အတုမရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးခံရတာလား
Vol. 16 Ch. 219
လုချန်ကျိုးက ချက်ချင်း ခေါင်းလှည့်၍ လောထျန်းအား ကြည့်လာသည်။
ထို မျက်လုံးတစ်စုံထဲတွင် လူသတ်အရိပ်အငွေ့က အပြည့်ရှိနေ၏။
လောထျန်းနောက်မှ ထိုအကြည့်ဒဏ်ကို ခံလိုက်ရသည့် လူများမှာ ဓားများနှင့် အထိုးခံလိုက်ရသည့်အလား ခံစားလိုက်ကြရပြီး ချက်ချင်း သွေးများ အန်ကုန်ကြသည်။
" ကြောက်စရာကောင်းလိုက်တာ .. လူ သတ်အရိပ်အငွေ့ တစခုတည်းရဲ့ အစွမ်းနဲ့ အဲ့လိုလုပ်လို့ ရတယ်လား "
" ဧကရာဇ်ကြီးက ထျန်းယွမ်အင်ပါယာ တစ်ခုလုံးရဲ့ နံပါတ် ၁ အစွမ်းအထက်ဆုံး ကျင့်ကြံသူ တစ်ယောက်လေကွာ ။ သူ့အစွမ်းက တုကျဲ့အဆင့် ၉ ကိုတောင် ကျော်နေပြီ မဟုတ်လား "
အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
လုချန်ကျိုး၏ အကြည့်ကို ခံရသူများထဲတွင် မတုန်မလှုပ် ရပ်နေသူဆို၍ လောထျန်း တစ်ယောက်တည်းသာ ရှိ၏။
သူ့လူသတ်အရိပ်အငွေ့က လောထျန်းအား ဘာမှ မလုပ်နိုင်သည်မှာ အသိသာကြီးပင် ..
ဟွမ်ဝေ့က ပြောလိုက်သည်။
" အရှင်မင်းမြတ်ကြီး ၊ ဒီလူက တော်တော်လေး အစွမ်းထက်တယ်ဗျ ။ အရှင်မင်းမြတ်ရဲ့ လက်ရှိအစွမ်းနဲ့ဆို သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဒါပေမယ့် .. ကျုပ်ဆီမှာ ဆေးလုံး တစ်ခုတော့ ရှိတယ်။ ဒါကိုသာ သောက်လိုက်ရင် အရှင်မင်းမြတ် သူ့ကို သတ်နိုင်သွားလိမ့်မယ် "
ဟွမ်ဝေ့က ထိုသို့ပြောကာ သူ့အင်္ကျီလက်ထဲမှ အနီရောင် ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။
ထိုဆေးလုံး၏ ဘေးပတ်လည်တွင် ထူးဆန်းသည့် အရောင်အဝါတစ်ခု ရှိနေပြီး ငိုယိုအော်ဟစ်နေသည့် အရိပ်များလည်း မကြာခဏ ထွက်ပေါ်လာသေး၏။
၎င်းမှာ ကောင်းသည့် အရာတစ်ခု ဟုတ်ဟန်မတူပေ ။
လုချန်ကျိုးက ဆေးလုံးကို ကြည့်လိုက်ပြီးနောက် ဟွမ်ဝေ့အား ထပ်ကြည့်လိုက်သည်။
ဟွမ်ဝေ့က ခပ်မြန်မြန် ပြော၏။
" အရှင်မင်းမြတ် ၊ ဒီ ဆေးလုံးကို မသောက်နိုင်ရင် အခမ်းအနားကိုလဲ ကျင်းပနိုင်မှာ မဟုတ်ဘူး "
ထိုစကားကို ကြားပြီးနောက်တွင်မူ လုချန်ကျိုးက မည်သည့်စကားမှ မဆိုဘဲ ဆေးလုံးကို ယူကာ ချက်ချင်း မြိုချလိုက်သည်။
ထို့နောက်တွင်မူ ..
ဘုန်း ..
လုချန်ကျိုး၏ ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားဟန် တူ၏။
" အား .. "
ဆိုးရွားလှသော နာကျင်မှုကြောင့် လုချန်ကျိုးတစ်ယောက် စူးစူးဝါးဝါးအော်ကာ မြေပြင်သို့ ဒူးထောက်ကျသွားသည်။
သူ အော်နေစဥ်မှာပင် သူ့အရောင်အဝါက လျင်မြန်စွာ တိုးလာ၏။
ဝုန်း ...
တစ်ခုထက်တစ်ခု ပိုကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းလုံးကြီးများလည်း အရပ်မျက်နှာ ပေါင်းစုံမှ တိုက်ခတ်လာကြသည်။
ခပ်လှမ်းလှမ်းတွင် ရှိနေသော လူများသည်ပင် ထို လေလှိုင်းများ၏ ဒဏ်ကို မခံနိုင်၍ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ လွင့်ထွက်သွားကြ၏။
" ဘာတွေ ဖြစ်နေတာလဲ .. သူက ကျင့်ကြံခြင်း နောက်တစ်ဆင့်ကို တက်သွားတာလား .. "
" မဟုတ်ဘူးကွ ၊ ဒါ ကျင့်ကြံခြင်း အဆင့်တက်တာ မဟုတ်ဘူး ။ ဒါပေမယ့် သူ့အစွမ်းကတော့ တုကျဲ့အဆင့် ၉ ကို သေချာပေါက် ကျော်သွားပြီ "
" ဒီ အရောင်အဝါက ကြောက်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာပဲ "
" လောထျန်းက သူ့ကို တားနိုင်ပါ့မလား "
အားလုံး စိတ်ထဲ လေးလံသွားကြသည်။
ဤသို့ဖြင့် အချိန် အတန်ငယ် ကြာပြီးနောက်တွင်မူ လုချန်ကျိုး၏ အရောင်အဝါက တည်ငြိမ်သွား၏။
သူ့ ခန္ဓာကိုယ်မှာမူ ယခင်ကထက် နှစ်ဆ ဖြစ်သွားခဲ့လေပြီ ။
သူ့ကိုယ်မှလည်း အမည်းရောင် အငွေ့များ အဆက်မပြတ် ထွက်နေသည်။
ထို့နောက် လုချန်ကျိုးက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ထိုသို့သော သာမာန် လှုပ်ရှားမှုလေး တစ်ခုဖြင့်ပင် သူ့ခြေထောက်အောက်မှ မြေပြင်က အက်ရာကြီးများ ထင်သွား၏။
" လူသားတစ်ယောက်က ဒီလိုအစွမ်းမျိုး ပိုင်ဆိုင်နိုင်တယ်လား "
၎င်းကို ကြည့်နေကြသည့် လူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သူတို့ရှေ့မှ လုချန်ကျိုးက အစွမ်းထက်လွန်းနေသဖြင့် အားလုံး စိတ်ဓာတ်ကျကုန်ကြ၏။
ဟွမ်ဝေ့က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။
" တစ်ဝက်တပျက်ပဲ ပြီးသေးတဲ့ ပစ္စည်းတစ်ခုကတောင် ဒီလောက် အစွမ်းထက်နေတာလား ။ ဟား ဟား .. ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ "
ထို့နောက် သူက လောထျန်းဘက် လှည့်ကာ ပြော၏။
" လောထျန်း ၊ ဒါ ငါ့ရဲ့ အဆင့် ၅ အစီစဥ်ပဲ ။ တားနိုင်ရင် လာတားလေ "
ထို့နောက် သူက လုချန်ကျိုးဘက် တဖန်ပြန်လှည့်ကာ ပြောလိုက်သည်။
" အရှင်မင်းမြတ်ကြီး ၊ ကျေးဇူးပြုပြီးတော့ သူ့ကို သတ်ပေးပါ ။ သူ သေသွားတာနဲ့ အခမ်းအနားကို စလို့ရပြီ "
စကားဆုံးသည်နှင့် လုချန်ကျိုး၏ မျက်လုံးများ နီရဲသွားပြီး လူသတ်အရိပ်အငွေ့ စုစည်းလာပြန်၏။
" သတ်မယ် "
သူက ထိုသို့ ကျယ်လောင်စွာ အော်ကာ လောထျန်းဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။
သို့သော် သူ့အစွမ်းမှာ ယခင်ကထက် များစွာ ပို အစွမ်းထက်လွန်းနေသဖြင့် တိတိကျကျ မခန့်မှန်းနိုင်ဘဲ လောထျန်းကို ကျော်ပြီး နောက်သို့ ခြေလှမ်းဆယ်လှမ်းကျော်ခန့် ရောက်သွား၏။
ထို့နောက် ..
ဝုန်း ..
သူက မြေကြီးကို ခြေတစ်ဖက်ကန်ကာ ရုတ်တရက် ရပ်လိုက်သည့်အတွက် သူ့အောက်မှ မြေကြီးမှာ အားပြင်းလှသည့် ဖိအားကို မခံနိုင်ဘဲ ကွဲထွက်သွားတော့သည်။
ချက်ချင်း ဆိုသလိုပင် မြေလွှာအောက်မှ ချော်ရည်ပူများ ပန်းထွက်လာ၏။
" ချီး .. ဒါ လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား "
ထိုမြင်ကွင်းကို မြင်လိုက်ရသူများ အားလုံး မျက်နှာများ ဖြူရော်သွားကြသည်။
ခြေတစ်လှမ်းတည်းကပင် ၍မျှ ကြောက်စရာ ကောင်းနေသည်လား ။
ထိုအချိန်မှာပင် လုချန်ကျိုးက ရုတ်တရက် ခေါင်းမော့လာပြီး လောထျန်းရှိရာဘက် လက်ဝေ့ယမ်းလိူက်သည်။
ဝုန်း ..
သူ့လက်ဝါးမှ ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှ ထွက်လာသည့် ကြောက်မက်ဖွယ် စွမ်းအင်က မြေကြီးကို နှစ်ခြမ်း ကွဲသွားစေပြီး နတ်ဆိုးတစ်သောင်း လွင်ပြင်တလျှောက် ဆယ်မိုင်ကျော်ခန့် ရှည်လျားသော ချောက်နက်ကြီးတစ်ခု ဖြစ်သွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်နေသော အမွေးစိမ်း ခြင်္သေ့၏ မျက်နှာ အလွန်ပျက်ယွင်းသွား၏။
" ငါသာ ဒီ လှိုင်းလုံးကြီးနဲ့ တိုက်မိရင် ချက်ချင်း သေသွားရမှာပဲ "
သူ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" မင်းတင် မဟုတ်ဘူးကွ ။ ငါ့ကို ပြင်ဆင်ဖို့ အချိန်ပေးထားရင်တောင် ငါ့မှာ ရှိသမျှ အကာအကွယ်တွေနဲ့ ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး။ ဒီလူရဲ့ အစွမ်းကို ကြည့်ရတာတော့ သူ့အစွမ်းက တုကျဲ့အဆင့်ကို ကျော်သွားရုံတင် မကဘူး ၊ ကောင်းကင်ဘုံအဆင့်ကို ပါ ကျော်ပြီး အဆုံးအစမဲ့ အဆင့်ကို ရောက်နေပြီ "
လိပ်အဘိုးအိုကလည်း မျက်နှာတည်ဖြင့် အလေးနက် ပြောလိုက်သွည်။
" ဒါဆို .. လောထျန်းက .. နိုင်ပါ့မလား "
ငှက်အမျိုးသမီးက မေး၏။
" အင်း ..ပြောဖို့တော့ ခက်တယ်ကွ ။ အရိုးဖြူကြီးရော ဘယ်လိုထင်လဲ "
အမွေးစိမ်းခြင်္သေ့က အရိုးဖြူပညာရှိဘက် လှည့်ကာ မေးလိုက်သည်။
သို့သော် ထိုအချိန်မှာပင် အရိုးဖြူ ပညာရှိက ထွက်ပြေးရန် ပြင်နေသည်ကို တွေ့လိုက်ရ၏။
" မျိုးမစစ်ကောင် ၊ ဒီကို ပြန်လာခဲ့ "
အမွေးစိမ်း ခြင်္သေ့က ဒေါသတကြီး အော်ကာ အရိုးဖြူအား ပြန်ဆွဲထားလိုက်သည်။
ထိုစဥ် တဖက်မှ ဟွမ်ဝေ့က သူ့ မဟာ အကြံအစည်ကို ကြည့်၍ ရယ်နေ၏။
" ဟား ဟား ..ကောင်းတယ် ၊ သိပ်ကောင်းတယ် ။ လောထျန်း .. မင်းရော တွေ့လိုက်လား။ ဒါကမှ ငါ့ရဲ့ အံ့မခန်း အစီစဥ်ပဲ။ မင်းမှာ အစွမ်းရှိရင် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီးပဲ တားနော် ၊ ထွက်ပြေးဖို့တော့ မစဥ်းစားနဲ့ "
သူက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
လောထျန်းကမူ ခပ်လှမ်းလှမ်းမှ လုချန်ကျိုးကို မျက်မှောင်ကြုံ့၍ ကြည့်နေ၏။
" ဒီကောင်က .. နည်းနည်းတော့ ပြဿနာပဲ "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူပြောလိုက်သည့် အသံမှာ မကျယ်သော်လည်း ထိုနေရာရှိ တုကျဲ့အဆင့် ကျင့်ကြံသူများမှာ သေချာ ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ကြရ၏။
" အင်း ..လောထျန်းအတွက်တောင် ပြဿနာ ဆိုပါလား .. "
" ဒီကောင်ကြီးက ပြဿနာ မဟုတ်မှ ထူးဆန်းနေမှာ ။ ဒီလို ဘီလူးမျိုးက .. ငါတော့ ဒီနေ့ ဒီနေရာမှာ သေရတော့မယ်နဲ့ တူပါတယ် "
အားလုံး စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ကြသည်။
" သတ်မယ် "
ထိုစဥ် လုချန်ကျိုးက ခေါင်းပြန်လှည့်လာပြီး လောထျန်းကို ကြည့်ကာ လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
ချက်ချင်း ဆိုသလိုပင် နောက်ထပ် လက်သီးချက်တစ်ခု တိုးဝင်လာပြန်၏။
ဤတစ်ကြိမ်တွင်မူ လောထျန်း လှုပ်ရှားသွားသည်။
သူက လုချန်ကျိုးရှေ့သို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းသွား၏။
" ဟင် .. မင်းက ထိပ်တိုက် ရင်ဆိုင်ဖို့ ရွေးလိုက်တယ်ပေါ့လေ ၊ တော်တော် တုံးတာပဲကွာ ။ အရှင်မင်းမြတ်ရဲ့ အစွမ်းက အားပြင်းလွန်းလို့ ထိန်းချုပ်လို့တောင် မရ ဖြစ်နေတာ။ တခြားနည်းနဲ့ ရင်ဆိုင်ရင်တောင် မင်းအတွက် အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရနိုင်သေးတယ်။ ဒါပေမယ့် .. ခုလို ထိပ်တိုက်တွေ့ဖို့ ရွေးလိုက်တာဆိုတော့ ကိုယ့်သေတွင်းကိုယ် တူးနေတာနဲ့ ဘာခြားတော့မှာလဲ ။ အရှင်မင်းမြတ်ကြီး ၊ သူ့ကို သတ်ပစ်ပါ "
ဟွမ်ဝေ့က လှောင်ပြုံးဖြင့် အော်ပြောလိုက်သည်။
ဘုန်း ..
ထို့နောက်တွင်မူ လုချန်ကျိုး၏ လက်သီးချက်ကြီးက ဥက္ကာခံကြီး တစ်ခုအလား လောထျန်းဆီသို့ အရှိန်ပြင်းပြင်း တိုးဝင်သွား၏။
တဖက်မှ လောထျန်းမှာလည်း မျက်နှာထားအေးစက်သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
" ထွက်သွားစမ်း "
လောထျန်းက ထိုသို့အော်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
အားလုံးမှာ ထိုလက်သီးချက် နှစ်ခု ထိပ်တိုက်တွေ့သွားမည့် အချိန်ကို တုန်လှုပ်စွာ ကြည့်နေကြ၏။
သို့သော် .. မျှာ်လင့်မထားစွာပင် ..
ဗျစ် ..
လုချန်ကျိုး၏ ကြောက်မက်ဖွယ် လက်သီးကြီးမှာ လောထျန်း၏ လက်သီးချက်ဖြင့် တွေ့သွားသည်နှင့် တိုဖူးပျော့ တစ်တုံးကို တုဖြင့် ထုလိုက်သည့်အလား ဖြစ်သွားပြီး ...
မျက်စိ တစ်မှိတ်ခန့် အချိန်အတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားတော့သည်။
ထိုစဥ် လောထျန်း၏ လက်သီးချက်ကမူ လုချန်ကျိုးကို ထိုးဖောက်ပြီး ဆက်ရွေ့သွား၏။
ထို့နောက် ဆုမီတောင် ကမ္ဘာငယ်၍ အနားသတ် အကာအရံနှင့် တိုက်မိသွားတော့သည်။
ဘုန်း ...
လေထုကြီး တစ်ခုလုံး ရုတ်ချည်း တုန်ခါလာပြီး အကာအရံပေါ်တွင် လက်သီးရာကြီးတစ်ခု ထွက်ပေါ်လာ၏။
" ဟင် "
ဟွမ်ဝေ့မှာ ထိုလက်သီးရာကြီးကို ကြည့်နေရင်း တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားတော့သည်။
အစောပိုင်းက အဝါရောင် ရေပူစမ်းပင်လယ် ကမ်းစပ်တွင် ပေါ်လာခဲ့သည့် လက်သီးရာကြီးမှာ လောထျန်းကြောင့် ဖြစ်သွားခဲ့ဟန်ပင် .. ။
" မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူး ။ ငါ ဘာလို့ ရှုံးရမှာလဲ "
ထိုစဥ် တဖက်မှ လုချန်ကျိုးမှာ လောထျန်း၏ လက်သီးချက်ကြောင့် လက်တစ်ဖက် ကျိုးနေခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲမှ အစွမ်းက မတည်မငြိမ် ဖြစ်လာ၏။
မြောက်များစွာသော အမည်းရောင် လေများ သူ့ကိုယ်မှ ထွက်လာကာ အစောက အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည့် အစွမ်းမှာလည်း ခပ်မြန်မြန်ပင် ပြန်ကျလာသည်။
အားလုံးမှာ မည်သည့်စကားမှ မဆိုနိုင်ဘဲ လောထျန်းကိုသာ အံဘသြတကြီး ကြည့်လိုက်ကြ၏။
လောထျန်းသည် လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် လုချန်ကျိုးအား ပြဿနာ ဟု ပြောနေခဲ့ပြီး ယခုတွင်မူ ထိုလူ၏ လက်တစ်ဖက်ကို သိုင်းကွက်တစ်ကွက်တာ်းဖြင့် အလွယ်တကူပင် ချိုးပစ်ခဲ့သည်။
၎င်းက မည်သည့် အဓိပ္ပါယ်ပါနည်း ။
" ဟေ့လူ ၊ အဆင့် ၅ အစီအဥ်က ဖြေရှင်းပြီးသွားပြီမဟုတ်လား "
လောထျန်းက ဟွမ်ဝေ့အား အော်ပြောလာသည်။