← Chapters

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

"မင်း.. ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ရေနဂါးဂိုဏ်းမှ တပည့်က ကျန်းချန်ကို အံ့အားသင့်မှင်တက်ကာ ကြည့်နေမိသည်။

ကျန်းချန်၏အင်အားက ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းမည်ဟု သူ မထင်ထားခဲ့ပေ။

စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အစောပိုင်း ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ပစ်နိုင်လောက်သည့် အင်အားသည် ကျန်းချန်၏ အကာအကွယ်ကိုပင် မချိုးဖျက်နိုင်ခဲ့ပေ။

ကျန်းချန်က အဓိပ္ပါယ်မဲ့သော စကားများပြောရန် ပျင်းရိနေခဲ့သည်။

သူက တစ်ခဏအတွင်းမှာပင် နေရာမှ ပျောက်ကွယ်သွားခဲ့၏။

"မလုပ်နဲ့.."

‌ရေနဂါးဂိုဏ်းမှ တပည့်က လေထဲကနေ ပျောက်ကွယ်သွားသော ကျန်းချန်ကို ကြည့်ပြီး ဖော်မပြနိုင်သော အေးစက်သည့်ခံစားချက် တစ်ခုသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

သူက အသက်စွမ်းအင်ကို ယာယီမြှင့်တင်ပေးနိုင်သည့်ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

သို့သော် ထိုသို့ လုပ်ဆောင်ခဲ့သည့်တိုင် သူ၏ အရှိန်အဝါသည် လေဆန္ဒ ဒုတိယအဆင့်၏ ပြီးပြည့်စုံသော ခွန်အားကို ပိုင်ဆိုင်ထားသော ကျန်းချန်နှင့် မယှဥ်နိုင်ခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် ရေနဂါးဂိုဏ်းမှ တပည့်၏ အနောက်၌ ပေါ်လာခဲ့သည်။

သူက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပြီး ရွှေရောင်အလင်းများ တောက်ပနေသော လက်သီးချက်ဖြင့် ရေနဂါးဂိုဏ်းမှ တပည့်၏နောက်ကျောကို ဆောင့်ထိုးလိုက်သည်။

အင်ပါယာခန်းမမှ ထွက်လာပြီးနောက်တွင် ကျန်းချန်၏ မပျက်စီးနိုင်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နည်းစနစ်သည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီး စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် နှောင်းပိုင်းကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်နေမည် ဖြစ်သည်။

သို့ဖြစ်ရာ သူ၏အရှေ့မှ စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ကိုပင် မကျော်ဖြတ်ရသေးသော ရေနဂါးဂိုဏ်း၏ တပည့်သည် ကျန်းချန်၏ လက်သီးချက်ကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။

ကျန်းချန်၏ လက်သီးချက်အောက်တွင် ရေနဂါးဂိုဏ်းမှတပည့်သည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး ကြိုးပျက်သွားသော စွန်တစ်ကောင် ကဲ့သို့ လွင့်ထွက်သွားခဲ့သည်။

"ဝုန်း..ဝုန်း..ဝုန်း.."

ရေနဂါးဂိုဏ်းမှတပည့်၏ ခန္ဓာကိုယ်သည် လမ်းတစ်လျှောက်ရှိ ကြီးမားသော သစ်ပင်အိုများကို ဆက်တိုက် ဆိုသလို တိုက်မိသွားခဲ့သည်။

ဧရာမ ရှေးဟောင်းသစ်ပင်အိုသုံးပင်ကို တစ်ပင်ပြီးတစ်ပင် ခန္ဓာကိုယ်နှင့် တိုက်ရိုက်ချိုးဖျက်ပြီး‌နောက်တွင် ရေနဂါးဂိုဏ်းမှတပည့်၏ ခန္ဓာကိုယ်သည် အဆုံးသတ်၌ မြေပြင်

ပေါ်သို့ ဘိုင်းခနဲ ကျရောက်သွားပြီး အသက်မရှူတော့ပေ။

ကျန်းချန်က ရေနဂါးဂိုဏ်းမှတပည့်၏ အလောင်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး လက်ထဲရှိ သိုလှောင်လက်စွပ်ကို စစ်ဆေးလိုက်သည်။

ထို့နောက်တွင် ရေနဂါးဂိုဏ်းမှ တပည့်၏ သက်သေခံ တံဆိပ်ပြားနှင့် တန်ဖိုးရှိသော အရင်းအမြစ်အချို့ကို သိုလှောင်လက်စွပ်ကနေ ယူပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ပြောင်းထည့်လိုက်၏။

ထို့နောက်တွင် ကျန်းချန်သည် လေထဲသို့ ခုန်တက်ကာ ပတ်ဝန်းကျင် အနေအထားကို အကဲခတ်လိုက်သည်။

ထိုအခါ အဝေးကနေ အင်အားကြီးမားသော စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်၏။

"အရှေ့မှာတိုက်ပွဲ ဖြစ်နေပုံရတယ်"

ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် ထိုစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည့် အရပ်ဆီသို့ အလျင်အမြန် ထွက်ခွာသွားခဲ့၏။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် သစ်တော၏ အစွန်အဖျား၌ ပေါ်လာခဲ့သည်။

သူက မျက်လုံးကို အနည်းငယ်ဝေ့ကြည့်လိုက်ရာ သစ်တောကနေ မီတာတစ်ရာ အကွာရှိ ဂူတစ်ဂူသည် ကျန်းချန်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က ဂူ၏အဝင်ဝသို့ တိတ်တဆိတ် ချဥ်းကပ်လာခဲ့ပြီး ဂူထဲကို တိုက်ရိုက် အကဲခတ်ကြည့်လိုက်သည်။

ထိုဂူက ပေတစ်ရာလောက် ကျယ်ဝန်းသည့် ကြီးမားသော ဂူတစ်ဂူ ဖြစ်သည်။

ဂူ၏အလယ်တွင် ရေနဂါးဂိုဏ်းမှ တပည့်သုံးယောက်သည် ခြင်္သေ့ပုံသဏ္ဍာန် ဧရာမ သားရဲကြီးတစ်ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့သည်။

ထိုခြင်္သေ့ပုံသဏ္ဍာန် သားရဲသည် တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး အေးစက်သော အနက်ရောင် အကြေးခွံများသည် သူ၏ ခါးနှင့်ဝမ်းဗိုက်များကို ဖုံးလွှမ်းထားခဲ့၏။

ခေါင်းထိပ်တွင်လည်း သုံးပေမျှ ရှည်လျားသည့် အနက်ရောင်ဂျို တစ်ခုလည်း ရှိသည်။

ကျန်းချန်က ထိုခြင်္သေ့ပုံသဏ္ဍာန် သားရဲဆီကနေ နဂါး၏ အရှိန်အဝါကို ခပ်ရေးရေး ခံစားမိခဲ့သည်။

"ပဉ္စမအဆင့် သားရဲဖြစ်တဲ့ မြေကမ္ဘာနဂါးခြင်္သေ့ပါလား.. ဒီဂူက မြေကမ္ဘာနဂါးခြင်္သေ့ရဲ့ အသိုက် ဖြစ်ပုံရတယ်"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

မြေကမ္ဘာနဂါးခြင်္သေ့သည် ပဉ္စမအဆင့် အထွတ်အထိပ် သားရဲ ဖြစ်သည်။

၎င်း၏ ကိုယ်ထဲတွင် မြေကမ္ဘာနဂါး၏ သွေးစွမ်းအားများ အနည်းငယ် စီးဆင်းနေ၏။

အရွယ်ရောက်ပြီးသည့် မြေကမ္ဘာနဂါးခြင်္သေ့၏ တိုက်ခိုက်ရေးစွမ်းရည်သည် စွမ်းအင်သိပ်သည်ခြင်း နဝမအဆင့် အထွတ်အထိပ်တွင် ရှိသည့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သည်။

"မြေကမ္ဘာနဂါးခြင်္သေ့က သူရဲ့ အထွတ်အထိပ် တိုက်ပွဲဝင်စွမ်းရည်ကို မထုတ်ဖော်နိုင်ဘူးဆိုတော့ ကြည့်ရတာ အတော်လေး အားနည်းနေတဲ့ပုံပဲ"

မြေကမ္ဘာနဂါးခြင်္သေ့က ရေနဂါးဂိုဏ်းမှ တပည့်သုံးယောက်ကို အပြင်းအထန် တိုက်ပွဲဝင်နေရသည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

အခန်း(၇၂၄)ပြီး၏။

အခန်း(၇၂၅)

လှိုဏ်ဂူထဲမှ ရေနဂါးဂိုဏ်း၏ တပည့်သုံးယောက်သည် အင်အားမကြီးပေ။

နှစ်ယောက်မှာ စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သုံးယောက်ထဲတွင် အင်အားအကောင်းဆုံးဖြစ်သည့် ငွေရောင်ဆံပင်နှင့်လူငယ်ပင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အစောပိုင်းကျင့်ကြံသူသာ ဖြစ်သည်။

ဤမြေကမ္ဘာ နဂါးခြင်္သေ့သာ အထွတ်အထိပ် အခြေအနေတွင် ရှိနေမည် ဆိုလျှင် ဤလူသုံးယောက်သည် မြေကမ္ဘာနဂါးခြင်္သေ့၏ ပြိုင်ဘက် မဟုတ်ပေ။

ကျန်းချန်က ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး ဂူပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်၏ အကြည့်သည် မြေကမ္ဘာနဂါးခြင်္သေ့၏ အနောက်ဘက်ရှိ ရေကန်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့၏။

ထိုရေကန်၏ဘေးတွင် နက်မှောင်သော ဘဲဥပုံသဏ္ဍာန် ဥတစ်လုံးကို မြင်လိုက်ရလျှင် မြေကမ္ဘာနဂါးခြင်္သေ့က အဘယ်ကြောင့် အားနည်းနေသလဲ ဆိုသည်ကို အဆုံးသတ်တွင် သူ နားလည်သွားခဲ့သည်။

အကြောင်းရင်းမှာ မြေကမ္ဘာနဂါးခြင်္သေ့သည် မီးဖွားပြီးသည်မှာ မကြာသေး၍ ဖြစ်၏။

ထို့နောက်တွင် ကျန်းချန်သည် ရေကန်ထဲမှ အခြေအနေ၏ အလျင်အမြန် ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။

ရေကန်၏ အလယ်တွင် နှစ်မီတာ သုံးမီတာခန့် မြင့်မားသော အပင်တစ်ပင် ထူးဆန်းစွာ ပေါက်နေခဲ့၏။

ထိုအပင်တွင် လက်သီးဆုပ်ခန့်အရွယ်ရှိ ရွှေရောင်အသီး ငါးလုံးခြောက်လုံးခန့် သီးနေခဲ့သည်။

အလင်းရောင် အနည်းငယ်မှိန်နေသော ဂူထဲတွင် ထိုရွှေရောင်အသီးများသည် အလွန်ပင် တောက်ပနေခဲ့၏။

"ဒါက ကွေးယန်လင်ကော် သစ်သီးပဲ"

ထိုသစ်သီးက အလွန်ရှားပါးသော ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ် ရတနာတစ်ခုဖြစ်ပြီး ထိုအထဲတွင် ပါဝင်သည့် စွမ်းအင်ကို ကျင့်ကြံသူများသည် အလျင်အမြန် စုပ်ယူနိုင်သည်။

၎င်းက စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်ရုံသာမက သိုင်းသခင်နယ်ပယ်အဆင့်သို့ ချိုးဖျက်ရာတွင်လည်း အထူး အထောက်အပံ့ ပေးနိုင်သော စွမ်းရည် ရှိသည်။

သိထားရမည်မှာ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်ချင်လျှင် အသက်စွမ်းအင် အမြူတေကိုတဖြည်းဖြည်း အရည်ဖျော်ပြီး ပင်လယ်ဖြစ်အောင် ပြောင်းလဲရမည် ဖြစ်သည်။

ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင် အမြူတေသည် အသက်စွမ်းအင်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်နှင့် တပြိုင်နက်စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ပေသည်။

ဆိုရလျှင် ကွေးယန်လင်ကော် သစ်သီးသည် အသက်စွမ်းအင်အမြူတေကို အရည်ပျော်ရန်အတွက် အကူအညီပေးသည့် စိတ်ဝိညာဥ် သစ်သီးတစ်မျိုး ဖြစ်သည်။

သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်ရာတွင် အထောက်အပံ့ပေးသော ရှားပါးဆေးလုံး ဖြစ်သည့် ဟွာယွမ်ဆေးလုံးပင် ကွေးရန်လင်ကော် သစ်သီး၏ စွမ်းရည်ကို လုံးဝ မယှဥ်နိုင်ပေ။

ထိုသို့ ကျန်းချန်က ကွေးရန်လင်ကော် သစ်သီးကို အာရုံစူးစိုက်နေသောအချိန်တွင် မြေကမ္ဘာနဂါးခြင်္သေ့နှင့် တိုက်ခိုက်နေသော ဆံပင်ငွေရောင်နှင့် လူငယ်သည် ချက်ချင်းပင် အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရသည်။

သူက မြေကမ္ဘာနဂါးခြင်္သေ့နှင့် တိုက်ခိုက်ရာကနေ အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ဂူ၏အဝင်ဝကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ထို့နောက်တွင် သူက ဂူအဝင်ဝသို့ လှမ်းကြည့်ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။

"အပြင်မှာ ဘယ်သူရှိနေလဲ ဒီနေရာကနေ ထွက်သွားစမ်း.."

ဆံပင်‌ငွေရောင်နှင့် လူငယ်၏ အေးစက်စက် အော်ဟစ်သံကိုကြားလျှင် ရေနဂါးဂိုဏ်းမှ စွမ်းအင်သိပ်သည်ခြင်း သတ္တမအဆင့် ကျင့်ကြံသူ နှစ်ယောက်သည်လည်း တိုက်ပွဲကနေ အလျင်အမြန် ဆုတ်ခွာ၍ ဂူအဝင်ဝကို သတိကြီးစွာ လှမ်းကြည့်လိုက်ကြသည်။

"လခွမ်း.. အပျော်လွန်ပြီး အသက်ရှူသံကို ထိန်းချုပ်မှု မဲ့သွားတယ်ဟ"

ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။

ဂူအတွင်းရှိ သုံးယောက်က သူ့ကို သတိထားမိသွားပြီဖြစ်၍ ဤသုံးယောက်က မြေကမ္ဘာနဂါးခြင်္သေ့ကို ရှင်းလင်းပြီးသည့်အချိန်ကိုစောင့်ကာ အကျိုးအမြတ် ရယူရန် စီစဥ်ထားသည့် သူ၏ အကြံအစည်က မဖြစ်နိုင်တော့ပေ။

ကျန်းချန်က ဆက်လက် ပုန်းမနေတော့ဘဲ ဝင့်ကြွားသောအမူအရာဖြင့် ဂူထဲသို့ လျှောက်ဝင်လာခဲ့သည်။

"ဒါ..ဟိုကောင်လေးပဲ"

ဂူထဲသို့ လျှောက်ဝင်လာသည့် ကျန်းချန်ကိုမြင်လျှင် ရေနဂါးဂိုဏ်းမှ တပည့်သုံးယောက်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

စွမ်းအင်သိပ်သည်ခြင်း ပဉ္စမအဆင့် ကျင့်ကြံမှုဖြင့် သူတို့ရေနဂါးဂိုဏ်းမှ အဌမအဆင့် ရွှေရောင်တပည့် တစ်ယောက်ကိုအပြတ်အသတ် အနိုင်ယူခဲ့သည့် ဤကောင်လေးကို သူတို့ သုံးယောက်သည် သဘာဝကျစွာပင် မစိမ်းပေ။

ယခု ဤကောင်လေး ရုတ်တရက်ပေါ်လာခြင်းသည် သူတို့အတွက် ကောင်းသောအရာ မဟုတ်ပေ။

"ကောင်လေး ဒီဂူကို ငါတို့အရင်ရှာတွေ့တာ ဒီကနေ ထွက်သွားစမ်း"

စွမ်းအင်သိပ်သည်ခြင်း သတ္တမအဆင့် ကျင့်ကြံသူနှစ်ယောက်၏ မျက်နှာများသည် မည်းမှောင်သွားကြပြီး ကျန်းချန်ကို အော်ငေါက်လိုက်ကြသည်။

သူတို့ရှေ့မှ ကောင်လေးသည် အလွန် အင်အားကြီးမားပြီးစွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဌမအဆင့် အစောပိုင်း ကျင့်ကြံသူကို သတ်ပစ်နိုင်သော စွမ်းရည် ရှိ၏။

သို့သော်လည်း သူတို့က ယခုအခါတွင် အရေအတွက် အသာစီးရနေသည့်အပြင် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်နဝမအဆင့် အစောပိုင်း ကျင့်ကြံသူဖြစ်သည့် ဆံပင်ငွေရောင်နှင့် လူငယ်လည်း ရှိသည်။

ဤကောင်လေးက သူတို့သုံးယောက်ကို ယှဥ်နိုင်လိမ့်မည်ဟု သူတို့ အမှန်တကယ် မယုံကြည်ခဲ့ပေ။

ရေနဂါးဂိုဏ်းမှ စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်တပည့်နှစ်ယောက်၏ ပြင်းထန်သော အော်ငေါက်သံကို ကြားလျှင် ကျန်းချန်သည် ခနဲ့တဲ့တဲ့ တုန့်ပြန်လိုက်၏။

"မင်းက ထွက်သွားဆိုတိုင်း ငါက ထွက်သွားရအောင် မင်းကိုမင်း ဘယ်သူလို့ထင်နေလဲ.."

အခန်း(၇၂၅)ပြီး၏။

အခန်း(၇၂၆)

"ကောင်လေး မင်းသေချင်နေတာလား.."

စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ရေနဂါးဂိုဏ်းမှတပည့်နှစ်ယောက်က ဒေါသထွက်သွားခဲ့သည်။

သူတို့က နံဘေးရှိ ဆံပင်ငွေရောင်နှင့် လူငယ်ကို အေးစက်စက်ပြောလိုက်သည်။

"ညီနောင်ကျော ဒီကောင်က အကောင်းအဆိုးကို မသိဘူးဆိုမှတော့ သူ့ကို ငရဲဆီ ပို့လိုက်ကြစို့"

ဆံပင်ငွေရောင်နှင့် လူငယ်က ထိုနှစ်ယောက်၏ စကားကိုလျစ်လျူရှုထားလိုက်ပြီး ကျန်းချန်ကို ခဏမျှစိုက်ကြည့်ပြီးနောက် အဆုံးသတ်တွင် ကျန်းချန်ကို ဖိတ်ခေါ်လိုက်သည်။

"မင်းနာမည်က ကျန်းချန်မဟုတ်လား..မင်းက စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့်နဲ့ အဌမအဆင့် ကျင့်ကြံသူကိုတောင် အနိုင်ယူနိုင်ခဲ့တယ်.. ငါ့အမြင်တော့ မင်းရဲ့အရည်အချင်းက မဆိုးဘူး.. ဒီကို ရောက်လာပြီ ဆိုမှတော့ ငါတို့တွေက ရေစက်ရှိလို့ပဲ.. မြေကမ္ဘာနဂါးခြင်္သေ့ကို ငါတို့တွေ အတူတူတိုက်ခိုက်ပြီး ဂူထဲက ရတနာတွေကို အညီအမျှ ခွဲဝေကြရအောင် မင်းဘယ်လို သဘောရလဲ"

သူ့ရှေ့မှကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ပစ်နိုင်သောကြောင့် ထူးခြားသော တိုက်ပွဲဝင်စွမ်းရည် ရှိသည်ဟု ဆိုရမည်။

ဆံပင်‌ငွေရောင်နှင့်လူငယ်က ကျန်းချန်၏ အသေးစိတ်အချက်အလက်များကို အသေအချာ မသိခင် အလွယ်တကူ မတိုက်ခိုက်ချင်ခဲ့ပေ။

သူက ကျန်းချန်ကို မြေကမ္ဘာနဂါးခြင်္သေ့အား အတူတူ တိုက်ခိုက်ရန် ဖိတ်ခေါ်ခဲ့သည်မှာ မြေကမ္ဘာနဂါးခြင်္သေ့ကိုအသုံးပြုပြီး ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို စမ်းသပ်နိုင်ရုံတင်မက ကျန်းချန်၏ အင်အားကိုပါ မြေကမ္ဘာနဂါးခြင်္သေ့ကို တိုက်ခိုက်ရာတွင် ကုန်ဆုံးစေရန် ဖြစ်သည်။

အချိန်တန်လျှင် သူက ပွဲပန်းနေသည့် မြေကမ္ဘာနဂါးခြင်္သေ့နှင့်ကျန်းချန်ကို တစ်ပြိုင်တည်း ရှင်းထုတ်ပစ်မည် ဖြစ်သည်။

ခဲတစ်လုံးတည်းဖြင့် ဌက်နှစ်ကောင် ပစ်နိုင်သည့် ဤကဲ့သို့သော ဗျူဟာကို သူက အဘယ်ကြောင့် အကောင်အထည် မဖော်ရပါမည်နည်း။

"ရတနာကို အညီအမျှခွဲဝေမယ် ဟုတ်လား.. မင်းရဲ့ ညှိနှိုင်းမှုကို ငါသဘောမကျဘူး"

ကျန်းချန်က ခေါင်းခါရမ်း၍ ရယ်မောကာ ပြောလိုက်သည်။

"ဒါဆိုလည်း မင်းက သုံးဆယ် ရာခိုင်နှုန်းယူ.. ငါတို့ သုံးယောက်က ခုနစ်ဆယ် ရာခိုင်နှုန်းယူမယ် ဘယ်လိုလဲ"

ကျန်းချန်က ငါးစာကို လာဟပ်ရန်အတွက် ဆံပင်ငွေ‌ရောင်နှင့်လူငယ်သည် ပို၍ဆွဲဆောင်မှုရှိသည့် ခွဲဝေမှု နည်းလမ်းကို အသုံးပြုခဲ့သည်။

သို့သော်လည်းကျန်းချန်က ခေါင်းခါရမ်း၍ ငြင်းဆိုလိုက်သည်။

"စိတ်မဝင်စားဘူး.."

"ကောင်လေး မင်းသိပ်မာန်တက်မနေနဲ့.. ညီနောင်ကျော အနေနဲ့ မြေကမ္ဘာနဂါးခြင်္သေ့နဲ့ တိုက်ပွဲဝင်ဖို့ မင်းကို ဖိတ်ခေါ်တာက အတော်လေး မျက်နှာသာ ပေးထားတာပဲ"

ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်က ကျန်းချန်ကို မာန်မဲ၍ ကြိမ်းမောင်းလိုက်သည်။

"ကျန်းချန် ဒါဆိုရင်မင်း ရာခိုင်နှုန်း ဘယ်လောက်လိုချင်လဲ"

ကျန်းချန်က သူ၏အဆိုပြုချက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ငြင်းဆန်နေသည်ကို မြင်လျှင် ဆံပင်ငွေရောင်နှင့်လူငယ်၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။

သူက ဆံပင်ငွေရောင်နှင့် လူငယ်ကို ပြုံးကာ ပြောလိုက်သည်။

"မင်းရဲ့ကမ်းလှမ်းမှုကို စိတ်မဝင်စားဘူး ဘာဖြစ်လို့လည်းဆိုတော့ ဒီဂူထဲကရတနာတွေအားလုံးကို ငါတစ်ယောက်တည်းလိုချင်လို့ပဲ"

ဆံပင်ငွေရောင်နှင့်လူငယ်က သူ့ကို မြေကမ္ဘာနဂါးခြင်္သေ့အား အတူတူ တိုက်ခိုက်ရန် ဖိတ်ခေါ်ခဲ့ခြင်းသည် မြေခွေးက ကြက်ကို နှစ်သစ်ကူးလက်ဆောင်ပေးမည်ဟု လိမ်လည်၍ ဖိတ်ခေါ်နေသည်နှင့် ဆင်တူ၏။

ကျန်းချန်က မြေကမ္ဘာနဂါးခြင်္သေ့နှင့် ရင်ဆိုင်နေစဥ်အတွင်း နောက်ကျောကနေ ဓားထိုးမခံချင်ခဲ့ပေ။

ဆိုရလျှင် သူ၏လက်ရှိအင်အားသည် ဤရေနဂါးဂိုဏ်းသားသုံးယောက်ကို ဖြေရှင်းပြီး မြေကမ္ဘာနဂါးခြင်္သေ့ကို သတ်ကာ ဂူထဲမှရတနာအားလုံးကို အေးအေးဆေးဆေး ယူဆောင်နိုင်ပေသည်။

"ဘယ်လို..ဒီကောင်က ဂူထဲက ရတနာတွေကို တစ်ယောက်တည်း သိမ်းပိုက်ချင်တာလား"

ကျန်းချန်၏ စကားကိုကြားလျှင် ရေနဂါးဂိုဏ်းသား သုံးယောက်၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ တပြိုင်နက် ထွက်ပေါ်လာကြသည်။

"ကျန်းချန်.. မင်းက တကယ်ကို လောဘကြီးလွန်းတယ်.. ဂူထဲက ရတနာတွေကို တစ်ယောက်တည်း အပိုင်စီးချင်ရင် ငါ သဘောတူမတူ အရင်မေးရမယ်"

ဆံပင်‌ငွေရောင်နှင့်လူ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

သူက နံဘေးရှိ ရေနဂါးဂိုဏ်းသား နှစ်ယောက်ကို တိုက်ရိုက်အော်ဟစ်လိုက်သည်။

"ငါတို့တွေ ဒီကောင့်ကို အရင်ဖြေရှင်းလိုက်ကြစို့"

ကျန်းချန်က ဂူထဲရှိ ရတနာအတွက် သူတို့နှင့် ယှဥ်ပြိုင်မည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားလိုက်သောကြောင့် ဆံပင်ငွေရောင်နှင့် လူငယ်သည် ကျန်းချန်နှင့် အချိန်မဖြုန်းလိုတော့ပေ။

ချက်ချင်းဆိုသလိုပင် ဆံပင်ငွေရောင်နှင့် လူငယ်ကကြောက်မက်ဖွယ် ကောင်းသော လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်ကလည်း သူတို့၏ လက်နက်များကို ဝှေ့ရမ်းကာ ကျန်းချန်ကိုတိုက်ခိုက်လိုက်ကြသည်။

အခန်း(၇၂၆)ပြီး၏။

All Chapters