← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

"မင်း..မင်း.."

ဆံပင်ကောက်ကောက်နှင့် လူငယ်က ကျန်းချန်ကို ကြောက်လန့်တကြား ကြည့်ကာ မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

မကြာခင်မှာပင် ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီးနောက် ချက်ချင်းဆိုသလို သတိလစ်သွားခဲ့၏။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဆန့်ကျင်ဘက်ရှိ ရေနဂါးဂိုဏ်းမှ ပါရမီရှင်အုပ်စုသည် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

"ဒါ..ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဆံပင်ကောက်ကောက်နှင့် လူငယ်သည် သူတို့ ရေနဂါးဂိုဏ်း၏ ရွှေရောင်အဆင့် တပည့်များထဲတွင် အဆင့်တစ်ဆယ် နေရာတွင် ရှိ၏။

ဤတစ်ခေါက် လေပင်လယ် လျှို့ဝှက်နယ်မြေကို ဝင်ရောက်လာသည့် ရေနဂါးဂိုဏ်း၏ လူငယ်ပါရမီရှင် ငါးဆယ့်ငါးယောက် ထဲတွင် ဆံပင်ကောက်ကောက်နှင့် လူငယ်ကိုအလယ်အလတ် အဆင့်ဟု သတ်မှတ်နိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ ဆံပင်ကောက်ကောက်နှင့် လူငယ်သည် စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ကို ရောက်ရှိနေသည့် ရွှေရောင်အဆင့်တပည့် ဖြစ်သည်။

သာမန် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူအချို့နှင့် ရင်ဆိုင်ရလျှင်ပင် ဆံပင်ကောက်ကောက်နှင့် လူငယ်သည် လုံးဝ တိုက်ခိုက်နိုင်စွမ်း ရှိ၏။

သို့သော် စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့်သာရှိသည့် စန်းလန်အဖွဲ့အစည်းမှ တပည့်နှင့် ရင်ဆိုင်ရသောအခါတွင် ဆံပင်ကောက်ကောက်နှင့် လူငယ်သည် ပြိုင်ဘက်၏ လက်ထဲတွင် အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

"ဒီကောင်လေးရဲ့ တိုက်ပွဲဝင်စွမ်းရည်က တကယ်ကို မယုံနိုင်စရာပဲ"

သူတို့ရှေ့မှ ကောင်လေးသည် စန်းလန် အဖွဲ့အစည်းတွင် မွေးဖွားလာသည့် ဘုရင်အဆင့်ပါရမီရှင် အသစ် ဖြစ်နိုင်ပါသလော။

"ဟားဟား.. ရေနဂါးဂိုဏ်းရဲ့ပါရမီရှင်က ဒီလောက်ပဲလား..တကယ်ကို ရှက်စရာပဲ.. စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် ကျင့်ကြံသူက စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့်ကိုတောင် အနိုင်မယူနိုင်ဘူး"

"........"

စန်းလန်အဖွဲ့အစည်းဘက်မှ လူတိုင်းသည် ဂုဏ်ယူနေကြသည်။

အထူးသဖြင့် ကျောက်ယွိလုံ ဦးဆောင်သည့် စန်းလန်အဖွဲ့အစည်း၏ တပည့်အချို့သည် တစ်ဖက် ရေနဂါးဂိုဏ်းမှ ပါရမီရှင်လူငယ်အုပ်စုကို မထီမဲ့မြင်ပြုကာ ကျယ်ကျယ်လောင်လောင်ပင် လှောင်ပြောင်နေခဲ့ကြသည်။

ရေနဂါးဂိုဏ်းမှ ပါရမီရှင်များသည် ကျောက်ယွိလုံတို့လူစု၏ လှောင်ပြောင်သံကိုကြားလျှင် အမူအရာများ ချက်ချင်းဆိုသလို ကြည့်ရဆိုးသွားခဲ့၏။

"ဒီကောင်လေး မဆိုးဘူး"

လန်ယွမ်က ကျန်းချန်ကို အံ့သြသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ဤကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အင်အားသည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်လောက်သည်အထိ အင်အားကြီးမားနေပြီ ဖြစ်၏။

ဤကဲ့သို့သော ပါရမီသည် အမှန်တကယ်ကို ရှားပါးသည်။

"စန်းဝူဟန်.. မင်းရဲ့ စန်းလန်အဖွဲ့အစည်းမှာ ဒီလို ပါရမီရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး.. တကယ်ကို အံ့သြဖို့ကောင်းတဲ့ ကောင်လေးပဲ"

လန်ယွမ်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်ပြီး စန်းဝူဟန်ကို ပြောလိုက်သည်။

ဆံပင်ကောက်ကောက် လူငယ်က စန်းဝူဟန်နှင့် စန်းလန်အဖွဲ့အစည်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ကနဦး ရိုက်ချိုးနိုင်မည်ဟု သူတွေးထားမိသည်။

သို့သော် မမျှော်လင့်ထားသော ဖြစ်ရပ်များ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။

စန်းဝူဟန်က ပြုံး၍ ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. ဒီတစ်ခေါက် လေပင်လျှို့ဝှက်နယ်မြေမှာ ငါ့ရဲ့ ကလေးတွေက မင်းကို အံ့သြစရာတွေ အများကြီးပေးလိမ့်မယ်"

"တကယ်လား.. ကောင်းပြီလေ ငါစောင့်ကြည့်ရသေးတာပေါ့"

လန်ယွမ်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ထို့နောက် သူက အေးစက်သောလေသံဖြင့် ရေရွတ်လိုက်၏။

"ကဲ.. အပိုစကားတွေ ပြောမနေနဲ့တော့.. လေပင်လယ် လျှို့ဝှက်နယ်မြေကို ဖွင့်လိုက်ကြရအောင်"

စကားဆုံးသည်နှင့် လန်ယွမ်၏ လက်ဝါးထဲတွင် ရှေးဟောင်းငွေရောင်အစီအရင် တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် စန်းဝူဟန်ကလည်း အပိုစကားများ မပြောတော့ပေ။

သူသည်လည်း ငွေရောင်အစီအရင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ အလျင်အမြန် လှုပ်ရှားလိုက်သည်။

"လေပင်လယ်လျှို့ဝှက်နယ်မြေ..ဖွင့်လှစ်စမ်း.."

နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာပင် အစီအရင်ကို ဖွင့်လှစ်လိုက်ရာ ထူးဆန်းသော လေဟာနယ်လှိုင်း တစ်ခုသည် ချက်ချင်းပင် ကျုံးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

နောက်ထပ် တခဏတွင် နှစ်ပေသုံးပေခန့် ရှည်လျားသည့် လေဟာနယ် လှိုဏ်ခေါင်းတစ်ခုသည် ကျွန်း၏ အထက်တွင် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

ထိုလေဟာနယ် လှိုဏ်ခေါင်းထဲကနေ ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

"လေပင်လယ် လျှို့ဝှက်နယ်မြေဖွင့်ပြီ.. အားလုံး အမြန်ဝင်ကြတော့"

ခေါင်းဆောင်နှစ်ဦး၏ အမိန့်ပေးသံကိုကြားသည်နှင့် လူငယ်ပါရမီရှင် အားလုံးသည် တစ်ယောက်ပြီး တစ်ယောက် လေထဲကို ခုန်တက်သွားခဲ့ပြီး လေဟာနယ် လှိုဏ်ခေါင်း ဆီသို့ အလျင်အမြန် ဦးတည်လိုက်ကြသည်။

လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို အလျင်အမြန် ပျံသန်းဝင်ရောက်နေသည့် ပါရမီရှင်များကို လှမ်းကြည့်ရင်း ကျန်းချန်သည်လည်း မဆိုင်းမတွပင် လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို ထုတ်ဖော်ကာ ချက်ချင်းဆိုသလို သူ၏ပုံရိပ်သည် လေထုထဲတွင် ပေါ်လာခဲ့ပြီး သူ့အရှေ့ရှိ လေဟာနယ် လှိုဏ်ခေါင်း ထဲသို့ ဝင်ရောက်သွားခဲ့သည်။

အခန်း(၇၂၁)ပြီး၏။

အခန်း(၇၂၂)

လေဟာနယ် လှိုဏ်ခေါင်းကို ဖြတ်လျှောက်သွားပြီး နောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များ အလွန်သိပ်သည်းသည့် ထူးဆန်းသောလေထုထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

သူက သူ၏ခန္ဓာကိုယ်ကို လေထဲကနေ ဖြည်းညင်းစွာ ကျဆင်းစေရန်အတွက် ထိန်းချုပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်မှာ ရှေးဟောင်းတောင်တန်း နှင့် သစ်တောတစ်ခု ဖြစ်သည်။

ပတ်ဝန်းကျင်တွင် ကြီးမားသော သစ်ပင်အိုများနှင့် စိမ်းလန်းသော အပင်များရှိနေပြီး လေထုထဲတွင်လည်း သိပ်သည်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေသည်။

ထိုအချိန်မှာပင် ကျန်းချန်သည် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ငွေရောင်တောက်ပနေသော‌ ဆေးဖက်ဝင်အပင်တစ်ပင်ကို တွေ့လိုက်ရသည်။

"ဒါက ပဉ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်း ငွေရောင်နှင်းခဲမြက်ပဲ"

ကျန်းချန်က ငွေရောင်နှင်းခဲမြက်ပင်ကို ကြည့်ရင်း အတော်လေး အံ့အားသင့်သွားခဲ့သည်။

၎င်းက ပြင်ပကမ္ဘာတွင် အလွန်ရှားပါးသည့် ပဉ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်း ဖြစ်သည်။

သူက လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ဝင်ချင်းမှာပင် ပဉ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်းကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်၏။

ဤလေပင်လယ် လျှို့ဝှက်နယ်မြေသည် အမှန်တကယ်ကိုထူးခြားပြီး အပြင်ကမ္ဘာတွင် ရှားပါးသည့် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဥ်ရတနာဟု တင်စားရသည့် အဖိုးတန်ဆေးပင် အများအပြား ရှိပုံရသည်။

ကျန်းချန်က ငွေရောင်နှင်းခဲမြက်ကို သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ မလှမ်းမကမ်းရှိလေထုက တုန်ခါနေသည်ကို တွေ့လိုက်ရသည်။

"ရှေ့မှာ တစ်ယောက်ယောက် ရှိနေပုံပဲ"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

လေပင်လယ် လျှို့ဝှက်နယ်မြေကို ဝင်ရောက်ရာတွင် ကျပန်း ပို့လွှတ်ခြင်းဖြစ်၍ ဝင်ရောက်လာသူတိုင်းသည် မတူညီသည့် နေရာများကို ကျပန်း ရောက်ရှိသွားကြသည်။

အရှေ့မှလူက မည်သည့်ဘက်ကမှန်း သူ မသိပေ။

ရေနဂါးဂိုဏ်းကဖြစ်လျှင်မူ သူ့အနေဖြင့် ညှာတာနေမည် မဟုတ်ချေ။

ဆိုရလျှင် လေပင်လယ် လျှို့ဝှက်နယ်မြေသည် စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်း၏ တပည့်များ အခွင့်အရေး ရှာဖွေသည့်နေရာ ဖြစ်ရုံသာမက နှစ်ဖက်အဖွဲ့အစည်း၏ ပါရမီရှင်တစ်ရာ စစ်ပွဲလည်း ဖြစ်သည်။

လျှို့ဝှက်နယ်မြေထဲတွင် ပါရမီရှင်အယောက် တစ်ရာရှိပြီး ဆန့်ကျင်ဘက် အင်အားစု၏ ပါရမီရှင်များကို လိုက်လံ သတ်ဖြတ်ကြလိမ့်မည် ဖြစ်၏။

ရေနဂါးဂိုဏ်း၏ ပါရမီရှင်များကို သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ စန်းလန်အဖွဲ့အစည်းသည် ဆုလာဘ်ကို အထူး ဖွင့်လှစ်ထားခဲ့သည်။

လေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် စန်းလန်အဖွဲ့အစည်း၏ ပါရမီရှင်အားလုံးသည် ရေနဂါးဂိုဏ်း၏ ပါရမီရှင်တစ်ယောက်ကို သတ်တိုင်းတွင် သိုင်းသခင်နယ်ပယ်ကို ချိုးဖျက်ရာ၌ အထောက်အပံ့ပေးသည့် ရှားပါးဆေးလုံးဖြစ်သော ဟွာယွမ်ဆေးလုံးကို ဆုလဒ် ရရှိမည် ဖြစ်သည်။

အသတ်ခံရသည့် ရေနဂါးဂိုဏ်းမှတပည့်သည် ထိပ်ဆုံးသုံးယောက်စာရင်းတွင် ပါဝင်ခဲ့လျှင် သိုင်းသခင်နယ်ပယ်အဆင့်ကျင့်ကြံသူများကိုပင် အလွန်အမင်း လောဘတက်စေမည့် ဆုလာဘ်များ ရရှိလိမ့်မည် ဖြစ်၏။

ဤကဲ့သို့ ရက်ရောလှသော ဆုလာဘ်ကို လက်ဝယ်ပိုင်ဆိုင်ရမည်ဖြစ်၍ အခွင့်အရေးရလျှင် ကျန်းချန်သည် သဘာဝကျစွာပင် ယဥ်ကျေးနေမည် မဟုတ်ပေ။

ထိုအချိန်မှာပင် ကျန်းချန်သည် သူ့အနားသို့ တဖြည်းဖြည်းချဥ်းကပ်လာသည့် အရှိန်အဝါကို ခံစားမိလိုက်သည်။

သူ့အနေဖြင့် သိပ်အကြာကြီး မစောင့်လိုက်ရပေ။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် အပြာရောင်ပုံရိပ်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းတွင် ပေါ်ထွက်လာခဲ့သည်။

ထိုလူက ရေနဂါးဂိုဏ်းမှ ဖြစ်၍ ကျန်းချန် ကံကောင်းသွားခဲ့သည်။

သူက အပြာရောင်ဝတ်စုံဝတ် ရေနဂါးဂိုဏ်းမှ လူငယ်ကို လှမ်းကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

"မင်း.. မင်း မဟုတ်လား.."

ရေနဂါးဂိုဏ်းမှတပည့်က ကျန်းချန်ကိုမြင်လျှင် ထိတ်လန့် တုန်လှုပ်သွားခဲ့၏။

သူက မဆိုင်းမတွပင် သူ၏အရှိန်အဟုန်ကို အမြင့်ဆုံးအထိ မြှင့်တင်ကာ ချာခနဲလှည့်၍ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

ထိုလူငယ်က အပြင်ဘက်တွင်ရှိစဥ် ဆံပင်ကောက်ကောက်နှင့်လူငယ်ကို တစ်ကွက်တည်းဖြင့် အမှောက်သိပ်လိုက်သည် မဟုတ်ပါလား။

သူ၏အင်အားက ဆံပင်ကောက်ကောက်နှင့် လူငယ်ထက်အနည်းငယ်သာ ပိုအားကောင်း၍ ကျန်းချန်နှင့် ရင်ဆိုင်ရလျှင် အနိုင်ရဖို့ အခွင့်အရေး ဘယ်လိုမှရှိမည် မဟုတ်ချေ။

ထို့ကြောင့် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ပြေးဖို့သာ ဖြစ်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွေ့ပြီးနောက်တွင် အလန့်တကြားထွက်ပြေးသွားသော ရေနဂါးဂိုဏ်း၏ တပည့်ဖြစ်အင်ကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"ထွက်ပြေးချင်တာလား.. စိတ်မကောင်းပါဘူး မင်းနောက်ကျသွားခဲ့ပြီ"

ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး သူ၏ ပုံရိပ်သည် နေရာမှာပင် လျှပ်တပြက် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တခဏမှာပင် ကျန်းချန်၏ပုံရိပ်သည် ရေနဂါးဂိုဏ်းမှ တပည့်နှင့် ဆယ်ပေအကွာရှိ လေထုထဲတွင် ရုတ်တရက် ပေါ်လာခဲ့၏။

သူက အစွမ်းကုန် ထွက်ပြေးနေသည့် ရေနဂါးဂိုဏ်းမှ တပည့်ကိုလှမ်းကြည့်ကာ ရွှေရောင်အလင်းများ တောက်ပနေသည့် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သော သစ်တောထဲ၌ ခပ်ထေ့ထေ့ရယ်သံ တစ်သံသည် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား.. ငါ့လက်က လွတ်ချင်သေးတာလား.. ငါ့ရှေ့ကိုရောက်လာပြီ ဆိုမှတော့ မင်းရဲ့အသက်ကို ငါ့ဆီမှာပဲ ထာဝရအပ်ထားခဲ့လိုက်တော့"

အခန်း(၇၂၂)ပြီး၏။

အခန်း(၇၂၃)

လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာပြီး လက်သီးဖြင့်ထိုးလိုက်သော ကျန်းချန်ကိုမြင်လျှင် ရေနဂါးဂိုဏ်း၏ တပည့်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

သို့သော် ဤအချိန်တွင် သူ့အတွက် စဥ်းစားဖို့ အချိန်မရှိတော့ပေ။

ထို့ကြောင့် သူက ခန္ဓာကိုယ်မှ အသက်စွမ်းအင်ကို အစွမ်းကုန်လှုံ့ဆော်ကာ လက်သီးချက်ဖြင့်ပင် ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

နှစ်ယောက်စလုံး၏ လက်သီးများသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားပြီး ပြင်းထန်သည့် အသံတစ်သံပင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ရေနဂါးဂိုဏ်းမှ တပည့်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး နှစ်ပေသုံးပေခန့်အထိ နောက်ဆုတ်သွားခဲ့ရသည်။

ရေနဂါးဂိုဏ်းမှတပည့်က သူနှင့် ဆန့်ကျင်ဘက်တွင် တည်ငြိမ်စွာရပ်နေသော ကျန်းချန်ကို‌ ဒေါသတကြီး လှမ်းကြည့်ကာ မေးလိုက်သည်။

"ကျန်းချန်.. မင်းငါ့ကို ဘာလုပ်ချင်လို့လဲ"

"ဘာမှမလုပ်ချင်ပါဘူး မင်းရဲ့ခေါင်းကိုပဲ လိုချင်တာပါ"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"မင်းတို့ ရေနဂါးဂိုဏ်းက တပည့်တွေရဲ့ ခေါင်းတွေက ငါ့အတွက် အရမ်းတန်ဖိုးရှိတယ်"

"ကျန်းချန်.. မင်း အရမ်းသန်မာတယ် ဆိုတာ ငါသိပေမဲ့ ငါက မင်းကြိုက်သလို ညှစ်ချေလို့ရတဲ့ သစ်သီးပျော့ မဟုတ်ဘူး.. မင်းနဲ့ငါနဲ့ တိုက်ခိုက်ကြမယ်ဆိုရင် နှစ်ဖက်စလုံးက အထိအခိုက် ရှိလာမှာပဲ.. ဒါက မင်းရော ငါရော အတွက် မကောင်းဘူး.. ဒီတော့ ကိုယ့်လမ်းပဲ ကိုယ်သွားကြတာပေါ့"

ရေနဂါးဂိုဏ်းမှ တပည့်က ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

ထိုခဏတွင် ကျန်းချန်၏ နှုတ်ခမ်းထောင့်၌ မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

"မင်းနဲ့ငါနဲ့တိုက်ရင် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရမယ်ဟုတ်လား.. မင်းမှာ အဲဒီလို အရည်အချင်းရှိလို့လား"

သူ၏ လက်ရှိအင်အားဖြင့် ကျန်းချန်သည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲမှ ထိပ်တန်းပါရမီရှင်များကို လုံးဝ မကြောက်ရွံ့ပေ။

စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် အလယ်အလတ်သာ ရှိသည့် ဤလူငယ်သည် သူမေ့မြောအောင် တိုက်ခိုက်ခဲ့သည့် ဆံပင်ကောက်ကောက်နှင့် လူငယ်ထက် အနည်းငယ်လေး ပိုသာရုံသာ ဖြစ်၏။

ဤကဲ့သို့သော အမှိုက်မျိုးသည် သူ့ကို ဒဏ်ရာရအောင် မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါအံ့နည်း။

"ကျန်းချန် မင်းငါ့အပေါ် အတင်းအကြပ် ဖိအားပေးမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့"

ရေနဂါးဂိုဏ်းမှတပည့်သည် ကျန်းချန်၏ စကားကိုကြားလျှင် အမူအရာက ရုတ်တရက် အေးစက်သွားခဲ့သည်။

သူက လျှို့ဝှက်ဆန်းကြယ်သော အပြာရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး အသက်စွမ်းအားကို ကျောက်စိမ်းပြား ထဲသို့ ထည့်သွင်းလိုက်သည်။

အသက်စွမ်းအင် ထည့်သွင်းလိုက်သည်နှင့် အပြာရောင် ကျောက်စိမ်းပြားကနေ တောက်ပသော အပြာရောင် ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

နောက်ထပ် တခဏမှာပင် ငါးပေခြောက်ပေခန့် ရှည်လျားသည့် အပြာရောင်ဓားအလင်းသည် လေထုကို ဖြတ်ကျော်ကာ ကျန်းချန်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

"ကျန်းချန် မင်းက ငါ့ကို အတင်းအကြပ် ဖိအားပေးတဲ့ အတွက် ငါ့ရဲ့ဝှက်ဖဲကို အသုံးပြုလိုက်ပြီ.. သေဖို့သာပြင်ထားတော့"

ရေနဂါးဂိုဏ်းမှလူငယ်က ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။

ကျောက်စိမ်းပြားသည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို မဝင်ခင် ငွေကြေးများစွာ အကုန်အကျခံပြီး သူ လဲလှယ်ခဲ့သည် ပစ္စည်းတစ်ခု ဖြစ်သည်။

ကျောက်စိမ်းပြားထဲတွင် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ ချန်ထားရစ်သည့် ဓားအလင်း တစ်ခုကို စည်းတံဆိပ်ခတ်ထား၏။

အသက်စွမ်းအားဖြင့် လှုံ့ဆော်လိုက်သည်နှင့် ကျောက်စိမ်းပြားထဲမှ ဓားအလင်းကို ထုတ်လွှတ်နိုင်ပြီး စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အစောပိုင်းကျင့်ကြံသူများကို သတ်ပစ်နိုင်လောက်အောင်ပင် အင်အားကြီးမား၏။

သူက ထိုကျောက်စိမ်းပြား၏ အစွမ်းကို ဤမျှလောက် စောစောစီးစီး မသုံးချင်ခဲ့ပေ။

သို့သော်လည်း ကျန်းချန်က သူ့ကို အတင်းအကြပ် ဖိအားပေးနေရာ သူ့အနေဖြင့် ရွေးချယ်စရာ မရှိတော့ချေ။

အပြာ‌ရောင်ဓားအလင်းက လေထုကို ဖြတ်ကျော်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်၏အရှေ့၌ ပေါ်လာခဲ့သည်။

"ဟားဟား ကျန်းချန်.. ငါ့ခေါင်းက ဒီလောက်အထိအလွယ်တကူ မရနိုင်ဘူး.. ဒီအတိုင်းဆို ငါကပဲ မင်းရဲ့ခေါင်းကို ယူရတော့မယ် ထင်တယ်"

အပြာရောင်အလင်းဓားဖြင့် အသတ်ခံရတော့မည့် ကျန်းချန်ကို ကြည့်ရင်း ရေနဂါးဂိုဏ်းမှ တပည့်သည် လှောင်ပြောင်၍ ရေရွတ်လိုက်သည်။

သို့သော် လျင်မြန်စွာပင် ရေနဂါးဂိုဏ်းမှတပည့်၏ မထီမဲ့မြင် အပြုံးသည် ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့သည်။

အကြောင်းရင်းမှာ အပြာရောင်ဓားအလင်းသည် ကျန်းချန်၏ ရင်ဘတ်နှင့် သုံးပေခန့်အကွာသို့ အရောက်တွင် ရွှေရောင်အလင်း အကာအကွယ်တစ်ခုနှ င့်တိုက်ရိုက် တားဆီးခံလိုက်ရသောကြောင့် ဖြစ်၏။

ထို့နောက်တွင် ကျန်းချန်က လက်သီးကိုဆုပ်ကာ အပြာရောင်ဓားအလင်းကို ထိုးချလိုက်သည်။

"ဝုန်း.."

ချက်ချင်းဆိုသလိုပင် အပြာရောင် ဓားအလင်းက ပျက်စီးသွားခဲ့၏။

ကျန်းချန်က ဆန့်ကျင်ဘက်မှ ရေနဂါးဂိုဏ်း၏ တပည့်ကို ကြည့်ကာ မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ဒါက မင်းရဲ့ဝှက်ဖဲလား.. မင်းရဲ့ ဝှက်ဖဲက အရမ်း အားနည်းတာပဲ"

အခန်း(၇၂၃)ပြီး၏။

All Chapters