မသေမျိုးအဆင့် ချေမှုန်းခြင်း/မသေသောဝိညာဉ်
Vol. 16 Ch. 221
လောထျန်းက ထိုသို့ပြောကာ သူ့လက်ဖြင့် သိုင်းကွက်တစ်ခု လုပ်လိုက်သည်။
ဝီ ..
သူ့ရှေ့တွင် ဧရာမ ရှေးဟောင်း တိုက်ပွဲခေါ်သံ ဗုံကြီးတစ်လုံး စုစည်းလာ၏။
၎င်းမှာ ကောင်းကင်ဘုံ သိုင်းကျမ်း ၉ အုပ်၏ ပုံရိပ်ဖော်ကျင့်စဥ်ထဲမှ နောက်ဆုံးသိုင်းကွက်ဖြစ်သည့် တိုက်ပွဲခေါ်သံ ဗုံကြီး ပင်။
လောထျန်းသည် အစပိုင်းတွင် ထိုသိုင်းကွက်ကို သုံး၍ မိစ္ဆာနတ်ဆိုးအား သတ်ရန် စီစဥ်ခဲ့သော်လည်း ...
သူ သတိလက်လွတ် ဖြစ်သွားသဖြင့် မိစ္ဆာနတ်ဆိုးက သူ စွမ်းအင်များ စုစည်းနေစဥ်မှာပင် သေသွားခဲ့သည်။
ယခုတွင်မူ .. ထိုသိုင်းကွက်ကို ထုတ်သုံးရန် အချိန်ကျလာခဲ့လေပြီ။
ဝှစ် ..
ရှောက်ယွိက လောထျန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာ၏။
ဘုန်း ...
လောထျန်းက ဗုံတီးသည့် သစ်သားချောင်းကို ယူကာ တစ်ချက်တည်း ခပ်ပြင်းပြင်း စတီးလိုက်သည်။
ဗုံကြီးမှ ထွက်လာသည့် အသံများက လှိုင်းလုံးများအဖြစ် ပြောင်းသွားကာ ရှောက်ယွိဆီသို့ တိုးဝင်သွားကြ၏။
ထို့နောက်တွင်မူ ထင်ထင်ရှားရှား ရှိနေခဲ့သော ရှောက်ယွိ၏ ခန္ဓာကိုယ်မှ သွေးကြောများနှင့်တူသည့် အနီရောင် လိုင်းများက ချက်ချင်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
သူမ၏ ကိုယ်တွင်းမှ သက်ရှိဝိဥာဥ်များမှာလည်း အရပ်မျက်နှာပေါင်းစုံသို့ လွင့်ပျံထွက်သွားကြ၏။
လေထဲတွင် ရှိနေသော ရှောက်ယွိ၏ ခန္ဓာကိုယ် ယိုင်သွားကာ အောက်သို့ ပြုတ်ကျလာတော့သည်။
" ဘယ်လိုကြောင့် .... "
ဟွမ်ဝေ့တစ်ယောက် လုံးဝ နားမလည်နိုင် ဖြစ်သွား၏။
သူ၏ ဝိဥာဥ်တပ်ချုပ်က ဗုံသံ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား ...
သူ ထိုလက်နက်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရန် နှစ်ပေါင်း ရာချီကြာ ကြိုးစားခဲ့ရသော်လည်း ယခုကဲ့သို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသတဲ့လား ။
ဟွမ်ဝေ့မှာ ထိုအဖြစ်အပျက်ကို မယုံကြည်နိုင်ဘဲ လက်ကွက်များလုပ်၍ ရှောက်ယွိအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် .. သူ ကြိုးစားသမျှ အရာအားလုံးက တစ်ခုမှ အရာထင်မသွားခဲ့ပေ။
ရှောက်ယွိ၏ တည်ရှိမှုကိုလည်း သူ အာရုံခံ၍ မရတော့ပါ ။
" လောထျန်း .. "
ထိုတခဏတွင် သူ့စိတ်ဝိဥာဥ်မှာ ငိုချလုမတတ်ပင် ဖြစ်သွားရ၏။
အဆုံးသတ် ရောက်ခါနီးမှ ရှုံးနိမ့်သွားရသည့် ခံစားချက်ကြောင့် သူ ရူးမတတ်ပင် ဖြစ်နေလေပြီ ။
ဝှစ် ..
ထိုစဥ် လောထျန်းက သူ့ရှေ့သို့ ရုတ်တရက် တည်နေရာရွှေ့ပြောင်းလာပြီး သူ့မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်သည်။
ဘုန်း ..
ဟွမ်ဝေ့၏ ခေါင်းတစ်ခုလုံး ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွား၏။
သို့သော် ထိုသို့ အပိုင်းပိုင်း ဖြစ်သွားခဲ့သည့် ခေါင်းက တခဏအတွင်းမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။
" ထင်ထားတဲ့ အတိုင်းပါပဲလား ၊ မင်းက လူသားတစ်ယောက် မဟုတ်သလို သရဲတစ်ကောင်လဲ မဟုတ်ပြန်ဘူး "
ဟွမ်ဝေ့က အံကြိတ်ကာ ပြော၏။
" လောထျန်း .. "
သူ တစ်ခုခု ပြောချင်နေခဲ့သော်လည်း စကားစလိုက်စဥ်မှာပင် လောထျန်းက သူ့ပါးစပ်ကို ကန်လိုက်ပြန်သဖြင့် သူ့ခေါင်းတစ်ခုလုံး အပိုင်းပိုင်း ဖြစ်သွားရပြန်သည်။
ဤသို့ဖြင့် သူ ပုံမှန် ပြန်ဖြစ်သွားသည်နှင့် လောထျန်းက ထပ်ကန်လိုက်ပြန်ရာ ပြန်ပြိုကွဲသွားရပြန်၏။
ထိုနည်းဖြင့် ဟွမ်ဝေ့ကို သတ်နိုင်မည် မဟုတ်ကြောင်း လောထျန်း ကောင်းကောင်းကြီး သိထားပြီး ဖြစ်ပါသည်။
သို့သော် သူ အနည်းငယ် ဒေါသထွက်နေသဖြင့် သူ့ ဒေါသကို ဖြေလျှော့စရာ နည်းတစ်ခုအဖြစ် အသုံးချနေခြင်းသာ ဖြစ်၏။
ဤသို့ဖြင့် လောထျန်း၏ ကန်ချက်ကို အကြိမ်တစ်ထောင်ကျော် ခံရပြီးသွားသည့် အချိန်တွင်မူ ဟွမ်ဝေ့တစ်ယောက် ကြားထဲတွင် အချိန်လွတ် အနည်းငယ် ရှာတွေ့သွားပြီး အချိန်ရရချင်း လောထျန်းနှင့် ခပ်ဝေးဝေးသို့ အမြန်ဆုံး ပြေးသွားလိုက်သည်။
" $#&$$$ လောထျန်း ၊ ခုလိုဖြစ်လာအောင် မင်းကိုယ်တိုင် လုပ်ခဲ့တာဆိုတာကို မြဲမြဲမှတ်ထား "
ဟွမ်ဝေ့က ထိုသို့ ပြောပြီးပြီးချင်း အင်္ကျီလက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ သူ့အင်္ကျီလက်များကြားမှ အဖြူရောင် အလသ်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ဝှစ် ..
ထို့နောက်တွင်မူ ထိုအဖြူရောင် အလင်းတန်းက ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းနိုင်ဟန် ရှိသည့် ဧရာမ အဆောင်ကြိးတစ်ခုအဖြစ် စုစည်းလာသည်။
ထို့နောက် အဆောင်က ဖြည်းညင်းစွာ လည်လာပြီး အစွမ်းထက်သော အရောင်အဝါတစ်ခု ထုတ်လွှတ်လာ၏။
ထိုအဆောင်ကြီးအောက်တွင် ရှိနေကြသည့် လူများအားလုံးမှာ အရောင်အဝါ၏ ဖိနှိပ်မှုကို ချက်ချင်း ခံလိုက်ကြရပြီး နေရာမရွှေ့နိုင်ကြတော့ချေ ။
တဖက်မှ ဟွမ်ဝေ့က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
" လောထျန်း ၊ ဒါ ငါ့ရဲ့ မဟာအစီအစဥ် ၇ ခုထဲက နောက်ဆုံးတစ်ခုပဲ။ ထျန်းယွမ်အင်ပါယာရဲ့ အစွမ်းအထက်ဆုံး ဝှက်ဖဲတစ်ခုဖြစ်ပြီးတော့ ဆုမီတောင်ကလာတဲ့ ဦးချိုတစ်ချောင်း မသေမျိုး အစီအမံ ပဲကွ "
" ငါက ဒီဟာကို ဘာလို့ နောက်ဆုံးမှာမှ ထားရတာလဲဆိုတော့ ဒါကို အသက်သွင်းလိုက်တာနဲ့ အစီအမံအောက်မှာ ရှိနေတဲ့ သူတွေအားလုံး သေသွားရမှာ မို့လို့ပဲ ။ အဲ့ကျရင် မင်းရဲ့ သက်ရှိ စိတ်ဝိဥာဥ်ကို ငါ့ရဲ့ ဝိဥာဥ်တပ်ချုပ်ကို ကျွေးလို့မရတော့ဘူးလေ "
" ဒါပေမယ့် အခု ငါ့ရဲ့ ဝိညာဥ်တပ်ချုပ်ကလဲ ဖျက်ဆီးခံလိုက်ရပြီဆိုတော့ မင်း ကို အသက်ဆက်ရှင်ခွင့် ပေးစရာ ဘာအကြောင်းမှ မရှိတော့ဘူး
" လောထျန်း၊ မင်းက တကယ်ကို ထူးခြားပြီး အံ့မခန်း အစွမ်းထက်တဲ့ လူတစ်ယောက် ဆိုတာတော့ ငါ ဝန်ခံပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း၊ မဟုတ်သေးဘူး လူသားမျိုးနွယ်ရဲ့ သမိုင်းတလျှောက်မှာတောင် မင်းလို အစွမ်းထက်တဲ့သူမျိုး ရှိမယ်မထင်ဘူး "
" ဒါပေမယ့် ဒါတွေအားလုံး ဒီမှာပဲ အဆုံးသတ်ရတော့မှာပေါ့ကွာ။ မသေမျိုး အစီအမံဆိုတာ သေမျိုးလူသားတွေ ခုခံနိုင်တဲ့ အစွမ်း မဟုတ်ဘူး ။ အဲ့တော့ မင်းလဲ .. တခြားသူတွေလို သေရလိမ့်မယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် လက်ဝေ့ယမ်းလိုက်ရာ မသေမျိုး အစီအမံက ကောင်းကင်ကြီး ပြိုကျလာသည့်အလား အောက်သို့ ကျလာ၏။
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး ကူကယ်ရာမဲ့ ဖြစ်သွားကြသည်။
" ထျန်းယွမ်အင်ပါယာရဲ့ ရတနာက ဘာဖြစ်လို့ သူ့လက်ထဲကို ရောက်နေရတာလဲ "
" နောက်ဆုံးတော့ .. ငါတ်ို့တွေ သေရတော့မှာလား "
" လောထျန်းကများ ငါတို့ကို ကယ်နိုင်မလား မသိဘူး "
" မဖြစ်နိုင်တာတွေ လျှောက်တွေးမနေစမ်းပါနဲ့ကွာ ။ လောထျန်းက အစွမ်းထက်တာ မှန်ပေမယ့် မသေမျိုး အစီအမံလောက်တော့ ဘယ်အစွမ်းထက်နိုင်မှာလဲ "
ထိုစဥ် မသေမျိုး အစီအမံ ကျလာသည်ကို ကြည့်နေသည့် လောထျန်းက လှောင်ပြုံး ပြုံးလိုက်သည်။
" မသေမျိုး အစီအမံတစ်ခု ထုတ်သုံးတော့ ဘာထူးမယ် ထင်လို့လဲ ။ မသေမျိုးအစွမ်းကို ပိုင်ဆိုင်ထားတာ မင်းတစ်ယောက်တည်း ရှိတယ် ထင်လို့လား "
လောထျန်းက ပြောလိုကါသည်။
ဟွမ်ဝေ့က အေးစက်စက် ပြန်ပြော၏။
" တကယ်လား ၊ ဒါဆို မင်းဆီမှာ ငါ့ရဲ့ မသေမျိုးအစီအမံကို ခုခံနိုင်တဲ့ ဘယ်လို မသေမျိုးအဆင့် ပစ္စည်းတွေ ရှိလဲ ပြစမ်းပါဦး "
လောထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
" မင်းရဲ့ ခွေးမျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး သေချာ ကြည့်ထား "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လက်ခုပ်တစ်ချက် တီးလိုက်သည်။
ဝီ ..
သူ့ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခု တိုးထွက်လာ၏။
" မင်း ဘာတွေ လုပ်နေတာလဲ "
ယွမ်ဝေ့၏ မသိစိတ်ထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သော်လည်း အကြောင်းရင်း အတိအကျကိုမူ မသိဘဲ ဖြစ်နေသည်။
သို့သော် .. ထိုအချိန်မှာပင် ..
ဝုန်း ..
မြေပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါလာပြီး ၎င်းနှင့်အတူ ကမ္ဘာငယ်တစ်ခုလုံးလည်း တုန်ခါလာ၏။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
လူများ နားမလည်နိုင် ဖြစ်သွားကြသည်။
ထိုစဥ် လူတစ်ယောက်က အံ့သြတကြီး အော်ပြောလာ၏။
" ဟိုမှာ ကြည့်ကြဦး ၊ ဆုမီတောင်ကြီး လေထဲကို ပျံတက်နေပြီ "
" ဘယ်လို .. "
အားလုံး တအံ့တသြ လှည့်ကြည့်လိူက်ကြရာ ဆုမီတောင်က လေထဲသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း သူတို့ ခေါင်းပေါ်သို့ ပျံသန်းလာသည်ကို တွေ့လိုက်ကြရသည်။
" ချီး .. နောက်နေတာများလားကွာ ။ ငါက အခုမှ ကောင်းကင်ထိန်းချုပ်အဆင့် ပဲ ရှိသေးတာကို ဆုမီတောင်ရဲ့ အရိုက်ကိုပါ ခံရမှာလား "
ခေါင်းမော့ကြည့်နေသော လူငယ်တစ်ယောက်က စိတ်ဓာတ်ကျနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
အကယ်၍ ဦးချိုတစ်ချောင်း မသေမျိုး အစီအမံသာ သူတို့ပေါ်သို့ ကျလာပါက အသက်ရှင်နိုင်ချေ တစ်သောင်းပုံ တစ်ပုံခန့် ရှိဦးမည် ဖြစ်သော်လည်း ...
ဆုမီတောင်ကြီးသာ ကျလာလျှင်မူ ထိုအခွင့်အရေးက သုံညအဖြစ်သို့ ပြောင်းသွားပေမည်။
ထိုစဥ် ၎င်းကို မြင်လိုက်ရသည့် ဟွမ်ဝေ့ကမူ အံ့သြတကြီး ဖြစ်ကာ ကြက်သေ သေနေ၏။
" နင့်မေ .. %$#& "
သူ မကျေမနပ် ဆဲရေးလိုက်တော့သည်။
ဘုန်း ..
ထိုစဥ်မှာပင် ဆုမီတောင်က အောက်သို့ ကျလာကာ ဦးချိုတစ်ချောင်း မသေမျိုး အစီအမံနှင့် တိုက်မိသွားတော့၏။
မသေမျိုးအစီအမံသည် အစွမ်းထက်သည် မှန်သော်ငြား ဆုမီတောင်နှင့် ယှဥ်လာပါက ဘာမှ မပြောပလောက်ပါချေ။
ဆုမီတောင်နှင့် ထိမိလိုက်သည်နှင့် ၎င်း အစီအမံမှာ အကြွင်းအကျန် အစအနပင် ကျန်မနေဘဲ ချက်ချင်း ပျက်စီးသွားတော့သည်။
အားလုံး ပြီးသွားမှသာ လောထျန်းက လက်ကို ပြန်ယမ်းလိုက်သည်။ ဆုမီတောင်က တစ်ပတ်လည်သွားပြီး မူလနေရာသို့ ပြန်လည် ပျံသန်းသွား၏။
ကောင်းကင်ကြီး တစ်ခုလုံးလည်း ရုတ်တရက် ကြည်လင်လာကာ လတ်လတ်ဆတ်ဆတ် လေပြေညင်းများ တိုက်ခတ်လာသည်။
သို့သော် .. ထိုအချိန်ထိတိုင် အားလုံးမှာ ကြက်သေ သေနေကြပြီး လောထျန်းအား အံသြတကြီး ကြည့်ကာ ပါးစပ် မစေ့နိုင်ကြဘဲ ဖြစ်နေ၏။
ဘာတွေ ဖြစ်နေပါသနည်း ...
လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့်ပင် ဆုမီတောင်ကို ခေါ်ယူကာ လူများပေါ်သို့ ကျအောင် လုပ်နိုင်သည်တဲ့လား ။
၎င်းမှာ လူသားတစ်ယောက် လုပ်နိုင်သည့်အရာ ဟုတ်ပါသေးရဲ့လား ။
လောထျန်းသည် အလွန် အစွမ်းထက်သူ တစ်ယောက်ဖြစ်ကြောင်း သူတို့ သိထားပြီး ဖြစ်သော်လည်း ...
၎င်းမှာ ရယ်စရာကောင်းလောက်အောင် အစွမ်းထက်လွန်းနေသည် မဟုတ်ပါလား .. ။
" နောက်ဆုံးစကားအနေနဲ့ ဘာပြောချင်သေးလဲ "
လောထျန်းက ဟွမ်ဝေ့ကို ကြည့်ကာ မေးလိုက်သည်။
ဟွမ်ဝေ့က ခေါင်းအသာ ငုံ့နေရင်း စိတ်ပျက်မှုတို့ အထင်းသာ ပါနေသည့် လေသံဖြင့် လောထျန်းအား ပြောလာ၏။
" လောထျန်း၊ ငါ မင်းကို ဘယ်တုန်းကမှ မထင်မသေးခဲ့ဖူးဘူး။ ငါ့ရဲ့ အစီအစဥ် ၇ ခုနဲ့ဆိုရင် အလယ်ပိုင်း ဒေသက အစွမ်းထက်တဲ့ ကျင့်ကြံသူကြီးတစ်ယောက် ရောက်လာရင်တောင် သေသွားမှာ ဖြစ်ပေမယ့် .. မင်းကတော့ .. "
ထို့နောက် သူ ခေါင်းမော့လာကာ လောထျန်း၏ မျက်နှာကို သေချာ စိုက်ကြည့်လိုက်သည်။ ထိုသို့ အချိန်အတန်ငယ်ကြာ တိတ်နေပြီးမှသာ သူ ရုတ်တရက် အော်လိုက်၏။
" မင်းလို ဘီလူးမျိုးက ဘယ်က ရောက်လာတာလဲ ။ ငါ %$##@%&## ... "
အချိန်အတန်ကြာသည်အထိ ဆဲရေးပြီးနောက်တွင်မူ ဟွမ်ဝေ့က သူ့ရင်ဘတ်သူ လက်ညိုးဖြင့် ပြန်ညွှန်ကာ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တော့သည်။
ဘုန်း ..
သူ့ခန္ဓာကိုယ်မှာ ချက်ချင်းပင် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားသဖြင့် လောထျန်း ပြန်ဆဲရန်ပင် အခွင့်အရေး မရ ဖြစ်သွား၏။
လောထျန်းမှာ ဟွမ်ဝေ့ကို မတားဘဲ အသာတကြည်သာ ကြည့်နေလိုက်သည်။
ဟွမ်ဝေ့၏ လုပ်နိုင်စွမ်းကို သူ မြင်ခဲ့ရသည် မဟုတ်ပါလား။
အကယ်၍ ဟွမ်ဝေ့၏ စိတ်ဝိဥာဥ်ကို ဝင်ရောက်ရှာဖွေလျှင်လည်း ၎င်းမှာ ပေါက်ကွဲထွက်သွားမည်သာ ဖြစ်သည်။
သို့ဖြစ်ရာ သူ့ထံမှ မည်သည့် သတင်းအချက်အလက်ကိုမျှ ရမည် မဟုတ်ပါချ။
ထို့နောက်တွင် လောထျန်းသည် သူ့လက်နှင့် ကိုယ်၌ ပေကျံနေသည့် ဖုန်မှုန့်များကို ခါလိုက်ပြီး ဆုမီတောင်သို့ လှမ်းကြည့်လိုက်၏။
"ဆုမီတောင်က တကယ်ကို မှော်လက်နက်တစ်ခုပဲ ။ ဒီနည်းကို သုံးရတာ ငါ့ စိတ်စွမ်းအင်ရဲ့ ၁ ရာခိုင်နှုန်း နီးပါးတောင် ကုန်သွားတယ် "
သူ ခေါင်းယမ်းကာ ပြောလိုက်သည်။
ရုတ်တရက် ..
ဝီ ..
လောထျန်းနှင့် မနီးမဝေးတွင် ရှိနေသော ရှောက်ယွိ၏ ခန္ဓာကိုယ် တုန်ခါလာ၏။
ထို့နောက် အစောပိုင်းက သူမ၏ ဝါးမြိုခြင်းကို ခံထားရသည့် လုချန်ကျိုးတစ်ယောက် ပြန်ထွက်လာတော့သည်။
သို့သော် .. ထိုအချိန်တွင် လုချန်ကျိုးမှာ သေဆုံးပြီး ဖြစ်နေလေပြီ ။
ယနေ့ခေတ်၏ ဧကရာဇ်ကြီး တစ်ပါးက အတွေးလေး တစ်ခုကြောင့် ယခုကဲ့သို့ ဇာတ်သိမ်းသွားရသည်မှာ ဝမ်းနည်းစရာ အလွန်ကောင်းပေသည်။
" အကိုထျန်း "
ထိုစဥ် လောရှောင်ရှောင်း နှင့် အခြားသူများက လောထျန်းအနီးသို့ အပြေးအလွှား ရောက်လာကြ၏။
" အကိုထျန်း ၊ ကြောက်စရာကောင်းလိုက်တာ ။ ကျွန်မက သေပြီတောင် ထင်နေခဲ့တာ "
လောရှောင်ရှောင်း၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နေသည်။
လောထျန်းက သူမ၏ ခေါင်းကို ငြင်ငြင်သာသာ ပွတ်ကာ ပြောလိုက်၏။
" မကြောက်ပါနဲ့ကွာ ၊ မင်းရဲ့ အကိုထျန်းကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးကွ "