← Chapters

ဆုမီတောင် ပိတ်ခြင်းနှင့် အဓိက အဖွဲ့ကြီး နှစ်ခု ဖျက်ဆီးခံရခြင်း

Vol. 16 Ch. 222

ဆုမီတောင် ပိတ်ခြင်းနှင့် အဓိက အဖွဲ့ကြီး နှစ်ခု ဖျက်ဆီးခံရခြင်း

Vol. 16 Ch. 222

" မအေ %$#&# မျိုးမစစ်ကောင် ၊ အားလုံးက ဒီကောင့် အမှားတွေကြောင့် ဖြစ်ရတာ "

" ဒီ မျိုးမစစ်ကောင် သတ်ခဲ့တဲ့ လူတွေက နည်းတာ မဟုတ်ဘူး၊ ငါတို့တောင် သူ့ကြောင့် သေရတော့မလို့ "

" ဒီ လုချန်ကျိုးဆိုတဲ့ ကောင်ကို အပိုင်းပိုင်း ဖြတ်ပစ်ကွာ "

" ဟိုမိန်းကလေးလဲ အတူတူပဲ ။ သူတို့ နှစ်ယောက်လုံးကို အလွတ်ပေးလို့ မဖြစ်ဘူး "

အနီးနားတဝိုက်မှ လူများ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

လောထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

" အားလုံးပဲ စိတ်လျှော့ကြပါဗျာ ။ ဒီလူက သေတောင် သေနေပြီဟာကို "

သူ ပြောလိုက်သည်။

လောထျန်း၏ စကားကို ကြားသည်နှင့် အားလုံး ချက်ချင်း တိတ်သွားကြသည်။

" အားလုံး သခင်လေးလောထျန်းရဲ့ ဆန္ဒအတိုင်း ဖြစ်စေရပါမယ် "

ထိုအချိန်တွင် အားလုံးမှာ လောထျန်းအပေါ် အလွန်လေးလေးစားစား ရှိနေကြ၏။

လောထျန်း၏ ကြောက်မက်ဖွယ် အစွမ်းကို မြင်တွေ့ပြီးသည့်နောက် မည်သူက သူ့အပေါ် မလေးမစား လုပ်ရဲပါတော့မည်နည်း ။

" အင်း .. ဆုမီတောင်က နောက်ထပ် ရက်နည်းနည်းလောက်အထိ ပိတ်ဦးမှာ မဟုတ်ဘူးဆိုတော့ အားလုံး ကိုယ့်အတွက် တန်ဖိုးရှိမယ့် ပစ္စည်းတွေ သွားရှာကြပါ ။ ဒီမှာပဲ ဆက်နေနေဖို့ မလိုပါဘူး "

လောထျန်းက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် သခင်လေး "

အားလုံးက ကျေးဇူးတင်ကြောင်း တလေးတစား ပြောပြီး နောက်လှည့်၍ ထွက်ခွာသွားကြသည်။

လောထျန်း ပြောခဲ့သလိုပင် ဆုမီတောင်က ဖွင့်နေသေးသည်ဖြစ်ရာ သူတို့အတွက် အဖိုးတန်ပစ္စည်းများ ရှာရန် အခွင့်အရေး ရှိနေသေးပေသည်။

လောထျန်းက လူအုပ်ဆီမှ အကြည့်လွှဲလိုက်ရာ ခပ်လှမ်းလှမ်းတွင် ထွက်ပြေးရန် ကြိုးစားနေကြသည့် ချင်လင်းတို့ လူအုပ်အား တွေ့သွား၏။

သူတို့လူစုမှာ အစောကတည်းက ဒဏ်ရာအပြင်းအထန် ရထားခဲ့ကြပြီး တိုက်ပွဲ ဖြစ်ပွားနေစဥ်တွင်လည်း တိုက်ပွဲနှင့် အနီးဆုံးနေရာတွင် ရှိနေခဲ့ကြသဖြင့် သူတို့၏ ဒဏ်ရာများက အားလုံးထဲတွင် အဆိုးရွားဆုံး ဖြစ်နေကြသည်။

လောထျန်းက သူတို့လူစုကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။

" ကျားတွေကို လူသတ်ဖို့ ကူညီခဲ့တဲ့ သူကလည်း လူကောင်းမဟုတ်ဘူး ။ အဲ့တော့ ငရဲကိုပဲ သွားကြ "

သူက ထိုသို့ ပြောပြီးသည်နှင့် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်၏။ ဓားစွမ်းအင်များ ရုတ်ချည်း ထွက်လာကာ ထိုလူများဆီသို့ ထိုးဖောက်ဝင်သွားကြတော့သည်။

သူတို့ကို သတ်ပြီးနောက်တွင်မူ လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို အသုံးပြု၍ ထိုလူများ၏ မှတ်ဉာဏ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ထုံးစံအတိုင်းပင် ၎င်းတို့အား စိတ်ဝိဥာဥ် ပုလဲလုံးများအဖြစ် ပြောင်းလဲကာ သိမ်းထားလိုက်၏။

ထိုလူများအားလုံးမှာ တုကျဲ့အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေရာ သူတို့၏ မှတ်ဉာဏ်များက အဖိုးတန်လှပေသည်။

ဤတစ်ကြိမ် ရခဲ့သည့် စိတ်ဝိဥာဥ် ပုလဲလုံးများမှာ မနည်းလှချေ။

ထို့နောက်တွင်မူ လောထျန်းက ရှောက်ယွိဘက်သို့ တဖန်ပြန်လှည့်ကြည့်လိုက်သည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မိန်းကလေး ရှောက်ယွိကသာ အပြစ်အကင်းဆုံးဟု ဆိုရပေမည်။

သူမသည် သေဆုံးပြီးသွားခဲ့သည့်တိုင် ငြိမ်းငြိမ်းချမ်းချမ်း အနားမယူရဘဲ သူမ၏ ခန္ဓာကိုယ်ကို အသုံးချခြင်းခံခဲ့ရ၏။

" အင်း .. ဘယ်တတ်နိုင်ပါ့မလဲ ၊ ကျုပ် မင်းကို ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်အောင် လုပ်ပေးပါ့မယ် "

လောထျန်းက ထိုသို့ပြောပြီး သူ့လက်ဖြင့် မြေကြီးပေါ်၌ ကျင်းတစ်ကျင်း တူးကာ ရှောက်ယွိအား ​ကျင်းထဲ ထည့်လိုက်သည်။

ထို့နောက် အချိန်အတန်ငယ်ကြာ စဥ်းစားပြီး လုချန်ကျိုးကိုလည်း ထိုကျင်းထဲသို့ပင် ထည့်လိုက်၏။

" နောက်ဘဝကျရင် မိန်းမတစ်ယောက်ကို မွှန်ရင်လဲ ဉာဏ်ရှိရှိနဲ့ မွှန်နိုင်ပါစေဗျာ "

လောထျန်းက လုချန်ကျိူးကို ကြည့်ကာ ထိုသို့ပြောလိုက်ပြီးနောက် လက်တစ်ဖက် ဝေ့ယမ်း၍ နှစ်ယောက်လုံးကို မြေမြှုပ်ပေးလိုက်သည်။

" ကဲ .. အခု ဆုမီတောင်ကို ပြန်သွားကြတာပေါ့ "

" ဟုတ်ကဲ့ "

လောရုံနှင့် ကျန်လူများက လောထျန်းနောက်မှ နေ၍ ဆုမီတောင်ဆီသို့ လိုက်သွားကြသည်။

ခပ်လှမ်းလှမ်းသို့ ရောက်သည့်အချိန်တွင်မူ လောထျန်းက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ရုတ်တရက် နောက်လှည့်ကြည့်၏။

ရှောက်ယွိ၏ ဂူရှေ့၌ အမျိုးသမီးတစ်ယောက်က သူ့အား လေးလေးစားစား ဦးညွှတ်အရိုအသေ ပေးနေသည်ကို ခပ်ရေးရေး မြင်လိုက်ရသည်။

သို့သော် ..သူ မျက်တောင်ခတ်ကာ သေချာ ထပ်ကြည့်လိုက်သည့် အချိန်တွင်မူ မည်သည့်အရာမှ ရှိမနေတော့ချေ။

" အကိုထျန်း ၊ ဘာတွေ ကြည့်နေတာလဲဗျ "

လောရုံက မေးလာ၏။

" ဘာမှ မဟုတ်ပါဘူးကွာ "

လောထျန်း ခေါင်းယမ်းပြလိုက်သည်။

ထို့နောက် သူတို့အားလုံး ရှေ့သို့သာ ဆက်လျှောက်သွားကြ၏။

အချိန်အတန်ငယ်ကြာပြီး နောက်တွင်မူ လောထျန်းတို့ လူစု ဗောဓိပင်ဆီသို့ ပြန်ရောက်သွားကြသည်။

လောထျန်းက သူ့အစွမ်းကို သုံး၍ ဗောဓိပင်အား အမြစ်မှ သေချာတူးပြီး ဟင်းလင်းပြင် လက်စွပ်ထဲတွင် သိမ်းလိုက်သည်။ ထို့နောက် ကံတရားမျှော်စင်သို့ ပြန်သွားကာ မျှော်စင် စိတ်ဝိဥာဥ်များနှင့် တွေ့ပြီး စကားပြော၏။

ထိုအချိန်တွင် မျှော်စင်စိတ်ဝိဥာဥ် အများစုမှာ လောထျန်းက သူတို့၏ သခင်အသစ်ဖြစ်ကြောင်း သိထားကြပြီး ဖြစ်သဖြင့် အလွန်လေးလေးစားစား ရှိနေကြသည်။

လောထျန်းက သူတို့နှင့် သေချာ ဆွေးနွေးပြီးနောက် လက်ရှိတွင် ကံတရားမျှော်စင်နှင့် ဆုမီတောင်ကို နေရာမရွှေ့သေးရန် ဆုံးဖြတ်ချက် ချလိုက်သည်။

အဝါရောင် ရေပူစမ်းပင်လယ်၏ ရေနက်ပိုင်းမှ အကောင်ကြီးကို မရှင်းရသေးရာ ဆုမီတောင်ကို ရွှေ့၍လည်း မဖြစ်သေးပေ ။

သို့သော် လောထျန်းမှာ ဆုမီတောင်အား သန့်စင်ပြီးသွားခဲ့ပြီ ဖြစ်သဖြင့် ၎င်း၏ နောက်ထပ် စွမ်းရည်တစ်ခုကိုလည်း သိခဲ့ရ၏။

၎င်းမှာ သူ့အနေဖြင့် ဆုမီတောင် လျှို့ဝှက်ဒေသသို့ ဖွင့်သည့်အချိန်ကို စောင့်နေစရာမလိုဘဲ အချိန်မရွေး ဝင်ထွက်နိုင်ခြင်း ပင် ။

၎င်းမှာ ကောင်းသော အရာတစ်ခု ဖြစ်ပါသည်။

ယခုဆိုလျှင် ဆုမီတောင်တွင် ရှိသော အဖိုးတန် ပစ္စည်းများ အားလုံးက သူ့အပိုင် ဖြစ်သွားခဲ့လေပြီ ။

ထို့နောက် .. ရက်အနည်းငယ် အကြာတွင်မူ ဆုမီတောင် ပိတ်သွားခဲ့၏။

အားလုံးမှာလည်း ထျန်ယွမ်အင်ပါယာထဲသို့ တည်နေရာ ရွှေ့ပြောင်းကာ ရောက်သွားကြသည်။

ဆုမီတောင်သို့ ဝင်ပေါက်မှာ များစွာ ရှိသော်လည်း ထွက်ပေါက်ကမူ တစ်ခုတည်းသာ ရှိပြီး အားလုံး ထိုထွက်ပေါက်မှသာ အပြင်သို့ ထွက်ကြရပါသည်။

ထျန်းယွမ်အင်ပါယာ၏ မြို့တော်ထဲသို့ ပြန်ရောက်ပြီးနောက် .. စွန်းရှို့က လောထျန်းအား သူတို့ စွန်းမိသားစု အိမ်တော်တွင် ဧည့်သည်အဖြစ် ရက်အနည်းငယ်ကြာ ထပ်နေရန် အတင်း တောင်းဆိုခဲ့၏။

ဆုမီတောင်တွင် ရက်အနည်းငယ်ကြာ အချိန်ဖြုန်းခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနေသည့် လောထျန်းကလည်း မငြင်းခဲ့ချေ။

သူတို့ အနားယူနေစဥ်မှာပင် ဆုမီတောင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များ၏ သတင်းက တောမီးတစ်ခုသဖွယ် လျင်လျင်မြန်မြန် ပြန့်သွားခဲ့သည်။

ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှ လူများမှာ ထိုအချိန်မှသာ လွန်ခဲ့သည့် နှစ်များအတွင်း ဖြစ်သွားခဲ့သော မြို့လုံးကျွတ် လူသတ်မှုများနှင့် ယဇ်ပူဇော်မှုများက သူတို့ ဧကရာဇ်ကြီး လုချန်ကျိုး၏ လက်ချက်မှန်း သိသွားခဲ့ကြ၏။

လုချန်ကျိုး၏ ဂုဏ်သတင်းမှာလည်း လုံးဝ ပျက်စီးသွားခဲ့လေပြီ ။

ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာ မုန်တိုင်းကြီးထဲ ရောက်နေကြသည့်အလားပင် ..

ထိုနေ့ည၌ လောထျန်းသည် မြို့ထဲလမ်းမ တလျှောက် ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်း သူ ရင်းနှီးသည့် လူတစ်ယောက်နှင့် မမျှော်လင့်ဘဲ ဆုံသွားခဲ့သည်။

ထိုလူမှာ သူ ထျန်းယွမ်အင်ပါယာသို့ စရောက်ရောက်ချင်း ဆုံခဲ့သည့် ချန်းကိုင် ပင် ။

ထျန်းယွမ်အင်ပါယာ၌ မြို့လုံးကျွတ် လူသတ်ကာ ယဇ်ပူဇော်မှုများနှင့် ကြုံခဲ့ရစဥ် အချိန်တွင် ချန်းကိုင်သည် အရပ်သားများကို ကာကွယ်ရန် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည့် အနည်းငယ်မျှသော လူများထဲမှ တစ်ယောက် ဖြစ်၏။

ယခုလက်ရှိတွင်မူ ချန်းကိုင်မှာလည်း လောထျန်းအကြောင်း သိထားပြီး ဖြစ်ပါသည်။

ထို့ကြောင့် သူတို့ချင်း ပြန်တွေ့သည့်အချိန်တွင် တစ်ယောက်ကိုတစ်ယောက် အလွန်လေးလေးစားစား ရှိကြ၏။

လောထျန်းက ချန်းကိုင်အား တစ်ခွက် တစ်ဖလား သောက်ရန် ဖိတ်ခေါ်သဖြင့် သူတို့နှစ်ဦး စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်ကာ သောက်ဖြစ်သေးကြသည်။ အနည်းငယ် ညဥ့်နက်လာသည့် အချိန်တွင်မူ ချန်းကိုင်တစ်ယောက် မူးသွားပြီး ငိုယိုနေရင်း လုချန်ကျိုးအား ဒေါသတကြီး ဆဲရေး အပြင်တင်၏။

သူက စားပွဲကို လက်ဖြင့် ရိုက်၍လည်း သူ ခံစားရသည့် အကြောင်းများကို လောထျန်းအား ပြောပြသည်။ သူသည် ထျန်းယွမ်အင်ပါယာကို တိုးတက်အောင် လုပ်ပေးချင်သူ တစ်ယောက်ဖြစ်ပြီး နိုင်ငံအတွင်းမှ လူများကိုလည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေနိုင်အောင် လုပ်ပေးလိုသူ ဖြစ်သည်။

သို့သော် ကံဆိုးစွာပင် လုံလောက်သည့် အစွမ်းမရှိထားသဖြင့် သူ ထိုသို့ လုပ်နိုင်စွမ်း မရှိချေ။

ထိိုသို့ပြောပြီးနောက် သူ ရှိုက်ကြီးတငင် ငိုနေရင်းဖြင့်ပင် အိပ်မောကျသွားခဲ့၏။

နောက်တစ်နေ့မနက် ချန်းကိုင် နိုးလာသည့် အချိန်တွင်မူ လောထျန်း ရှိမနေတော့ဘဲ ဓားပွဲပေါ်တွင် သူ့အတွက် ဗောဓိကိုင်းတစ်ကိုင်း ချန်ထားခဲ့သည်ကိုသာ တွေ့လိုက်ရသည်။

ထိုနေ့ နေ့လည်ခင်း .. စွန်း မိသားစု ၌ ...

" အကိုထျန်း ၊ ကျုပ်တို့တွေ အနားလဲ ယူပြီးသွားပြီဆိုတော့ ဘယ်အချိန် ပြန်ကြမှာလဲဟင် "

လောရုံက မေးလာသည်။

" ဟုတ်တယ် ၊ ကျွန်မလဲ အိမ်က ထွက်လာတာ ကြာပြီဆိုတော့ အိမ်ကို တော်တော်လွမ်းနေပြီ "

လောရှောင်ရှောင်းကလည်း ပြော၏။

လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" စိတ်မပူပါနဲ့ကွာ ၊ ပြန်ရတော့မှာပါ ။ နောက်ထပ် နည်းနည်းလေးပဲ စောင့် "

" အကိုထျန်းက ဘာကို စောင့်နေတာလဲ "

လောရုံက အံ့အားသင့်နေယန်ဖြင့် မေး၏။

ထိုအချိန်မှာပင် ..

" သခင်လေး လောထျန်း ၊ ကျုပ်တို့ ရောက်ပါပြီ "

စွန်းမိသားစုအိမ်တော် အပြင်ဘက်၌ ဟင်းလင်းပြင် လက်စွပ်ထုတ်များကို ကိုယ်စီ ကိုင်ထားကြသည့် ထောင်နှင့်ချီသော လူများ ပြွတ်သိပ်စွာ ရပ်နေကြသည်။

" ဟင် .. ဒါက .. "

စွန်းရှို့တစ်ယောက် အံ့သြမှင်သက်သွား၏။

မည်သို့ဖြစ်နေသည်ကို သူ နားမလည်တော့ပါချေ။

လောထျန်းက ထိုလူများကို လက်ယမ်းပြကာ ပြောလိုက်သည်။

" အရင်ဆုံး ဝူယွိမသေမျိုးနန်းတော်ကို သွားကြမယ် "

............

သုံးရက် ကြာသွားပြီးနောက် ထျန်းယွမ် အင်ပါယာအတွင်းရှိ အရက်ဆိုင် တစ်ခုအတွင်း၌ ...

" အားလုံး ကြားပြီးကြကြီလား ၊ မိုးကြိုးဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီတဲ့ "

လူတစ်ယောက်က ပြောလိုက်သည်။

" ဟင် .. ဘယ်လို ၊ ဖျက်ဆီးခံလိုက်ရတယ် .. ဟုတ်လား "

သူနှင့် စားပွဲတစ်ဝိုင်းတည်း ထိုင်နေသူက နားမလည်ဟန်ဖြင့် ပြန်ကြည့်၏။

" လွန်ခဲ့တဲ့ သုံးရက်တုန်းက မိုးကြိုးဂိုဏ်းကို လူတစ်စု ရောက်လာပြီးတော့ မြင်သမျှ ပစ္စည်းတွေအားလုံးကို ယူသွားကြတယ်တဲ့ "

" ဘယ်လို .. မိုးကြိုးဂိုဏ်ကိုတောင် ဓားပြတိုက်ရဲကြတယ်ပေါ့ ။ မိုးကြိုးဂိုဏ်းက သိုင်းကျင့်စဥ်တွေကအဲ့လောက် အစွမ်းထက်တာကို ၊ အဲ့ဒါတွေကိုရော ယူသွားကြတာလား "

" မင်းက သိုင်းကျင့်စဥ်တွေကို ထည့်ပြောနေသေးတယ်ပေါ့ ။ ကျင့်စဥ်တွေ မပြောနဲ့ ၊ အဆောက်အဦးတွေရော ၊ ဂိတ်တံခါးတွေရော ၊ တောင်တက်လမ်းကို ခင်းထားတဲ့ ကျောက်ပြားတွေကိုပါ အကုန် တစ်စစီ ဖြစ်အောင်လုပ်ပြီး ယူသးကြတာကွ ။ အိမ်သာကျင်းတွေကိုတောင် မွှေနှောက်ရှာသွားသေးတယ် တဲ့ "

" ဘယ်လို .. အိမ်သာကျင်းတောင် မချန်ဘူး ။ ဒါကတော့ လွန်တာပေါ့ကွာ ။ ဒါနဲ့ မိုးကြိုးဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့် ရှိတဲ့ ဘိုးဘေးတစ်ယောက် ရှိတယ် မဟုတ်ဘူးလားကွ "

" အဲ့ဒါလား .. အဲ့ကိစ္စက မိုးကြိုးဂိုဏ်းက လျှောက်ဖြီးထားတာကွ။ တကယ်တော့ သူတို့ဂိုဏ်းမှာ သက်တမ်း ဘယ်လောက်မှ မကျန်တော့တဲ့ တုကျဲ့အဆင့် ၉ ဘိုးဘေး တစ်ယောက်ပဲ ရှိတာ "

" ဒါဆို အဲ့ဘိုးဘေးကရော ဘာမှ မပြောဘူးလား "

" သူက ဘာပြောရဲမှာလဲကွာ ။ ငါကြားတာတော့ သူက အစပိုင်းမှာ အဲ့လူတွေကို တားဖို့ ကြိုးစားသေးတယ်တဲ့။ ဒါပေမယ့် သုံး ၊လေးချက်လောက် အရိုက်ခံလိုက်ရပြီးတော့ ဘာမှ ထပ်မပြောရဲတော့ဘူးလို့ ကြားတယ် "

" မိုးကြိုးဂိုဏ်းက တော်တော်သနားစရာ ကောင်းနေတာပဲ ။ အရင်ကဆို သူတို့က ပထမတန်းအဆင့် ဂိုဏ်းကြီး တစ်ခုပဲလေ "

သူတို့ဝိုင်းအနီးမှ အခြားတစ်ယောက်က နှာခေါင်းရှုံ့၍ ဝင်ပြော၏။

" သနားမနေနဲ့ ၊ သူတို့ထက် ဆိုးတဲ့သူတွေ ရှိသေးတယ် "

" ဟင် ..ဘယ်သူတွေလဲ "

" ဝူယွိ မသေမျိုး နန်းတော်လေ ။ သူတို့ဆိုရင် ဂိုဏ်းတစ်ခုလုံး ဖျက်ဆီး ခံရရုံတင် မကဘူး ၊ သူတို့ပိုင်သမျှ ပစ္စည်းတွေလဲ အကုန် ပါသွားသေးတယ်။ အိမ်သာကျင်းတွေပါမကျန် ပျက်စီးသွားတာကွ ။ ပြီးတော့ အဲ့ထက်ဆိုးတာလဲ ဖြစ်သွားသေးတယ် "

All Chapters