အခန်း (၇၃၀-၇၃၂)
Vol. 49 Ch. 730-732
ကျန်းချန်က သူ၏ အရင်းအမြစ်များကို အသုံးပြု၍ အဆင့်တက်မှုကို ရူးသွပ်စွာလုပ်ဆောင်နေစဥ်တွင် ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့်ပါရမီရှင် ကျောယွင်ဖန်သည် သူ၏ သက်သေခံတံဆိပ်ပြားကနေ လေပင်လယ် လျှို့ဝှက်နယ်မြေထဲမှ ရေနဂါးဂိုဏ်း၏ တပည့်အားလုံး ဆီသို့ သတင်းစကားတစ်ခုကို ပေးပို့ကာ ဆုလာဘ်ထုတ်လိုက်သည်။
ကျောယွင်ဖန်၏ ဆုလာဘ်ကို ရေနဂါးဂိုဏ်းမှ တပည့်များသည် အလွန်အမင်း စိတ်ဝင်စားကာ လောဘတက်ခဲ့ကြ၏။
ကျန်းချန်၏ တည်နေရာကို ကျောယွင်ဖန်ထံ ပေးနိုင်မည့်သူသည် ထိုဆုလာဘ်ကို ရရှိမည် ဖြစ်သည်။
ကျောယွင်ဖန်သည် ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်သုံးယောက်ထဲတွင် တစ်ယောက်ဖြစ်ပြီး ရေနဂါးဂိုဏ်းခေါင်းဆောင် လန်ယွမ်၏ တပည့်ရင်းလည်း ဖြစ်သည်။
ရေနဂါးဂိုဏ်းမှ တပည့်အများစုအတွက် ကျောယွင်ဖန်ကို ကူညီခွင့် ရရှိခြင်းသည်ပင် ဂုဏ်ယူစရာ ဖြစ်၏။
ထို့ကြောင့် ကျောယွင်ဖန်ထံမှ သတင်းစကားကို ရသည်နှင့်တစ်ပြိုင်နက် ရေနဂါးဂိုဏ်းမှ တပည့် အများအပြားသည် ကျန်းချန်၏ တည်နေရာကို ရူးသွပ်စွာ ရှာဖွေခဲ့ကြသည်။
သို့သော် လေပင်လယ် လျှို့ဝှက်နယ်မြေသည် အတော်လေးကျယ်ဝန်းပြီး ပတ်ဝန်းကျင်အနေအထား ရှုပ်ထွေးသည်။
ရေနဂါးဂိုဏ်းမှ တပည့်များသည် ကျန်းချန်ကို တစ်ပြိုင်နက် ရှာဖွေခဲ့သည့်တိုင် ရှာမတွေ့နိုင်ခဲ့ပေ။
ရေနဂါးဂိုဏ်းမှတပည့်များ ရှာဖွေနေသောအချိန်တွင် ကျောယွင်ဖန်သည်လည်း အားအားယားယား မနေခဲ့ပေ။
သူက အေးစက်စက် အမူအရာဖြင့် လေပင်လယ် လျှို့ဝှက်နယ်မြေအထက်ရှိ လေထုထဲတွင် လျှောက်သွားကာ ပတ်ဝန်းကျင်ကို အဆက်မပြတ် လှည့်ပတ် ကြည့်ရှုနေခဲ့သည်။
ထိုအခိုက် စန်းလန်အဖွဲ့အစည်း၏ တပည့်တစ်ယောက်သည် သူ၏ ရှေ့မလှမ်းမကမ်းတွင် ပေါ်လာခဲ့၏။
ကျောယွင်ဖန်က ချက်ချင်းဆိုသလိုပင် စန်းလန်အဖွဲ့အစည်းမှတပည့်၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။
"ရေနဂါးဂိုဏ်းက ဘုရင်အဆင့်ပါရမီရှင် ကျောယွင်ဖန်ပါလား"
စန်းလန်အဖွဲ့အစည်းမှ တပည့်သည် လေထဲမှ ကျောယွင်ဖန်ကိုလှမ်းကြည့်ပြီး မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
လေပင်လယ် လျှို့ဝှက်နယ်မြေထဲသို့ မဝင်ခင် စန်းလန်ဂိုဏ်းမှအကြီးအကဲက သူတို့ကို ပေးခဲ့သည့် ကျောက်စိမ်းစာလိပ်ထဲတွင် ရေနဂါးဂိုဏ်း၏ ပါရမီရှင်တပည့်များ အကြောင်း အချက်အလက်များနှင့် ရေနဂါးဂိုဏ်းမှ ထိပ်တန်းပါရမီရှင် အချို့၏ ပုံများ ပါဝင်ခဲ့သည်။
ထို့ကြောင့် သဘာဝကျစွာပင် စန်းလန်အဖွဲ့အစည်း၏ တပည့်သည် ရေနဂါးဂိုဏ်းမှ ဘုရင်အဆင့်ပါရမီရှင် ကျောယွင်ဖန်ကို မစိမ်းပေ။
သို့သော်လည်း သူ၏ ကံကြမ္မာက ဤမျှလောက်အထိ ဆိုးရွားမည်ဟု မထင်ထားခဲ့ချေ။
သူက ရေနဂါးဂိုဏ်းမှ ဘုရင်အဆင့် ပါရမီရှင်နှင့်မှ တစ်ယောက်တည်း တွေ့ဆုံခဲ့သည် မဟုတ်ပါလား။
"ငါ့ကိုပြောစမ်း.. ကျန်းချန် အခု ဘယ်မှာရှိနေလဲ"
ကျောယွင်ဖန်က အောက်ဘက်ရှိ စန်းလန်အဖွဲ့အစည်း၏ တပည့်ကို ဓားကဲ့သို့ ထက်မြက်စွာ စူးစိုက်ကြည့်ရင် အေးစက်စက် မေးလိုက်သည်။
"ငါ.. ငါ မသိဘူး"
"မသိဘူးဆိုရင် သွားသေလိုက်တော့.."
ကျောယွင်ဖန်က စကားဆုံးသည်နှင့် ဓားဆန္ဒကို ထုတ်ဖော်လိုက်ရာ ဓားဆန္ဒ၏ အရှိန်အဝါကြောင့် စန်းလန်အဖွဲ့အစည်းမှ တပည့်သည် လှုပ်ရှား၍မရတော့ပေ။
ဓားဆန္ဒက ချက်ချင်းဆိုသလိုပင် လေထုကို ဖြတ်သန်း၍ စန်းလန်အဖွဲ့အစည်း၏ တပည့်ဆီသို့ သက်ရောက်သွားခဲ့သည်။
စန်းလန်အဖွဲ့အစည်း၏ တပည့်က ဘာမှပင် မတုန့်ပြန်နိုင်ခဲ့ဘဲ ရင်ဘတ်ကနေ နာကျင်ကိုက်ခဲသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
သူက ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သူ၏နှလုံးသားသည် ဓားရှည်တစ်လက်ဖြင့် ထိုးဖောက်ခံလိုက်ရသကဲ့သို့ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး ထိုနေရာကနေ သွေးများ ပန်းထွက်လာသည်ကို မြင်လိုက်ရသည်။
"မသတ်ပါနဲ့.."
သူ၏ခန္ဓာကိုယ်ထဲမှ သွေးများက စမ်းရေကဲ့သို့ စီးဆင်းလာသည်ကို မြင်လျှင် စန်းလန်အဖွဲ့အစည်း၏ တပည့်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး အဆုံးသတ်တွင် မြေပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားခဲ့သည်။
ကျောယွင်ဖန်က တစ်ချက်ပင် လှည့်မကြည့်ဘဲ ချက်ချင်းဆိုသလိုထွက်ခွာသွားခဲ့သည်။
ထိုအချိန်မှာပင် သူနှင့် ပေတစ်ရာအကွာရှိ လေထုထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
"စန်းယာ"
ရုတ်တရက် ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ကျောယွင်ဖန်၏ မျက်နှာထားသည် အေးစက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလို လက်စွဲတော်ဓားရှည်ကို ထုတ်ယူလိုက်ရာ ထက်မြက်သော ဓားအရှိန်အဝါသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ လွှမ်းခြုံသွားခဲ့၏။
"ကျောယွင်ဖန် အရမ်းစိတ်မလှုပ်ရှားပါနဲ့.. ဒီတစ်ခါ ငါ မင်းနဲ့တိုက်ခိုက်ဖို့ လာခဲ့တာ မဟုတ်ဘူး"
စန်းယာက မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"မင်း ကျန်းချန်ရဲ့ အသက်ကို လိုချင်နေတယ် မဟုတ်လား.. ငါက မင်းကို ကျန်းချန်ကို သတ်ရာမှာ ကူညီပေးဖို့ အတွက် ဒီကို ရောက်လာခဲ့တာပဲ"
အခန်း(၇၃၀)ပြီး၏။
အခန်း(၇၃၁)
ကျောယွင်ဖန်က စန်းယာ၏ စကားကို ကြားလျှင် အံ့သြသွားခဲ့သည်။
သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"စန်းယာ.. မင်း စကားက ဘာကို ဆိုလိုတာလဲ"
"အဓိပ္ပာယ်က အရမ်းရိုးရှင်းပါတယ်.. ဒီကောင်လေး ကျန်းချန်ကို လေပင်လယ် လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက် ထွက်လာတာ ငါ မလိုချင်ဘူး"
စန်းယာက ပြုံး၍ ပြောလိုက်သည်။
"ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ ဆိုတဲ့စကားရှိတယ်.. အနည်းဆုံးတော့ ဒီကိစ္စမှာ ငါတို့ရဲ့ ရည်မှန်းချက်တွေ တူညီကြတယ်"
လေပင်လယ် လျှို့ဝှက်နယ်မြေထဲ မဝင်ခင် စန်းယာသည် ရေနဂါးဂိုဏ်းမှ တပည့်များ၏ လက်ချက်ဖြင့် ကျန်းချန်ကို ဖြေရှင်းရန် ကြံစည်ထားခဲ့သည်။
ဤတစ်ခေါက်တွင် ကျန်းချန်သည် ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် ကျောယွင်ဖန်ကို စော်ကားမိခဲ့ပြီး ကျောယွင်ဖန်သည် ကျန်းချန်၏ တည်နေရာကို အသေအလဲ လိုက်ရှာနေခဲ့သည်။
ထို့ကြောင့် စန်းယာက သတင်းကြားကြားချင်းမှာပင် ချက်ချင်းဆိုသလို ကျောယွင်ဖန်ကို ရှာဖွေကာ လျှို့ဝှက်စွာ အကူအညီပေးရန် ရည်ရွယ်ခဲ့၏။
"ဟမ့်.. အဲဒီ ကျန်းချန်ဆိုတဲ့ ကောင်က မလောက်လေး မလောက်စားပဲ.. ငါ ကျောယွင်ဖန် မျက်စိမှိတ်ထားရင်တောင် သူ့ကို ဖြေရှင်းနိုင်တယ်.. မင်းရဲ့ အကူအညီကို ငါက ဘာလို့ယူရမှာလဲ"
ကျောယွင်ဖန်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်ကာ တိုက်ရိုက် ငြင်းဆိုလိုက်သည်။
သူတို့ ရေနဂါးဂိုဏ်းနှင့် စန်းလန် အဖွဲ့အစည်းသည် အမြဲလိုလို မတည့်ကြပေ။
ထို့ကြောင့် စန်းယာက သူ့ကို ကူညီပေးရန်အထိ စိတ်ကောင်းရှိလိမ့်မည်ဟု သူ မယုံကြည်ချေ။
"မင်းရဲ့ အင်အားနဲ့ ကျန်းချန်ကို သတ်ဖို့ မခက်ခဲတာ ငါသိပါတယ်"
စန်းယာက ခပ်ယဲ့ယဲ့ ပြုံးပြီး မေးလိုက်သည်။
"ဒါပေမဲ့ ကျန်းချန်က တကယ်ပဲ ဒီလေပင်လယ် လျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းချင်ရင် မင်း သူ့ကို ရှာတွေ့ဖို့ လွယ်မှာမဟုတ်ဘူး"
ထိုစကားကိုကြားလျှင် ကျောယွင်ဖန်၏ မျက်လုံးများက တောက်ပလာပြီး စန်းယာကို မေးလိုက်သည်။
"ဒါဆို မင်းမှာ သူ့ကို ရှာတွေ့နိုင်မဲ့ နည်းလမ်း ရှိလား"
အကယ်၍ စန်းယာတွင်သာ ကျန်းချန်ကို ရှာတွေ့နိုင်မည့် နည်းလမ်း အမှန်တကယ်ရှိလျှင် ကျောယွင်ဖန်သည် စန်းယာနှင့် တစ်ခါလောက် အတူတူ တွဲလုပ်ဖို့ တွန့်ဆုတ်နေမည် မဟုတ်ချေ။
အဆုံးသတ်တွင် သူ လေပင်လယ် လျှို့ဝှက်နယ်မြေထဲ ဝင်လာရသည့် အဓိက အကြောင်းအရင်းမှာ အခွင့်အလမ်းများ ရှာဖွေဖို့ဖြစ်၍ ကျန်းချန်အတွက် အချိန်အများကြီး မဖြုန်းချင်ပေ။
"နည်းလမ်းက အရမ်းရိုးရှင်းတယ်.. မြွေကို တွင်းပေါက်ထဲကနေ မျှားထုတ်ဖို့ပဲ"
"ကျန်းချန်က ငါတို့ စန်းလန် အဖွဲ့အစည်းရဲ့ နောက်ထပ် ဘုရင်အဆင့် ပါရမီရှင် ကျောက်ယွိလုံနဲ့ ဆက်ဆံရေး ကောင်းမွန်တယ်.. မင်း ကျောက်ယွိလုံကို ပြင်းထန်တဲ့ ဒဏ်ရာရစေခဲ့ရင် ကျောက်ယွိလုံက စန်းလန်အဖွဲ့အစည်းရဲ့ တပည့်တွေကိုအကူအညီ လှမ်းတောင်းလိမ့်မယ်.. အဲဒီအခါကျရင် ကျောက်ယွိလုံကို ကယ်တင်ဖို့ ဒီကောင် ကယ်ဆယ်ဖို့ သေချာပေါက် ထွက်ပေါ်လာလိမ့်မယ်"
စန်းယာက ပြုံး၍ ဆက်ပြောလိုက်သည်။
"အချိန်ကျရင် ငါက တခြား စန်းလန် အဖွဲ့အစည်းရဲ့ တပည့်တွေကို လျှို့ဝှက်စွာ တားဆီးပြီး မင်း ကျန်းချန်ကို ရှင်းပစ်လို့ရအောင် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖန်တီးပေးမယ်"
ကျောယွင်ဖန်ကို ရှာဖွေနေစဥ်ကတည်းကပင် စန်းယာသည် အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီးသား ဖြစ်သည်။
ဌက်နှစ်ကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်ချနိုင်မည့် သူ၏ ဤအစီအစဉ်သာ အောင်မြင်ခဲ့လျှင် စန်းလန်အဖွဲ့အစည်းမှ သူ၏နေရာကို ခြိမ်းခြောက်နေသော ထိုနှစ်ယောက်သည် လုံးဝ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပါလား။
ထိုအတိုင်းသာ ဖြစ်လာလျှင် စန်းလန် အဖွဲ့အစည်း တစ်ခုလုံးတွင် သူ၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သည့် မည်သူမှ ရှိမည် မဟုတ်တော့ပေ။
"ကောင်းပြီလေ.. ဒါဆို မင်းရဲ့ အစီအစဉ်အတိုင်း လုပ်မယ်.. မင်း မရိုးမသား မလုပ်ရင် အကောင်းဆုံးပဲ.. မဟုတ်ရင် မင်းကို ငါအလွှတ်ပေးမှာ မဟုတ်ဘူး"
ကျောယွင်ဖန်က စန်းယာကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် အလင်းတန်း တစ်ခုလို ကောင်းကင်ထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ကို ချိုးဖျက်ပြီးနောက်တွင် ထိုနေရာ၌ပင် နောက်ထပ် တစ်ည ဖြတ်သန်းခဲ့၏။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် လျှို့ဝှက်နေရာကနေ ချက်ချင်း ထွက်လာခဲ့ပြီး လေပင်လယ်လျှို့ဝှက်နယ်မြေထဲ၌ ဆက်လက် စူးစမ်းခဲ့သည်။
သို့သော် ကျန်းချန် စူးစမ်းရင်း ကီလိုမီတာ အနည်းငယ် အကွာသို့ အရောက်တွင် သူ၏ သက်သေခံ တံဆိပ်ပြားက ရုတ်တရက် တုန်ခါလာခဲ့သည်။
ကျန်းချန်က သူ၏ သက်သေခံ တံဆိပ်ပြားကို ထုတ်ယူ၍ ကြည့်လိုက်ရာ မကြာခင်မှာပင် သတင်းတစ်ခုသည် ကျန်းချန်ရဲ့ စိတ်ထဲသို့ တိုးဝင်သွားခဲ့သည်။
"အကိုကျောက် တစ်ခုခု ဖြစ်နေပုံပဲ"
ကျန်းချန်၏ နှလုံးသားက အနည်းငယ် လေးလံသွားခဲ့သည်။
ဤသတင်းကို ပို့လိုက်သည့်သူက တခြားသူ မဟုတ်ဘဲ စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင် ကျောက်ယွိလုံ ဖြစ်နေ၏။
ကျောက်ယွိလုံသည် လက်ရှိအချိန်တွင် အခက်အခဲများ ကြုံနေရ၍ သက်သေခံ တံဆိပ်ပြားကနေ စန်းလန်အဖွဲ့အစည်း၏ တပည့်တွေဆီ အကူအညီ တောင်းလိုက်ခြင်းပင်။
ကျောက်ယွိလုံ နှင့် ပတ်သက်၍ ကျန်းချန်သည် အလွန် ကောင်းမွန်သည့် ခံစားချက် ရှိသည်။
အင်ပါယာခန်းမရှေ့မှာ ကျောက်ယွိလုံသည် ဖြောင့်မတ်စွာဖြင့် သူ့ကို ကာကွယ်ပေးခဲ့ဖူး၏။
ယခု ကျောက်ယွိလုံ အခက်အခဲ ကြုံနေရပြီ ဖြစ်ရာ ကျန်းချန် မျက်နှာလွှဲခဲပစ် မလုပ်နိုင်ပေ။
ကျန်းချန်က မဆိုင်းမတွပင် ကျောက်ယွိလုံ၏ သတင်းစကားထဲတွင် ချန်ထားခဲ့သည့် တည်နေရာသို့ အလျင်အမြန် ထွက်သွားခဲ့သည်။
အခန်း(၇၃၁) ပြီး၏
အခန်း(၇၃၂)
နာရီဝက်ကြာပြီးနောက်တွင် ကျောက်ယွိလုံ ချန်ထားခဲ့သည့် သတင်းစကားထဲမှ တည်နေရာသို့ ကျန်းချန်သည် နောက်ဆုံးတွင် ရောက်လာခဲ့သည်။
"ရှေ့က ရေတံခွန်ပဲ"
အဝေးကနေ ကျန်းချန်သည် ပေ ၁၀၀ မြင့်မားသည့် ကြီးမားသော ရေတံခွန်တစ်ခုကို မြင်လိုက်ရသည်။
ကောင်းကင်ဘုံကနေ ကျဆင်းလာသည့် နဂါးငွေ့တန်းလိုပင်၊ ရေတံခွန်ရဲ့ ရေစီးကြောင်းသည် အလွန်ခန့်ညားပြီး ကြီးကျယ်ခမ်းနား၏။
ကျန်းချန်က ရေတံခွန် ပတ်ဝန်းကျင်ကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သည်။
ကျန်းချန်၏ ပုံရိပ်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုလို ပြောင်းလဲသွားပြီး ရေတံခွန်ကို တိုက်ရိုက် ဖြတ်ကျော်ကာ ရေတံခွန် အနောက်ဘက်ရှိ ဂူထဲကို ဝင်ရောက်သွား၏။
"ညီလေးကျန်း"
ကျန်းချန် ဂူထဲကို ဝင်ဝင်ချင်းမှာပင် ဂူထဲကနေ အားနည်းသည့် အသံတစ်သံ ထွက်လာခဲ့သည်။
ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ ဂူအတွင်းပိုင်းရှိ ထောင့်တစ်နေရာတွင် ကျောက်ယွိလုံ၏ ပုံရိပ်ကို တွေ့လိုက်ရ၏။
"အစ်ကိုကျောက်.. ဘာလို့ ဒီလို ဒဏ်ရာတွေ ရနေတာလဲ"
ကျန်းချန်က အသက်ရှူသံ အားနည်းနေပြီး မျက်နှာတွင် သွေးရောင်ပင် မရှိတော့သည့် ကျောက်ယွိလုံကို ကြည့်ကာ တအံတသြ မေးလိုက်သည်။
ကျောက်ယွိလုံသည် စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင် နှစ်ယောက်ထဲက တစ်ယောက် ဖြစ်၏။
သူက စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိသည်။
သာမန် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရလျှင်ပင် ကျောက်ယွိလုံသည် လုံးဝ တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်၏။
ဆိုရလျှင် ဤလေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် ကျောက်ယွိလုံနှင့် ယှဉ်နိုင်သောလူ အနည်းငယ်သာ ရှိသည်။
သို့ဆိုလျှင် ကျောက်ယွိလုံကို လက်ရှိပုံစံအထိ ဒဏ်ရာရအောင် မည်သူ လုပ်ခဲ့ပါသနည်း။
"ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင် နှစ်ယောက် ပူးပေါင်းတိုက်ခိုက်လို့ ငါ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတယ်"
ကျောက်ယွိလုံက ခါးသက်သက် ပြုံး၍ ရှင်းပြလိုက်ပြီးနောက် ချက်ချင်းပင် မေးလိုက်သည်။
"မင်းလာတုန်းက လမ်းမှာ စန်းလန်အဖွဲ့အစည်းရဲ့ တပည့် ဘယ်နှစ်ယောက်ကို တွေ့ခဲ့လဲ"
ကျန်းချန်က ခေါင်းခါယမ်း၍ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး"
ကျန်းချန်၏ စကားကို ကျောက်ယွိလုံ ကြားလျှင် သူ၏ ဖြူဖျော့နေသော မျက်နှာသည် ချက်ချင်းပင် ပို၍ ဆိုးရွားသွားခဲ့သည်။
သူက စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင်နှစ်ယောက်ထဲက တစ်ယောက် ဖြစ်သည်။
စန်းလန်အဖွဲ့အစည်းတွင် ကျောက်ယွိလုံ၏ သြဇာသည် စန်းယာနှင့် သိပ်မကွာပေ။
သူ အကူအညီတောင်းသည့် သတင်းစကား ပို့ပြီး နာရီဝက်ကြာသည်အထိ စန်းလန်အဖွဲ့အစည်း၏ တပည့်များက အဘယ်ကြောင့် မလာရပါသနည်း။
"အစ်ကိုကျောက်.. တစ်ခုခုတော့ ထူးဆန်းနေတယ်.. အရင်နေရာပြောင်းကြရအောင်"
ကျန်းချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ကျောက်ယွိလုံက ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်နှစ်ယောက် တိုက်ခိုက်မှုကို ရုတ်တရက် ခံခဲ့ရသည်ဟု သူ့ကို ပြောပြခဲ့သော်လည်း ဤကိစ္စက ထင်သလောက် ရိုးရှင်းပုံမရပေ။
"ကောင်းပြီ"
ကျောက်ယွိလုံက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ကျန်းချန်နှင့် အတူ ဂူကနေ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
သို့သော် ကျန်းချန်တို့ နှစ်ယောက် ရေတံခွန်ကနေ ထွက်လာသည်နှင့် ဘေးဘက်ရှိ သစ်တောထဲကနေ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်ကို ထိုးတက်သွားခဲ့၏။
နှစ်ယောက်သား မျက်မှောင်ကြုတ်သွားပြီး သစ်တောဘက်ကို လှမ်းကြည့်လိုက်ကြသည်။
မကြာခင်မှာပင် ဓားရှည်တစ်လက်ကို နောက်ကျောတွင် လွယ်ထားသော အေးစက်စက် မျက်နှာထားနှင့် လူငယ်တစ်ယောက်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
"ကျောယွင်ဖန်"
ကျောက်ယွိလုံက ဖြည်းညင်းစွာ လျှောက်လာနေသည့် လူငယ်ကို လှမ်းကြည့်လိုက်သည်။
သူ၏ အမူအရာက အလွန်အမင်း ပြောင်းလဲသွားခဲ့၏။
ဟုတ်ပါသည်၊ ရုတ်တရက် ပေါ်လာသော လူငယ်သည် ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် ကျောယွင်ဖန် ဖြစ်သည်။
ကျောယွင်ဖန်က လေထဲကနေ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။
သူက ကျန်းချန်ကို ဓားတစ်လက်လို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"ကျန်းချန်.. မင်းကို ငါစောင့်နေခဲ့တာ အချိန်အတော်ကြာပြီ"
"မင်းက ငါ့ညီ ကျောယွီကို သတ်ခဲ့တယ်.. ဒီနေ့ ငါ မင်းရဲ့ သွေးနဲ့ ငါ့ညီရဲ့ ဝိညာဉ်ကို ပူဇော်မယ်"
ကျောယွင်ဖန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက် ဓားဆန္ဒကို ဖော်ထုတ်လိုက်ရာ သူ၏ ထက်မြသော ဓားဆန္ဒသည် ချက်ချင်းပင် ဆယ်ပေရှည်လျားသည့် ဓားရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုက်စန်းတောင်ကိုပင် ချိုးဖျက်နိုင်လောက်သော အင်အားဖြင့် ကျန်းချန်ကို ထိုးနှက်လိုက်သည်။
"ဟားဟား.. ငါနားလည်ပြီ.. မင်းတို့ အစ်ကို ကျောက်ကို တိုက်ခိုက်တာ ငါ့ကို ထွက်လာစေချင်လို့ကိုး"
"ဒါပေမဲ့ ငါ့အသက်ကို ယူချင်တယ်ဆိုရင် မင်းမှာ အဲဒီလို အရည်အချင်း ရှိမှရမယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
တခဏအတွင်း သူက ဓားဆန္ဒ ဒုတိယအဆင့်၏ ပြီးပြည့်စုံသော စွမ်းအားကို ဆယ်ပေရှည်လျားသည့် ဓားရိပ်တစ်ခု အဖြစ် စုစည်းကာ ကျောယွင်ဖန်၏ ဓားဆန္ဒကို ရင်ဆိုင်လိုက်သည်။
အခန်း(၇၃၂) ပြီး၏