← Chapters

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒနှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားပြီး မမြင်နိုင်သော လေလှိုင်းများသည် ချက်ချင်းပင် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွား၏။

ကျောယွင်ဖန်၏ ပုံရိပ်သည် တုန်ယင်သွားပြီး ချက်ချင်းဆိုသလို ဆယ်ပေအကွာသို့ နောက်ဆုတ်လိုက်ရသည်။

သူ၏ ဆန့်ကျင်ဘက်ရှိ ကျန်းချန်သည်လည်း သူကဲ့သို့ပင်ဆယ်ပေသာ နောက်ဆုတ်လိုက်ရသည်ကို မြင်လျှင် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားခဲ့သည်။

သို့ရာတွင် ကျောယွင်ဖန်သည် သူ၏စိတ်ကို အလျင်အမြန် ထိန်းချုပ်လိုက်ရာ မကြာခင်မှာပင် တည်ငြိမ်မှု ပြန်လည်ရရှိသွားခဲ့၏။

"ဓားဆန္ဒ ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်းနယ်ပယ် ခွန်အားက ငါ့ကို နည်းနည်း အံ့အားသင့်စေတယ်"

ကျောယွင်ဖန်က ကျန်းချန်ကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ မင်း ဓားဆန္ဒကို ဒီအတိုင်းအတာထိ နားလည်ထားရင်တောင် ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်မှာ မဟုတ်ဘူး"

ကျောယွင်ဖန်က အေးစက်စက် ရေရွတ်လိုက်သည်။

ထိုခဏတွင် သူ၏ ထက်မြသော ဓားဆန္ဒသည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သော အရှိန်အဝါဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် တဖန် လွှမ်းခြုံသွားခဲ့၏။

"ညီလေးကျန်း.. ဒီလူက ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင်ပဲ...မင်း သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

"ဒါက ငါ့ရဲ့ အမှားတွေပဲ.. ငါ့ရဲ့ ဆင့်ခေါ်မှု မရှိရင် မင်းလည်း ဒီလောက် အန္တရာယ်များတဲ့ အခြေအနေထဲ ရောက်မှာ မဟုတ်ဘူး"

"ငါ သူ့ကို တားဆီးထားမယ်.. မင်း ဒီကနေ အမြန် ထွက်သွားတော့"

ကျောက်ယွိလုံက ကျန်းချန်ကို စိုးရိမ်တကြီး ပြောလိုက်ပြီး ကျန်းချန်၏ ရှေ့တွင် တားဆီးပေးရန် ပြင်လိုက်သည်။

သို့သော် ကျောက်ယွိလုံ ခြေလှမ်းတစ်လှမ်းသာ လှမ်းရသေးစဥ်မှာပင် ကျန်းချန်၏ လက်သည် သူ့ပခုံးကို ဆုပ်ကိုင်လိုက်၏။

"အစ်ကိုကျောက်.. ဒီကိစ္စ ကျွန်တော့်ကိုပဲ လွှဲထားပါ.. ဒီကောင်က ကျွန်တော့်အတွက် ဒီမှာ ရှိနေတာပဲ.. ဒါကြောင့် တကယ်တမ်းပြောရရင် အကိုကျောက်ကို ဒုက္ခရောက်စေခဲ့တာ ကျွန်တော်ပါပဲ"

"မစိုးရိမ်ပါနဲ့ အကိုကျောက်.. ဒီကောင်က ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင် ဆိုရင်တောင် ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်.. ဒီမှာ ခဏစောင့်ပြီး ကျွန်တော် သူ့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ စောင့်ကြည့်လိုက်ပါ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

ထို့နောက်တွင် ကျောယွင်ဖန်၏ ဓားဆန္ဒထက် မလျော့သည့် ဓားဆန္ဒသည် ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။

"ဝုန်း ဝုန်း ဝုန်း"

ဓားဆန္ဒ နှစ်ခုက လေထဲတွင် အဆက်မပြတ် တိုက်ခိုက်နေကြပြီး ဓားအလင်းများသည် ကောင်းကင်က တိမ်များကိုပင် ထိုးဖောက်တော့မည့်ပုံ ရ၏။

မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သားသည် ဓားဆန္ဒများဖြင့် လေထဲတွင် ဆယ်ကွက်ကျော် တိုက်ခိုက်ပြီးသွားခဲ့သည်။

ကျောယွင်ဖန်က သူ့ထက် မနိမ့်သောစွမ်းရည်ကို ထုတ်ဖော်နေသည့် ကျန်းချန်ကို လှမ်းကြည့်လိုက်၏။

သူ့အမူအရာက ပို၍ပင် အေးစက်လာခဲ့သည်။

ဤကောင်လေး၏ ပါရမီသည် ဘုရင်အဆင့် ပါရမီပင် မဟုတ်လောက်ပေ။

အချိန်အနည်းငယ်သာ ပေးလိုက်လျှင် စန်းလန်အဖွဲ့အစည်း၏ အနာဂတ် ခေါင်းဆောင် ဖြစ်လာမည်မှာ သေချာသလောက်ပင်။

ရေနဂါးဂိုဏ်းနှင့် သူ၏ ကိုယ်ရေးကိုယ်တာ အတွက် ယနေ့တွင် ဤကောင်လေးကို မုချ သတ်ရပေမည်။

"မင်းရဲ့ဓားဆန္ဒက တတိယအဆင့်နဲ့တောင် အကန့်အသတ်မရှိနီးကပ်နေပြီပဲ"

"နှစ်ပေါင်းများစွာအတွင်း ငါ့ရဲ့ ဓားဆန္ဒကို ယှဉ်နိုင်တာ ရွယ်တူတွေထဲမှာ မင်း ပထမဆုံးပဲ"

"ကံမကောင်းစွာနဲ့ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ငါ့ကို ရင်ဆိုင်ဖို့ အရည်အချင်း မရှိသေးဘူး"

ကျောယွင်ဖန်က ကျန်းချန်ကို လူသတ်ငွေ့လွှမ်းသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏ ကျောတွင် လွယ်ထားသည့် နက်မှောင်သော သံဓားရှည်ကို ရွှမ်းခနဲ ဆွဲထုတ်လိုက်သည်။

သူ့ရှေ့မှ ကောင်လေးသည် ဓားသိုင်းတွင် အလွန်အမင်း ပါရမီထူးချွန်ပြီး ဓားဆန္ဒအပေါ် နားလည်မှုတွင်လည်း မခေပေ။

သို့သော် အဆုံးသတ်တွင် ထိုကောင်လေးသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသော နို့နံ့ပင် မစင်သေးသည့် ကောင်လေးတစ်ယောက်သာ ဖြစ်၏။

လေပင်လယ် လျှို့ဝှက်နယ်မြေထဲ မဝင်ခင် ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့်သာ ရှိသည်။

ယခု လေပင်လယ် လျှို့ဝှက်နယ်မြေတွင် အခွင့်အလမ်းတစ်ခုခု ရရှိ၍ စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်၏။

သို့တိုင် ကျောယွင်ဖန်၏ မျက်လုံးထဲတွင်မူ စွမ်းအင်သိပ်သည်းခြင်း သတ္တမ အဆင့်ကျင့်ကြံသူများသည် ပုရွက်ဆိတ်များနှင့် ဘာမှ မကွာခြားပေ။

"ဓားလှိုင်းသုံးသွယ်နည်းစနစ် ချိုးဖျက်စမ်း"

ကျောယွင်ဖန်က ကျန်းချန်နှင့် အချိန်မဖြုန်းလိုတော့ပေ။

သူက နက်မှောင်သော သံဓားရှည်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သုံးကြိမ် ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် ဓားအလင်းသုံးစင်းသည် လေထုကို ဖြတ်သန်းပြီး ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ကျန်းချန်ဆီသို့ လျင်မြန်စွာ ဦးတည်လာခဲ့၏။

အခန်း(၇၃၃) ပြီး၏

အခန်း(၇၃၄)

သူ့ဆီ ဦးတည်လာသည့် ဓားအလင်းသုံးစင်းကို ကြည့်ရင်း ကျန်းချန်၏ အမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့သည်။

သူက မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို ထုတ်ဖော်လိုက်ရာ ရွှေရောင် အကာအကွယ်ချီသည် သူ့ ပတ်ပတ်လည်တွင် အလျင်အမြန် စုစည်းသွားခဲ့၏။

"ဝုန်း ဝုန်း ဝုန်း"

အပြာရောင် ဓားအလင်းသုံးစင်းသည် ကျန်းချန်၏ ခန္ဓာကိုယ် အကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

သို့သော် ကျောယွင်ဖန်၏ ဓားအလင်းသုံးစင်းသည် ကျန်းချန်ကို ဘာထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။

ကျန်းချန်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် ရွှေရောင်အကာအကွယ်က သုံးကြိမ်တိတိ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

"ကျောယွင်ဖန်.. မင်းတို့ ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင်ရဲ့ အစွမ်းက ဒီလောက်ပဲလား

ကျောယွင်ဖန်၏ ဓားအလင်းသုံးစင်းကို အလွယ်တကူ တားဆီးပြီးနောက်တွငိ ကျန်းချနက ခနဲ့လိုက်၏။

"မင်းက ရုပ်ပိုင်းဆိုင်ရာကိုပါ ကျင့်ကြံထားတာကိုး.. မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက ငါထင်ထားတာထက်တောင် ပိုပြီး အားကောင်းတယ်.. မင်းက ရုပ်ပိုင်းဆိုင်ရာ အင်အားနဲ့ ငါ့ရဲ့ ထိုးနှက်ချက်ကို အမှန်တကယ် တားဆီးနိုင်ခဲ့တာပဲ"

ကျောယွင်ဖန်၏ မျက်လုံးများက ဓားတစ်လက်လို အေးစက်နေခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ကံကောင်းခြင်းက ဒီမှာပဲ အဆုံးသတ်ရလိမ့်မယ်"

စကားသံဆုံးသည်နှင့် ကျောယွင်ဖန်သည် လက်ထဲမှ နက်မှောင်သော သံဓားရှည်ကို ​ဝှေ့ရမ်းလိုက်ရာ ဆယ်ပေရှည်လျားသည့် အပြာရောင် ဓားစွမ်းအင် တစ်ခုသည် တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။

ထိုအပြာရောင် ဓားစွမ်းအင်က လေထုကိုပင် အေးခဲသွားစေနိုင်သည့် ထက်မြသော အေးစက်မှုတစ်ခုကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့၏။

"တိမ်တိုက်ဝါးမျို နည်းစနစ်"

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ချက်ချင်းပင် သူ့ခန္ဓာကိုယ်၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အလျင်အမြန် မြင့်တက်လာခဲ့၏။

စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် အထွတ်အထိပ်..

စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် အထွတ်အထိပ်..

စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ်..

----------------

မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ်အထိ တစ်ဟုန်ထိုး တိုးတက်သွားခဲ့သည်။

ထို့အပြင် သူ့ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်သည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူထက်ပင် ပို၍ အားကောင်းနေသည်။

ကျန်းချန်က သူ့ ခန္ဓာကိုယ်ထဲမှ ဆယ်ဆကျော် ပိုမို အားကောင်းသည့် ကြီးကျယ်ခမ်းနားသော အသက်စွမ်းအင်ကို ခံစားမိလိုက်၏။

ထိုခဏတွင် သွေးနဂါးဓားသည် ကျန်းချန်၏ လက်ထဲတွင်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် သွေးနဂါးဓားကို ကိုင်ထားသည့် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးနဂါးဓားသည် လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ဓားအလင်း တစ်ခုကို ထုတ်လွှတ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် ကျောယွင်ဖန်၏ အပြာရောင် ဓားအလင်းနှင့် ချက်ချင်း ထိပ်တိုက်ဆုံမိသွားပြီး လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

[ဒီကောင့်မှာ ဘယ်လိုလုပ်ပြီး ဒီလောက် အင်အားကြီးမားတဲ့ လျှို့ဝှက်နည်းစနစ် ရှိနေတာလဲ]

ကျောယွင်ဖန်က ကျန်းချန်ကို လှမ်းကြည့်ရင်း စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ကျန်းချန်က အသက်ရှူချိန် အနည်းငယ်အတွင်း စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ် အထိ ရုတ်တရက် တိုးတက်သွားသောကြောင့် သူ မှင်တက်သွားခဲ့ရသည်။

လျှို့ဝှက်နည်းစနစ်ကို အဆင့်များ ခွဲခြားထားသည်။

စွမ်းအင်သိပ်သည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ အတွက် သာမန် မြေကြီး အဆင့် လျှို့ဝှက်နည်းစနစ်သည် သိသိသာသာ တိုးတက်မှု မရှိတော့ပေ။

သာမန် ကောင်းကင်အဆင့် လျှို့ဝှက်နည်းစနစ် ဆိုလျှင်ပင် အင်အားကို တစ်ဆင့်သာ တိုးမြှင့်ပေးနိုင်ပေသည်။

သို့သော် သူ့ရှေ့မှ ကောင်လေး၏ လျှို့ဝှက်နည်းစနစ်သည် စွမ်းအင်သိပ်သည်းခြင်း သတ္တမ အဆင့် အစောပိုင်းကနေ စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ် အထိ တိုက်ရိုက် တစ်ဟုန်ထိုး တိုးတက်သွားစေခဲ့သည်။

[ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်.. ဒီကောင် တတ်မြောက်ထားတာ သေချာပေါက် ဒဏ္ဍာရီလာ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ပဲ]

ကျောယွင်ဖန်၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာခဲ့သည်။

လျှို့ဝှက်နည်းစနစ်သည် သိုင်းကျင့်စဥ် နှင့် မတူဘဲ ကမ္ဘာပေါ်တွင် အလွန်ရှားပါး၏။

အဆင့်မြင့် သိုင်းကျင့်စဥ်ကို ရှာဖွေလျှင် တွေ့နိုင်သော်လည်းလျှို့ဝှက်နည်းစနစ်ကိုမူ ရှာဖွေ၍ မရနိုင်သလောက်ပင်။

သူတို့ ရေနဂါးဂိုဏ်းမှာပင် ကောင်းကင်အဆင့် လျှို့ဝှက်နည်းစနစ် မရှိပေ။

ကျောယွင်ဖန် အနေဖြင့် ရေနဂါးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို မလေ့ကျင့်ရသည့် အဓိက အကြောင်းအရင်းမှာ ရေနဂါးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်သည် အလွန် အဆင့်နိမ့်သောကြောင့် ဖြစ်သည်။

ယခုအခါ ကျန်းချန်က ဒဏ္ဍာရီလာ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို ပြသနေခဲ့ရာ ကျောယွင်ဖန် အဘယ်ကဲ့သို့ မလိုချင်ဘဲ နေနိုင်ပါမည်နည်း။

ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဆိုသည်မှာ ကြယ်သုံးပွင့် အင်အားစုများသာ ပိုင်ဆိုင်သောအရာ ဖြစ်သည်။

"ဟားဟား"

"ကျောယွင်ဖန်...မင်း ငါ့ကို သတ်ဖို့ အရည်အချင်း မရှိဘူးလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ"

"ဒီနေ့ ငါကျန်းချန်ရဲ့ စစ်မှန်တဲ့ အင်အားကို သိခွင့်ပေးမယ်...မင်းလို ဘုရင်အဆင့် ပါရမီရှင်ကို ငါ ဘယ်လို အဆင့်ကျော်ပြီး သတ်နိုင်မလဲဆိုတာ ကြည့်နေလိုက်"

ကျောယွင်ဖန်၏ အပြာရောင်ဓားအလင်းကို ချေဖျက်ပြီးနောက်တွင် ကျန်းချန်သည် မောက်မာစွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ပုံရိပ်သည် လေထုထဲကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၇၃၄) ပြီး၏

အခန်း(၇၃၅)

ကျန်းချန်၏ ပုံရိပ်က လျှပ်တပြက် ပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျောယွင်ဖန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

ထိုခဏတွင် သူက တစ်စုံတစ်ရာကို ခံစားမိပြီး အနည်းငယ် ခေါင်းမော့၍ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် ဓားရှည်တစ်လက်သည် သူ၏ နဖူးအလယ်ကို တိုက်ရိုက် ချိန်ရွယ်ထားမှန်း တွေ့လိုက်ရ၏။

ကျောယွင်ဖန်၏ အမူအရာက အေးစက်သွားပြီး လက်ထဲမှနက်မှောင်သော သံဓားဖြင့် သွေးရောင်ဓားရှည်ကို ရိုက်ထုတ်လိုက်သည်။

"ကျန်းချန်.. မင်းကို ငါ တကယ် လျှော့တွက်မိခဲ့တယ်.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"

ကျောယွင်ဖန်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ရေရွတ်လိုက်သည်ါ

သူ၏ သတ်ဖြတ်ချင်သော စိတ်သည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

"ဒါပေမဲ့ ဒီလိုဆိုရင်တောင် သေခြင်းတရားကနေတော့ ဒီနေ့မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ကျောယွင်ဖန်သည် စန်းယာက အဘယ်ကြောင့် ထိုကောင်လေးကို ဖယ်ရှားချင်နေမှန်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ထိုကောင်လေးက အလွန်ပင် ပါရမီရှိသည်။

သူ့ကိုသာ အချိန်အနည်းငယ် ပေးလိုက်လျှင် စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းမှ မျိုးဆက်သစ်များထဲတွင် မည်သူမှ နှိမ်နင်းနိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် ကျောယွင်ဖန်သည် ကျန်းချန်၏ ကိုယ်ပေါ်မှ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကိုလည်း လိုချင်နေခဲ့၏။

ယနေ့တွင် မည်သည့်နည်းနှင့် ဖြစ်စေ၊ ကျန်းချန်ဆီကနေ ဤလျှို့ဝှက်နည်းစနစ်ကို အရယူမည်ဟု ဆုံးဖြတ်လိုက်သည်။

"သေခြင်းတရားကနေ ငါ မလွတ်မြောက်နိုင်ဘူး ဆိုတာ တကယ်ပဲလား"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က လေးကိုင်းသဏ္ဌာန် ကွေးညွှတ်သွားခဲ့သည်။

ထို့နောက်တွင် သူက လေဆန္ဒကို ချက်ချင်း ထုတ်ဖော်လိုက်၏။

နောက်ထပ် တခဏတွင် ကျန်းချန်၏ ပုံရိပ်သည် ကျောယွင်ဖန်၏ နောက်ကျောတွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။

"ဒီကောင်က လေဆန္ဒ ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံတဲ့နယ်ပယ်ကိုတောင် နားလည်သွားပြီလား"

ကျောယွင်ဖန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက နောက်လှည့်၍ အလျင်အမြန် လှမ်းခုတ်လိုက်သည်။

ဓားချင်း ထိပ်တိုက်ဆုံမိပြီး ပြင်းထန်သော မီးပွားများသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့၏။

ကျန်းချန်၏ ပုံရိပ်က ထပ်မံ ပျောက်ကွယ်သွားပြန်ပြီး ကျောယွင်ဖန်၏ ဘေးတွင် တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ ပေါ်လာသည်။

ဤတစ်ခေါက်တွင် သွေးနဂါးဓားသည် ကျောယွင်ဖန်၏ လည်ချောင်းကို တိုက်ရိုက် ဦးတည်ကာ တိုက်ခိုက်လိုက်၏။

ကျောယွင်ဖန်က အထိတ်တလန့် ဖြစ်သွားပြီး ကျန်းချန်၏ သွေးနဂါးဓားကို တုံ့ပြန်ရန် ဓားရှည်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

"ထန်း...ထန်း.. ထန်း"

နှစ်ယောက်သား ပုံရိပ်များသည် လေထဲတွင် ရောယှက်သွားပြီး သတ္တုချင်း ထိခတ်သံများကလည်း ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်တဲ့ ဓားအလင်းများသည် လေထဲတွင် ပြည့်နှက်နေခဲ့၏။

ကျန်းချန်၏ လေဆန္ဒ နှင့် ဓားဆန္ဒ ရောစပ်၍ တိုက်ခိုက်မှုအောက်တွင် ကျောယွင်ဖန်သည် တခဏအတွင်း လုံးဝ အောက်စည်းသို့ ရောက်သွားခဲ့၏။

အဆုံးသတ်တွင် ကျန်းချန်သည် ကျောယွင်ဖန်၏ လည်ပင်းတွင် သွေးအနည်းငယ် စို့အောင်ပင် လုပ်နိုင်ခဲ့သည်။

ကျောယွင်ဖန်သာ လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့လျှင် ကျန်းချန်၏ ဓားရှည်က ကျောယွင်ဖန် ခေါင်းကို ဖြတ်ပစ်လိုက်မည်မှာ သေချာသလောက်ပင်။

"ကျန်းချန်"

ကျောယွင်ဖန်က သူ့လက်ဖြင့် လည်ပင်းမှ သွေးများကို သုတ်လိုက်ပြီး ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

သူ၏ အကြည့်က အလွန်အမင်း ပြင်းထန်နေခဲ့၏။

"ဟားဟား ကျောယွင်ဖန်.. မင်းတို့ ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင်ဆိုတာ ဒီလောက်ပဲလား.. ဟားဟား.. ရေနဂါးဂိုဏ်းရဲ့ ပါရမီရှင်က ငါ့လက်ထဲမှာ သေရမဲ့ကံကြမ္မာ ပါလာပြီ ထင်တယ်"

ကျန်းချန်က ကျောယွင်ဖန်ကို ခနဲ့၍ လှောင်ရယ်လိုက်သည်။

သူ၏ ဝင့်ကြွားသော ရယ်သံသည် ပတ်ဝန်းကျင်တွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။

"ကျန်းချန်.. ငါ ကျောယွင်ဖန် စတင် ကျင့်ကြံကတည်းက ငါနဲ့ ရွယ်တူတွေထဲမှာ ဘယ်သူမှ ငါ့ရဲ့ ဆံပင်ကိုတောင် ထိအောင် မစွမ်းဆောင်နိုင်ကြဘူး"

"မင်း အခု ငါ့ကို ဒီအဆင့်အထိ တွန်းပို့နိုင်တာ မင်းအတွက် ဂုဏ်ယူစရာပဲ"

"ဒါပေမဲ့ ငါ့ဖို့ သတ်ဖို့အတွက်တော့ မင်းက နုပါသေးတယ်.. ငါ မင်းကို သိုင်းသခင်နယ်ပယ် တစ်ပိုင်း အဆင့်ရဲ့ အင်အားကို ပြမယ်"

ကျောယွင်ဖန်က ကျန်းချန်ကို မဲ့ပြုံး ပြုံး၍ စိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူ၏ အင်အားထက် များစွာ သာလွန်သည့် အရှိန်အဝါတစ်ခုသည် သူ့ဆီကနေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

သူက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သောအခါ ထူးဆန်းသော အပြာရောင် စွမ်းအင်တစ်ခုသည် ချက်ချင်းပင် ဧရာမ ပိုက်ကွန်သဖွယ် ကျန်းချန်ကို လွှမ်းခြုံသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် မမြင်နိုင်တဲ့ အင်အားတစ်ခုသည် ကျန်းချန်ရဲ့ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်က ဤမမြင်နိုင်သည့် အင်အားကြောင့် တဖြည်းဖြည်း ချုပ်နှောင်ခံနေရသလို ကျန်းချန် ခံစားလိုက်ရ၏။

အခန်း(၇၃၅) ပြီး၏

All Chapters