လောယွီဂိုဏ်း
Vol. 16 Ch. 224
လောထျန်းက ခေါင်းကုတ်ကာ ပြန်ပြောလိုက်သည်။
" အင်း .. ကြည့်ရတာ နှာဘူးတွေ တော်တော်များတဲ့ပုံပဲ "
" အကိုထျန်း ၊ ကျုပ်ဆီမှာ ဖွက်ထားတဲ့ ပစ္စည်းတစ်ခုတော့ ရှိတယ်ဗျ ။ အကိုထျန်း လိုချင်ရင် ကျုပ် ပေးမယ်လေ "
လူငယ်တစ်ယောက်က လေသံတိုးတိုးဖြင့် ပြောလာ၏။
" ဘာတွေ လာပြောနေတာလဲ "
လောထျန်းက ချက်ချင်း မျက်နှာကြီး သုန်မှုန်သွားကာ အော်လိုက်သည်။
ထို့နောက် သူ ချက်ချင်း နောက်လှည့်၍ ထွက်ခွာသွား၏။
ထိုလူများရှေ့တွင် ကြာကြာဆက်နေပါက သူသည်ပင် နှာဘူးတစ်ယောက် ဖြစ်သွားမည် စိုးရသေးသည်။
ထို့နောက် ..
" လောထျန်း .. "
ခပ်လှမ်းလှမ်းမှ ပန်းလင်က အော်ခေါ်လာသည်။
" ဟင် .. ခင်ဗျားက ထွက်သွားတော့မလို့လား "
လောထျန်းက တအံ့တသြ မေး၏။
ဆုမီတောင်မှ ထွက်လာပြီးနောက် ပန်းလင်က လောထျန်းနှင့်အတူ ပျောင်ပိုင်မြို့သို့ လိုက်လာခဲ့ခြင်း ဖြစ်ပါသည်။
သဘာဝ စိတ်ဝိဥာဥ်တစ်ကောင် ဖြစ်သည့် သူမ မှာ မြေကြီးထဲမှ စိတ်စွမ်းအင်သွေးကြောနှင့်လည်း အလွန်ပနံသင့်လှ၏။
လောထျန်း၏ အမေးကို ကြားသောအခါ ပန်းလင်က ခေါင်းယမ်း၍ ပြန်ပြောသည်။
" ငါက ဆုမီတောင်ထဲမှာပဲ နေတာကြာခဲ့ပြီမို့ ငါ့ကိုယ်က ကြီးကြိးမားမား ထိခိုက်ထားတယ်။ အခု ဒီ ဒဏ်ရာတွေက အမြန်ဆုံးသာ ပြန်ကောင်းမလာရင် ငါ မကြာခင် အပြီးတိုင် ပျောက်ကွယ်သွားရတော့မှာ "
ထို့နောက် သူမက ပျောင်ပိုင်မြို့အား ဝေ့ဝဲကြည့်ကာ စကားဆက်သည်။
" မင်းတို့ မြို့မှာက မြင့်မြတ်နယ်မြေ အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြော ရှိထားတော့ ငါ့ဒဏ်ရာတွေ သက်သာဖို့ အကူအညီအများကြီး ဖြစ်တယ်။ ဒီတော့ မင်း စိတ်မရှိဘူးဆိုရင် ငါ ဒီမှာ နည်းနည်းကြာကြာ ဆက်နေချင်သေးတယ် "
" ဒါပေမယ့် ငါ အလကားတော့ မနေပါဘူးကွယ်။ ငါက သဘာဝ စိတ်ဝိဥာဥ်တစ်ကောင်ဆိုတော့ လူသားတွေလို စိတ်စွမ်းအင်သွေးကြောကို မခေါ်နိုင်ပေမယ့် ကံကောင်းခြင်းတွေကိုတော့ စုစည်းနိုင်တယ် "
လောထျန်းက အံ့သြသွားဟန်ဖြင့် ပြန်မေးသည်။
" ကံကောင်းခြင်း .. ဟုတ်လား "
ပန်းလင်က ခေါင်းညိတ်ပြသည်။
" ဒါက ဒီလို .. "
သူမက ပြောပြောဆိုဆို လက်နှစ်ဖက်ကို စုလိုက်ရာ သူမ၏ လက်ချောင်းများကြားတွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု လင်းလက်လာ၏။
" ကံတရား အနုပညာက ဆန်းကြယ်တယ်ကွဲ့ ။ လူတွေမှာ ကံတရားကိုယ်စီ ရှိကြပေမယ့် တခြား အကျိုးအကြောင်း ၊ အချက်အလက်တွေလဲ ရှိကြသေးတယ်။ ခြုံပြီး ပြောရရင်တော့ ကံကောင်းခြင်းက ပိုပြီးခိုင်မာလေလေ အခွင့်ကောင်းတွေ ပိုများများ ရနိုင်လေပဲ။ ပြီးတော့ ပိုပြီးလဲ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ တိုးတက်နိုင်တယ် "
" ကျုံ့ကျိုးဒေသက အင်အားကြီး အဖွဲ့တွေ အားလုံးဆိုရင် အားကောင်းတဲ့ ကံကောင်းခြင်းတွေ ရှိထားကြတာ။ တချို့ မြင့်မြတ်နယ်မြေတွေဆိုရင် သူတို့ရဲ့ ကံကောင်းခြင်းကို ပုံစံတစ်ခုအဖြစ်ပါ အသွင်ပြောင်းထားကြတာ။ အဲ့လို အသွင်ပြောင်းတာက အဖွဲ့ကို တိုးတက်ဖို့ ကူညီပေးတဲ့အပြင် တခြားရန်ကနေ ကာကွယ်တဲ့ နေရာမှာပါ အသုံးဝင်တယ် "
" အခု မင်းရဲ့ ပျောင်ပိုင်မြို့က အစွမ်းထက်ပေမယ့် ကံကောင်းခြင်းကတော့ တော်တော်လေး အားနည်းနေသေးတယ်။ ဒီတော့ ငါ ဒီမှာ နေနေတဲ့ အချိန်အတွင်း ပျောင်ပိုင်မြို့ရဲ့ ကံကောင်းခြင်းကို စုစည်းပေးမယ် ။ ဘယ်လို သဘောရလဲ "
သူမက ထိုသို့ပြောကာ လောထျန်းအား သေချာကြည့်လိုက်သည်။
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" တကယ်လို့ ဘာမှ မကူညီပေးရင်တောင် ကျုပ်က ခင်ဗျားကို ဒီမှာ နေချင်သလောက် စိတ်ကြိုက် ပေးနေမှာပါဗျာ ။ ပျောင်ပိုင်မြို့ထဲက ကြိုက်တဲ့နေရာမှာ နေလို့ရပါတယ် "
ပန်းလင်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချကာ ပြောသည်။
" ကျေးဇူးအများကြီး တင်ပါတယ်။ ဒါဆို လောလောဆယ် ဒီမှာပဲ ယာယီ နေလိုက်မယ်။ တကယ်လို့ မင်း ပြဿနာတစ်ခုခုနဲ့ ကြုံရင်လဲ ငါ့ဆီ လာလို့ရတယ်နော် "
သူမက ထိုသို့ပြောပြီးနောက် လောထျန်းအား ဦးညွှတ်အရိုအသေပေးကာ ပျောက်ကွယ်သွား၏။
လောထျန်းမှာလည်း ပန်းလင်အား နှုတ်ဆက်စကား ဆိုပြီးသည်နှင့် လောမိသားစု အိမ်တော်အတွင်းမှ သူနေသည့် အဆောင်သို့ ပြန်လာခဲ့လိုက်သည်။
သူတို့ လောမိသားစု အိမ်တော်မှာ တစထက်တစ ပိုကျယ်လာပြီး မိုးကြိုးဂိုဏ်းနှင့် ဝူယွိမသေမျိုးနန်းတော်မှယူလာခဲ့သည့် ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော အဆောက်အဦး သစ်များလည်း များစွာပင် ထပ်တိုးလာခဲ့သည်။
ထိုသို့ ပြုပြင်ပြီးနောက် အဆောက်အဦးများက အလွန်ခမ်းနားကာ နေချင်စဖွယ် ဖြစ်နေတော့၏။
လောထျန်း ခြံဝင်းထဲ ဝင်လိုက်သည်နှင့် ဗောဓိပင်က ချက်ချင်းပေါ်လာပြီး နှုတ်ဆက်သည်။
" ကြိုဆိုပါတယ် သူတော်စင်ကြီး "
ဗောဓိပင်က စိတ်လှုပ်ရှားနေဟန်ဖြင့် ဆိုသည်။
လောထျန်းက ဗောဓိပင် စိတ်ဝိဥာဥ်နှင့် အနည်းငယ် ပြန်ကောင်းလာသော သူမ၏ ဆံပင်ကို ကြည့်ကာ ခေါင်းညိတ်၏။
" ဒီမှာ နေရတာ အဆင်ပြေရဲ့လား "
ဗောဓိ စိတ်ဝိဥာဥ်က ပျော်ရွှင်စွာ ပြန်ဖြေသည်။
" အဆင်ပြေရုံတင် မကပါဘူး သူတော်စင်ကြီးရယ် ၊ တော်တော်ကို ကောင်းတာပါ "
အမှန်တွင်မူ ဗောဓိစိတ်ဝိဥာဥ် သည် ဆုမီတောင်မှ ထွက်လာပြီးနောက် ခက်ခဲကြမ်းတမ်းသည့်အခြေနေမျိုးဖြင့် နေရလိမ့်မည်ဟုသာ တွက်ထားခဲ့၏။
ဆုမီတောင်မှ စိတ်စွမ်းအင်များက အခြား သာမာန် နေရာများနှင့် ယှဥ်၍ မရပေရာ သူမ ထိုသို့တွေးမိသည်မှာလည်း မဆန်းချေ။
သို့သော် .. သူမ ပျောင်ပိုင်မြို့သို့ ရောက်သည့်အချိန်တွင်မူ ဤနေရာမှ စိတ်စွမ်းအင်များက ဆုမီတောင်ထက် မနိမ့်ကျသည်ကို တွေ့ခဲ့ရသည်။
ပျောင်ပိုင်မြို့ကပင် ပိုသာနေပါသေးသည်။
မြို့အောက်တွင် မြင့်မြတ်နယ်မြေ အဆင့် စိတ်စွမ်းအင် သွေးကြောကြီး ရှိထားသည် မဟုတ်ပါလား ။
ထို့ထက် ပိုအရေးကြီးသည်မှာ လောထျန်းက ဗောဓိပင်အား သူနေသည့် ခြံဝင်းထဲတွင် စိုက်ပေးထားခြင်း ဖြစ်ပါသည်။
သို့ဖြစ်ရာ ဗောဓိပင်မှာ ဘာမှ အထွေအထူး လုပ်စရာ မလိုဘဲ နေဝင်နေထွက်ကို ကြည့်ရင်းဖြင့်ပင် ဉာဏ်အလင်းပွင့်ခဲ့ရသည့် အကြိမ်ပေါင်း မနည်းပါချေ။
" အင်း .. ဒီကာလအတွင်းမှာ ကျုပ်ရဲ့ မိသားစုဝင်တွေနဲ့ မြို့ထဲက လူငယ်လေးတွေကို ဒီကိုလာပြီး ကျင့်ကြံခိုင်းလိုက်မယ်။ ခင်ဗျား သူတို့ကို ကူညီပေးလို့ ရမလား "
လောထျန်းက မေးလိုက်သည်။
ဗောဓိစိတ်ဝိဥာဥ်က တစ်ကိုယ်လုံး တုန်သွားကာ ချက်ချင်း ပြန်ပြော၏။
" မေးနေစရာ မလိုပါဘူး သူတော်စင်ကြီးရယ်။ခုလို ကူညီခွင့်ရတာကိုက ကျွန်မအတွက် ဂုဏ်ယူစရာကြီးပါ ။ သူတော်စင်ကြီး ဘာမှ စိတ်မပူပါနဲ့။ ကျွန်မ သူတို့ကို အကောင်းဆုံး ကြိုးစားပြီး ကူညီပေးပါ့မယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
ယခု ဗောဓိပင်က အနီးနားတွင် ရှိနေပြီဖြစ်ရာ အားလုံး၏ ကျင့်ကြံခြင်းများ ပိုမိုလွယ်ကူလာကြပေတော့မည်။
ပုံမှန်ဆိုလျှင် လူတစ်ယောက်အဖို့ ဉာဏ်အလင်းပွင့်ရန်မှာ ခက်ခဲသော အရာတစ်ခုပင်။
ဤသို့ဖြင့် နောက်တစ်လ ကြာပြီးနောက်တွင်မူ .. လောမိသားစုဝင်များ၏ အစွမ်းသာမက ပျောင်ပိုင်တစ်မြို့လုံး၏ အစွမ်းသည်ပင် များစွာ တိုးတက်လာခဲ့တော့၏။
ယခုလက်ရှိ ပျောင်ပိုင်မြို့တွင် အရင်းအမြစ်ကောင်းများလည်း ပေါကြွယ်ဝနေလေပြီ ။
ပျောင်ပိုင်မြို့၌ မြင့်မြတ်နယ်မြေ အဆင့်ရှိ စိတ်စွမ်းအင်များအပြင် ၊ ချန်လင် စိတ်စွမ်းအင် သတ္ထုရိုင်း ပမာဏကလည်း အလွန်ပေါများပြီး ၊ ရွှယ်လင် စိတ်စွမ်းအင်ဆေးရည်များလည်း များစွာပင် ရှိ၏။ ထိုမျှမက ဗောဓိကိုင်းများ ၊ ဗောဓိသစ်သီးများနှင့် ဗောဓိစိတ်ဝိဥာဥ်၏ အကူအညီလည်း ရှိနေသေးပေသည်။
ထိုသို့သော အဖိုးတန် အရင်းအမြစ်များ အစုလိုက် အပြုံလိုက် ရှိနေသည်ဖြစ်ရာ မတိုးတက်ဘဲ မည်သို့ နေပါမည်နည်း။
ထို့အပြင် လောထျန်း စုဆောင်းထားခဲ့သည့် စိတ်ဝိဥာဥ် ပုလဲလုံးများလည်း များစွာပင် ရှိနေပြီး သူက အားလုံးကို ခွဲဝေပေးခဲ့၏။
ဤသို့ဖြင့် အချိန် တစ်လအတွင်းမှာပင် ပျောင်ပိုင်မြို့အတွင်း၌ ထုံရွှယ်အဆင့် ကျင့်ကြံသူများမှာ ခွေးများ ကြောင်များကဲ့သို့ ပေါများလာပြီး ကွေ့ရှအဆင့် ကျင့်ကြံသူများကိုလည်း နေရာအနှံ့ တွေ့လာရတော့သည်။
ထိုလအတွင်းတွင် ပျောင်ပိုင်မြို့က များစွာလည်း ပိုကျယ်လာသေး၏။
ထိုသို့ကျယ်လာရသည့် အဓိက အကြောင်းရင်းမှာ ဝူယွိမသေမျိုးနန်းတော်နှင့် မိုးကြိုးဂိုဏ်းမှ ယူလာသည့် အဆောက်အဦး ပစ္စည်းများကို သုံး၍ အဆောက်အဦးပေါင်း များစွာ အသစ်ဆောက်လုပ်ခဲ့သောကြောင့် ဖြစ်ပါသည်။
ယခင်က မြို့ငယ်လေးတစ်ခု ဖြစ်ခဲ့သည့် ပျောင်ပိုင်မြို့မှာယခုဆိုလျှင် အလွန်ကြီးမားသော မြို့ကြီးတစ်မြို့ ဖြစ်နေလေပြီ။
ထိုမျှမက ပန်းလင်၏ အကူအညီကြောင့် ပျောင်ပိုင်မြို့၏ ကံကောင်းခြင်းများလည်း ပိုတိုးလာခဲ့ပြီး အဖိုးတန် အခွင့်ကောင်းများစွာလည်း ထပ်ရလာခဲ့သေး၏။
ပျာင်ပိုင်မြို့မှာ မြင့်မြတ်နယ်မြေ တစ်ခုအသွင် ပုံပေါ်စပြုလာခဲ့လေပြီ ....
........
နှစ်သစ်၏ ပထမဆုံးနေ့ မနက်စောစော၌ ...
ပျောင်ပိုင်မြို့နှင့် မိုင်ထောင်ချီ အကွာမှ ကောင်းကင်ယံတွင် ဧရာမ လှေပျံကြီးတစ်စင်း ပျံသန်းလာ၏။
ထိုလှေပျံ၏ ပတ်ပတ်လည်တွင်လည်း မရေမတွက်နိုင်သော အစီအမံများ ဝန်းရံထားသည့်အတွက် အလွန်ခမ်းနားကာ အင်အားကြီးဟန် ပေါက်နေသည်။
၎င်းလှေပျံ၏ ရှေ့ပိုင်းတွင်မူ ရှေ့တည့်တည့်သို့ ချိန်ရွယ်ထားသည့် ဧရာမ လှံတစ်စင်း ရှိနေသည်။ ထိုလှံ၏ ဘေးပတ်လည်တွင်လည်း မရေမတွက်မတွက်နိုင်သော စာလုံးပေါင်းများစွာကို ပြည့်သိပ်စွာ ရေးထွင်းထားသေး၏။
၎င်းလှံကြီး၏ ရှေ့တွင်ကား ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ယောက်က မျက်နှာသုန်မှုန်စွာဖြင့် ရပ်နေသည်။
ထိုအဘိုးအို၏ အကြည့်က မိုင်ပေါင်းထောင်ချီဖြတ်ကျော်၍ ပျောင်ပိုင်မြို့ပေါ်သို့ ကျလာ၏။
ထိုနေရာတွင် .. ရွှေရောင်နဂါး စိတ်စွမ်းအင်သွေးကြောက အသက်ဝင်လူးလွန့်နေသည်။
" အဲ့မှာ ရှိတာ သေချာတယ် ။ ဒါ ငါတို့ လောယွီဂိုဏ်းရဲ့ စိတ်စွမ်းအင်သွေးကြောပဲ "
အဘိုးအိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကြီး ၊ စိတ်စွမ်းအင်သွေးကြောကို ရှာတွေ့တာတော့ ဟုတ်ပေမယ့် အခုလောလောဆယ်မှာ တခြားသူတွေ အပိုင်သိမ်းထားကြတာ။ တကယ်လို့ ဒီစိတ်စွမ်းအင် သွေးကြောကို ထုတ်ပေးဖို့ တောင်းဆိုရင်လဲ အဲ့လူတွေက သဘောတူမယ် မထင်ဘူး "
သူ့ဘေးမှ မီးခိုးရောင် အဝတ်စားနှင့် အဘိုးအိုတစ်ဦးက တလေးတစား ပြောလာ၏။
လောယွီဂိုဏ်းချုပ်ကြီး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ လက်သွားကြသည်။
" သူတို့က အသာတကြည် မထုတ်ပေးချင်ဘူး ဆိုရင်တော့ ငါတို့ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို ပြလိုက်သင့်တယ်လို့ မထင်ဘူးလား "
" ဂိုဏ်းချုပ်ကြီး ဆိုလိုတဲ့သဘောက ... "
မီးခိုးရောင်အဝတ်စားနှင့် အဘိုးအိုက သူ့ကို စိုက်ကြည့်လိုက်သည်။
လောယွီဂိုဏ်းချုပ်ကြီးက ခေါင်းမော့ကာ မာန်အပြည့်ဖြင့် ပြန်ပြော၏။
" လှံကြီးကို သုံးပြီး တိုက်ခိုက်မယ် '
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာထား ချက်ချင်းပြောင်းသွားသည်။
" ဂိုဏ်းချုပ်ကြီးက တစ်မြို့လုံးကို အပြောင်ရှင်းဖို့ စဥ်းစားနေတာလားဗျ "
သူတို့၏ လှေပျံကြီးမှာ မိုးပြာနဂါး တိုက်လှေကြီး ဟု အမည်ရပါသည်။
လှေရှေ့ဦးပိုင်းမှ လှံကြီး၏ တစ်ချက်မှာ ကောင်းကင်ဘုံအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ အင်အားပြည့် တိုက်ခိုက်မှုနှင့် ညီမျှ၏။
သို့ဖြစ်ရာ ထိုလှံကြီးဖြင့်သာ ယဲ့ဖုန်းနိုင်ငံငယ်လေးတစ်ခုမှ မြို့လေးတစ်မြို့ကို တိုက်ခိုက်လိုက်ပါက အစအနပင် ကျန်မည် မဟုတ်ပါချေ။
လောယွိဂိုဏ်းချုပ်ကြီးက သူ့ဘေးမှ အဘိုးအိုအား မျက်မှောင်ကြည့်ကာ ပြောလာသည်။
" ငါက မြို့ကို တိုက်ခိုက်လို့ ပြောလို့လား "
" ဟင် .. ဒါဆို .. ဂိုဏ်းချုပ်ကြီးက ဘာကို ဆိုလိုတာလဲဗျ "
မီးခိုးရောင် အဝတ်စားနှင့် အဘိုးအိုက သတိထား မေးလိုက်သည်။
လောယွီဂိုဏ်းချုပ်ကြီးက မုတ်ဆိတ်ကို သပ်ကာ ပြန်ပြော၏။
" မြို့ရဲ့ အရှေ့ပိုင်း မိုင် သုံးဆယ်လောက်ကို တိုက်ခိုက်လိုက် ။ အဲ့ကျရင် သူတို့ ဘယ်လောက်အစွမ်းနိမ့်တယ်ဆိုတာကို သိပြီး ငါတို့ကို တားရဲတော့မှာ မဟုတ်ဘူး "
မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအို ချက်ချင်း ပြုံးသွားပြီး ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကြီးက တကယ်ကို သနားညှာတာတတ်တာပဲဗျာ "
ထိုသို့ ပြောပြီးနောက် သူ နောက်လှည့်၍ အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
" အားလုံး နားထောင်ကြဟေ့ ၊ လှံကြီးကို တိုက်ခိုက်ဖို့ အသင့်ပြင်မယ် "
" ဟုတ်ကဲ့ပါ "
လှေကြီးပေါ်တွင် ရှိနေကြသော လောယွီဂိုဏ်းမှ တပည့်များအားလုံး ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
ထိုစဥ် .. ပျောင်ပိုင်မြို့ အပြင်ဘက်တွင်မူ ..
လောထျန်းသည် လူငယ်တစ်စု သိုင်းပညာလေ့ကျင့်နေကြသည်ကို ပျင်းပျင်းရိရိ ကြည့်နေ၏။
" အကိုထျန်း ၊ ကျွန်မ ဒီ ကောင်းကင်ဘုံ ဓားသိုင်းကို ဘယ်လိုပဲ လေ့ကျင့်လေ့ကျင့် ၊ ဘာဖြစ်လို့ အမြဲတမ်း မှားနေရတာလဲ ။ တကယ့် ကောင်းကင်ဘုံ ဓားသိုင်း အစစ်က ဘယ်လိုလဲဆိုတာ အကိုထျန်း ပြပေးလို့ ရမလား "
ကြိမ်ဖန်များစွာ လေ့ကျင့်ပြီး မအောင်မြင်သဖြင့် ဝမ်းနည်းစိတ်ပျက်နေဟန်တူသည့် လောမိသားစုထဲမှ မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။
" ဟုတ်တယ် အကိုထျန်း ၊ ကျွန်တော်တို့လဲ ကောင်းကင်ဘုံ ဓားသိုင်းရဲ့ အစွမ်းပြည့်ကို ကြည့်ချင်တယ်။ ကျွန်တော်တို့ကို ပြပေးပါဦးဗျာ "
" ဟုတ်တယ် ၊ ပြပေးပါဗျာ။ တစ်ကွက်တည်း ပြရင်တောင် လုံလောက်ပါတယ် "
လူငယ်တစ်စုက လောထျန်းအား မျှော်လင့်တကြီး ကြည့်ကာ တောင်းဆိုလိုက်ကြသည်။
လောထျန်းက သူ့ရှေ့မှ လူငယ်များကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
" ဟုတ်ပြီ ၊ ငါလဲ တခြား ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ ပြပေးပါ့မယ်။ ဒါပေမယ့် ဓားသိုင်းကွက် တစ်ကွက်တည်းပဲ ပြမှာနော် ၊ သေချာ ကြည့်ထားကြ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လူငယ်လေးတစ်ယောက်ဆီမှ ဓားကို လှမ်းယူပြီး အော်လိုက်သည်။
" ကောင်းကင်ဘုံ ဓားသိုင်း ၊ဖြတ်စေ "
တစ်ချိန်တည်းမှာပင် မိုင်ထောင်ချီ အကွာရှိ လှေပျံပေါ်၌ ...
" လှံကို အသင့်ပြင် ... ပစ် .. "
ကောင်းခန်းမှာပဲ ရပ်လိုက်ပါတယ်
စာစဉ်ပြီး၏…
နောက်တစ်အုပ်မျှော်