင်မှာပင် ..
ဘုန်း ..
အမွေးစိမ်း ခြင်္သေ့က သူ့ရှေ့သို့ ရောက်လာပြီး တိုက်ခိုက်လိုက်သဖြင့် သူ နောက်သို့ လွင့်ထွက်သွား၏။
...
လေထဲသို့ သွေးစက်များ ချက်ချင်း ပြန့်ကျဲသွားသည်။
ဝမ်ရှီချွှမ်က ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး လောထျန်းအား မီးဝင်ဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်လာ၏။
" ငါ မင်းကို သတ်ချင်တယ် ..ငါ မင်းကို သတ်ချင်တယ် "
လောထျန်းက သူ့ကို မျက်မှောင်ကြုံ့ကြည့်ကာ ပြောလိုက်သည်။
" မင်းက ငါ့ကို ဘာတွေ မကျေနပ်ထားတာ ရှိလို့လဲ "
ဝမ့်ရှီချွမ်က သူ့အား အံကြိတ်၍ကြည့်ကာ ပြန်ပြော၏။
" ငါ မင်းကို ဘယ်လောက်မုန်းတယ်ဆိုတာ မင်း မသိဘူးလား ငါ့အဖေက မင်းလက်ချက်ကြောင့် သေခဲ့ရတာကွ '
လောထျန်း ခေတ္တမျှ အံ့အားသင့်သွားကာ ထိုအကြောင်းကို စဥ်းစားလိုက်သည်။ သို့သော် သူ့ခေါင်းထဲတွင် ထိုလူငယ်နှင့် ပတ်သက်သည့် မှတ်ဉာဏ် တစ်ခုမှ ရှိမနေပါ။
" မင်းအဖေက ဘယ်သူလဲ "
လောထျန်း မေးလိုက်သည်။
" ငါ့အဖေက ယဲ့ဖုန်းနိုင်ငံက ဘုရင်ရှန်းဝူ ပဲကွ "
ဝမ့်ရှီချွမ်က ဒေါသတကြီး ပြန်အော်၏။
ထိုစကားကို ကြားမှသာ လောထျန်း ရုတ်ချည်း မှတ်မိသွားတော့သည်။
ဘုရင်ရှန်းဝူ၏ စိတ်ဝိဥာဥ်ကို မွှေနှောက်ရှာဖွေခဲ့စဥ်က သူ့ သားအရင်းမှာ ဝူယွိမသေမျိုးနန်းတော်တွင် ရှိသည်ကို သိခဲ့ရသည် မဟုတ်ပါလား ။
သို့သော် ထိုစဥ်က ၎င်းကို သူ့ ခေါင်းထဲ လုံးဝပင် မထည့်ခဲ့ပါချေ။
ယနေ့တွင် ဘုရင်ရှန်းဝူ ၏ သားအရင်းနှင့် ယခုကဲ့သို့ ပြန်တွေ့ရလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း ။
" သြော် .. မင်းက သူ့သားကိုး ၊ ဒါပေမယ့် မင်းက သူနဲ့လဲ ရုပ်မဆင်ဘူး။ ကြားကားဆွဲသွားတာလား "
လောထျန်းက ပြောလိုကါသည်။
ဝမ့်ရှီချွမ် : " အား ... ငါ မင်းကို သေစေချင်တယ် "
ဝမ့်ရှီချွမ်မှာ အရူးတစ်ယောက်သဖွယ် ဖြစ်နေပြီး လောထျန်းဆီသို့ ထပ်ပြေးသွားရန် ကြိုးစားလိုက်ပြန်၏။
သို့သော် .. ထိုအချိန်မှာပင် အမည်းရောင် တိမ်တိုက်တစ်ခု ရုတ်တရက် မျှောလွင့်လာသည်။
ထို့နောက်တွင်မူ ထို အမည်းရောင် တိမ်တိုက်က လူသားတစ်ယောက်အသွင် ပြောင်းသွား၏။
ထိုလူမှာ အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာကိုလည်း ဝတ်ရုံ၏ အနားစဖြင့် ဖုံးကွယ်ထားသေးသည်။
ဝမ့်ရှီချွမ်မှာ ထိုအမည်းရောင်ဝတ်ရုံနှင့် လူကို မြင်သည်နှင့် အံ့သြမှင်သက်သွား၏။
" ဆရာ ... "
အမည်းရောင်ဝတ်ရုံနှင့် လူက ဖြည်းဖြည်းချင်း လှည့်လာပြီး သူ့အာ အေးစက်စက် မျက်လုံးများဖြင့် ကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
" ဘာမှ သုံးစားမရတဲ့ကောင် "
ထိုအကြည့်ကို မြင်သည်နှင့် ဝမ့်ရှီချွမ်၏ ရင်ထဲထိတိုင် အေးစက်သွားကာ ခပ်မြန်မြန် ဦးညွှတ်၍ ပြောလိုက်သည်။
" ကျုပ် တောင်းပန်ပါတယ်ဆရာ ၊ ကျုပ် မှားသွားပါတယ်။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက် အခွင့်အရေး ပေးပေးပါ "
သို့သော် အမည်းရောင်ဝတ်ရုံနှင့်လူက မည်သို့မှ ပြန်မပြောဘဲ လက်ကိုသာ အသာအယာဝေ့ယမ်းလိုက်၏။
ဘုန်း ...
ဝမ့်ရှီချွမ်၏ ခန္ဓာကိုယ် ချက်ချင်း ပေါက်ကွဲထွက်သွားကာ သွေးစက်များ နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။ သူ နေရာတွင်ပင် သေဆုံးသွားခဲ့ရလေပြီ ။
ထိုမြင်ကွင်းကို ကြည့်နေသည့် လူအုပ်ကြီး အလွန်အံ့သြတုန်လှုပ် သွားကြသည်။
လောထျန်းက အမည်းရောင် ဝတ်ရုံနှင့်လူအား အနည်းငယ် မျက်မှောင်ကြုံ့ကြည့်ကာ မေးလိုက်သည်။
" မင်းက ဘယ်သူလဲ "
ထိလူကလည်း လောထျန်းကို ကြည့်ကာ ပြန်ပြော၏။
" ငါ့ကို ဟွမ်ဝေ့ လို့ ခေါ်လို့ရတယ်။ ငါက ဒီ အစီစဥ် ၇ ခု ရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ပဲ "
လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
သူတို့ မျှာ်လင့်မထားစွာပင် .. နောက်ကွယ်မှ ပဲ့ကိုင်ရှင်ကြီး ထွက်လာခဲ့လေပြီ ။
အမှန်တွင်မူ ဟွမ်ဝေ့မှာ အလွန်ဒေါသထွက်နေ၏။
စည်းမျဥ်းများ အရဆိုလျှင် သူ လူများရှေ့သို့ လုံးဝ လူလုံးထွက်မပြသင့်ပါချေ။
သို့သော် .. သူကြိုးဆွဲထားသည့် ရုပ်သေးရုပ် ၊ ဝမ့်ရှီချွမ်က လောထျန်းနှင့်ပတ်သက်ပြီး စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲသွားခဲ့သည့်အတွက် သူ့အစီစဥ်များကို နှောင့်ယှက်လိုက်သလို ဖြစ်သွားခဲ့ရသည်။
ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ ယခုကဲ့သို့ လူရှေ့ ထွက်လာရခြင်းပင် ။
လောထျန်းက သူ့ကိုကြည့်ကာ ပြော၏။
" သြော် .. ဒါတွေအားလုံးရဲ့ နောက်ကွယ်ကလူက မင်းကိုး .. "
ဟွမ်ဝေ့က မထူးခြားဟန်ဖြင့် ခေါင်းညိတ်ကာ ပြန်ပြောသည်။
" ဟုတ်တယ် ၊ ငါပဲ ။ ယဲ့ဖုန်းနိုင်ငံက ဘုရင် ရှန်းဝူရော ၊ မင်းသတ်ပစ်ခဲ့တဲ့ ဝေ့ပုဒေါက်ရောက ငါ့ရဲ့ စစ်တုရင် အရုပ်လေးတွေပဲ ။ မင်း ဖျက်ဆီးလိုက်တဲ့ နယ်ရုပ်ကလေးတွေပေါ့ကွာ။ ဒီနေ့ မင်းကို သတ်ဖို့ အစီစဥ်ကိုလဲ ငါကိုယ်တိုင် ဆွဲထားခဲ့တာ "
" အစကတော့ ပထမ အစီစဥ် သုံးခုနဲ့တင် မင်းကို သတ်ဖို့ လုံလောက်တယ်လို့ ငါက တွေးနေခဲ့သေးတယ်။ မင်းက ငါ့ရဲ့ အဆင့် ၄ အစီစဥ်ကိုတောင် ကျရှုံးအောင် လုပ်နိုင်ခဲ့မယ်လို့ မထင်ထားခဲ့မိဘူး။ လောထျန်း ၊ ငါ မင်းကို လျှော့တွက်မိခဲ့တာပဲ "
" အခု ကျန်တဲ့ အစီစဥ် သုံးခုကို ငါကိုယ်တိုင် ဦးဆောင်မယ် ။ မင်းကို သတ်လို့မရဘူးဆိုတာ မဖြစ်နိုင်ဘူး "
ဟွမ်ဝေ့က စကားမဆုံးခင်မှာပင် သူ့အင်္ကျီလက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။
ဝီ ...
အမည်းရောင်စွမ်းအင်များ ရုတ်ချည်း ထွက်ပေါ်လာ၏။
ထိုစွမ်းအင်များက လေထဲသို့ မျောလွင့်လာကြသည်။
ထို့နောက်တွင်မူ ဧရာမ ရေခဲခေါင်းတလားကြီးတစ်ခု ကောင်းကင်ယံမှ ကျလာပြီး ကျယ်လောင်သော အသံတစ်သံနှင့်အတူ သူ့နောက်သို့ ဆင်းသက်လာ၏။
" ဒါ မင်းရဲ့ အဆင့် ၅ အစီစဥ်လား "
လောထျန်းက မျက်မှောင်အနည်းငယ် ကြုံ့၍ ခေါင်းတလားကို ကြည့်ရင်း ပြောလိုက်သည်။ သူ့မျက်နှာထားမှာလည်း ရှားရှားပါးပါး လေးနက်တည်ကြည်နေ၏။
သို့သော် ဟွမ်ဝေ့က သူ့အမေးကို မဖြေဘဲ သူ့လက်များဖြင့်သာ အစီအမံအချို့ ပြုလုပ်လိုက်သည်။
ဝီ..
ဟင်းလင်းပြင်လမ်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။
" အရှင်မင်းမြတ်ကြီး ၊ အချိန်ကျပါပြီ "
ဟွမ်ဝေ့က အော်ပြောလိုက်သည်။
ချက်ချင်း ဆိုသလိုပင် ထိုဟင်းလင်းပြင်လမ်း မှ အစွမ်းထက်သော အရောင်အဝါတစ်ခု ထွက်ပေါ်လာ၏။
ထို့နောက်တွင်မူ အရပ်ရှည်ရှည် လူတစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
ထိုလူ ပေါ်လာသည်နှင့် လောထျန်းနောက်ရှိ လူအုပ်ဆီမှ ဆူဆူညံညံအသံများ ထွက်လာကြသည်။
" တကယ်ကြီး အရှင်မင်းမြတ် ဖြစ်နေတာပဲ "
" ထျန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်ကြီး လုချန်ကျိုးမဟုတ်လား ၊ သူက ဘာလို့ ဒီကို ရောက်နေရတာလဲ "
" သူက ဟိုအမည်းရောင်လူနဲ့ တစ်ဖွဲ့တည်းတွေလား "
" မိုးကြိုးဂိုဏ်း ၊ ဝူယွိ မသေမျိုးနန်းတော် ၊ ... အခု တော်ဝင်မိသားစုကပါ ထပ်ပါလာပြန်ပြီ "
" ဒါဆို .. လွန်ခဲ့တဲ့ နှစ်တွေက လူတွေအများကြီးကို အစုလိုက်အပြုံလိုက်သတ် ၊ မြို့တွေကို ဖျက်ဆီးပြီး ယဇ်ပူဇော်ခဲ့တဲ့သူက ... ထျန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်ကြိး ဖြစ်နေတာပေါ့။ ဒါပေမယ့် ... သေသွားကြရတဲ့ လူတွေအားလုံးက သူ့ရဲ့ နိုင်ငံသားတွေပဲလေ "
" ဒီလူတွေက အဖမ်းမခံရဘဲ ထျန်းယွမ်အင်ပါယာထဲမှာ ထင်တိုင်းကြဲပြီး မိစ္ဆာကိစ္စတွေကို လုပ်နေနိုင်တာ မထူးဆန်းတော့ပါဘူး ။ လက်စသတ်တော့ တော်ဝင်မိသားစုကပါ သူတို့နဲ့ ပူးပေါင်းကြံစည်ထားကြတာကိုး '
၎င်းမှာ သူတို့ လုံးဝ ထင်မထားခဲ့သည့် ကိစ္စကြီး ဖြစ်သဖြင့် အားလုံးမှာ အခြေအနေကို ခေတ္တမျှ လက်မခံနိုင် ဖြစ်နေကြ၏။
" အရှင်မင်းမြတ်ကြီး ၊ ဘာတွေ ဖြစ်နေတာလဲဗျာ ။ ဒါတွေအားလုံးကို အရှင်မင်းမြတ်ကိုယ်တိုင် တကယ်ကြီး လုပ်ခဲ့တာလား "
အဘိုးအိုတစ်ယောက်က အဖြစ်မှန်ကို လက်မခံနိုင်သေးဟန်ဖြင့် တုန်တုန်ယင်ယင် မေးလိုက်သည်။
လုချန်ကျိုးက မည်သို့မှ ပြန်မပြောဘဲ ထိုအဘိုးအိုကို တစ်ချက် လှမ်းကြည့်၏။သူ မည်သို့စကားမှ မဆိုသည့်တိုင် ဟွမ်ဝေ့ ဘေးတွင် မားမားရပ်နေသည်ကို ကြည့်ခြင်းဖြင့် အခြေအနေကို သိနိုင်ပေသည်။
ထိုစဥ် ဟွမ်ဝေ့က လုချန်ကျိုးအား ပြော၏။
" အရှင်မင်းမြတ်ကြီး ၊ အခမ်းအနားကို မကြာခင် စလို့ရပါတော့မယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ပြဿလေးတချို့နဲ့ ကြုံနေရတယ်ဗျ ။ လူတစ်ယောက်က အခမ်းအနားကို တားဖို့ ကြိုးစားနေတယ် "
လုချန်ကျိုး၏ မျက်လုံးထဲတွင် သွေးကဲ့သို့ နီရဲနေသော အလင်းတန်းနှစ်ခု ဖျတ်ခနဲ လက်သွားသည်။
" ငါ့ကို တားရဲတဲ့ ဘယ်သူမဆို ငါ့လက်ချက်နဲ့ သေရမယ် "
ဟွမ်ဝေ့က လောထျန်းအား လက်ညိုးထိုးပြကာ ပြောလိုက်သည်။
" သူပဲ ဗျ "