သုံးပွင့်ဆိုင် ထိပ်တိုက်တွေ့ခြင်း
Vol. 47 Ch. 701
ထို့နောက် တုန်းမြောင်မြောင်၏ ခန္ဓာကိုယ်ကို ရဲ့လင်းချန် စိတ်ဝင်စားသွားသည်။
အခြားသူများနှင့် မတူဘဲ တုန်းမြောင်မြောင်၏ ချီတွင် အစိမ်းရောင် ပါသလိုလို ရှိနေ၏။
၎င်းက အလွန် အားပျော့သော်လည်း ၎င်းတွင် သူမတူသော တစ်စုံတစ်ရာ ရှိနေသည်။
*သစ်သား ဝိညာဉ် ခန္ဓာကိုယ်လား*
*အဲ့လိုလဲ မဟုတ်သေးသလိုပဲ*
၎င်းသည် သစ်သား ဝိညာဉ် ခန္ဓာကိုယ်၏ အခြေခံအကျဆုံးပင် မဟုတ်သော်လည်း သူမ၏ ခန္ဓာကိုယ်က သာမန်လူများထက် ပို၍ သာလွန်ကြောင်း သက်သေပြနေ၏။ သူမတွင် အနည်းဆုံး အခြေခံ အရင်းအနှစ် ရှိပေသည်။
သူမက ဆေးပင်များကို သဘောကျပြီး ၎င်းတို့ကို ကောင်းမွန်စွာ နားလည်သည်က အံ့ဩစရာ မဟုတ်တော့ချေ။
ရဲ့လင်းချန်သည် အရှိန်အဝါ ဟောကိန်း အလယ်အလတ်အဆင့်ကို ရရှိပြီးနောက် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မြင်နိုင်သည်က မတော်တဆများလေလား။ ချီစုစည်းခြင်းက ထိုလူတစ်ယောက်၏ အခြေအနေကို ဖော်ပြနိုင်ပါက … ခွန်အားကိုရော ဖော်ပြနိုင်လေမလား။ လူတစ်ယောက်၏ ချီက သူတို့၏ ခွန်အားကို ကိုယ်စားပြုနိုင်သလား။
ယင်းက ရွှေရောင် မီးမျက်လုံးနှင့် အတူတူ ဖြစ်လောက်သည်။ ယင်းက အခြားလူတစ်ယောက်၏ ချီမှ သူတို့၏ ပုံစံကို မည်မျှ ကောင်းမွန်စွာ ဖုံးကွယ်ထားပါစေ အမြဲ ဖော်ပြနေမည် ဖြစ်သည်။
(火眼金睛 - စွန်းဝူခုန်းရဲ့ ရွှေရောင် မီးမျက်လုံးကို ပြောတာပါ၊ စွန်းဝူခုန်းက လောင်ကျစ်ရဲ့ မီးပြင်းဖိုထဲမှာ ၄၉ ရက် လောင်ကျွမ်းခံခဲ့ရတော့ မီးခိုးငွေ့တွေ မွှန်ခဲ့ပါတယ်၊ သူ လောင်ကျွမ်းခြင်းကနေ ရှင်သန်နိုင်ခဲ့ပြီးတော့ သမာဓိ မီးတောက်ကြောင့် ရွှေရောင်မီးမျက်လုံးကို ရခဲ့တာပါ၊ ဒီမျက်လုံးက သူ့ကို နေ့ဘက်မှာ မိုင်တစ်ထောင် အကွာအဝေးအထိ မြင်နိုင်စေပြီးတော့ ညဘက်ဆို မိုင်ခြောက်ရာအထိ မြင်နိုင်စေပါတယ်၊ သူက ဘယ်လို ရုပ်ဖျက်တာမျိုးဆို၊ ပုံရိပ်ယောင်မျိုးမဆို၊ ဘယ်လို ရုပ်ပြောင်းလဲမှုမျိုးမဆိုကို မြင်နိုင်စွမ်း ရှိပါတယ်၊ စွန်းဝူခုန်းရဲ့ စွမ်းရည်က ရဲ့လင်းချန်နှင့် ယှဉ်နိုင်လုနီးပါးဖြစ်သဖြင့် ရဲ့လင်းချန် မလုပ်နိုင်သည့် အရာများ ရှိပါဦးမလား)
(ဘာသာပြန်သူ မှတ်ချက်။ ။မူရင်းရေးသားသူကတော့ ရဲ့လင်းချန်ကို ရှယ်တွေ အမွှန်းတင်နေတာပါပဲ*)
“ဟေ့ မိန်းမလှလေးတွေကို မြင်လိုက်ရလို့ ကျောက်ရုပ်ကြီး ဖြစ်သွားတာလား၊ ရှင် စိုက်ကြည့်လွန်းလို့ ရှင့်မျက်လုံးတွေက အပြင်ကို ထွက်ကျလာဦးမယ်”
ဟောင်ယွင်က စိတ်ဆိုးမာန်ဆိုး ပြောပြီး ရဲ့လင်းချန်၏ မျက်လုံးရှေ့၌ လက်ဝှေ့ယမ်းလာသည်။
တုန်းမြောင်မြောင်နှင့် ရှောင်ဖေးဖေးတို့က ရဲ့လင်းချန်ကို စိုက်ကြည့်နေသော်လည်း တိတ်တခိုး ပျော်ရွှင်နေမိသည်။ သူသာ ဆန္ဒရှိပါက သူတို့ကို ခိုးငမ်း၍ ရနိုင်ပေသည်။ သို့သော် သူသာ အလွန် ဣန္ဒြေမဲ့စွာ လုပ်ခဲ့ပါက ၎င်းက မကောင်းသော အမြင် ရှိလာစေမည် ဖြစ်သည်။
ရဲ့လင်းချန်က ဂရုမစိုက်ဘဲ ပြုံးကာ ရှောင်ဖေးဖေးကို လှမ်းကြည့်၍ ပြောလိုက်သည်။
“မင်း ဒီရက်တွေမှာ ကောင်းကောင်း အနားမယူခဲ့ဘူးလား”
“ရပါတယ်”
“ငါ မင်းကို ပြီးရင် နှိပ်ပေးမယ်၊ မင်း အနားယူပြီးတော့ ဒီည ကောင်းကောင်း အိပ်သင့်တယ်၊ နောက်ဆို မင်းကိုယ်မင်း ဖိအား သိပ်မပေးနဲ့၊ မင်း နားလည်တယ်မလား၊ မင်းက အရေးအကြီးဆုံး အရာပဲ”
ရှောင်ဖေးဖေး၏ ချီက အားအနည်းဆုံး ဖြစ်ပြီး သူမက အခြေအနေမကောင်းမှန်း သိသာလှသည်။ သူမခန္ဓာကိုယ်က ချိနဲ့နေပြီး သူမက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ထုတ်လွှင့်ရန်အတွက် ပြင်ဆင်နေသည်ကို ရဲ့လင်းချန် မသိပေ။
“အင်း”
ရှောင်ဖေးဖေးက ပျော်ရွှင်စွာ ပြုံးနေပြီး သူမမျက်နှာက နီမြန်းနေသည်။
သူမသည် ရဲ့လင်းချန်နှင့် အနှိပ်ပညာကြောင့်ပင် တွေ့ခဲ့ခြင်း ဖြစ်ပြီး သူမတို့နှစ်ယောက်တွင် အချင်းချင်း နီးကပ်သော ထိတွေ့မှုများ ရှိခဲ့သည်။
“ဟွန့် … အပြောကတော့ ချိုပါ့”
ဟောင်ယွင်က သည်းမခံနိုင်ဘဲ ခနဲ့လေသည်။
“Masked Singer မှာ ပါပြီး မိန်းမတစ်ယောက် အဖော်လုပ်ပေးတာကို ပျော်နေခဲ့တာလေ၊ အခု ရှင်က အစ်မဖေးဖေးကို ထပ်ပရောပရီလုပ်ဖို့ ကြိုးစားနေပြီ”
“ဟုတ်တယ်၊ ဥက္ကဋ္ဌရဲ့၊ ချန်ရှောင်ယန်က ရှင့်ကို နက်နက်ရှိုင်းရှိုင်း ကြည့်နေတာ၊ သူ့အတွက် ရှင် သီချင်းတွေ ရေးပေးခဲ့တယ်လို့ ကျွန်မ ကြားခဲ့တယ်၊ ကျစ် … ကျစ် … ကျစ် …”
တုန်းမြောင်မြောင်ကလည်း စနောက်၍ ပြန်ပြောလေသည်။
“သူနဲ့ ငါရဲ့ ပတ်သက်မှုက အနုပညာ ပူးပေါင်းမှုအတွက် သက်သက်ပါပဲ”
ရဲ့လင်းချန်က ရိုးရှင်းစွာ ပြန်ပြောလိုက်သည်။
“ဟွန့်”
ဟောင်ယွင်က နှုတ်ခမ်းဆူနေပြီးနောက် အလေးအနက် မေးလာသည်။
“ရှင့်ကိုယ်ရှင် ရိုးရိုးသားသားနဲ့ ရှင်းပြစမ်းပါ၊ ရှင် စည်းတစ်ခုခု ကျော်ခဲ့သေးလား”
*ဘာ*
ထိုမေးခွန်းက ရဲ့လင်းချန်ကို ကြောင်အသွားစေခဲ့သည်။
“ရှင်က ယောက်ျားလေးလေ၊ အဲ့ဒါကြောင့် ရှင့်လုပ်ရပ်တွေကို ရှင် ဝန်ခံရမယ်၊ ကျွန်မ ဘာပြောလဲ ရှင် သိပါတယ်”
ဟောင်ယွင်က ဖိအားပေးလာသည်။
ရဲ့လင်းချန်သည် တုန်းမြောင်မြောင်ကို ကြည့်လိုက်မိပြီးနောက် ရှောင်ဖေးဖေးကို ကြည့်လိုက်မိသည်။ သူတို့သည် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း သူ့အဖြေကို စိတ်အားထက်သန်စွာ စောင့်နေပုံ ရသည်။
“အဟမ်း ငါ မလုပ်ခဲ့ပါဘူး”
ရဲ့လင်းချန် ချောင်းအသာဟန့်လိုက်သည်။ ချန်ရှောင်ယန်နှင့် သူ၏ ပတ်သက်မှုက ထည့်တွက်စရာ မလိုဘူးမလား။
“ရှင့်နားမှာ မိန်းမလှလေးတွေ ဝိုင်းနေတာတောင် ရှင်က အခြား မိန်းကလေးတွေနဲ့ ပတ်ရှုပ်ချင်သေးတာလား၊ နှာဘူးကျလိုက်တာ”
ဟောင်ယွင်က ဆက်ပြောလေသည်။
ရဲ့လင်းချန် မစဉ်းစားဘဲ ပြောလိုက်သည်။
“မြင်နေရပြီးတော့ မစားရင် ဘာအသုံးဝင်မှာလဲ”
“ဟမ့် ဆုတောင်းနေလိုက်”
“ကျွန်မ စဉ်းစားရလိမ့်မယ်”
“မရဘူးလို့ ဘယ်သူက ပြောလို့လဲ”
အသံသုံးသံက တစ်ပြိုင်တည်းနီးပါး ထွက်လာသည်။ ဟောင်ယွင်က သူမဘေးမှ သစ္စာဖောက် နှစ်ယောက်ကို ထိတ်လန့်တကြား ကြည့်လိုက်မိပြီး ရှောင်ဖေးဖေးနှင့် တုန်းမြောင်မြောင်တို့၏ မျက်နှာက ချက်ချင်း နီမြန်း သွားသည်။
“အီအီအီ”
ထိုသို့သောအချိန်၌ အီသံတစ်သံက အနေရခက်သော အခြေအနေကို ချိုးဖျက်လာသည်။
“အား … ရှောင်ပိုင်ရေ၊ နင် ဘာဖြစ်တာလဲ ရှောင်ပိုင်”
“ဘယ်သူက ဒီလောက် ရက်စက်ရတာလဲ”
မိန်းကလေး သုံးယောက်က ဝမ်းနည်းစွာ ပြော၍ အလျင်အမြန် ပြေးသွားပြီး နွယ်ပင်များကို အသည်းအသန် ဖယ်ရှားကြသည်။ သူတို့သည် ဝမ်းနည်းကြေကွဲနေသော ရှောင်ပိုင်ကို ကယ်၍ ညစ်ပေနေသော သူ၏ အမွေးကို ဂရုတစိုက် ပွတ်သပ်ပေးကြသည်။
ရဲ့လင်းချန်သည် ကြောင်ပေါက်လေးကဲ့သို့ ဟန်ဆောင်နေသည့် ရှောင်ပိုင်ကို စိတ်ပျက်စွာ အကြည့်လွှဲလိုက်မိသည်။ ထိုသားရဲသည် သူက ဘာမျိုးစိတ်လဲဆိုတာကို စဉ်းစားခြင်း မရှိချေ။
ထိုရက်ပိုင်းအတွင်း၌။
Weibo ပေါ်တွင်။
Masked Singer နှင့် ပတ်သက်သော ဆွေးနွေးမှုများ နည်းပါးသွားပြီးနောက် လူအများသည် နောက်ဆုံးပေါ်နှင့် နာမည်အကြီးဆုံး ရုပ်သံဇာတ်လမ်းတွဲများထံသို့ အာရုံ ရောက်လာကြသည်။
[မကြာခင် ထုတ်လွှင့်တော့မယ် ဒီဇာတ်လမ်းတွဲကြီး နှစ်ခုကို ငါ မျှော်လင့်နေပြီ]
[ဟုတ်တယ်၊ ငါတော့ နှလုံးသားမဲ့ ဓားသမားနဲ့ အကောင်းဆုံးအချိန်အတွက် အရမ်း … စိတ်လှုပ်ရှားနေပြီ]
[ကျန်းထောင်နှင့် ဟွမ်ရှင်းက ဒီဇာတ်လမ်းတွဲ နှစ်ခုကို ကြော်ညာဖို့အတွက်နဲ့ Masked Singer မှာ ဝင်ပါခဲ့ကြ တာမလား]
[ဟားဟားဟား … ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ ချန်ပီယံဆု မရတာတော့ စိတ်မကောင်းစရာပဲ]
[သူတို့ ဒီတစ်ခေါက်တော့ ထိပ်ဆုံးကို ရောက်နိုင်ပါတယ်]
[သူတို့ နှစ်ယောက်လုံးက နာမည်ကြီးတယ်၊ အဲ့ဒီတော့ ဒီတစ်ခါ တိုက်ပွဲက ပြင်းမှာပဲ]
[နောက်ဆုံးတော့ ကြည့်ဖို့ ကောင်းတာလေး တစ်ခုခုတော့ ရပြီ၊ ဒီဇာတ်လမ်းတွဲ နှစ်ခုအတွက် အချိန်ဇယားက ချပြီးပြီ၊ သူတို့က တစ်နေ့တည်း လွှင့်ကြမှာ၊ သူတို့ထဲက တစ်ကားကားက သာသွားတာနဲ့ နောက် ဖြစ်လာမယ့် ဘုရင်ရဲ့ နေရာက သေချာသွားပြီ၊ ကြည့်ရတာ ဒီငပျော့ကောင်တွေက အနုပညာလောကမှာ နာမည်ကြီးတယ်နဲ့ တူတယ်]
[သရုပ်ဆောင်ဝိုင်ရဲ့ ဇာတ်လမ်းတွဲလဲ ရှိတယ် မဟုတ်လား]
[မင်း ပြောတာ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးလား၊ ပြီးသွားပြီလားတော့ မသိဘူး]
[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက မြုပ်မှာ၊ အဲ့ဒါ စစ်ကား ဇာတ်လမ်းတွဲ၊ ဘယ်လို သက်ရောက်မှုမျိုး ရှိမှာမို့လို့လဲ၊ အဲ့ဒါသာ နာမည်ကြီးလာရင် ငါ ချီးစားပြမယ်]
…
မြို့တော်၏ တစ်နေရာမှ ဟိုတယ်တစ်ခု၌ နှလုံးသားမဲ့ ဓားသမား ဇာတ်လမ်းတွဲ၏ ရိုက်ကူးရေး ဝန်ထမ်းများက ဂုဏ်ပြုပွဲ ကျင်းပနေကြသည်။
“သခင်လေးထောင်၊ ဒါက သခင်လေးရဲ့ ဆွဲဆောင်မှုအပေါ် မူတည်နေပြီ”
“ဒါရိုက်တာဝူ၊ ဒီတစ်ခေါက် ကျွန်တော်တို့ အဆင့် သတ်မှတ်ချက်က ဘယ်လောက် ရောက်နိုင်မယ်လို့ ထင်လဲ”
“ပြောရခက်တယ်၊ ဒါပေမဲ့ အဲ့လောက် ဆိုးမှာ မဟုတ်ပါဘူး”
“ငါတို့ ဒါကို ငါးလတောင် ရိုက်ကူးခဲ့တာ၊ လူတိုင်း အားကုန် ကြိုးစားခဲ့တယ်၊ အဲ့ဒါကြောင့် ပြဿနာ မဖြစ်နိုင်ပါဘူး”
“ငါတို့မှာ ပြိုင်ဘက် တစ်ယောက်ပဲ ရှိတယ်၊ အဲ့ဒါက အကောင်းဆုံး အချိန်ပဲ”
“သူတို့ကများ ငါတို့ကို စိန်ခေါ်ပြီး တစ်နေ့တည်းမှာ သူတို့ ဇာတ်လမ်းကို လွှင့်ရဲရတယ်လို့၊ သူတို့က သူတို့ သေတွင်းကို တူးနေတာပဲ”
“ဟုတ်တယ်၊ ဘယ်သူက ဘယ်သူ့ကို ကြောက်မလဲ ကြည့်ကြတာပေါ့”
…
ဟွမ်ရှင်း၏ စတူဒီယို၌။
“သခင်လေးဟွမ်က ဒီတခေါက် သေချာပေါက် နာမည်ကြီးမှာပဲ”
“လခွမ်းကို နှလုံးသားမဲ့ ဓားသမား”
“ငါတို့ လက်နက်တွေကို နှစ်ဝက်တိတ် သွေးလာခဲ့တာ၊ ငါတို့ ဇာတ်လမ်းတွဲမှာ ပြစ်ချက်မရှိလုနီးပါး ကောင်းတဲ့ မျက်စိကျစရာ အခန်းတွေ အများကြီးပဲ၊ ငါတို့ သေချာပေါက် အဆင့်ကောင်းတွေ ရမှာ”
“နာမည်ကြီးဖို့ သေချာသလောက်ပဲ၊ နေ့ရက်ကောင်းတွေက အရှေ့မှာ မြင်နေရပြီ”
“ဟားဟားဟား … မင်းပြောတာ မှန်တယ်၊ ငါတို့က သမိုင်းတွင်မယ့် အခိုက်အတန့်ကို မြင်တွေ့နေရတာ”
…
လူတိုင်း အာရုံစိုက်နေကြသည်။
ရိုက်ကူးရေး ဝန်ထမ်းတိုင်းက အရှိန်ရနေကြသည်။
မီဒီယာသည်လည်း စိတ်အားထက်သန်နေပုံရသည်။
ထိုအချိန်အတွင်း Masked Singer ၏ ရေပန်းစားမှုက ကုန်လွန်သွားပြီး လူအများ၏ အာရုံက ငပျော့ကောင်များထံသို့ ပြန်ရောက်လာသည်။ အင်တာနက်ပေါ်၌ နာမည်ကြီးလာသည်နှင့်အမျှ ကျန်းထောင်နှင့် ဟွမ်ရှင်း၏ ပရိသတ်များက ဘယ်သူက ဘုရင့်နေရာကို ရမလဲကို ငြင်းခုန်လာကြသည်။
ဆန်းကြယ်ကျွန်းပေါ်၌ ရှောင်ဖေးဖေးက ရှောင်ပိုင်ကို ပွေ့ကာ ရဲ့လင်းချန်ကို ကြည့်၍ မေးလိုက်သည်။
“လင်းချန်၊ ကျွန်မတို့ တကယ်ပဲ အဲ့ဒီ ဇာတ်လမ်းတွဲနှစ်ခုနဲ့ အတူတူ လွှင့်မလို့လား”
“အင်း … အချိန်ဇယားက အတည်ပြုပြီးသွားပြီလား”
ရဲ့လင်းချန် ပြုံး၍ ခေါင်းညိတ်ပြသည်။
“အင်း … ဒီလရဲ့ ရက်နှစ်ဆယ်ပိုင်းလောက် ဖြစ်လိမ့်မယ်၊ တစ်ပတ်လောက်ပဲ လိုတော့တာ”
ရဲ့လင်းချန်က ဖုန်းကို ကြည့်၍ ထူးဆန်းစွာ ပြုံးလိုက်သည်။
“ဒါဆို ဒီအချိန်ကို အသုံးချပြီး ကြော်ငြာဖို့ လုပ်ရမယ်”
ရှောင်ဖေးဖေးနှင့် အခြားသူများက ရဲ့လင်းချန်ကို ဇဝေဇဝါနှင့် ကြည့်နေကြသည်။
မကြာခင်မှာပင် အင်တာနက်ပေါ်၌ သတင်းတစ်ခု တက်လာပြီး လူတိုင်းအား မှင်တက်သွားစေခဲ့သည်။
ထိုအခိုက်တွင် သတင်းထွက်လာသည်နှင့် မီဒီယာများ အရူးအမူး ဖြစ်သွားပြီး လူအများ ထိတ်လန့်သွားကြသည်။ အနုပညာ နယ်ပယ်တောင်မှ မယုံနိုင်ကြချေ။
သရုပ်ဆောင်ဝိုင်က အမှန်တကယ်ကို Weibo ပေါ်၌ ပို့စ်တစ်ခု တင်လာခဲ့သည်။
စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တိတ်တဆိတ် ပြီးသွားခဲ့သည်။ ၎င်း၏ ထုတ်လွှင့်မှုအချိန်ကို တရုတ် ဗဟို ရုပ်သံဌာန၌ စီစဉ်ပြီးသွားလေပြီ။
ထုတ်လွှင့်မည့်အချိန်ကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြသည်။
*နှလုံးသားမဲ့ ဓားသမား၊ အကောင်းဆုံးအချိန်နဲ့ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးတို့က တစ်နေ့တည်း တစ်ချိန်တည်းမှာ ထုတ်လွှင့်ကြမယ်တဲ့လား*
*ဒါကြီးက … သုံးပွင့်ဆိုင် ထိပ်တိုက်တွေ့တာလား*
…