လောထျန်းကို ပစ်မှတ်ထားခြင်း
Vol. 16 Ch. 223
" ဘာတွေ ဖြစ်လို့လဲ ပြောပါဦး "
အားလုံး သိချင်သွားကြသည်။
" ဝူယွိ မသေမျိုးနန်းတော်က တပည့်တွေရဲ့ ပစ္စည်းတွေ အကုန်လုံးကိုပါ ယူသွားကြတာတဲ့ "
သူ့ဘေးမှ လူက ခေါင်းညိတ်ပြီး ပြော၏။
" အင်း ..ဒါက မကောင်းဘူး ဆိုပေမယ့် အဆိုးကြီးတော့လဲ မဟုတ်ပါဘူးဗျာ "
အစောက လူက ဆက်ပြောသည်။
" မဟုတ်ဘူးကွ ၊ မင်းက ငါ ပြောတာကို နားမလည်လို့ ။ အားလုံးကို ယူသွားကြတာ "
ကျန်လူများ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
တဖက်လူက စကားဆက်၏။
" ရှင်းရှင်း ပြောမယ်ကွာ ။ သူတို့ဆီက မိန်းကလေး တပည့်တွေဆို အိပ်ရာခင်း တစ်ခုကလွဲပြီး ကျန်တာ အကုန်ယူသွားကြတာ။ ယောကျ်ားလေး တပည့်တွေကတော့ ပိုဆိုးတယ်။ သစ်ရွက်လေး တစ်ရွက်ပဲ ချန်ထားခဲ့တာ တဲ့ "
ထိုအချိန်မှာသာ အားလုံး အံ့သြတကြီး ဖြစ်သွားကြသည်။
" ဘုရားရေ .. ဒါ ... တော်တော်စိတ်လှုပ်ရှားစရာ ပါလား "
အစောက လူကြီးက ပြန်ပြော၏။
" အများကြီး လျှောက်တွေးမနေနဲ့ ၊ မိန်းကလေးတွေကို မိန်းကလေးတွေကပဲ ကိုင်တွယ်ပြီးတော့ ယောကျ်ားလေးတွေကို ယောကျ်ားချင်းပဲ လုကြတာ "
သူ့စကား ဆုံးမှသာ အားလုံး ပြန်ငြိမ်သွားကြသည်။
" အင်း .. ဒါ တော်တော်လေးတော့ အစွမ်းထက်တာပဲ ။ ဆန်းလဲ ဆန်းကြယ်တယ်နော် .. ဒီသတင်းက အမှန်ရော ဟုတ်ပါ့မလား "
အခြားဘက်ဝိုင်းမှ လူတစ်ယောက်က ဝင်ပြော၏။
" အမှန်ပဲကွ ၊ ငါ ဒီနေ့ မနက်ကလေးတင် ဝူယွိမသေမျိုးနန်းတော်ကို သွားခဲ့သေးတယ် "
ထိုစကားကို ကြားသည်နှင့် အားလုံး ထိုလူနား စုဝေးသွားကြပြီး မေးလိုက်သည်။
" ဟင် ..ဝူယွိ မသေမျိုးနန်းတော်ကို သွားခဲ့တာ ..ဟုတ်လား ။ မိန်းကလေး တပည့်တွေနဲ့ရော တွေ့ခဲ့သေးလား "
လူကြီးက တံတွေးထွေးကာ ပြန်ပြော၏။
" ဘယ်ရှိတော့မလဲဟ ၊ ထွက်သွားတာ ကြာလှပေါ့ "
အားလုံး စိတ်ပျက်သွားကြဟန် တူသည်။
လူတစ်ယောက်က မေးလာသည်။
" ဝူယွိ မသေမျိုးနန်းတော်က အဲ့လောက်ကို အခြေအနေ ဆိုးသွားခဲ့တာလား "
လူကြီးက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ဆိုးတာပေါ့ကွာ ၊ တော်တော်လေးကို ဆိုးတာ ။ တောင် တစ်တောင်လုံးမှာ သစ်ပင်တွေ မြင်ပင်တွေပါအကုန်ပြောင်ရှင်းနေတာပဲ ။ လမ်းခင်းထားတဲ့ ကျောက်ပြားတွေလဲ တစ်ပြားတောင် မကျန်ဘူး " ပြီးတော့ မြေကြီးကိုပါ အနက် ဆယ်ပေကျော်လောက်အထိ တူးဆွထားသေးတယ်ကွ ။ အင်း .. ငါ ထင်တာတော့ ဒီလူတွေက တကယ့် ကျွမ်းကျင်သူတွေပဲ ဖြစ်ရမယ် ။အတွေ့အကြုံ နှစ် သုံး၊ လေးဆယ် လောက် မရှိဘဲနဲ့ အဲ့လောက် အသေးစိတ်ကျကျ ဓားပြတိုက်တာမျိုးလုပ်နိုင်မှာ မဟုတ်ဘူး "
အားလုံး တအံ့တသြ ဖြစ်ကုန်ကြသည်။
ထိုစဥ် တစ်ယောက်က မေးလာ၏။
" အဲ့လောက် ရက်စက်ကြတာ ဘယ်သူတွေလဲဗျ "
သူ့ဘေးမှ လူက ထိုလူ၏ ပါးစပ်ကို လက်ဖြင့် ချက်ချင်း လှမ်းပိတ်လိုက်သည်။
" မင်း သေချင်လို့လား ။ ဒီလို ပါးစပ်မျိုးနဲ့ဆို မင်း ဒုက္ခရောက်သွားနိုင်တယ်နော် "
အစောက မေးလိုက်သည့် လူမှာ ကြောက်ရွံ့သွားဟန်ဖြင့် ချက်ချင်း ဇက်ပုသွား၏။
" ငါက ဒီတိုင်း သိချင်လို့ပါကွာ "
သူ့ဘေးမှ လူက ပြောပြလိုက်သည်။
" အဲ့လိုလုပ်သွားတဲ့ လူတွေက ပျောင်ပိုင်မြို့ကပဲကွ "
" ပျောင်ပိုင်မြို့ကဟုတ်လား ၊ လောထျန်းရဲ့ တပ်ဖွဲ့တွေလား ။ သူတို့က အဲ့လောက်တောင် အစွမ်းထက်ကြတာလား "
ထိုလူ အံ့အားသင့်သွားသည်။
အနားမှ လူတစ်ယောက်က အေးစကါစက် ဝင်ပြော၏။
" ဒါပေါ့ကွ ၊ အစွမ်းထက်တာပေါ့ ။ငါ့အကိုဝမ်းကွဲရဲ့ နံပါတ် ၃ ဦးလေးရဲ့ ၊ နံပါတ် ၂ ဦးလေး ရဲ့ ၊ တူရဲ့ ဂိုဏ်းက စီနီယာတစ်ယောက်က ဒီနှစ် ဆုမီတောင်ကို သွားခဲ့တာ။ သူတို့ဆီက ပြန်ကြားတာ လောထျန်းက အံ့မခန်းကို အစွမ်းထက်တယ်တဲ့ကွ ။ ပြီးတော့ သူနေတဲ့ ပျောင်ပိုင်မြို့ကလဲ မြင့်မြတ်နယ်မြေတစ်ခုတဲ့ ။ အဲ့မြို့ကို ပုံရိပ်ဖော် အဆောင်ကနေ တဆင့် မြင်ရတာတောင် စိတ်စွမ်းအင်တွေ အံ့မခန်း ပေါများမှန်း သိသာတယ်တဲ့ ။ ပြီးတော့ လွန်ခဲ့တဲ့ သုံး ၊ လေး လတုန်းကတောင် အဲ့လို မဟုတ်သေးဘူးလို့လဲ ပြောတယ်။ သိပ်မကြာခင်ကမှ ဘယ်လို ရတနာမျိုး ရထားလို့လဲ ဆိုတာကိုတော့ ငါလဲ မသိဘူး "
သူ့စကားကို နားထောင်နေကြသူများအားလုံး တအံ့တသြ ဖြစ်သွားကြသည်။
ထိုစဥ် ...
ဘုန်း ..
ဆိုင်၏ ထောင့်တစ်ခုမှ သက်လတ်ပိုင်းအရွယ် တာအိုဘုန်းကြီးတစ်ယောက်က သူ့အရက်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။
" အကိုကြီး ၊ ပျောင်ပိုင်မြို့က စိတ်စွမ်းအင်တွေက ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ရုတ်တရက်ကြီး ပေါများလာတာလို့ ပြောလိုက်တာလား "
တာအိုဘုန်းကြီးက မတ်တပ်ထရပ်ကာ အစောက စကားပြောနေခဲ့သည့် လူအား မေးလိုက်သည်။
ထိုလူက ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ ၊ အဲ့က စိတ်စွမ်းအင်တွေက ကြောက်စရာကောင်းလောက်အောင်ကို ပေါများတာတဲ့ ။ အခုဆို ထျန်းယွမ်အင်ပါဟာက လူငယ်တော်တော်များများက ပျောင်ပိုင်မြို့ကို သွားကုန်ကြပြီ ။ လျှို့ဝှက်နဂါးစာရင်း ထိပ်ပိုင်းက ယင်ထျန်းလွေ့တို့တောင် ပါသေးတယ်။ သူဆိုရင် ပျောင်ပိုင်မြို့က အစောင့်တပ်ဖွဲ့ထဲကို ဝင်ဖို့ သွားနေတာ လမ်းမှာတောင် ရောက်နေပြီတဲ့ "
တာအိုဘုန်းကြီးက မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ပြောလိုက်သည်။
" ကျုပ် သဘောပေါက်ပြီ။ ကျေးဇူးအများကြီး တင်ပါတယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း နောက်လှည့်၍ ထွက်ခွာသွား၏။
အားလုံးက ထွက်ခွာသွားသော တာအိုဘုန်းကြီး၏ နောက်ကျောကို ကြည့်ကာ တအံ့တသြ ပြောလိုက်သည်။
" ဒီလူက တော်တော် ထူးဆန်းတာပဲ "
" သူ့ကို ခေါင်းထဲ ထားမနေပါနဲ့ကွာ။ ဆက်ပြောပါဦး ၊ ဝူယွိမသေမျိုး နန်းတော်က မိန်းကလေး တပည့်တွေက ဘယ်ကို ထွက်သွားကြတာတဲ့လဲ။ ငါ့အသိတစ်ယောက်က သူတို့ကို သွားကြည့်ချင်လို့တဲ့ "
အရက်ဆိုင်ထဲမှ လူများ တစ်ယောက်တစ်ပေါက် ပြောနေကြစဥ်တွင် တာအိုဘုန်းကြီးမှာ ဆိုင်နှင့် ခပ်ဝေးဝေးရှိ လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်သွားလေပြီ ။ သူက အင်္ကျီလက်ထဲမှ အသံလွှင့်အဆောင်တစ်ခုကို ထုတ်လိုက်၏။
" သခင်ကြီး ၊ ကျုပ်တို့ လောယွီဂိုဏ်းက ဆုံးရှုံးသွားခဲ့တဲ့ စိတ်စွမ်းအင်သွေးကြောနဲ့ ပတ်သက်တဲ့ သတင်းကို ကျုပ် ကြားခဲ့ရတယ် "
ထိုစဥ် ..မြို့တော်အပြင်ဘက်ရှိ လူသူကင်းမဲ့သော ခြောက်ကပ်ကပ် နေရာတစ်ခု၌ ...
အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသူတစ်ဦးက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ စာရွက်တစ်ရွက်ကို မီးရှို့နေသည်။
သူ့ ပုခုံးပေါ်တွင်မူ ကျီးကန်းတစ်ကောင် ရှိနေ၏။
" ဟွမ်ဝေ့ ၊ မင်းက အသေဆိုးနဲ့ကို သေခဲ့ရတာပဲ ။ ဟီးဟီး .. ငါ မရယ်သင့်မှန်းတော့ သိပေမယ့် မထိန်းနိုင်ဘူးကွ "
ထိုစဥ် .. သူ့ရှေ့ရှိ မီးလောင်ကျွမ်းနေသော စာရွက်မှ အမည်းရောင် အလင်းလုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ၎င်းက လူသားတစ်ယောက်အသွင် ပြောင်းသွား၏။
" ဟင် . အစောင့်အရှောက် သခင်ကြီးပါလား "
ကျီးကန်းနှင့်လူ လန့်သွားသည်။
တဖက်လူက သူ့ကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။
" ဟွမ်ဟိုင် ၊ မင်း ခုနက ဟွမ်ဝေ့ သေသွားပြီလို့ သတင်းပို့ခဲ့တာလား "
ဟွမ်ဟိုင်က ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ဗျ ၊ အသေဆိုးနဲ့ကို သေသွားခဲ့ရတာ "
တဖက်မှ အစောင့်အရှောက် လူကြီး မျက်နှာ သုန်မှုန်သွား၏။
" စည်းမျဥ်းတွေ အရဆိုရင် ငါတို့က နောက်ကွယ်ကနေပဲ လှည့်စားပြီး နေရမှာလေ ။ ကိုယ်တိုင် လူရှေ့တွက်ပြီး တိုက်ခိုက်ဖို့ ခွင့်မပြုထားတာကို အခု သူက ဘယ်လိုလုပ်ပြီး သေသွားရတာလဲ "
ဟွမ်ဟိုင်က ပြန်ပြောသည်။
" ဘာလို့လဲဆိုတော့ သူက ကျောင်းတော်ရဲ့ စည်းမျဥ်းကို ချိုးဖောက်ပြီး တခြားသူတွေကို လူလုံးပြပြီး တိုက်ခိုက်ခဲ့လို့ပဲဗျ "
အစောင့်အရှောက်ကြီးက နှာခေါင်းရှံ့၏။
" အရူးကောင် ၊ ခုလို သေသွားရတာ မဆန်းတော့ဘူး "
ခေတ္တမျှ တိတ်နေပြီးနောက် သူ ဆက်ပြောသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုတော့ ထိပါးခံလို့ မဖြစ်ဘူး။ တဖက်လူက ငါတို့ ဂိုဏ်းက လူတစ်ယောက်ကို သတ်ခဲ့တာဆိုတော့ ဒါနဲ့ ထိုက်တန်တဲ့ အပြစ်ကို ပြန်ပေးမှရမယ်။ ဒီကိစ္စကို မင်းကိုပဲ တာဝန်ပေးလိုက်မယ်ကွာ။ တဖက်လူကို သတ်ပစ်လိုက် "
ထိုစကားကို ကြားသည်နှင့် ဟွမ်ဟိုင်တစ်ယောက် လန့်သွားကာ ပြန်ပြောလိုက်သည်။
" အစောင့်အရှောက် သခင်ကြီး ၊ ရန်သူက အစွမ်းထက်လွန်းတယ်ဗျ ။ ကျုပ် လုပ်နိုင်မှာ မဟုတ်ဘူး "
တဖက်လူ မျက်မှောင်ကြုံ့သွား၏။
" မင်း မလုပ်နိုင်ဘူးဆိုတော့ တခြား ဘယ်သူ လုပ်နိုင်မယ်လို့ ထင်လဲ "
ဟွမ်ဟိုင်က ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည်။
" ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ထွက်လာရင်တော့ အကောင်းဆုံး ဖြစ်မှာဗျ ။ တကယ်လို့ ဂိုဏ်းချုပ်ကြီးက လာဖို့ အဆင်မပြေရင်တောင် လက်ထောက် ဂိုဏ်းချုပ်ကြီး ထွက်လာသင့်တယ်။ ပြီးတော့ မြန်နိုင်သမျှ အမြန်ဆုံး ထွက်လာရင် ပိုကောင်းမှာ "
တဖက်မှ အစောင့်အရှောက် သခင်ကြီးမှာ ခေတ္တမျှ တိတ်သွားပြီးမှသာ မေးလာ၏။
" မင်းပြောတဲ့ ကောင်ရဲ့ နာမည်က ဘယ်လိုခေါ်လဲ "
" လောထျန်းပါ "
ဟွမ်ဟိုင်က ပြန်ဖြေသည်။
အစောင့်အရှောက် သခင်ကြီးက မျက်မှောင်ကြုံ့ပြီး ပြောလိုက်သည်။
" အင်း ၊ ဒီကိစ္စကို နောကိမှပဲ ကိုင်တွယ်ရမှာပဲကွာ "
ဟွမ်ဟိုင် အံ့အားသင့်သွား၏။
" ဘာဖြစ်လို့လဲဗျ "
အစောင့်အရှောက် သခင်ကြီးက သက်ပြင်းချကာ ပြောသည်။
" ကျုံ့ကျိုးဒေသက ငါတို့ ဂိုဏ်းကို ပစ်မှတ်ထားတာ ခံနေရတယ်ကွ ။ ဒီတော့ ဂိုဏ်းချုပ်ကြီးက တခြား ကိစ္စတွေကို ကိုင်တွယ်ဖို့ မအားဘူး ဖြစ်နေတာ။ ကျုံ့ကျိုးဒေသက အဲ့ကောင်တွေကို ကိုင်တွယ်ရတာနဲ့တင် သူ တော်တော်ပင်ပန်းနေပြီ ။အစွမ်းထက်တဲ့ သူတွေ အားလုံးနီးပါးကလဲ လောလောဆယ် ယာယီ ဇာတ်မြုပ်နေကြရတော့ အချိန်တိုအတွင်း ထွက်လာဖို့ မဖြစ်နိုင်သေးဘူး ။ ဒီတော့ လောထျန်း ကိစ္စကို မင်းကိုပဲ တာဝန်အပြည့် ပေးထားလိုက်မယ် "
ဟွမ်ဟိုင်က စိတ်ညစ်သွားဟန်ဖြင့် ခေါင်းယမ်း၍ ပြန်ပြော၏။
" ဒါပေမယ့် .. ကျုပ် တကယ်ကို မလုပ်နိုင် .. "
အစောင့်အရှောက်က သူ့စကား မဆုံးခင်မှာပင် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
" တော်ပြီ ၊ ထပ်မပြောနဲ့တော့ ။ ဒီကိစ္စကို မင်းပဲကိုင်တွယ် ။ နောက်တစ်ခါ အစည်းအဝေးကျရင် မင်း လောထျန်းကို သတ်ပြီးလောက်ပြီလို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်ကို ခံဖို့ ပြင်ထားပေါ့ကွာ "
စကားဆုံးသည်နှင့် မီးတောက်များ ပေါက်ကွဲသွားပြီး ထိုလူ ပျောက်ကွယ်သွား၏။
ဟွမ်ဟိုင်တစ်ယောက်တည်းသာ နေရာတွင် ဆောင့်ကြောင့်ထိုင်လျက် ကျန်နေခဲ့သည်။
အချိန်အတန် ကြာသွားပြီးမှသာ သူ မတ်တပ်ထရပ်ပြီး မီးရှို့ထားသည့် စာရွက်ကို ခပ်ကြမ်းကြမ်း လွှင့်ပစ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
" နောက်နေတာလားဟ ၊ လောထျန်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို မမြင်လိုက်ရဘူးလာ ။ ဒါနဲ့များတောင် ငါက သူ့ကို သတ်ရဦးမယ်တဲ့ ။ ကိုယ့်ကိုကိုယ် သေကြောင်း ကြံတာနဲ့ ဘာများ ထူးတော့မှာလဲကွာ "
" ဒါပေမယ့် .. ငါ မလုပ်ပြန်ရင်လဲ အစောင့်အရှောက်ကြီးက ငါ့ကို ခွင့်လွတ်မှာ မဟုတ်ဘူး။ ဘာလုပ်ရင် ကောင်းမလဲ .. "
သူ စိတ်ပျက်လက်ပျက်ဖြင့် မြေကြီးပေါ် ပြန်ထိုင်ချလိုက်သည်။
ဤသို့ဖြင့် အချိန် အတန်ငယ်ကြာပြီးနောက်တွင်မူ သူ အကြံတစ်ခု ရသွားဟန်ဖြင့် ထခုန်လိုက်၏။
" အကြံရပြီ ၊ ပြဿနာကို တခြားတစ်ယောက်ဆီ လွှဲပေးလိုက်လို့ ရတာပဲ ။ဟား ဟား .. ငါ တော်တော် ဉာဏ်ကောင်းပါလား "
သူ ထိုသို့ ပြောပြီးနောက် ခုန်ဆွခုန်ဆွ လုပ်ကာ ပျောက်ကွယ်သွားသည်။
လောထျန်းကမူ သူ့အား လူဘယ်နှယောက်က ပစ်မှတ်ထားနေကြသည်ကိုပင် သိမည် မဟုတ်ချေ။
ထိုစဥ် ပျောင်ပိုင်မြို့၌ ...
" မကြည့်ဘဲ ဖြတ်သွားရင် နောင်တ ရမယ်နော် ။ ထျန်းယွမ် အင်ပါယာက ပထမတန်းစားအဖွဲ့တစ်ခုဖြစ်တဲ့ ဝူယွိမသေမျိုးနန်းတော်က တပည့်တွေရဲ့ လေ့ကျင့်ရေး အဝတ်အစားတွေကို လျှော့စျေးနဲ့ ရနေပြီဗျာ "
ဆိုင်တစ်ဆိုင်ထဲတွင် လူငယ်များစွာက သူတို့၏ ပစ္စည်းများကို အားသွန်ခွန်စိုက် ရောင်းချနေကြ၏။
ဆိုင်တဖက်ခြမ်းတွင်မူ လောထျန်းက ဝေခွဲမရ ဖြစ်နေသည့် မျက်နှာဖြင့် ရပ်နေသည်။
" မင်းတို့ ဘာတွေ ရောင်းနေကြတာလဲ "
လောထျန်းက တအံ့တသြ မေးလိုက်သည်။
တဖက်လူငယ်များက သူ့ကို တွေ့သည်နှင့် ချက်ချင်း ဦးညွှတ် အရိုအသေ ပေးလိုက်ကြ၏။
" ကျုပ်တို့က ဝူယွိမသေမျိုးနန်းတော်က ယူလာတဲ့ အဝတ်အစားတွေ ရောင်းနေကြတာ သခင်လေးရဲ့ '
လူငယ်လေးတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။
လောထျန်းက စင်ပေါ်မှ အဝတ်များကို ကြည့်ကာ အံ့သြနေဟန်ဖြင့် ပြန်မေး၏။
" ဒီ အဝတ်စားတွေက ရောင်းလို့ရတယ်လား "
လူငယ်က ခေါင်းညိတ်ပြသည်။
" ဒါပေါ့ဗျ ၊ မလျှော်ရသေးတဲ့မိန်းကလေးဝတ် လေ့ကျင့်ရေး ဝတ်စုံတွေနဲ့ အတွင်းခံတွေဆိုရင် ဒီမနက်ပဲ ရောင်းကုန်သွားတာ။ သခင်လေး မမြင်လိုက်လို့ဗျ ၊ အဝတ်အစားလုရင်း ဓားဆွဲပြီးရန်ဖြစ်မလို ဖြစ်သွားတဲ့သူတွေတောင် အများကြီးပဲ။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ယောကျ်ားလေးဝတ်တွေတော့ မရောင်းရဘူး။ ခုထိ ၇ စုံပဲ ရောင်းရသေးတယ် "