အောင်မြင်မလား၊ ကျရှုံးမလား
Vol. 47 Ch. 704
၎င်းက ပွဲဦးထွက် တင်ဆက်ခြင်း ဖြစ်သဖြင့် အပိုင်းများကြား၌ ကြော်ငြာ မရှိကာ ပျော်ပျော်ရွှင်ရွှင်နှင့် ကြည့်ရှု နိုင်ပေသည်။
သူတို့သည် တီဗွီထဲမှ ချီတက် တိုက်ခိုက်သည့်အခန်းကို ကြည့်နေကြသည်။
ဇာတ်ကောင်တစ်ခုက ကျည်ဆံမုန်တိုင်းများ၌ လက်ထဲ၌ လက်ပစ်ဗုံးကို ကိုင်၍ ရန်သူများနှင့်အတူ အသေခံသွားသည်ကို သူတို့ ကြည့်နေသည်။
နှစ်ဖက်လုံးမှ ဓားကြီးများကိုင်၍ တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် တိုက်ခိုက်နေသည်ကို သူတို့ ကြည့်နေကြသည်။ ၎င်းက ထိတ်လန့်စရာကောင်းသော မြင်ကွင်းပင်။
လီထိုက်နှင့် ထုတ်လုပ်ရေးအဖွဲ့ထဲမှ အခြားသူများသည် သူတို့၏ သွေးများ ပွက်ပွက်ဆူလာပြီး ကြက်သီးထ လာသည်ဟု ခံစားနေရသည်။
သူတို့ စားသောက်ရန်ပင် မတွေးမိပေ။ ရဲ့လင်းချန် တစ်ဦးတည်းသာလျှင် လက်ထဲ၌ သိုးခြေထောက်ကိုကိုင်၍ အေးအေးလူလူ စားသောက်နေသည်။
လူတိုင်း ဖန်သားပြင်ကို အလန့်တကြား ကြည့်နေပြီး အချက်အလက်များကို ထပ်ခါထပ်ခါ အတည်ပြုနေသည်။
ရုပ်သံဇာတ်လမ်းတွဲက အဲ့လောက် ကောင်းတာလား”
ဤသည်က သူတို့ တစ်လခွဲတိတိ ရေကုန်ရေခမ်း ကြိုးစားခဲ့ရသည့် ရလဒ်လေလား။
ရဲ့လင်းချန်သည် ချင်ပိုင်ချွမ်းကို ဖုန်းခေါ်လိုက်ပြီး တစ်ဖက်မှ မကိုင်ခင် တစ်ခဏမျှ စောင့်လိုက်ရလေသည်။
“အဘိုးချင်၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက အခု လွှင့်နေပြီ၊ ဘယ်လို သဘောရလဲ၊ ရလဒ်တွေကို ကြည့်ချင်လား”
ရဲ့လင်းချန် ပြုံးနေသည်။
စစ်သည်တော်ဌာန၌ စစ်သည်တော်များ ရှိသော်လည်း သူတို့အားလုံး မြို့တော်ဒေသသစ်၌ ပိတ်မိနေသည်က စိတ်မကောင်းစရာပင်။ သို့မဟုတ်ပါက သူတို့သည် ပွဲဦးထွက် ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် သေချာပေါက် စုဝေးနိုင်ပေမည်။
“အခုတလော တစ်ခုခု ဖြစ်သွားတာလေး ရှိနေတယ်၊ ငါ ကြည့်လို့ရမှာ မဟုတ်ဘူး၊ အေးဆေးပေါ့ ကောင်လေးရာ၊ ငါ မင်းကို စစ်သည်တော်တွေ အများကြီး ငှားပေးခဲ့တာပဲ၊ အဲ့ဒီငပျော့ကောင်တွေကို မနင်းချေနိုင်လို့ ငါ မင်းကို ဒေါသထွက်လာရင်တော့ ငါ့အဆိုးမဆိုးနဲ့ပေါ့ကွာ”
ချင်ပိုင်ချွမ်းက ခြိမ်းခြောက်လေသည်။
“စိတ်မပူပါနဲ့၊ ကျွန်တော် အားလုံး ဖြေရှင်းပြီးသားပါ၊ စစ်သည်တော်တွေရဲ့ လမ်းကြောင်းကို အများသိအောင် ပြနိုင်မှာပါ”
ရဲ့လင်းချန် ရယ်နေပြီးမှ ခပ်အုပ်အုပ်အသံဖြင့် မေးလိုက်သည်။
“အဲ့ဒီဘက်မှာ ဘာဖြစ်နေတာလဲ”
“ထွေထွေထူးထူး မဟုတ်ပါဘူး၊ ငါ ဒီကိစ္စ ပြီးတာနဲ့ အဆင့် သက်မှတ်ချက်က ဘယ်လိုလဲဆိုတာ ကြည့်ဦး”
ချင်ပိုင်ချွမ်းက ပြန်ပြောလေသည်။
ဖုန်းချပြီးနောက် ရဲ့လင်းချန်သည် အသာမျက်မှောင်ကြုတ်၍ မြို့တော်ရှိရာဘက်သို့ လှမ်းကြည့်မိသည်။
အဘိုးချင်သည် ဇာတ်လမ်းတွဲကို မျှော်လင့်နေခဲ့တာ ဖြစ်သည်။ သူ့အား ပွဲဦးထွက် တင်ဆက်ခြင်းကို လွဲရသည်အထိ ဘာတွေများ ဖြစ်နေခဲ့သနည်း။
…
တစ်ချိန်တည်းမှာပင် နှလုံးသားမဲ့ ဓားသမားသည်လည်း ပွဲဦးထွက် ထုတ်လွှင့်နေ၏။
ရိုက်ကူးရေးက ခမ်းနားပြီး အထူး ပြုလုပ်ချက်များကို အသုံးပြုထားကာ ဓားများကို မာန်အပြည့်ဖြင့် လွှဲယမ်း နေကြသည်။
“မင်း ငါ့ကို မယှဉ်နိုင်ပါဘူး”
“ငါတို့ မစမ်းကြည့်ဘဲနဲ့ မသိနိုင်ပါဘူး”
“ငါ မင်းကို သုံးကွက် အကျောပေးမယ်၊ မင်း နောက်ဆုံးအထိ အသက်ရှင်ရင်တော့ ငါ မင်းကို လေးစားမိမှာပါ”
“ဟားဟားဟား … ဒါဆိုရင်တော့ ငါ့ရဲ့ တိမ်လွှာခွင်း ဓားချက်နဲ့အတူ နှလုံးသားမဲ့ ဓားသိုင်းရဲ့ အဓိပ္ပာယ်ကို မင်းကို သင်ပေးရမှာပေါ့”
ကျန်းထောင်သည် အနက်ရောင် ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ကာ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ ပုံစံက ဖိနှိပ်နိုင်ပုံပေါ်ပြီး သူ၏ ပြိုင်ဘက်သည်လည်း ငပျော့ကောင်များထဲမှ တစ်ယောက် ဖြစ်ကာ ဓားရှည် တစ်လက်ကို ကိုင်ထားလေသည်။
ကြည့်ရှုသူများ၏ မျက်လုံးအရောင်များ လင်းလက်သွားသည်။ ထိပ်တန်း ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ရန် ထိုက်တန်ပေသည်။ ၎င်းသည် သူတို့၏ ဆွဲဆောင်ရည်၊ အထူးပြုလုပ်ချက်များဖြစ်စေ၊ သူတို့၏ စကားပြောခန်းများ ဖြစ်စေ ရှုထောင့်အားလုံးမှ ကြည့်ကောင်းလှသည်။ ၎င်းက လက်ရာကောင်းပင်။
အင်တာနက်ပေါ်၌ ဆွေးနွေးမှုများ စတင်လာသည်။
[အား … ထောင်ထောင်က ချောလိုက်တာ]
[ဒီဝတ်စုံက အလှဆုံးပဲ၊ ဘယ်သူမှ ငါ့ကို တခြား ပြောနိုင်မှာ မဟုတ်ဘူး]
[နှလုံးသားမဲ့ ဓားသမားက ဒီပွဲကို နိုင်မှာ]
[လှလိုက်တဲ့ အဖွင့်၊ သူတို့ ဒီအခန်းကို သန်းတစ်ရာကျော်လောက် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ရမယ်]
[ကျေနပ်ဖို့ ကောင်းလိုက်တာ]
[ဒီလိုလှတဲ့ အခန်းမျိုးက အကောင်းဆုံးအချိန်မှာ ပါလာနိုင်မှာ မဟုတ်ဘူး]
…
တစ်ဖက်တွင်မူ အကောင်းဆုံးအချိန်ကို ထုတ်လွှင့်နေ၏။
ဇာတ်ဝင်ခန်းသည် ထပ်တူ လှပ၍ အလွန်အမင်း ကဗျာဆန်လှသည်။
ဇာတ်လိုက် မင်းသားနှင့် ဇာတ်လိုက်မင်းသမီးတို့ တွေ့ဆုံပြီးနောက် ပဋိပက္ခများ ဖြစ်ပေါ်လာကာ နောက်ပိုင်း၌ ရန်သူများ ဖြစ်သွားကြသည်။ ဇာတ်ကြောင်းက တဖြည်းဖြည်း တိုးတက်လာပြီး ကြည်နူးစရာ ကောင်းလာသည်။
မှတ်ချက်များသည်လည်း များလှသည်။
[ဝိုး … ဒါက ကြည်နူးဖို့ကောင်းလိုက်တာ]
[ဟွမ်ရှင်းက တကယ် ချောတာပဲ၊ ဖိနှိပ်နိုင်တဲ့ ဥက္ကဋ္ဌပဲ]
[ဒါ အကောင်းဆုံး အိုင်ဒေါလ် ဇာတ်လမ်းတွဲပဲ၊ တစ်ခုတည်းသောပဲ]
[ကြည်နူးဖို့ကောင်းလိုက်တာ၊ ငါ့နှလုံးတွေ ပေါက်ကွဲတော့မယ်]
[ဒီလို ဇာတ်လမ်းတွဲကောင်းမျိုး ရဖို့က ရှားတယ်၊ သူတို့ ဘုရင်နေရာအတွက် တိုက်ခိုက်ဖို့ ယုံကြည်ချက် ရှိနေတာ မဆန်းတော့ဘူး]
[နှလုံးသားမဲ့ ဓားသမားကလည်း တော်တော်လေး ကောင်းတယ်]
[ပွဲသိမ်းပြီ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ပိုးဆိုးပက်စက် မြုပ်တော့မှာ]
[ဟုတ်တယ်၊ လမ်းကြောင်းက တခြား ဇာတ်လမ်းတွဲ နှစ်ခုက ဆွဲခေါ်တာကို ခံလိုက်ရပြီ၊ ဘယ်သူမှ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ကြည့်မှာ မဟုတ်ဘူး]
…
နှလုံးသားမဲ့ ဓားသမားနှင့် အကောင်းဆုံး အချိန်တို့၏ ပရိသတ်များသည် ဇာတ်လမ်းထဲ မျောသွားကြပြီး လူတိုင်းနီးပါးက ရဲ့လင်းချန်၏ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို အကောင်းမမြင်ကြချေ။ သို့သော် သူတို့ မသိလိုက်သည်က စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ကြည့်သည့်သူများ အလွန်အမင်း ထိတ်လန့် သွားခဲ့ကြသည့် အကြောင်းပင်။ သူတို့ ခံစားရသည့် ထိတ်လန့်မှုသည် သူတို့ မြင်ရသည့် အရာကြောင့်သာမက သူတို့ စိတ်ဝိညာဉ်ကပါ ခံစားရသည့် ခံစားချက်ကြောင့် ဖြစ်သည်။
ပရိသတ်များသည် တီဗွီရှေ့ ထိုင်လိုက်သည်နှင့် ရူးသွပ်သွားကြလေသည်။
“သေစမ်း … ဒါ သောက်ရမ်းကောင်းတဲ့ ဇာတ်လမ်းပဲ”
“ငါ စတွေးခဲ့တာက စမ်းပြီး ကြည့်ကြည့်မယ်ပေါ့၊ ဒါပေမဲ့ အခု စကြည့်လိုက်တာနဲ့ ထိုင်ရာက ထဖို့ ခက်သွားပြီ”
“ဘယ်နှနှစ်တောင် ရှိနေပြီလဲ၊ ဒီလို အံ့ဩဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲမျိုး ရဖို့ ငါ ဘယ်လောက် နှစ်တွေ အကြာကြီး စောင့်ခဲ့ရလဲ”
“ထိတ်လန့်ဖို့လဲ ကောင်းတယ်၊ ဟူကျီက ကျည်ဆံမိုးတွေ ကြားထဲမှာ ဗုံးကို သူ့ကိုယ်မှာ ပတ်ပြီး ပြေးသွားတာကို မြင်တော့ ငါ ငိုခဲ့တာ”
“ရန်သူနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ရဲရင့်တဲ့သူကသာ အနိုင်ရမယ်တဲ့၊ မင်းက စစ်သားလို့ ခေါ်ဖို့ ထိုက်တန်ပါတယ်”
“ငါတို့ အခု ခံစားနေရတဲ့ ငြိမ်းချမ်းမှုက ဒီလူတွေကြောင့် ရခဲ့တာ၊ ငါတို့ သူတို့ ကျခဲ့တဲ့ သွေးတွေကို ဘယ်တော့မှ မေ့လို့ မဖြစ်ဘူး”
“လီယွင်လုံက ယောက်ျားအဆန်ဆုံး ယောက်ျားပဲ၊ ဟားဟားဟား … သူက စစ်သား မဟုတ်ဘူး၊ သူက ဓားပြပဲ”
“ဒါ အံ့ဩဖို့ကောင်းတဲ့ ဇာတ်လမ်းပဲ၊ သူတို့ စစ်ပွဲထဲ ရောက်နေတာတောင် ပျော်နေကြတာလေး မြင်တော့ ငါ ရယ်ခဲ့ရသေးတယ်၊ ဒါပေမဲ့ ခဏလောက် ရယ်ပြီးတော့ ငိုရတာပဲ”
“စိတ်အားထက်သန်မှုကို ခံစားမိတယ်၊ ဒါ တကယ့် ယောက်ျားတွေ ပြုမူသင့်တဲ့ပုံပဲ၊ သေနတ်တစ်လက်တောင် ကိုင်နိုင်ပုံမရတဲ့ ငပျော့ကောင်အဖွဲ့နဲ့တော့ ဘယ်တူမလဲ၊ သူတို့ သိတာက သူတို့ရဲ့ မျက်နှာလှလှလေးကို ကြွားဖို့ပဲ သိတာ”
“ဇာတ်ကြောင်းကလဲ ပြင်းတယ်၊ နားတာ မရှိဘူး”
“ဒါကို တစ်လခွဲနဲ့ ရိုက်ခဲ့တာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒီသရုပ်ဆောင်အဖွဲ့က ဗလအတောင့်ဆုံး ယောက်ျားတွေပဲ၊ အဲ့လို အနုပညာရှင်မျိုး ရှိမှာ မဟုတ်ဘူး၊ သူတို့က သူတို့ပုံစံအတိုင်း သရုပ်ဆောင်နေတယ်လို့ ခံစားရတယ်”
“တိုက်ပွဲက စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်၊ တကယ်ကို လက်သီးနဲ့ ထိုးတာ၊ တကယ့် ယောက်ျားတွေ”
စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ အပိုင်း နှစ်ပိုင်း ပြီးသွားလေပြီ။
ကြည့်ရှုသူများသည် ထပ်ကြည့်ချင်နေကြပြီး နောက်လာမည့် အပိုင်းကို စောင့်မျှော်နေကြသည်။
ဇာတ်လမ်းအပြီး လာသည့် သီချင်းပင် စနေလေပြီ။
၎င်းက မီးနှင့်ရေ တိုက်ပွဲသံစဉ်နှင့် အဆုံးသတ်သွားလေသည်။
…
ဆန်းကြယ်ကျွန်း၌ လူတိုင်းသည် တီဗွီကို တအံ့တဩ ကြည့်နေကြပြီး ကြော်ငြာ ဝင်လာသည့်အခါမှသာ သတိ ပြန်ဝင်လာကြသည်။ သူတို့အားလုံး ရဲ့လင်းချန်ကို အလိုလို လှည့်ကြည့်မိကြသည်။
ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။
“ဘယ်လိုလဲ၊ ဇာတ်လမ်းက ကောင်းရဲ့လား”
ရှောင်ဖေးဖေးက ပြောလာသည်။
“စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်၊ ကျွန်မက မိန်းကလေးဆိုပင်မယ့် ဇာတ်လမ်းကို ကြည့်နေတဲ့အချိန် သွေးပူလာပြီး စိတ်တွေ တက်ကြွလာတာ၊ ကျွန်မ ထိုင်ရာကနေတောင် မထချင်ဘူး”
“သခင်လေးရဲ့၊ ဒါက … ဒီမှာ သရုပ်ဆောင်ခဲ့တဲ့သူတွေက တကယ်ပဲ ကျွန်တော်တို့လား”
လီကျင့်က မယုံကြည်နိုင်ဟန်ဖြင့် မေးလာသည်။
ရဲ့လင်းချန်က ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
“ငါတို့ပဲပေါ့၊ မင်းတို့ကိုယ်မင်းတို့ မမှတ်မိဘူးလား”
“ရဲ့နတ်ဘုရား၊ ဘာလို့ ဒါက ဇာတ်လမ်းထဲမှာ အံ့ဩဖို့ကောင်းနေတာလဲ၊ ကျွန်မတို့ ရိုက်ကူးမှုကို ကြည့်နေတုန်းက ဘာမှ မခံစားမိပါဘူး”
ဟောင်ယွင်နှင့် တုန်းမြောင်မြောင်တို့ နှစ်ယောက်လုံးက ရဲ့လင်းချန်ကို ငေးကြည့်နေကြသည်။
“ငါတို့ ရိုက်ကူးခဲ့တဲ့ အခန်းတွေက တစ်ပိုင်းစီ ဖြစ်နေတာလေ၊ မင်းတို့ တစ်ခန်းတည်းကို ကြည့်ပြီး ဘာမှ ခံစားမိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခြေအနေတစ်ခုကို ဖန်တီးဖို့အတွက် အခန်းအများကြီးကို ဆက်လိုက်တဲ့အခါကျရင် လုံးဝ မတူတဲ့ သက်ရောက်မှုတစ်ခု ဖြစ်သွားလိမ့်မယ်”
ရဲ့လင်းချန် ရှင်းပြလိုက်သည်။
“ရိုက်ချက်တွေက တီဗွီမှာ ပေါ်လာတဲ့အခါကျရင် လှလှပပ ပေါင်းစပ်သွားတာ”
၎င်းက လူနှစ်ယောက် တိုက်ခိုက်သည်ကို ကြည့်နေရသလိုပင်။ ၎င်းက ပျော်စရာ ကောင်းလောက်သော်လည်း တစ်ဖက်က အတွေ့အကြုံ မရခင် ဆိုးဆိုးရွားရွား ထိုးနှက်ခံရပြီး လှောင်ပြောင်မှုကို သည်းခံခဲ့ပြီးနောက် တစ်ကျော့ပြန် တိုက်ခိုက်လာသောအခါ ခံစားချက်က လုံးလုံးလျားလျား ခြားနားနေပေလိမ့်မည်။
ရဲ့လင်းချန်သည် အခန်းများကို ရိုက်ကူးစဉ်က ရိုက်ကွင်း စည်းမျဉ်းများကို မလိုက်နာခဲ့ပေ။ တစ်ချို့သော အချိန်များက အခန်းတစ်ချို့ ရိုက်ကူးရန်အတွက် ပိုသင့်လျော်တတ်ပြီး တစ်ချို့နေများတွင် တခြားအရာများကို ရိုက်ကူးရန် ပိုသင့်တော်နေလောက်သည်။ အခြေအနေသည် ရှုပ်ယှက်ခပ်နေသည်ဟု ထင်နေရပြီး တစ်ခန်းတည်းကို ကြည့်ပါက တစ်ခုခုကို ခံစားမိရန် ခဲယဉ်းပေသည်။
ဟောင်ယွင် မနေနိုင်ဘဲ ပြောလိုက်သည်။
“ကျွန်မ နောက်တစ်ပိုင်း ကြည့်ချင်တယ်”
အလီသည်လည်း စိုးရိမ်ပူပန်နေသည်။
“ကျွန်တော်ရောပဲ၊ ကျွန်တော် ဘယ်တော့လောက် ပေါ်လာမှာလဲ”
“မရဘူး”
ရဲ့လင်းချန်က တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆိုလိုက်သည်။
“ဘာ … ဘာလို့လဲ”
ဟောင်ယွင်က ရဲ့လင်းချန်ကို စိုက်ကြည့်နေသည်။
“ဒါ လျှို့ဝှက်ထားရမယ့်အရာလေ၊ ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းကို နေ့တိုင်း လွှင့်မှာပဲကို၊ မင်းတို့ တစ်ခါတည်းနဲ့ အားရပါးရ ကြည့်စရာ မလိုပါဘူး”
ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။
“ကျစ် … ကျွန်မ ဂရုမစိုက်ဘူး”
ဟောင်ယွင်က မကျေမနပ် ပြောလိုက်သည်။
လူတိုင်းက တီဗွီကို ရှုပ်ထွေးသော မျက်နှာ အမူအရာနှင့် ကြည့်နေမိသည်။
နောက်တစ်ဆင့်မှာ အဆင့်သက်မှတ်ချက်ကို စောင့်ရန် ဖြစ်သည်။
အောင်မြင်မလား၊ မြုပ်သွားမလား ဆိုသည်ကို နောက်တစ်နေ့မှ သိရပေမည်။