← Chapters

ထပ်မံရှုံးနိမ့်ခြင်း

Vol. 3 Ch. 107

ထပ်မံရှုံးနိမ့်ခြင်း

Vol. 3 Ch. 107

ရော့ဝဲလ်က ကမ်းခြေတစ်နေရာမှာ ရပ်နေရင်းကနေ ကွန်စတန်တီနိုဘယ်မြို့ရှိရာအရပ်ကို လှမ်းမျှော် ကြည့်နေပါတယ်။ သူ့လက်ကြားထဲမှာတော့ ဆေးပြင်းလိပ် တစ်ခုရှိနေပြီး အဝေးကနေကြည့်မယ်ဆိုရင် ဆေးပြင်းလိပ် ထိပ်ကနေပြီးတော့ မီးခိုးတွေအူထွက်နေတာကို တွေ့နိုင်ပါတယ်။

“ဘုရားကျောင်းက စစ်ပြင်နေပြီပဲ။ ထင်ထားတာထက် စောစောစီးစီး အသင့်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကိစ္စ မရှိပါဘူးလေ။”

ရော့ဝဲလ်က အေးအေးဆေးဆေးရှိနေတယ်။ သူ့ပုံစံက သူ့ရန်သူဟာ ဘယ်နည်းနဲ့မှ သူ့ကိုအနိုင်မယူနိုင်မယ့် အလားပါပဲ။ တစ်ဖွာပြီးတစ်ဖွာ ဖွာရင်း ဆေးပြင်းလိပ် တိုဝင်သွားပြီးတဲ့နောက်တော့ သူဟာ ထိုင်ချလိုက်ပြီး သဲသောင်ပြင်ပေါ်က ရေစိုစွတ်နေတဲ့သဲနဲ့ ဆေးလိပ်မီးကို သတ်လိုက်ပြီး ဖင်စီခံကိုတော့ အသင့်ယူဆောင်လာတဲ့ ဆေးလိပ်ပြာဘူးထဲ ထည့်သိမ်းလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ အရိပ်ထဲကနေ ဝတ်ရုံနက်နဲ့အမျိုးသမီး ပေါ်လာပြီး ရော့ဝဲလ်ရှေ့မှာ ဒူးထောက်ခစားလိုက်တယ်။

“ဟိုကောင်လေးက ငါ့ကိုလိုက်ရှာနေ​ပြန်ပြီလား။ ဒီတော့ ငါ့ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိလာပြန်ပြီပေါ့။”

ရော့ဝဲလ်က သဘောတ​ကျရယ်မောတယ်။ အမျိုးသမီးက ခံစားချက်ကင်းမဲ့စွာနဲ့ ခေါင်းကိုငိုက်စိုက်ချထားပြီးတော့ တည်ငြိမ်စွာ ရှိနေပါတယ်။ နောက်ဆုံးတော့ ရော့ဝဲလ်က လမ်းလျှောက်တုတ်ကို မြှောက်ကာကစားရင်း...

“ကောင်းပြီလေ။ အဲဒီကောင်လေးရဲ့ခွန်အား ဒီရက်ပိုင်းမှာ ဘယ်လောက်တိုးပွားလာလဲ ကြည့်ရအောင်။”

...

ရော့ဝဲလ်နဲ့နက်ဆန်က သဲသောင်ပြင်ပေါ်မှာ မျက်နှာချင်းဆိုင် ရပ်နေကြပါတယ်။

ရော့ဝဲလ်ပုံစံက သက်သောင့်သက်သာရှိနေပြီးတော့ တိုက်ပွဲတစ်ပွဲကို တိုက်တော့မယ့်လူတစ်ယောက်နဲ့ မတူညီဘဲ ကမ်းခြေမှာ လေညှင်းခံထွက်လာတဲ့ သူဌေးကြီးလိုမျိုး ခံစားချက်ကိုပါ ပေးစွမ်းနေပါတယ်။

နက်ဆန်ရဲ့မျက်လုံးထဲမှာတော့ ဒေါသအရိပ်အယောင်ကို တွေ့မြင်နိုင်ပြီး သူက ဘေးမှာရပ်နေတဲ့ နာတာရှာဆီကို လက်ဖြန့်ပြီး

“ငါ့ကို ဓားပေး။”လို့ ပြောလို​က်တယ်။ နာတာရှာကတော့ သူ့ခါးမှာ ချိတ်ထားတဲ့ ဆေဘာကို ကြည့်လိုက်ပြီးတော့ ခေါင်းကို ခါယမ်းလိုက်ပါတယ်။

“သခင်၊ ပါစီဆယ်က သခင့်ကို လိုလိုချင်ချင်နဲ့ အညံ့ခံထားတာ မဟုတ်ဘူး။”

နာတာရှာက အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ်။ ပါစီဆယ်က နက်ဆန်ကိုမနိုင်လို့ လက်နက်ချခဲ့ရုံသာရှိပြီး အရင်က နက်ဆန်သူ့ကိုသုံးဖူးတယ်ဆိုပေမဲ့ ဆယ်ဗီကို ကာကွယ်ဖို့အတွက်က အဓိကပါ။ ဆယ်ဗီ နက်ဆန်နားက ထွက်သွားပြီးတဲ့နောက်ပိုင်းမှာတော့ ပါစီဗယ်က နက်ဆန်ကို နာခံခြင်း မရှိသလောက်ဖြစ်နေပါပြီ။

“ငါ့ကို ဓားပေးလို့ပြောနေတယ်။” နက်ဆန်က လေသံမာမာနဲ့ ပြောလိုက်တယ်။ ဓားစုံတွဲက ထိခိုက်ထားတဲ့အတွက်ကြောင့် ရော့ဝဲလ်နဲ့တိုက်ပွဲမှာ သူထုတ်ဖော်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် လက်နက်အနေနဲ့သုံးချင်တယ်ဆိုရင် ပါစီဗယ် တစ်ယောက်တည်းကသာ ရွေးချယ်စရာပါ။

“ကောင်းပါပြီ။” နာတာရှာက သူ့ခါးက ဆေဘာဓားကို ဓားအိမ်ထဲကနေ ထုတ်လိုက်ပြီး နက်ဆန့်လက်ထဲကို ထည့်ပေးလိုက်တယ်။ သူကိုယ်တိုင်ကတော့ မှော်နှင်တံကို အသင့်ပြင်ထားလိုက်ပါတယ်။

“ဗျူဟာအတိုင်းတိုက်မယ်၊ ကျွန်မတို့နှစ်ယောက် အတွဲညီညီတိုက်ရင် အခွင့်အရေးရှိနိုင်တယ်။”

နက်ဆန်က နားလည်တဲ့အကြောင်း ခေါင်းညိတ်ပြလိုက် ပါတယ်။ ရော့ဝဲလ်ကတော့ အဲဒီမြင်ကွင်းကို ကြည့်နေရင်းနဲ့ ခနဲ့တဲ့တဲ့ပြုံးလိုက်လေရဲ့။

“ခါတိုင်းလိုပဲ ကလေးဆန်နေတုန်းပါလား။ ဒီလောက် ဒေါသထွက်နေတယ် ဆိုကတည်းက မင်းဟာ တိုက်ပွဲ မစခင်ကတည်းက ရှုံးနှင့်ပြီးပြီ။”

“ပါးစပ်ပိတ်...” နက်ဆန်ရဲ့ခန္ဓာကိုယ်နဲ့အရိပ်က ချက်ချင်းပဲ ပေါင်းစပ်သွားပြီး မြေပြင်ကိုခြေဆောင့်နင်းလိုက်တယ်။ များပြားတဲ့ သဲတွေက လေပေါ်မြောက်တက်သွားပြီးတော့ နက်ဆန်ရဲ့ခန္ဓာကိုယ်က ရော့ဝဲလ်ရှေ့မှာ ချက်ချင်းဆိုသလို ပေါ်လာတယ်။ လေထုက ပေါက်ကွဲထွက်သွားပြီးတော့ သူ့လှုပ်ရှားမှုဟာ အသံထက်တောင် မြန်နေတဲ့အကြောင်း သက်သေခံလျက် ရှိပါတယ်။

ထန်း...

သတ္တုချင်းထိခိုက်မိသံ ထွက်ပေါ်လာပြီးနော​က် ရော့ဝဲလ်ရဲ့ နှလုံးသားကို ထိုးဖောက်ဖို့အတွက် နက်ဆန်ထုတ်ဖော်ခဲ့တဲ့ ဓားချက်ဟာ ရိုးရှင်းတဲ့ ပယ်ဓားကွက်တစ်ကွက်နဲ့ ဖယ်ရှားတာ ခံလိုက်ရတယ်။ ပြီးတော့ ရော့ဝဲလ်ရဲ့ ဓားဟာ ဓားအိမ်ထဲကနေ အပြည့်ထွက်လာတာမျိုးမဟုတ်သေးဘဲ လမ်းလျှောက်တုတ်ဓားအိမ်ထဲက နှစ်လက်မလောက်ပဲ ထုတ်ရသေးတာပါ။

“အရင်ကထက်တော့ မြန်လာသားပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူး။”

ရော့ဝဲလ်က သူ့လက်ထဲကိုင်ထားတဲ့ လမ်းလျှောက်တုတ်က ဓားကို အပြည့်ဆွဲထုတ်ပြီး ဓားအိမ်နဲ့နက်ဆန်ရဲ့မျက်နှာကို လှမ်းရိုက်တယ်။ နက်ဆန်က ရှောင်ရှားလိုက်ပေမဲ့ ဓားဖျားက သူ့ရင်ညွန့်နားကို တိုးဝင်လာနေပြီ။

“သေစမ်း....” နက်ဆန်က နောက်ကိုခုန်ဆုတ်လိုက်တယ်။ ဒါပေမဲ့ သူမြေပေါ်ကို ပြန်မကျသေးခင်မှာပဲ နာတာရှာဆီက သတိပေးသံ ထွက်ပေါ်လာတယ်။

“သခင်၊ သတိထား။”

နက်ဆန်ခုန်ဆုတ်လိုက်ပြီးနောက် ခြေချမယ့်သဲသောင်ပြင် နေရာအောက်ကနေ ချွန်ထက်လှတဲ့ မြေသားချွန်ဆူးတွေ ထွက်ပေါ်လာခဲ့တယ်။ တကယ်လို့ အဲဒီပေါ်တည့်တည့်ကျရင် မသေရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမှာပါ။

ဒါပေမဲ့ နာတာရှာက ကြိုတင်သတိပေးပြီးနောက် ဒီအတိုင်း ရပ်ကြည့်မနေဘဲ တောင်ပံကိုဖြန့်ကာ နက်ဆန်ကို ဘေးကင်းတဲ့နေရာဆီ ခေါ်ထုတ်သွားလိုက်တယ်။

နက်ဆန့်ရဲ့ခါးကို နာတာရှာက ဖက်ထားပြီး ရော့ဝဲလ်ရဲ့ မြေစွမ်းအားတွေ သက်ရောက်ခြင်းမခံရတဲ့ နေရာမှာ ပြန်လည်ဆင်းသက်လိုက်တယ်။ ရော့ဝဲလ်ကတော့ သူတို့နှစ်ယောက်လုံးကို အထင်သေးစွာနဲ့ ကြည့်လိုက်ပြီး

“အရင်တစ်ခါကထက် ပိုအားကောင်းလာပေမဲ့ မလုံလောက်သေးဘူး။ ငါကိုယ်တိုင်တောင် ဝင်တိုက်စရာ မလိုဘူး။ မင်းတို့သူ့ကို ရှင်းလိုက်ကြ။”

ဖျောက်...

ရော့ဝဲလ်က လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ဒူလာဟမ်နဲ့အာရပ်ကြီးက သူ့အရိပ်ထဲကနေ ပေါ်လာတယ်။ ရှိနေပြီးသားဖြစ်တဲ့ ဝတ်ရုံနက်အမျိုးသမီးကလည်းပဲ တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ပါတယ်။ နက်ဆန်က မျက်မှောင်ကြုတ်ထားလိုက်တယ်။

ရော့ဝဲလ်ရဲ့အစေခံတွေက အားကောင်းနေတဲ့အပြင်ကို သူက အရေအတွက်အရပါ တစ်ပန်းရှုံးနေခဲ့ပါတယ်။ အရင်ကဆိုရင် ဒီအစေခံတွေထဲက တစ်ယောက်ကိုပဲ ရင်ဆိုင်ရမယ်ဆိုရင်တောင် သူမနည်းတိုက်ခိုက်ရမှာ။ ဒါပေမဲ့ ဒီနေ့မှာတော့ သူက ပိုပြီးတော့ အစွမ်းထက်လာခဲ့ပြီလေ။

“နာတာရှာ၊ မင်းက ဝတ်ရုံနက်နဲ့တစ်ယောက်ကို ထိန်းထား။ ငါ ဒီနှစ်ယောက်ကို အနိုင်ယူလိုက်မယ်။”

အဲဒီနောက်တော့ နက်ဆန်က ရုန်းကန်နေတဲ့ဓားမော့ကို ဖိနှိပ်လိုက်ရင်း ရန်သူနှစ်ယောက်ဆီကို တိုက်ရိုက်ပြေးဝင် သွားလိုက်တယ်။ နာတာရှာက သခင်ဖြစ်သူအတွက် စိုးရိမ် ခဲ့မိတယ်ဆိုပေမဲ့ ခဏနေတော့ ပြုံးလိုက်ပြီး...

“သခင်က တကယ့်ကို ယုံကြည်မှုတွေ ပြင်းထန်နေတာပဲ။ ဒီအစေခံက တာဝန်ကို သေချာပေါက် အောင်မြင်အောင် ထမ်းဆောင်ပါ့မယ်။”

နာတာရှာက မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။ လေဓား အမြောက်အများဖြစ်ပေါ်လာပြီး ကြိုးတပ်တံစဥ်နှစ်လက် ပြိုင်တူကိုင်ဆောင်ထားတဲ့ ဝတ်ရုံနက်အမျိုးသမီးကို သူက ချက်ချင်းပဲဖိနှိပ်လိုက်တယ်။

ထန်း.. ထန်း... ထန်း....

ထန်း... ထန်း... ထန်း...

နက်ဆန်ကိုယ်တိုင်ကတော့ ညအမှောင်အောက်မှာ တစ္ဆေတစ်ကောင်လိုမျိုး ​မြန်ဆန်စွာလှုပ်ရှားနေပြီး သူ့ရဲ့ဓားချက်တွေက မြန်ဆန်ရုံသာမက ခွန်အားတွေပါ အပြည့်ပါဝင်နေ့ခဲ့တယ်။ ဒူလာဟမ်နဲ့အာရပ်ကြီးတို့က နှစ်ယောက်ပူးပေါင်းပြီး ဓားချက်တွေကို ထုတ်ဖော်နေတယ် ဆိုပေမဲ့လို့ နက်ဆန်က သူတို့ဓားကွက်တွေကို နောကျေနေပြီ ဖြစ်တဲ့အပြင် ကိုယ်တိုင်ကလည်း တိုးတက်လာတဲ့အတွက် အရင်လိုမျိုး လွယ်လွယ်ကူကူနဲ့ ဖိနှိပ်လို့မရတော့ပါဘူး။

“ဒီကလေး... တကယ့်ကို တိုးတက်လာတာပဲ။” ရော့ဝဲလ်က နက်ဆန်ရဲ့လှုပ်ရှားမှုတွေကို ကြည့်နေရင်းနဲ့ မနေနိုင်တော့ဘဲ ချီးကျူးလိုက်မိတယ်။

“ဒါပေမဲ့ နိုင်ဖို့အဝေးကြီးလိုသေးတယ်။”

အဲဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ နက်ဆန်က ပိုပြီးတော့ ဒေါသထွက်လာခဲ့တယ်။ သူ့တိုက်ကွက်တွေက ပိုမိုကြမ်းတမ်းလာပြီး အမှောင်ထုကိုအားပြုကာ ဆက်တိုက် နေရာပြောင်းရွှေ့နေပြီး ရန်သူနှစ်ယောက်ကို မထင်ရတဲ့ ရှုထောင့်အမျိုးမျိုးကနေ စတင်တိုက်ခိုက်ပါတော့တယ်။

ထန်း...

နောက်ဆုံးတော့ အာရပ်ကြီးလက်ထဲက ဓားမော့က နှစ်ပိုင်းပြတ်သွားပြီး ဒူလာဟမ်ကတော့ ခေါင်းကို ခြေထောက်နဲ့အကန်ခံရတဲ့အတွက် နောက်ကို ဆုတ်လိုက်ရပါပြီ။

နက်ဆန်က ကိုယ်ရံတော်နှစ်ယောက် ခဏတာခုခံနိုင်စွမ်း ကင်းမဲ့သွားတဲ့အချိန်ကို အကျိုးရှိရှိအသုံးချလိုက်ပြီး ဓားကိုမြှောက်ကာ ရော့ဝဲလ်ဆီပြေးဝင်သွားတယ်။

တစ်ဖက်မှာရှိနေတဲ့ ဝတ်ရုံနက်အမျိုးသမီးကလည်း သခင်ဖြစ်သူ အန္တရာယ်ကျရောက်နေတာကို သတိထားမိ သွားပြီးတော့ နာတာရှာရဲ့တိုက်ခိုက်မှုတွေကို လစ်လျူရှုကာ နောက်ကိုပြန်သွားကူဖို့လုပ်တယ်။

“နင့်ပြိုင်ဘက်က ငါပဲ။” နာတာရှာက အလွတ်မပေးပါဘူး။ တောင်ပံတွေကို အားကုန်ခတ်လိုက်ပြီး ဝတ်ရုံနက်ရှေ့မှာ အရင်ကြိုပိတ်ရပ်လိုက်တယ်။ အဲဒီနောက်တော့ လေဓားချက် တစ်ခုနဲ့ ခုတ်ပိုင်းချလိုက်တယ်။ ဝတ်ရုံနက်အမျိုးသမီးက ရော့ဝဲလ်ဆီကိုပြန်ဖို့အတွက်ပဲ အာရုံရောက်နေခဲ့တာမလို့ ကိုယ့်ကိုယ်ကိုယ်ခုခံချိန် မရလိုက်ဘူး။

ဒါပေမဲ့ တစ်ဖက်မှာလည်း နာတာရှာက လေဓားချက်ကို အလျင်စလို ထုတ်ဖော်ခဲ့တာဖြစ်တဲ့အတွက် အဓိက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ အဲဒီအစား ဝတ်ရုံနက်ရဲ့မျက်နှာဖုံးကိုပဲ ထိမိသွားတယ်။

ခွက်....

မျက်နှာဖုံးက ပဲ့ကျသွားပြီး သံချေးရောင်ဆံပင်တချို့ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ မျက်နှာဖုံးလုံးက ကွဲကျမသွားခင် အဲဒီအမျိုးသမီးက မျက်နှာကို ဝတ်ရုံနက်နဲ့ကာရံလိုက်တဲ့အတွက် သေချာမျက်နှာကို မ​မြင်ရတော့ဘူး။

“ရှင်က...” နာတာရှာက စကားစလိုက်ပေမဲ့ အမျိုးသမီးက ဝိညာဥ်လိုထွင်းဖောက်မြင်ရတဲ့ အခြေအနေကို ဝင်ရောက် သွားခဲ့ပြီဖြစ်ပြီးတော့ နေရာကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

“သေလိုက်တော့...” နက်ဆန်ရဲ့မြန်နှုန်းက နတ်ဘုရားခန္ဓာနဲ့ လူ့ခန္ဓာကိုယ်ပေါင်းစပ်မှုကနေ ပိုပြီးမြန်လာတယ်။ ကိုးကွယ် ယုံကြည်မှုစွမ်းအားတွေ တိုးပွားလာပြီးနောက် ပေါင်းစည်းမှု ဒဏ်ကိုလည်း အရင်ကထက် ပိုခံနိုင်လာတယ်။

သူက ချက်ချင်းပဲ လေထုကိုထိုးဖောက်ပြီး အသံထက်မြန်တဲ့ လှုပ်ရှားမှုတွေနဲ့အတူ ရော့ဝဲလ်နားကို ချဥ်းကပ်သွားတယ်။ သူ့ဓားက လက်ထဲမှာ တုန်ခါနေပြီး ရုန်းကန်နေဆဲဆိုပေမဲ့ ကြီးမားတဲ့စွမ်းအားနဲ့အတူ ဖိနှိပ်ခံထားရပြီး နက်ဆန့်အလိုကို မဆန့်ကျင်နိုင်ခဲ့ဘူး။ သူတို့ချင်းထိမိဖို့ ခြောက်လက်မပဲ လိုတော့ပေမဲ့ ရော့ဝဲလ်က ပြုံးနေဆဲဖြစ်ပြီး ခုခံဖို့မလုပ်ပါဘူး။

ဒါပေမဲ့ နောက်ဆုံးစက္ကန့်မှာပဲ...

“ ငတုံး...” ရော့ဝဲလ်က စကားတစ်ခွန်းပြောလိုက်တယ်။ အဲဒီနောက် တိုက်ပွဲရေချိန်က ကောင်းကင်နဲ့မြေကြီးလိုပဲ ပြောင်းပြန်လှန်ခံလိုက်ရတယ်။

“ဝူး....”

ပင်လယ်လှိုင်းလုံးတွေကြားကနေ ဝေလငါးကြီးတစ်ကောင် ခုန်ထွက်လာတယ်။ ဒါပေမဲ့ သေချာကြည့်လိုက်တဲ့အချိန်မှာ ဝေလငါးအစစ်တစ်ကောင်မဟုတ်ဘဲ ရေစွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝေလငါးဖြစ်နေပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အားအင်အပြည့်နဲ့ရော့ဝဲလ်နားချီတက်လာတဲ့ နက်ဆန်ကို ဝင်တိုက်ပစ်လိုက်တယ်။

ဘုန်း....

နက်ဆန့်ပခုံးအဆစ်က ပုံပျက်ယိုယွင်းသွားပြီး အဝေးကို လွင့်စင်သွားတယ်။ သဲသောင်ပြင်ပေါ်မှာ ဘေးတိုက် တရွတ်တိုက်ဆွဲပါသွားပြီးနောက် တောင်ကုန်းတစ်ခုနဲ့ ဝင်ရိုက်မိပြီးမှ ရပ်တန့်သွားတယ်။ သူ့တစ်ကိုယ်လုံးက ရေတွေရွဲရွဲစိုနေပြီး မျက်လုံးထဲမှာတော့ မယုံနိုင်မှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

“ ရေစွမ်းအားကို အလုံးစုံပုံသွင်းထိန်းချုပ်ခြင်း... ရေနတ်ဘုရားခန္ဓာပဲ။”ရော့ဝဲလ်ဟာ နဂိုကတည်းက မြေနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အကြောင်း သူတို့ကို ပြသခဲ့ပြီးသား။ ဒါပေမဲ့ ဒီနေ့မှာတော့ နောက်ထပ် နတ်ဘုရားခန္ဓာကိုယ်အသစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့တယ်။ ပြီးတော့ ဒါက...

“မဖြစ်နိုင်ဘူး... နတ်တစ်ပိုင်းတစ်​ယောက်က နတ်ဘုရားခန္ဓာ တစ်ခုကိုပဲ ပိုင်ဆိုင်ခွင့်ရှိတာလေ။ လူသားတစ်ယောက်က မတူညီတဲ့နတ်ဘုရားတွေရဲ့သားတော်အဖြစ် အသိအမှတ်ပြု ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

နတ်ဘုရားတွေက လူသားတွေကြားထဲက သင့်တော်တဲ့ လူတွေကို ရွေးချယ်ပြီးတော့ သူတို့အစွမ်းအစတွေကို ခွဲဝေပေးတတ်ပါတယ်။ အဲဒီလိုခွဲဝေပေးခံရတဲ့သူတွေက နတ်တစ်ပိုင်းတွေဖြစ်လာကြပြီး နတ်ဘုရားတွေကို သူတို့ရဲ့ခေါင်းကိုင်မိဘအဖြစ် အသိအမှတ်ပြုရတယ်။ ဒါပေမဲ့ မိဘရင်းဆိုတာ နှစ်ယောက်ရှိဖို့မဖြစ်နိုင်သလိုပဲ ခေါင်းကိုင်နတ်မိဘဆိုတာကလည်း နှစ်ယောက်ရှိဖို့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ရော့ဝဲလ်ကတော့ သူနားလည်ထားတဲ့ စည်းမျဥ်းအားလုံးကို ချိုးဖောက်ထားတဲ့ တည်ရှိမှုတစ်ခု ဖြစ်လို့နေပါပြီ။

“ဘာတွေလဲ... ဘာလို့ဒီလူ့မှာ နတ်ဘုရားခန္ဓာတွေ အများကြီးရှိနေရတာလဲ။”

ဟားဟားဟား...

တောင်ကုန်းမှာကျောကပ်နေပြီး တွေဝေငေးမောနေတဲ့ နက်ဆန်ကို ရော့ဝဲလ်က ကြည့်လိုက်တယ်။ အဲဲဒီနောက် ခပ်ခြောက်ခြောက်ရယ်မောလိုက်ပြီး သူ့ခေါင်းက ဦးထုပ်ကို လက်နဲ့ကိုင်ကာ သေချာပြန်ပြီး တည့်လိုက်တယ်။ သူက နက်ဆန်ကို ကျောခိုင်းလိုက်ပြီး...

“မင်းလက်ထဲကဓားက တစ္ဆေနီတစ်ကောင်ရဲ့ဓားမလား။ အဲဒီဓားရဲ့မြူစွမ်းအားကိုသုံးပြီး ငါ့ဆီကိုလာတိုက်မယ်ဆို ငါမခန့်မှန်းနိုင်တဲ့ ရှုထောင့်မျိုးကနေ တိုက်ခိုက်နိုင်မှာပဲ။ ဒါပေမဲ့ မင်းကိုကြည့်ရတာ ဓားရဲ့ပိုင်ရှင်မဟုတ်သလိုပဲ။ ဒါကြောင့် မင်းရှုံးသွားတာ။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် မင်းက ငါ့ကိုနိုင်ဖို့ အခွင့်အရေးသေးသေးလေးတောင် မရှိသေးဘူး။”

“ဒီနေ့တော့ ဒီလောက်ပဲ။” သဲသောင်ပြင်ပေါ်မှာ လေပြင်း တစ်ချက်တိုက်ခတ်သွားတယ်။ အဲဒီနောက် ရော့ဝဲလ်ဟာ အလာတုန်းကလိုပဲ သဲလွန်စတစ်ခုမှ မချန်ရစ်ဘဲ ပျောက်ကွယ်သွားပြန်တယ်။

“ ဒေါသဖြစ်စရာကောင်းလိုက်တာ....” နက်ဆန်က မြေပြင်ကို လက်သီးနဲ့ထိုးလိုက်တယ်။ သဲတွေက ဖွာပြီး လေထုထဲမျောလွင့်လာတယ်။ သူ့မျက်လုံးထဲမှာ ကြီးမားတဲ့ မခံချင်စိတ်နဲ့ဒေါသတွေ ပုန်းအောင်းနေတာကို တွေ့မြင်နိုင်ပါတယ်။

တခြားတစ်ဖက်မှာလည်း နာတာရှာက နေရာမှာတင် တွေတွေကြီး ရပ်နေခဲ့ပါတယ်။ ပြီးတော့ သူကလည်း နက်ဆန်လိုပဲ တစ်စုံတစ်ခုကို ရေရွတ်နေပါတယ်။

“အဲဒီမိန်းမက.... သေချာပေါက် သူပဲ မဟုတ်လား။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီးတော့ ရော့ဝဲလ်နောက်ကို လိုက်နေရတာလဲ။”

All Chapters