ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်
Vol. 16 Ch. 220
ဟွမ်ဝေ့မှာ လက်တစ်ဖက် ကျိုးနေသည့် လုချန်ကျိုး ကို ကြည့်နေရင်းသူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေ၏။
သူ ပေးခဲ့သည့် ဆေးလုံးက ပြီးပြည့်စုံသည့် အခြေအနေ မဟုတ်သေးသည့်တိုင် လုချန်ကျိုးမှာ အလွန်ကြောက်စရာ ကောင်းနေခဲ့ပြီ ဖြစ်ပါသည်။
တစ်ခုတည်းသော လိုအပ်ချက်မှာ သူ့အစွမ်းသူ ထိန်းချုပ်နိုင်စွမ်း မရှိသေးခြင်းပင် ။
သို့သော် ..လောထျန်းသည် ထိုအားနည်းချက်ကို အခွင့်ကောင်းမယူဘဲ မျက်နှာချင်းဆိုင်သာ တိုက်ခိုက်ပြီး အနိုင်ယူခဲ့၏။
၎င်းက ဘာကို ရည်ညွှန်းနေပါသနည်း ။
" မင်းက ... "
ဟွမ်ဝေ့၏ စိတ်ထဲတွင် သူ မှားသွားခဲ့ပြီလား ဟု သံသယ စဝင်လာသည်။
လောထျန်းသည် သူ၏ စိတ်ဝိဥာဥ်မျိုးစေ့ ပေါင်း များစွာကို အောင်မြင်မြင် ဖျက်ဆီးခဲ့ပြီး သူ့အတွက် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားစေခဲ့၏။
သို့သော် ... ယခုကဲ့သို့ လောထျန်းကို သတ်ရန် သူကိုယ်တိုင် ကြံစည်နေခြင်းက အမြော်အမြင်ရှိသော လုပ်ရပ်တစ်ခု ဟုတ်ပါရဲ့လား ..။
" မင်း .. မင်းက ဘာဖြစ်လို့ ငါ့ကို တားနေတာလဲ "
ထိုစဥ် တဖက်မှ လုချန်ကျိုးက လောထျန်းကို ကြည့်ကာ အော်လိုက်သည်။
" နေစမ်ပါဦး ၊ ခင်ဗျားကြီးက ဘာလုပ်ချင်တာလဲ "
လောထျန်းက သူ့ကို ကြည့်ကာ မျက်မှောင်ကြုံ့၍ မေး၏။
" ငါက သူ့ကို အသက်ပြန်သွင်းမလို့ ။ ရိုးရာအခမ်းအနား ကျင်းပပြီးတာနဲ့ သူ့ကို အသက်ပြန်သွင်းနိုင်သွားမှာ ။ ငါ မကြာခင် အောင်မြင်တော့မှာကွ ။ ဒါကို မင်းက ဘာကြောင့် ငါ့ကို တားဖို့ ကြိုးစားနေရတာလဲ "
လုချန်ကျိုးက အရူးတစ်ယောက်အလား အော်လိုက်သည်။ သူ စိတ်လွတ်နေသည်မှာ သိသာပါသည်။
" ရိုးရာ အခမ်းအနား ... ပြန်အသက်သွင်းမှာ .
"
လောထျန်း၏ ခေါင်းထဲတွင် မေးခွန်းများစွာ ပလုံစီသွား၏။
ထိုအချိန်တွင် ဟွမ်ဝေ့က ပြန်တည်ငြိမ်သွားကာ လုချန်ကျိုးကို ကြည့်၍ ပြောလိုက်သည်။
" အရှင်မင်းမြတ် ၊ ဒီကို လာခဲ့ပါ "
သူက ထိုစကားအား ရေခဲခေါင်းတလားပေါ်တွင် လက်တစ်ဖက်တင်၍ ပြောလိုက်ခြင်း ဖြစ်သည်။
ထိုရေခဲခေါင်းတလားကို မြင်သည်နှင့် လုချန်ကျိုး၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွား၏။ ထို့နောက် သူက ပါးစပ်မှ နာမည်တစ်ခုကို တတွတ်တွတ် အော်ခေါ်ရင်း ထိုခေါင်းတလားဆီသို့ ထော့နဲ့ ထော့နဲ့ ပြေးသွားလိုက်သည်။
" ရှောက်ယွိ လေး ..ရှောက်ယွိ ... "
ထိုစဥ်ဟွမ်ဝေ့က လောထျန်းအား ခေါင်းလှည့်ကြည့်ကာ ပြောလာ၏။
" လောထျန်း ၊ မင်းက ငါ့ရဲ့ အဆင့် ၅ အစီစဥ်ကို ဖျက်ဆီးလိုက်ပြီဆိုတော့ နောက်ထပ် ငါ့ရဲ့ အဆင့် ၆ အစီအစဥ်ကို ထုတ်သုံးရတော့မှာပေါ့ "
သူက ထိုသို့ ပြောပြီးသည်နှင့် ရေခဲခေါင်းတလားပေါ်သို့ လက်နှစ်ဖက်လုံး တင်ကာ အတွင်းအားများ ပို့လွှတ်လိုက်သည်။
ထို့နောက်တွင်မူ ..
ဘုန်း ..
သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် ရေခဲခေါင်းတလားမှာ ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့၏။
ထိုခေါင်းတလားအတွင်းမှ မိန်းမငယ်လေးတစ်ယောက် ပေါ်လာပြီး မာတောင့်တောင့် ရပ်နေသည်။
" ရှောက်ယွိလေး .. "
လုချန်ကျိုးက ၎င်းကို မြင်သည်နှင့် မိန်းမပျိုအား ပြေးဖက်လိုက်သည်။
" ရှောက်ယွိလေး ၊ ကိုယ် မင်းကို မကြာခင် အသက်ပြန်သွင်းပေးပါ့မယ် ။ မင်းအတွက်သာဆို ကိုယ့်မှာ ရှိသမျှ အရာတွေ အားလုံးကို စတေးလိုက်ဖို့လဲ ဝန်မလေးပါဘူး။ ကိုယ့် နိုင်ငံသားတွေပဲဖြစ်ဖြစ် ၊နိုင်ငံတစ်ခုလုံးကိုပဲ ဖြစ်ဖြစ် .. မင်းကိုသာ ပြန်အသက်သွင်းနိုင်မယ်ဆိုရင် အာလုံးကို စွန့်လွတ်နိုင်တယ် "
လုချန်ကျိုးက ငိုယိုကာ ပြောလိုက်သည်။
ခပ်လှမ်းလှမ်းတွင် ရှိနေသော လောထျန်းမှာ လုချန်ကျိုး၏ စကားများကို နားထောင်ပြီးနောက် သူတို့ နှစ်ယောက်၏ ဇာတ်လမ်းကို အကြမ်းဖျင်း နားလည်သွား၏။
ရှောက်ယွိ ဆိုသူမှာ လုချန်ကျိုး၏ ချစ်ရသူ အမျိုးသမီး ဖြစ်ပြီး သူမက အကြောင်းတစ် ခုခုကြောင့် သေသွားခဲ့သည်မှာ သိသာပါသည်။
ထို့နောက်တွင် အမည်းရောင်ဝတ်ရုံနှင့် လူ ပေါ်လာပြီး ယဇ်ပူဇော်လိုက်ပါက သူမကို အသက်ပြန်သွင်းနိုင်မည်ဟု ပြောခဲ့ဟန် ရှိ၏။ ပြုစား ခံထားရသည့် လုချန်ကျိုးကလည်း ၎င်းကို မျက်လုံးစုံမှိတ် သဘောတူခဲ့ဟန်ပင် ။
ပြီးနောက်တွင်မူ ..ထျန်းယွမ်အင်ပါယာ၌ မြောက်များစွာသော အစုလိုက် အပြုံလိုက် လူသတ်မှုများနှင့် မြို့လုံးကျွတ် လူသတ်မှုများ ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့သည်။ လုချန်ကျိုးမှာလည်း ယနေ့အချိန်ထိ အမည်းရောင်ဝတ်ရုံနှင့် လူ၏ ကြိုးဆွဲရာကို ကသော ရုပ်သေးရုပ်တစ်ခုအဖြစ်သာ ရှိလာခဲ့သည်။
" လက်စသတ်တော့ သူက မိန်းမစိတ်နဲ့ အရူးတစ်ယောက် ဖြစ်နေတာပဲ "
လောထျန်းက ခေါင်ယမ်းကာ ပြောလိုက်သည်။
သူ့စိတ်ထဲတွင်လည်း လုချန်ကျိုးအပေါ် အလွန်အထင်သေးသွား၏။
အခြားသူတစ်ယောက်၏ ဖော်လံဖား၊ ရုပ်သေးရုပ်အဖြစ် နေလိုသည်ဖြစ်စေ ၊ တဖက်လူကို အလွန်ချစ်ခင်သည့် လူတစ်ယောက်အဖြစ် နေလိုသည်ဖြစ်စေ လူ့လောကတွင် မကျော်သင့်သည့် စည်းများ ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဦးဆောင်သူ ဘုရင်တစ်ယောက်အနေဖြင့် လူတစ်ယောက်တည်းကို ပြန်အသက်သွင်းရန် ရည်ရွယ်၍ မိမိ၏ တိုင်းသူပြည်သား သန်းချီကို သတ်ဖြတ်သည့် ကိစ္စမျိုးမှာ လုံးဝ မဖြစ်သင့်ပါချေ။
ထိုစဥ် တဖက်မှ ဟွမ်ဝေ့က သူ့လက်ကို ယမ်းလိုက်ရာ သူ့အင်္ကျီလက် အတွင်းထဲမှ အမည်းရောင် ပုလဲလုံးတစ်လုံး ထွက်လာ၏။
" သန်းချီတဲ့ လူ့အသက်တွေရဲ့စိတ်ဝိဥာဥ်မျိုးစေ့
"
သူက ထိုသို့ပြောပြီးနောက် ရှောက်ယွိဆိုသည့် မိန်းမငယ်ဘက် လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။
" သန်းနဲ့ချီတဲ့ လူတွေကြားမှာ ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မျိုး ရရှာဖို့ဆိုတာ မလွယ်လှဘူး "
ထို့နောက် သူက စိတ်ဝိဥာဥ်မျိုးစေ့အား မိန်းမပျို၏ ရင်ဘတ်သို့ ညွှန်လိုက်သည်။
ဝီ ...
ချက်ချင်းဆိုသလိုပင် မိန်းမပျို၏ ခန္ဓာကိုယ် စတင်တုန်ခါလာ၏။
သူမ၏ ဖြူဖျော့သော အသားအရေပေါ်တွင်လည်း သွေးကြောနှင့် တူသည့် အနီရောင် လိုင်းများ ပေါ်သည်။
ထို့နောက်တွင်မူ အသက်မဲ့ဟန် တူနေခဲ့သည့် မိန်းမပျိုထံမှ အစွမ်းထက်သော အရောင်အဝါတစ်ခု ရုတ်တရက် စတင် ထွက်ပေါ်လာ၏။
၎င်းကို မြင်သောအခါ ဟွမ်ဝေ့က ကျေနပ်အားရစွာ ပြုံးလိုက်သည်။
" စိတ်ဝိဥာဥ်နဲ့ ခန္ဓာကိုယ် တို့ကို ပေါင်းစပ်လိုက်ရင် အစွမ်းအထက်ဆုံး ဝိဥာဥ်တပ်ချုပ် တစ်ယောက် ဖြစ်လာနိုင်တယ် "
ဝုန်း ..
သူ့စကား ဆုံးသည်နှင့် မိန်းမပျို၏ ခန္ဓာကိုယ်မှ အစွမ်းထက် အရောင်အဝါ ပေါက်ကွဲထွက်လာတော့သည်။
သူမ၏ အရောင်အဝါမှာ အစောက လုချန်ကျိုး၏ အရောင်အဝါထက် ပိုအားနည်းသော်လည်း ...
လုချန်ကျိုးနှင့် မတူသည့်အချက်မှာ ၊သူမ၏ အရောင်အဝါက ပုံမှန်ထက် များစွာ ပိုတည်ငြိမ်ကာ လူချန်ကျိုးကဲ့သို့ အထိန်းအချုပ် မဲ့သည့်ဟန် လုံးဝ ရှိမနေခြင်း ဖြစ်သည်။
" ရှောက်ယွိ ၊ ရှောက်ယွိလေး ..အသက်ပြန်ရှင်လာပြီလားဟင် "
ပြောင်းလဲသွားသော မိန်းမပျိုကို မြင်သည်နှင့် လုချန်ကျိုးတစ်ယောက် အလွန်ဝမ်းသာပျော်ရွှင်သွား၏။
ထိုမြင်ကွင်းကို ကြည့်နေသည့် လူအုပ်ထဲမှ မိန်းမငယ်တစ်ယောက်က မျက်ရည်ရွှဲနေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။
" ဒါဆို .. အရှင်မင်းမြတ်ကြီးက ဒီမိန်းကလေးကို အသက်ပြန်သွင်းဖို့ တစ်ခုတည်းနဲ့ ဒါတွေအားလုံးကို လုပ်ခဲ့တာပေါ့ ။ ကျွန်မ စိတ်ထဲ မကောင်းလိုက်တာရှင် ။ သူက တကယ်ကို ချစ်တတ်တာပဲ .. ကျွန်မ မျက်ရည်တောင် မထိန်းနိုင်တော့ဘူး "
သူ့ဘေးမှ လူငယ်တစ်ယောက်ကမူ နှုတ်ခမ်းမဲ့ကာ ပြော၏။
" ဒါကြီးက စိတ်မကောင်းဖြစ်ဖို့ ထိုက်တန်လို့လားကွာ "
မိန်းမငယ်က ဒေါသတကြီး ပြန်ပြောလာသည်။
" ရှင့်လို ဘာကိုမှ မခံစားတတ်တဲ့ သူကြီးက ဒါတွေ ဘယ်သိပါ့မလဲ ။ ရှင်က တစ်ဘဝလုံး ချစ်သူမရဘဲ တစ်ယောက်တည်းပဲ နေဖို့တန်တာ ။ အရှင်မင်းမြတ်ဆီကများ နည်းနည်းပါးပါး အတုယူပါဦးလားရှင် "
လူငယ်မှာ အအော်ခံလိုက်ရသည်ကို မကျေနပ်သော်လည်း ပြန်မပြောရဲသဖြင့် တိတ်တဆိတ်သာ နေလိုက်ရပြီး ခေါင်းမော့၍ လုချန်ကျိုးကို လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ရှောက်ယွိက ဖြည်းဖြည်းချင်း လက်မြှောက်လာကာ လုချန်ကျိုး၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။
လုချန်ကျိုးမှာ ရှောက်ယွိ၏ လက်ကို ခံစားမိလိုက်သည်နှင့် ချက်ချင်း မျက်ရည်ပေါက် ကြီးငယ် ကျလာပြီး ချုံးပွဲချငိုလိုက်၏။
" ရှောက်ယွိ ၊ ရှောက်ယွိလေး .. "
သူ့ပါးစပ်မှလည်း သူမ နာမည်ကို အသံတုန်တုန်ဖြင့် တတွတ်တွတ် ခေါ်နေသည်။
တဖက်မှ ရှောက်ယွိက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကာ သူ့ နားရွက်နားသို့ ကပ်လိုက်သည်။
လုချန်ကျိုးမှာ သူမက တစ်စုံတစ်ခုကို ပြောချင်နေသည်အထင်ဖြင့် အနားကပ်လိုက်၏။
သို့သော် ... ထိုစဥ်မှာပင် ရှောက်ယွိ၏ ပါးစပ်က ရုတ်တရက် ဟလာပြီး သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းက သားရဲတစ်ကောင်အဖြစ် ပြောင်းသွားကာ လုချန်ကျိုးအား ဝုန်းခနဲ ကိုက်လ်ုက်တော့သည်။
" အား ... ရှောက်ယွိလေး ... "
လုချန်ကျိုးထံမှ နာကျင်လွန်း၍ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာ၏။
ထိုစဥ် နံဘေးမှ ဟွမ်ဝေ့က ပြောလာသည်။
" အရှင်မင်းမြတ် ၊ မိန်းကလေး ရှောက်ယွိကို ပြန်အသက်သွင်းချင်ရင် ဒီဟာက နောက်ဆုံးအဆင့်ပဲဗျ ။ အရှင်မင်းမြတ်က သူ့ကို ပြန်အသက်မသွင်းချင်ဘူးလား "
လုချန်ကျိုးက ချက်ချင်း မျက်နှာထားပြောင်းသွားကာ ပြန်ပြောသည်။
" အသက်သွင်းမယ် ..ပြန်အသက်သွင်းမယ် ...ကောင်းပြီ ၊ ရှောက်ယွိလေး "
သူ ချက်ချင်းပင် ဆက်မခုခံတော့ဘဲ ရပ်လိုက်၏။ တဖက်မှ ရှောက်ယွိမှာမူ သားရဲတစ်ကောင်အဖြစ် လုံးလုံး အသွင်ပြောင်းသွားကာ လုချန်ကျိုးအား သုံး၊ လေး ကိုက်အတွင်း ပြောင်အောင် စားပစ်လိုက်တော့သည်။
ဝုန်း ..
လုချန်ကျိုး၏ တစ်ကိုယ်လုံးကို စားပြီးနောက်တွင်မူ ရှောက်ယွိ၏ အရောင်အဝါက အဆများစွာ ထပ်တိုးသွား၏။
၎င်းကို မြင်လိုက်ရသူများအားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။
အစောက စိတ်မကောင်း ဖြစ်နေခဲ့သည့် မိန်းမငယ်သည်ပင် ကြောက်လွန်း၍ မည်သည့်စကားမှ မဆိုနိုင်ပဲ ပါးစပ်ကို လက်ဖြင့်အုပ်ကာ မျက်လုံးပြူးနေတော့သည်။
ဟွမ်ဝေ့က သူ့ဘေးမှ ရှောက်ယွိကို ကြည့်ကာ ပြော၏။
" ငါ့ရဲ့ ပထမဆုံး ဝိဥာဥ်တပ်ချုပ်က ခုထိတော့ မပြည့်စုံသေးဘူး။ ဒါပေမယ့် နမူနာပုံစံ ရထားပြီးပြီဆိုတော့ လောထျန်းကို ယဇ်ပူဇော်ပြီး မင်းမှာ ကျန်နေတဲ့ စိတ်ဝိဥာဥ်ကွက်လပ်ကို ဖြည့်လိုက်တာနဲ့ မင်းက ပြီးပြည့်စုံတဲ့ ဝိဥာဥ်တပ်ချုပ်တစ်ယောက် ဖြစ်သွားမှာ "
သူက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းဘက် လှည့်၍ လှောင်သံဖြင့် ဆက်ပြောလိုက်သည်။
" လောထျန်း ၊ ဒါ ငါ့ရဲ့ အဆင့် ၆ အစီစဥ်ပဲ ။ မင်းချိုးဖျက်နိုင်မလားဆိုတာ လာကြည့်လိုက်ပါဦး "
သူနှင့် ခပ်ဝေးဝေးတွင် ရှိနေသည့် လောထျန်းက သက်ပြင်းအနည်းငယ် ချကာ ပြန်ပြောလိုက်သည်။
" အင်း .. ခွေးကို ပြန်စားတဲ့ခွေးက သက်ဆိုးရှည်မှာ မဟုတ်ဘူး "
ထို့နောက် သူက အဝတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ကာ ထပ်ပြော၏။
" လုချန်ကျိုးက မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကလွဲပြီး ကျန်တာဘာမှ ထည့်မစဥ်းစားတဲ့ အရူးတစ်ယောက်ဆိုတာ မှန်တယ်။ သူက နိုင်ငံတစ်ခုရဲ့ ဘုရင်တစ်ယောက် လုပ်နေပြီးတော့ လူ့အသက်တွေ မရေမတွက်နိုင်အောင်ကို သတ်ခဲ့တာမို့ ခုလို သေရဖို့ ထိုက်တန်တယ် "
" ဒါပေမယ့် .. "
လောထျန်းက ပြောလက်စက်ကို ခဏရပ်ပြီး ဖြည်းဖြည်းချင်း ခေါင်းမော့၍ ဟွမ်ဝေ့အား အေးစက်စက် စိုက်ကြည့်လိုက်သည်။
" ဟွမ်ဝေ့ ဆိုတဲ့ မင်းက အများကြီး ပိုဆိုးတယ်။ မင်းက ရူးသလိုလို အ သလိုလို ဟန်ဆောင်ပြီးတော့ ဘာစည်းဘောင်မှ မသိတဲ့ အမှိုက်တစ်ခုပဲ ။ ဒီနေ့တော့ မင်းကို ငါ သတ်ရလိမ့်မယ်။ မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး "
သူနှင့် အကြည့်ချင်း ဆုံလိုက်မိသည့် ဟွမ်ဝေ့မှာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားပြီး ဟန်ချက်ပျက်ကာ လဲကျတော့မလိုပင် ဖြစ်သွား၏။
သို့သော် ..ချက်ချင်းဆိုသလိုပင် သူ ပြန်တည်ငြိမ်သွားကာ သူ့ဘေးမှ ရှောက်ယွိအား အော်ပြောလိုက်သည်။
" ဒီကောင့်ကို သတ်ပစ် "
သူ့စကားဆုံးသည်နှင့် ရှောက်ယွိတစ်ယောက် လှုပ်ရှားသွား၏။
သူမ ရွေ့လျားသွားသည့် နှုန်းမှာ ထင်မထားလောက်အောင် အလွန်လျင်မြန်လှသဖြင့် လူအုပ်ထဲမှ လူအများစုမှာ သူမ လှုပ်ရှားမှုကို တွေ့ပင် မတွေ့လိုက်ကြပါချေ။
သို့သော် ...
ဘုန်း ...
သူမ လေထဲ၌ ရှိနေစဥ်မှာပင် လောထျန်းက သူမရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူမ ၏ မျက်နှာပေါ်သို့ လက် တင်လိုက်သည်။
" ပြန်သွားစမ်း "
ထိုတစ်ချက်တည်းဖြင့်ပင် ရှောက်ယွိမှာ နောက်သို့ လွင့်စင်သွားရတော့သည်။
ဘုန်း ..
ရှောက်ယွိသည် မြေပြင်သို့ အရှိန်ပြင်းပြင်း ကျသွားသော်လည်း ချက်ချင်း လေထဲသို့ ထပ်ပျံတက်လာပြန်၏။
လောထျန်း မျက်မှောင်ကြုံ့သွားသည်။ ထို့နောက် သူ့လက် ထပ်မံလှုပ်ရှားသွားကာ ရှောက်ယွိဆီသို့ ဓားစွမ်းအင်တစ်ခု ပို့လွှတ်လိုက်သည်။
၎င်းဓားစွမ်းအင်က ရှေုက်ယွိ၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားပြီး သူမအား မြေပြင်နှင့် ဆွဲကပ်ထားလိုက်၏။
သို့သော် စက္ကန့်ပိုင်းမျှ အကြာမှာပင် ရှောက်ယွိ၏ ခန္ဓာကိုယ်က အမည်းရောင် အငွေ့အဖြစ် ချက်ချင်း ပြောင်းသွားကာ အချုပ်အနှောင်မှ ပြန်လွတ်သွားသည်။ထို့နောက်မှသာ သူမ၏ မူလပုံစံအဖြစ် အသွင်ပြောင်းလိုက်ပြန်၏။
ထိုမြင်ကွင်းကို ကြည့်နေသည့် ဟွမ်ဝေ့က လှောင်ပြုံးဖြင့် ပြောလာသည်။
" လောထျန်း ၊ ခက်ခက်ခဲခဲတွေ ကြိုးစားမနေစမ်းပါနဲ့ကွာ။ ရှောက်ယွိက လုံးဝ ပြီးပြည့်စုံတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ပဲကွ ။ မင်း သူ့ကို သတ်လို့ ရမှာမဟုတ်ဘူး "
သို့သော် ..လောထျန်းက အနည်းငယ်မျှပင် ဂရုမစိုက်ဟန်ဖြင့် မျက်ခုံးပင့်၍ ပြန်ပြောလိုက်သည်။
" အဲ့လိုလား .. ဒါဆိုလဲ အဝါရောင် ရေပူစမ်းပင်လယ်အောက်က မိစ္ဆာနတ်ဆိုးကြီး မခံလိုက်ရတဲ့ အတွေ့ကြုံ အသစ်လေးကို ခံလိုက်ပါဦး "