စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ပွဲဦးထွက်
Vol. 47 Ch. 703
သောကြာနေ့။
ထိုနေ့သည် စိတ်ပါဝင်စားမှု မြင့်မားသော ရုပ်သံဇာတ်လမ်းတွဲ သုံးခုလုံး ထုတ်လွှင့်မည့်နေ့ရက် ဖြစ်ပေသည်။
Weibo က ရုတ်တရက် ယခင်နေ့များထက် ပို၍ အသက်ဝင်လာသည်။
[လာတော့မယ်၊ လာတော့မယ်၊ ဇာတ်လမ်းတွဲတွေ လာတော့မယ်]
[ဘယ်ဇာတ်လမ်းက ဦးဆောင်လိမ့်မယ်လို့ ထင်လဲ]
[နှလုံးသားမဲ့ ဓားသမားပဲ ဖြစ်မှာ၊ ဒီလို ဇာတ်လမ်းတွဲမျိုးက အရမ်း လူကြိုက်များတယ်]
[အကောင်းဆုံးအချိန် ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်၊ အဆိုတော်တွေနဲ့ အချစ်ဇာတ်လမ်းလေတွေ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းပဲ]
[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးနဲ့ ပတ်သက်ပြီး ဘယ်သူမှ အကောင်းမထင်ကြဘူးလား၊ သရုပ်ဆောင်ဝိုင်ရဲ့ ပရိသတ်တွေ ဘယ်ရောက်ကုန်ပြီလဲ]
[စစ်ကား ဇာတ်လမ်းတွဲတွေက ကြိုက်ဖို့ခက်တယ်]
[တစ်ကားလုံး တိုက်ခိုက်နေတာပဲကို၊ အဲ့လို ကြီးကျယ် မြင့်မြတ်တဲ့ အကွက်တွေ ကြည့်ဖို့က စိတ်ပျက်ဖို့ ကောင်းတယ်]
[ငါ အကောင်းဆုံးအချိန်ကို ကြည့်ဖြစ်လောက်တယ်၊ ဇာတ်လမ်းတွဲတွေအားလုံးက တစ်ချိန်တည်း လွှင့်ပြီးတော့ ငါက တစ်ခုတည်းကိုပဲ ရွေးလို့ရတာ]
[ဟားဟားဟား ငါက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ကြည့်မှာ၊ ငါက သရုပ်ဆောင်ဝိုင်ရဲ့ လက်ရာကို မျှော်လင့်နေတုန်းပဲ၊ တကယ်ကြီး စိတ်ပျက်စရာကောင်းရင် ငါ လိုင်းပြောင်းပစ်မှာ]
[သရုပ်ဆောင်ဝိုင်ရဲ့ ဒဏ္ဍာရီက ပျက်စီးတော့မယ်လို့ ငါ အာရုံရနေတယ်၊ နင်းချေခံရလောက်တယ်]
ယနေ့သည် ထူးခြားသော နေ့တစ်နေ့ ဖြစ်သဖြင့် လူတိုင်းသည် အလုပ်မှ စောစောဆင်းနေကြပြီး တစ်ချို့ဆိုလျင် သူတို့၏ မိတ်ဆွေများနှင့် ချိန်းထားသည်ကိုပင် ငြင်းနေကြသည်။ အကြောင်းပြချက်မှာ အိမ်သို့ စောစောပြန်၍ လာမည့် ဇာတ်လမ်းတွဲများကို ကြည့်ရန်ပင်တည်း။
အင်တာနက်ပေါ်မှ ကြည့်ရှုနိုင်သော ဇာတ်လမ်းများကြောင့် ရုပ်သံဇာတ်လမ်းတွဲများ၏ ဈေးကွက်က သိသိသာသာ နိမ့်ကျလာခဲ့သည်။ စိန်ခေါ်မှုများကလည်း ပိုပို၍ ကြီးလာပြီး ရုပ်သံဇာတ်လမ်းတွဲများအတွက် ထိုသို့သော ဂယက်ရိုက်မှု ဖန်တီးနိုင်ခြင်းက ရှားပါးလှသည်။
အနုပညာ မီဒီယာများက ၎င်းတို့ကို ကြော်ငြာပေးနေသဖြင့် သရုပ်ဆောင်ဝိုင်က နာမည်ကြီး ငပျော့ကောင် နှစ်ကောင်နှင့် ရင်ပေါင်တန်းနေပြီး လူအာရုံစိုက်စရာ ဖြစ်နေသည်။
…
ယနေ့ည ခုနစ်နာရီအချိန်တွင်။
ဆန်းကြယ်ကျွန်း၌ အေးမြသော လေညင်း တိုက်ခတ်နေပြီး မြေကွက်လက်၌ အသားကင် မီးဖိုစင်များ ခြောက်ခု ရှိနေသည်။ မီးတောက်များက အဆက်မပြတ် တောက်လောင်ကာ အရသာ ရှိသော စားစရာအချို့ကို သူတို့ ကင်နေကြသည်။ မွှေးရနံ့က တောအုပ်ထဲသို့ ပျံ့လွင့်နေပြီး တောအုပ်ထဲမှ စိတ်လှုပ်ရှားသော အော်သံများကို ကြားနေရသည်။ သို့သော် ဘယ်အကောင်ကမှ ထွက်မလာရဲချေ။
“ရှောင်ချင်၊ ရှောင်ဟွေ၊ ဒီသိုးခြေထောက် နှစ်ချောင်းကို တောအုပ်ထဲ ပို့လိုက်”
ရဲ့လင်းချန်က သိုးကောင်၏ ကြီးမားသော ခြေထောက်နှစ်ချောင်းကို ဖြတ်ပြီး ပြောလိုက်သည်။
ရှောင်ချင်နှင့် ရှောင်ဟွေက သိုးခြေထောက်ကို နမ်းကြည့်ပြီး အင်တင်တင်ဖြင့် တောအုပ်ထဲသို့ အတူတူ လျှောက်သွားသည်။ ရှောင်ပိုင်ကလည်း ယက်ကန်ယက်ကန်နှင့် သူတို့အနောက်မှ လိုက်သွားလေသည်။
ကျားတစ်ကောင်မှ အမှောင်ထဲမှနေ၍ ကျားပေါက်လေး နှစ်ကောင်နှင့်အတူ စိုက်ကြည့်နေသည်။ ရှောင်ပိုင်ကို မြင်သောအခါ ကျားပေါက်လေး နှစ်ကောင်က အတူတူ ဆော့ကစားကြလေသည်။
ကျားက ရှောင်ပိုင်ကို အနည်းငယ်မျှ မာန်ဖီပြောဆိုပြီး သိုးခြေထောက်ကို ကိုက်၍ နောက်လှည့်ကာ ကျားပေါက်လေး နှစ်ကောင်နှင့်အတူ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
“ရှဲ”
အသားကင်က မီးရောင်အောက်၌ ဝင်းလဲ့ကာ မွှေးကြိုင်လျက် ရှိသည်။ လူတိုင်း မီးပုံနား ဝိုင်းနေပြီး မြေကွက်လပ်၌ သောက်စရာများစွာ ချထားသည်။
လဝက်ကြာပြီးနောက် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ရိုက်ကူးရေးဝန်ထမ်းများ ပြန်လည် စုစည်းနေကြသည်။ ရှောင်ဖေးဖေး၊ လီထိုက်၊ လီကျင့်၊ အလီနှင့် ကျန်သော ဝန်ထမ်းများလည်း လာကြသည်။ ဤနေရာသည် နောက်အနာဂတ်အတွက် သူတို့၏ အခြေစိုက် စခန်း ဖြစ်သဖြင့် သူတို့အတွက် မကြာခဏ လာရောက်ပြီး နေရာနှင့် အသားကျအောင် လုပ်သည်က အကောင်းဆုံးပင်။
ပထမ အပိုင်းကို ထုတ်လွှင့်မည့်အချိန်က ည ခုနစ်နာရီခွဲ ဖြစ်သည်။ ရဲ့လင်းချန်က လူတိုင်းကို ခေါ်၍ ပွဲဦးထွက် ရလဒ်ကို အတူတူ ကြည့်ကြရန် ပြင်ဆင်ထားသည်။
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
“အချိန်ကျတော့မယ်၊ ငါတို့ စားရင်း ရလဒ်တွေကို စောင့်တာပေါ့”
ရှောင်ဖေးဖေး၏ လှပသော မျက်ဝန်းများက ရဲ့လင်းချန်ကို စိတ်ပျက်လက်ပျက်ကြည့်၍ အကြည့်လွှဲသွားသည်။
လီထိုက်၏ မျက်နှာက ခါးသက်နေ၏။
လီကျင့်နှင့် အလီသည်လည်း အလွန်အမင်း စိုးရိမ်နေသည်။
ဤလူများသည် သူတို့ရှေ့၌ အစားအသောက် အလျှံအပယ် ရှိသော်လည်း စိတ်မအေးနိုင် ဖြစ်နေကြသည်။
“ဟေ့ … ဘာဖြစ်နေတာလဲ၊ မင်းတို့အားလုံးက ငိုတော့မယ့်ပုံ ပေါက်နေတယ်”
ရဲ့လင်းချန်က ပျော်နေသည်။
လီထိုက်က အောင့်သက်သက်နှင့် ပြုံးသည်။
“သခင်လေးရဲ့၊ မင်းက … ပြဿနာ ရှာတဲ့နေရာမှာ တော်တော် တော်တာပဲ”
“ငါကလား၊ အင်း … ငါကတော့ ဒါ တော်တော်လေ နှိမ့်ချထားတာလို့ ထင်တာပဲ”
လီကျင့်က ပြောသည်။
“သခင်လေးရဲ့၊ မင်းက ကျွန်တော်တို့ကို တော်တော်လေး ကြောက်အောင် လုပ်နေတာပဲ၊ အခု ကျွန်တော်တို့က ရေခဲပြင်ပေါ် လမ်းလျှောက်နေရသလိုပဲ”
အလီကလည်း ဝင်ပြောသည်။
“နေ့တိုင်း ကျုပ် သွားမယ့်လမ်းမှာ သတင်းထောက်တွေ အများကြီး ရပ်နေတာ၊ ပေါ်တင်ရော၊ တစ်ဖက်လှည့်နဲ့ရော သရော်နေတာ၊ သူတို့က ကျုပ်တို့တွေ ရယ်စရာ ဖြစ်အောင် လုပ်တာကို မြင်ဖို့ စောင့်နေကြတာ”
“အိုကေ … ငါတို့အတွက် အမူးသောက်ဖို့ ဒီနေ့ သောက်စရာတွေ အများကြီး ရှိတယ်၊ အားလုံး မြန်မြန် စားကြတော့လေ၊ အကောင်းဆုံး ဇာတ်လမ်းတွဲဆိုတဲ့ ခေါင်းစဉ်ကို ဘယ်သူမဆို ရနိုင်တုန်းပါပဲ၊ ငါက ဒီလို ဂုဏ်ပြု စားသောက်ပွဲ ပြင်ဆင်ပြီးတာတောင် မင်းတို့ကိုယ်မင်းတို့ နည်းနည်းလေးမှ ယုံကြည်ချက် မရှိဘူးလား”
“ဟူး … ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်ပြီး ခင်ဗျားရဲ့ ဂုဏ်သတင်းကို ထိခိုက်မိမှာကို စိုးရိမ်လို့ပါ”
လီထိုက်က စိုးရိမ်တကြီး ပြောသည်။
လူတိုင်း အကြိမ်အနည်းငယ်မျှ ညည်းတွားကြသည်။ ယခုတလော ဖိအားက ကြီးမားလွန်းပြီး အင်တာနက်ပေါ်မှ လူထုအမြင်ကလည်း သူတို့၏ စိတ်ကို တုန်လှုပ်စေပြီး စားချင်စိတ် ပျောက်သွားစေခဲ့သည်။ သို့သော် လူတိုင်း ထိုအကြောင်းကို မပြောတော့ဘဲ သူတို့၏ အစားအသောက်ကို စစားကြသည်။
“ဝိုး … ဒါက အရသာရှိတယ်”
“ဒီလိုအစားအစာမျိုးကို အပြင်မှာ စားဖို့ ဘယ်တော့မှ မျှော်လင့်လို့ရမှာ မဟုတ်ဘူး”
“ဥက္ကဋ္ဌရဲ့၊ ကျွန်တော်တို့ရဲ့ ဌာနချုပ်က နောက်ပိုင်း ဒီမှာပဲ ထားမယ်ဆိုတာ တကယ်လား၊ ဒါက တကယ်ကို နိဗ္ဗာန်ပဲ”
“ငါ ဒီမှာ အလုပ်လုပ်ဖို့ တကယ် မျှော်လင့်နေပြီ”
ဆန်းကြယ်ကျွန်းပေါ်တွင် လှပသော ရှုခင်း ပေါများလှပြီး ဆောက်လုပ်ရေး ကာလတွင်းမှာတောင်မှ ပို၍ တိုးလာသည်။ ဤနေရာတွင် နေထိုင်ပါက လူတစ်ယောက်သည် မတူညီသော စိတ်ခံစားချက် ရနိုင်ပြီး အသက်ပင် ရှည်နိုင်လောက်သည်။ ထို့အပြင် ကျွန်းသည် နောင်လာမည့် အနာဂတ်များ၌ ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်နေမည် ဖြစ်ကာ အထင်ကရ နေရာပင် ဖြစ်လာမည်မှာ အသေအချာပင်။ ဤနေရာ၌ အလုပ်လုပ်သည့်သူများကို အခြားသူများတောင်မှ မနာလို ဖြစ်လာနိုင်၏။
အစီအစဉ်အရ လူတိုင်း ရှိနေသည့် နေရာသည် ရိုက်ကူးရေးအတွက် လျာထားသည့် နေရာ ဖြစ်သည်။ မြို့များစွာကို တည်ဆောက်ဖြစ်ကာ မြို့တံတိုင်းများ၊ မဟာတံတိုင်းငယ်၊ မျှော်စင် စသဖြင့် ပါရှိမည် ဖြစ်သည်။ စိမ်းစိုလှပသော တောအုပ်သည် မနီးမဝေး၌ ရှိနေပြီး နောက်တွင် ကြီးမားသော ရုပ်ရှင် ရိုက်ကူးရေးနေရာအဖြစ် ပြောင်းလဲမည် ဖြစ်သည်။
ကျွန်း၏ ဗဟိုက ရှစ်ကီလိုမီတာ အကွာတွင် ရှိပြီး ထိုနေရာသည် ကုမ္ပဏီကြီးများစွာ၏ ဌာနချုပ်များနှင့်အတူ ဆန်းကြယ်ကျွန်း၏ အဓိက အဆောက်အဦးများ ရှိမည့်နေရာ ဖြစ်လေသည်။ ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရေး ကုမ္ပဏီ၏ ဆောက်လုပ်ရေး အကြမ်းထည်သည် ပုံပေါ်နေပြီ ဖြစ်ကာ ၎င်းက လင်ဇီးပင်ပုံစံ ဖြစ်နေသည်ကို လူတိုင်း သတိထားမိလောက်သည်။ အဆောက်အဦးက မကြာခင် ပြီးစီးတော့မည်ဟု ခန့်မှန်းရပြီး အခြား ကုမ္ပဏီများ၏ အဆောက်အဦး အကြမ်းထည်သည်လည်း စနေပြီ ဖြစ်သည်။
လူတိုင်း စားသောက်၍ ထုတ်လွှင့်မည့် ဇာတ်လမ်းတွဲကို စောင့်နေကြသည်။
ရှောင်ဖေးဖေးက ရုတ်တရက် ပြောလာသည်။
“လင်းချန်၊ စတော့မယ်”
ရိုက်ကူးရေး ဝန်ထမ်းများသည်လည်း အသင့်ဖြစ်နေကာ တီဗွီကို ဖွင့်လိုက်ကြသည်။
လူတိုင်း တီဗွီကို လှမ်းကြည့်ကြလေသည်။
ဤရိုက်ကူးရေး၌ သူတို့အားလုံး ပါဝင်ခဲ့သော်လည်း ဖန်သားပြင်၌ ပါဝင်ရခြင်းက မတူညီသော ခံစားချက် ရစေသည်။ သူတို့ထဲက ဘယ်သူမှ မည်သို့သော သက်ရောက်မှုမျိုး ရှိလာမည်ကို မသိသဖြင့် သူတို့ အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။
“ခုနစ်နာရီခွဲပြီ”
“စနေပြီ”
…
ကြည့်ရှုသူများသည်လည်း တီဗွီရှေ့၌ ထပ်တူ စိုးရိမ်နေကြလေသည်။
“အချိန်ကျပြီ”
“အား … နောက်ဆုံးတော့ စပြီကွ”
“ဘယ်ကားက ပိုကောင်းမလဲ၊ ဘာလို့ သူတို့အားလုံးက ပြိုင်တူ လွှင့်ရတာလဲ”
ဖန်သားပြင်ပေါ်၌ တရုတ် ဗဟိုရုပ်သံ ဌာနမှာ အဖွင့်သီချင်း စပြနေပြီ ဖြစ်သည်။
Executive Producer: သရုပ်ဆောင်ဝိုင်၊ ရှောင်ဖေးဖေး
Producer: သရုပ်ဆောင်ဝိုင်
Film Producer: သရုပ်ဆောင်ဝိုင်
Artistic Director: သရုပ်ဆောင်ဝိုင်
Screenplay: သရုပ်ဆောင်ဝိုင်
Video Editing: သရုပ်ဆောင်ဝိုင်
Director: သရုပ်ဆောင်ဝိုင်၊ လီထိုက်
ဟော်ရန်ကျားနှင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းတွင်လည်း ဤသို့ပင် ဖြစ်သဖြင့် လူအများက စာရင်းကို ကြည့်ပြီး မအံ့ဩကြချေ။ သရုပ်ဆောင်ဝိုင်၏ ကျွမ်းကျင်မှုကို လူတိုင်း သိခဲ့ရသည်က ပထမဆုံး မဟုတ်တော့ပေ။
ထို့နောက် ဇာတ်လမ်းတွဲက တရားဝင် စတင်လာသည်။
ပထမဆုံးအနေဖြင့် ဒုတိယမြောက် ဂျပန်နှင့် စစ်ပွဲ၏ နောက်ခံကို မိတ်ဆက်နေသည့် စာသားများ ပေါ်လာသည်။
ထို့နောက် ပထမဆုံးအခန်းမှာ စစ်မြေပြင် ဖြစ်ပြီး လူတိုင်းသည် စစ်ပွဲ၏ မီးတောက်များဖြင့် ဝန်းရံခြင်း ခံနေရကာ အမြောက်တပ်၏ အော်သံများ ထွက်ပေါ်နေသည်။ ဂျပန်နှစ်ယောက်ကြားမှ စကားနှင့်အတူ တင်းမာမှု ဖြစ်ပေါ်လာပြီးနောက် တပ်ရင်း ၃၈ ၏ ထူးခြားမှုကို မီးမောင်းထိုးပြလာသည်။ ထို့နောက်တွင်မူ ဇာတ်ကောင် တစ်ခု ပေါ်လာသည်။ ထိုသူမှာ လီယွင်လုံပင်။
…
လူတိုင်း အသက်အောင့်ထားမိပြီး သူတို့ဇာတ်လမ်း၏ ရလဒ်များကို စိုးရိမ်တကြီး ကြည့်နေကြသည်။
“မင်းက အထူးတပ်သား ဖြစ်နေလဲ ငါ ဂရုမစိုက်ဘူး၊ ဘာလို့လဲဆိုတော့ ငါက အထူးတပ်ဖွဲ့ကို တိုက်ခိုက်မှာမို့လို့ပဲ”
“သူတို့ကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းရှာကြ”
“ညီအစ်ကိုတို့၊ ဒီကောင်တွေက သူတို့ လှံစွပ်နဲ့ ကျွမ်းကျင်ကြတယ်လို့ ငါ မင်းတို့ကို ပြောခဲ့တယ်၊ ဒါပေမဲ့ ငါ သူတို့ လှည့်ကွက်တွေကို မယုံဘူး၊ သူတို့တွေက လူတွေပဲလေ၊ အခု ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ၊ ယမမင်းက ဒီမှာ ရှိနေမယ်ဆိုရင်တောင်မှ ငါ သူ့မုတ်ဆိတ်မွေးကို ရိတ်ပစ်မှာ၊ ငါ အရင်က ပြောခဲ့တယ်၊ ရန်သူနဲ့ ထိပ်တိုက် တွေ့တဲ့အခါမှာ ရဲရင့်တဲ့သူက အနိုင်ရတာပဲ”
“ညီအစ်ကိုတို့ တက်ကြ”
…