လွန်လေပြီးသော ခေတ်ကာလများက
Vol. 3 Ch. 108
“ဘာမှလုပ်စရာမရှိတော့ ပျင်းစရာကောင်းလိုက်တာ။”
ဆာဗွေနယ်စားစံအိမ်ရဲ့ပန်းဝင်္ကပါထဲမှာ လမ်းလျှောက် ထွက်နေရင်းနဲ့ ဆယ်ဗီက ရေပန်းတစ်ခုရဲ့ဘောင်ပေါ်မှာ တက်ထိုင်ရင်း နားနေလိုက်ပါတယ်။
မနက်ကတည်းက ဆယ်ဗီဟာ နယ်စားအိမ်တော်ထဲက သစ်ပင်ပန်းမန်တွေကို စိတ်ဝင်တစားနဲ့ လိုက်လံလေ့လာ နေခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ရှိသမျှအပင်တွေ အားလုံးကို ကြည့်ရှုလို့ပြီးသွားပါပြီ။
“ပန်းပင်တွေကိုလိုက်ကြည့်တာက အချိန်ဖြုန်းဖို့အတွက် နည်းလမ်းကောင်းလို့ထင်ထားတာ မထင်မှတ်ထားပဲ စောစောစီးစီး ကြည့်လို့ပြီးသွားတာပဲ။”
ဆယ်ဗီက ရေပန်းအလယ်မှာရှိနေတဲ့ စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ နတ်မိမယ်ရုပ်ကလေးကို ကြည့်လိုက်တယ်။ နတ်မိမယ်က လက်ထဲမှာ ရေအိုးတစ်အိုးကိုင်ထားပြီးတော့ အဲဒီရေအိုးထဲကနေ ရေတွေပန်းထွက်နေပါတယ်။ ထုဆစ်ထားတဲ့လက်ရာက အတော်ကောင်းတယ်လို့ ဆယ်ဗီ တွေးတောလိုက်ပြီးတဲ့နောက်မှာတော့ မျက်နှာကို လက်နဲ့ကာရင်း ကောင်းကင်ပေါ်က နေလုံးကြီးကို မော့ကြည့်လိုက်ပါတော့တယ်။
“နေကလည်း ပူလိုက်တာ၊ ဘာဖြစ်လို့ နေရောင်အောက် ထွက်တာကို အသားမကျသလိုမျိုး ဖြစ်နေရတာပါလိမ့်။”
ဆယ်ဗီက တွေးမရဘူး။ သူ့အနေနဲ့ အချိန်အတော်ကြာ အမှောင်ထုထဲမှာ နေခဲ့မိတဲ့ လူတစ်ယောက်လိုမျိုး ခံစား နေရပြီးတော့ နေမင်းကြီးကိုမြင်ရတာထက် လမင်းကြီးကို မြင်ရတာက ပိုပြီးတော့ လှပတယ်လို့ ခံစားနေမိတာတော့ အမှန်ပါ။
“ဝှါး...”
တဖြည်းဖြည်းနဲ့ ဘာမှလုပ်စရာမရှိဘဲ ကြာလာတဲ့အခါမှာ အိပ်ချင်စိတ်က ကြီးစိုးလာပါတယ်။ နေက ပူတယ်ဆိုပေမဲ့ ရေပန်းဘောင်ကလည်း အေးစိမ့်တဲ့ကျောက်သားတစ်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ဇိမ်ရှိတယ်လို့ခံစားရပြီးတော့ ဆယ်ဗီက ခန္ဓာကိုယ်တစ်ပိုင်းကို ကျောက်ဘောင်ပေါ်မှာလဲ မျက်လုံးကိုမှေးကာ တစ်ရေးအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ မကြာခင်မှာပဲ သူ့မျက်နှာပေါ်ကို ထိုးကျနေတဲ့ နေရောင်က ပျောက်ကွယ်သွားတာကို ခံစားမိလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ လူတစ်ယောက်က သူ့ကို ထီးမိုးပေးထားတာကို သတိထားမိလိုက်ပါတယ်။
ထီးက နည်းနည်းပါးတဲ့အတွက် နေအလင်းရောင်တချို့ ထီးမျက်နှာပြင်ကနေ ဖောက်ထွက်နေပြီးတော့ ညဖက် တွေ့မြင်ရတဲ့ ညကောင်းကင်ကြီးနဲ့ အနည်းငယ်ဆင်တူလို့ နေပါတယ်။ ပြီးတော့ အဲဲဒီအလင်းရောင်ကြောင့် သူ့ကိုထီးမိုး ပေးထားတဲ့သူကို သေချာမမြင်ရပါဘူး။
ဒါပေမဲ့ သူ့စိတ်ထဲမှာ အဲဲဒီမျက်နှာကို ရင်းနှီးနေတယ်လို့ ခံစားနေရတယ်။ အကြိမ်ကြိမ်အခါခါ ညကောင်းကင်ကြီး အောက်မှာ သူ့ကိုကြည့်ပြီး ယောင်ယောင်လေးပြုံးပြ တတ်တဲ့လူတစ်ယောက်လိုမျိုး။
“ပြောစမ်းပါ.... ကျွန်မရှင့်ကို ဘယ်နေရာမှာ တွေ့ဖူးတာလဲ။”
ဆယ်ဗီက လက်ကိုဆန့်ထုတ်လိုက်ပြီး အဲဒီလူမျက်နှာကို ထိတွေ့ဖို့အတွက် ကြိုးစားလိုက်တယ်။ အဲဒီလူကလည်း ခါးကိုကိုင်းလိုက်တဲ့အတွက်ကြောင့် သူ့လက်နဲ့မျက်နှာက ထိမိသွားတယ်။ အလွန်တရာ မျောမွေ့နူးညံ့တဲ့ အထိအတွေကို ခံစားမိတဲ့အတွက် ဆယ်ဗီအံ့ဩသွားတယ်။ နေရောင်ကိုလည်း အဲဒီလူရဲ့ခေါင်းက ပိတ်ဆို့လိုက်ပြီမလို့ မျက်နှာကို သေချာမြင်လာရတယ်။
“အချစ်ရေ၊ နေပူကြီးထဲမှာ အဲဒီလိုလှဲအိပ်နေရင် အပူရှပ်ပြီး ဖျားလိမ့်မယ်နော်။”
ရိုစယ်လီယာက အခုလိုပြောလိုက်တယ်။ ထီးစောင်းပေးထားတဲ့လူက ရိုစယ်လီယာဖြစ်နေတာကို သတိထားမိတဲ့နောက်မှာတော့ ဆယ်ဗီ့မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဘာကြောင့်မှန်းမသိ သူမြင်ယောင်နေမိတဲ့သူဟာ ရိုစယ်လီယာမဟုတ်ဘူးလို့ ခံစားရတဲ့အတွက်ကြောင့်ပါ။
“ရိုစယ်လီယာ၊ ကျွန်မမှာ ရှင့်အပြင် တခြားအသိတွေဘာတွေ ရှိသေးလားဟင်။ ဥပမာအနေနဲ့ ယောက်ျားလေးလိုမျိုး။”
ရိုစယ်လီယာက ဆယ်ဗီရဲ့စကားကြောင့် မျက်လုံးကို မှေးလိုက်ပြီးတော့ သေသေချာချာစဥ်းစားပါတယ်။ အဲဒီနောက်မှာတော့ ခေါင်းကိုခါပြလိုက်တယ်။
“ တွေးမိသလောက်တော့ မရှိဘူးပဲ။ ဒါနဲ့ အချစ်က ဘယ်တော့မှ ကျွန်မကို ရို့စ်လို့ ပြောင်းခေါ်မှာလဲ။”
“....” ဆယ်ဗီက တစ်ခဏတာ တိတ်ဆိတ်သွားခဲ့တယ်။ သူ့လက်က စေ့စပ်လက်စွပ်ကို ပြန်ငုံကြည့်မိတယ် ဆိုပေမဲ့ စိမ်းသက်နေပြီး ဘာခံစားချက်မှ ပြန်လည်ဖြစ်ပေါ်မလာဘူး။ အဲဒီအစား ထူးဆန်းပြီး တစ်ခုခုလွဲမှားနေတယ်ဆိုတဲ့ ခံစားချက်ကသာ ရင်ထဲမှာ နေရာယူထားပါတယ်။
“အတိတ်မမေ့ခင်တုန်းက ကျွန်မရှင့်ကို ဒီလိုခေါ်ခဲ့တာလား။”
“အင်းလေ...” ရို့စယ်လီယာက ခေါင်းညိတ်ပြတယ်။ ဒါကြောင့် ဆယ်ဗီလည်း ရဲဆေးတင်လိုက်ပြီးတော့...
“ဒါဆိုရင်လည်း အခုချိန်ကနေစပြီး ကျွန်မရှင့်ကို အဲဒီလို ခေါ်ပါမယ်။ ရို့စ်....”
ဆယ်ဗီက ရို့စ်ဆိုတဲ့နာမည်အတိုကောက်ကို ခေါ်ပြီးနောက် သူ့နှလုံးသားက ရေအေးအေးတစ်ခွက်ထဲ ပစ်ချခံရသလိုမျိုး ခံစားလိုက်ရတယ်။ လွဲမှားနေတယ်ဆိုတဲ့ ခံစားချက်က ပိုပြီး ကြီးမားလာတယ်။ သူ့ရှေ့က ရိုစယ်လီယာရဲ့ပုံစံကိုကြည့်ပြီး အဖြေကိုသိရဖို့ကြိုးစားပေမဲ့ ရိုစယ်လီယာဟာ သူ့ကိုတကယ် ချစ်မြတ်နိုးတဲ့အကြည့်တွေနဲ့ ကြည့်နေတယ်လို့သာ ထင်ရပြန်တယ်။
“ဒါနဲ့ ကျွန်မ အတိတ်မမေ့ခင်တုန်းက ဘာတွေဝါသနာ ပါလဲဟင်။”
“ချစ်က စာတွေအများကြီးဖတ်တတ်တယ်။ တကယ့်ကို စာတွေအများကြီးဖတ်ခဲ့တာ။”
ဆယ်ဗီက ရိုစယ်လီယာဆီကနေ အတိတ်မမေ့ခင်က သူ့အကြောင်းအနည်းငယ်ကို ပြန်သိရတဲ့အတွက်ကြောင့် ပြုံးလိုက်မိပါတယ်။ အဲဒီနောက်တော့ သူက ရိုစယ်လီယာကို နူးနူးညံ့ညံ့လေးပဲ ပြန်ပြီးတော့ မေးလိုက်ပါတယ်။
“ဒါဆိုရင် ဒီအိမ်မှာ စာအုပ်တွေရှိလားဟင်။ ကျွန်မ ဖတ်ကြည့်ချင်လို့။”
အတိတ်မမေ့ခင်က စွဲလမ်းခဲ့တဲ့အရာတစ်ခုခုကို လုပ်ရင် အတိတ်က အကြောင်းအရာတွေကို ပြန်မှတ်မိလာလေ မလားဆိုပြီးတော့ ဆယ်ဗီက တွေးခဲ့ပြီး အခုလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရိုစယ်လီယာကတော့ ဆယ်ဗီရဲ့လက်ကို ဆွဲလိုက်ပြီး ကျောက်ဘောင်ပေါ်ကနေ ထစေပါတယ်။
“ဒါဆိုရင် စာဖတ်ခန်းကို လိုက်ပို့ပေးမယ်လေ။”
...
“တကယ့်ကို စာအုပ်တွေအများကြီး ရှိနေတာပဲ။”
ဆယ်ဗီက ရိုစယ်လီယာရဲ့သီးသန့်စာဖတ်ခန်းထဲကို ဝင်ခွင့် ရရှိခဲ့ပြီးတော့ အထင်တကြီးနဲ့ ပြောလိုက်မိပါတယ်။ ဒီထဲမှာ စာအုပ်ပေါင်း အနည်းဆုံးသောင်းနဲ့ချီရှိနေပြီးတော့ အမျိုးအစားကလည်း အစုံအလင်ရှိလှပါတယ်။ ခေတ်ပေါ် ဝတ္ထုတွေ၊ သုတရသစာစောင်တွေကနေစလို့ ခေတ်ဟောင်း သိုးရေစက္ကူနဲ့ရေးသားထားတဲ့ စာတွေကိုပါ ရှာဖွေတွေ့ရှိ နိုင်ပါတယ်။
“ဒါဆိုရင် ချစ်ကို မနှောင့်ယှက်တော့ဘဲ ဒီမှာထားခဲ့တော့မယ်။”
ရိုစယ်လီယာက ပြောလိုက်ရင်းနဲ့ အခန်းထဲကနေပြီး လှည့်ထွက်သွားခဲ့တယ်။ နောက်တော့ တံခါးကို အသံလုံလုံနဲ့ ပိတ်လိုက်ပြီးတော့ သူ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ် သွားပါတော့တယ်။
...
ဆယ်ဗီကတော့ သီချင်းလေးညည်းရင်းနဲ့ စာကြည့်ခန်းထဲ ရှိနေတဲ့ စာအုပ်တွေကို တစ်ခုချင်းစီ လိုက်လံပြီးတော့ လေ့လာကြည့်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲ အရင်က ဒီလိုမျိုး လုပ်လေ့လုပ်ထမရှိဘူးလို့သာ ခံစားနေရပြီးတော့ စာအုပ် ခေါင်းစဥ်တွေကို ကြည့်ရုံနဲ့တင် စိတ်ဝင်စားစရာမရှိဘူးလို့ ခံစားနေရပြန်ပါတယ်။
“ထူးဆန်းလိုက်တာ... ငါ့မှာအရင်က ဒီလိုဝါသနာမျိုး တကယ်ရှိခဲ့ဖူးလို့လား။”
ဆယ်ဗီက အခုလိုတွေးခဲ့မိပေမဲ့ မစမ်းသပ်ကြည့်ရင် သိမှာမဟုတ်ဘူးလို့ ခံစားရတဲ့အတွက်ကြောင့် စာအုပ် တစ်အုပ်ကို ကျပန်းဆွဲထုတ်လိုက်တယ်။ ‘လေရူးသုန်သုန်’လို့ ရေးထားတဲ့စာအုပ်ဖြစ်ပြီး စာကြည့်စားပွဲပေါ်တင်ကာ ဖတ်ကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ စာမျက်နှာသုံးဆယ်ထိ မရောက်သေးခင်မှာပဲ စပြီးအိပ်ငိုက်လာတယ်။
“အားယား... ဒီဝတ္ထုကြီးက ပျင်းဖို့ကောင်းလိုက်တာ။ အခန်းနှစ်ခန်းသုံးခန်းလောက်ပြီးတဲ့အထိ ဘာဇာတ်ကွက်မှ မလာသေးဘဲ အမျိုးတွေပတ်စပ်ပြရင်း ဇာတ်ကောင် မိတ်ဆက်နေတာပဲ။ ဇာတ်ကွက်အချိန်အဆ နှေးလိုက်တာ။”
ဆယ်ဗီက စိတ်မရှည်စွာနဲ့ စာအုပ်ကို ကောက်ပိတ်တယ်။ နာမည်လေးက စိတ်ဝင်စားဖို့ကောင်းလို့ ဖတ်ကြည့်ဖို့ ရွေးချယ်လိုက်ပေမဲ့ ဆယ်ဗီရဲ့သည်းခံနိုင်စွမ်းက စာမျက်နှာ တချို့အရောက်မှာပဲ ကုန်ဆုံးသွားခဲ့တယ်။
နောက်တော့ ဆယ်ဗီက ဝတ္ထုစာအုပ်တွေကို ဖတ်ရှုဖို့အတွက် စိတ်မဝင်စားတော့ဘဲ ဆောင်းပါးတချို့ကို လိုက်လံဖတ်ရှုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့လက်တွေက သိပ္ပံနည်းပညာစာစောင်များလို့ရေးထားတဲ့ ဗီရိုပေါ်က ‘သတ္တဝါတို့၏ဆင့်ကဲပြောင်းလဲမှု’ဆိုတဲ့ ချားလ်ဒါဝင် သီအိုရီတွေကို ထောက်ခံရေးသားထားတဲ့ ပညာရှင်ရဲ့ စာအုပ်ကိုရှာတွေ့သွားတယ်။
“ခက်... ခက်ခဲနက်နဲလိုက်တာ...” ငါးမိနစ်လောက် အကြာမှာပဲ ဆယ်ဗီက မခံနိုင်တော့ဘဲ အပြင်မှာ စောင့်နေတဲ့ အိမ်စေကို လက်ခုပ်တီးခေါ်ပြီး သံပုရာရည်အေးအေးလေး တစ်ခွက် ပြင်ဆင်ခိုင်းလိုက်ရပါတယ်။ နောက်တော့ ရေခဲရေ ထဲထည့်တားတဲ့ ရေသန့်ဘူးကို နဖူးပေါ်တင်လိုက်ပြီးတော့ ဆင့်ကဲပြောင်းလဲမှုသီအိုရီကို နားလည်စေဖို့အတွက် အပြင်းအထန်ကြိုးစားခဲ့ရတဲ့ သူ့ခေါင်းထဲက ဦးနောက်သေးသေးလေးကို အပူချိန်လျော့ကျသွားစေဖို့ လုပ်ဆောင်ရပါတော့တယ်။
“ထားလိုက်တော့... ကြည့်ရတာ ငါအရင်က စာဖတ်ဝါသနာ ပါတယ်ဆိုပေမဲ့ စာကြီးပေကြီးဖတ်တာ ဝါသနာမပါလို့ပဲ နေမှာ။”
အဲဒီနောက်တော့ ဆယ်ဗီက ဝတ္ထုစာအုပ်တွေနဲ့သုတစာအုပ် တွေကိုမဖတ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ ကာတွန်းစာအုပ်တွေ လိုက်ရှာဖတ်ပါတော့တယ်။
“အားဟားဟားဟား... တော်တော်ရယ်ရတာပဲ၊ တကယ့်ကြောင်... ကြောင်ဖြစ်နေပြီးတော့ တနင်္လါနေ့ကို မုန်းရတယ်လို့။”
ဆယ်ဗီက ကြောင်ဝါကြီးဂါးဖီးနဲ့ သူ့သခင်အကြောင်းကို ဖတ်ရှုနေရင်းကနေ မျက်ရည်ထွက်တဲ့အထိ ရယ်မောနေခဲ့ ပါတယ်။ သံပုရာရည်ကိုလည်း သောက်လို့ပြီးသွားပြီး နောက်ပြီးတော့ ရယ်နေရတဲ့အတွက် စိတ်လက်လည်း ကြည်လင်လာခဲ့ပြီ။ ဒါပေမဲ့ မကြာခင်မှာပဲ သူဖတ်နေခဲ့တဲ့ ကာတွန်းစာအုပ်က အဆုံးကိုရောက်သွားတယ်။ ဒါကြောင့် သူက နောက်ထပ်အတွဲတစ်ခုကို ယူဖတ်မလို့လုပ်တဲ့ အချိန်မှာပဲ ဗီရိုတစ်ခုနဲ့မတော်တဆ ဝင်တိုက်မိပြီးတော့ အဲဒီပေါ်ကနေ စာအုပ်တစ်အုပ် ပြုတ်ကျလာခဲ့ပါတယ်။
“ဟမ်... ဒီစာအုပ်က... ထူးဆန်းလိုက်တာ” ဆယ်ဗီက သားရေအဖုံးဖုံးထားတဲ့ စာအုပ်ကို ကြမ်းပြင်ပေါ်ကနေ ကောက်လိုက်ပါတယ်။ စာအုပ်ရဲ့စာရွက်တွေက စက္ကူနဲ့ ပြုလုပ်ထားတာမဟုတ်ဘဲ ပိတ်စနဲ့ပါ။ အဖုံးကိုဖွင့်ကြည့်တော့ ပုံနှိပ်စာလုံးတွေကို မြင်ရမယ့်အစား မင်နဲ့အုပ်ပြီးတော့ ကူးထားပုံရတဲ့ ရှေးစာသားတွေကိုသာ မြင်ရပါတယ်။
ဆယ်ဗီကိုယ်တိုင်က ဗဟုသုတနည်းတဲ့သူဆိုပေမဲ့ ဒီလိုပုံစံမျိုးကို မြင်ရတာနဲ့ ထွက်ကျလာတဲ့စာအုပ်က ဘာလဲဆိုတာကို သူနားလည်သွားခဲ့တယ်။
“မဟုတ်မှလွဲရော ရှေးဟောင်းကျောက်စာချပ်တစ်ခုခုက ကူးယူလာခဲ့တဲ့ မင်စာများလား။”
အဲဒီအတွေးနဲ့အတူ ဆယ်ဗီက ပိတ်စာအုပ်ကြီးကို စားပွဲပေါ် ယူလာကာ ဖြန့်ချလိုက်တယ်။ မင်စာအက္ခရာတွေက အလွန် ရှေးကျပုံပေါ်ပြီး အစက်ကလေးတွေနဲ့အရုပ်စာလိုမျိုး ရေးထားတာ။ ဆယ်ဗီက ကျွမ်းကျင်ပညာရှင်မဟုတ်တဲ့ သာမန်လူတစ်ယောက်ဖြစ်တာမလို့ ဒီရှေးစာလုံးတွေကို နားမလည်သင့်ဘူးဆိုပေမဲ့...
“ထူးဆန်းလိုက်တာ... ငါဘာလို့ ဒါတွေကို ဖတ်တတ် နေတာပါလိမ့်။”
ဆယ်ဗီရဲ့လက်ညိုးက ခေါင်းစဥ်လို့ယူဆရတဲ့ ဝါကျ တစ်ခုဆီကို ရောက်ရှိသွားပြီး ရှေးကျလှတဲ့ဘာသာစကား အတိုင်းပဲ အသံထွက်ကြည့်လိုက်တယ်။
“ဂေဂါမက်၏ဒဏ္ဍာရီ”
ရုတ်တရက် များပြားလှတဲ့ မှတ်ဉာဏ်တွေက ဆယ်ဗီရဲ့ ခေါင်းထဲကို တိုးဝင်လာသလိုမျိုးခံစားလိုက်ရပြီး ဆယ်ဗီက သူ့နဖူးကိူသူ ဆုပ်ကိုင်ထားလိုက်ရတယ်။ မမြင်ရတဲ့ အားတစ်ခုက သူ့ကိုထိန်းချုပ်နေပြီးတော့ ဒီစာတွေကို ဖတ်ဖို့အတွက် တွန်းအားပေးနေသလိုမျိုး ခံစားလာရပြန်တယ်။
“ ရှေးအခါက ဥရုမြို့ကို ဉာဏ်ပညာနတ်ဘုရားမနင်ဆယ်၏ သားတော် ဂေဂါမက်အုပ်ချုပ်၏။ ထိုမင်းကား နတ်ဘုရား သားတော်ဖြစ်သည်နှင့်အညီ ခွန်အားကြီး၍ မောက်မာသည်။ ပြည်သူတို့မခံနိုင်ရှိသော် နတ်ဘုရားတို့သည် ထိုသူကိုအပြစ် ပေးရန်အတွက် အန်ကီဒုဆိုသော လူ့သားရဲကြီးကို ဖန်ဆင်း၏။”
ဆယ်ဗီက စာလုံးရေတချို့နဲ့အကြောင်းအရာတချို့ကိုပဲ ဖတ်ရှုနေခဲ့တာဖြစ်ပေမဲ့ သူ့ခေါင်းထဲတိုးဝင်လာခဲ့တဲ့ မှတ်ဉာဏ်တွေကတော့ စာမှာရေးထားတာတွေထက် ပိုလွန်တဲ့ အဖြစ်အပျက်တွေကို ဖော်ပြလို့နေပါတယ်။
သူ့မျက်လုံးထဲမှာမှာ နေလှမ်းထားတဲ့ အုတ်စိမ်းတွေနဲ့ ဆောက်လုပ်ထားတဲ့ မြို့ကြီးတစ်မြို့ရဲ့တံတိုင်းတွေ။ စစ်သည်တွေနဲ့ ပြည်သူပေါင်းများစွာ လှုပ်ရှားသွားလာ နေတဲ့ပုံကို မြင်နေရပါတယ်။
သူကိုယ်တိုင်ကလည်း ဇာတ်လမ်းမှာ အရေးပါရှိတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့နေရာမှာ ဝင်ခံစားနေရပြီး သူ့ကိုယ်သူ အဲဒီဇာတ်ကောင်လား ဆယ်ဗီလားဆိုတာကို မခွဲခြားနိုင်တော့ဘူး။ အခုဆယ်ဗီက ဘုရားကျောင်းတစ်ခုလို့ ယူဆရတဲ့ နေရာတစ်ခုပေါ်က ပလ္လင်တစ်ခုထက်မှာ စိုးစံနေပြီးတော့ ဘုရားကျောင်းရဲ့အခြားတစ်ဖက်မှာတော့ နန်းတော်ကြီး တစ်ခုရှိကာ နန်းတော်ကြီးရဲ့အစွန်မှာတော့ ဗလကောင်းပြီး ကြေးညိုရောင်အသားအရေရှိတဲ့ လူငယ်တစ်ယောက်က လက်ကိုနောက်ပစ်ပြီး ရပ်နေပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။
ဆယ်ဗီရဲ့မျက်လုံးထဲမှာ ချစ်မေတ္တာတွေနဲ့ ပြည့်နှက်နေပေမဲ့ အဲဒီလူရဲ့မျက်လုံးထဲမှာတော့ မုန်းတီးမှုတွေနဲ့ မာန်မာနတွေ ပြည့်နှက်လို့နေပါတယ်။
နောက်တော့ မြင်ကွင်းတွေက ပြောင်းလဲသွားပြန် ပါတယ်။ ဆယ်ဗီက လှပတဲ့ အဖြူရောင်ခြုံလွှာကို ဝတ်ဆင်ထားပြီး သလွန်တော်ထက်မှာ စံမြန်းလို့နေတယ်။ သူ့ရှေ့မှာတော့ ဗလကောင်းကောင်းနဲ့လူငယ်ရှိနေပြီး သူ့ကိုအထင်မကြီးတဲ့ ပုံစံမျိုးနဲ့ ကြည့်လို့နေပါတယ်။
“နတ်ဘုရားတွေက လူသားတွေကို ဖန်ဆင်းခဲ့တဲ့အချိန်က ကြာမြင်ခဲ့ပြီ။ ကျုပ်တို့ကို အစေအပါးတွေအဖြစ် ခင်ဗျားတို့ ဖန်ဆင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမဲ့ အခုကစပြီး လူတွေကို လူသားဘုရင်က အုပ်စိုးပြီး နတ်တွေကို နတ်ဘုရင်က အုပ်စိုးတဲ့စနစ်မျိုးကိုပဲ သုံးသင့်တယ်လို့ မထင်ဘူးလား။”
လူငယ်က ကမ္ဘာပေါ်မှာ သဘာဝအကျဆုံးကိစ္စတစ်ခုကို ပြောလိုက်တာဖြစ်ပေမဲ့ သလွန်တော်မှာ စံမြန်းနေခဲ့တဲ့ ဆယ်ဗီကတော့ မျက်နှာကွက်ခနဲ ပျက်သွားခဲ့ပါတယ်။
“ဘုရင်ဂေဂါမက်။ ရှေးကတည်းက လူသားတွေရဲ့မြို့တွေကို လူသားတစ်ပါးနဲ့နတ်ဘုရားတစ်ပါး အတူယှဥ်တွဲပြီးတော့ အုပ်ချုပ်ရမယ့်စနစ်ကို နတ်မင်းကြီးတွေက ချမှတ်ခဲ့တာ။ ရှင့်ရဲ့စကားတွေက ဘယ်လောက်ထိတာသွားတယ်ဆိုတာ သိရဲ့လား။ နတ်မင်းကြီးတွေသိရင် ရှင့်ကိုပုန်ကန်သူဆိုပြီး သတ်မှတ်ကြလိမ့်မယ်။”
ဆယ်ဗီက သတိပေးတဲ့အနေနဲ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒေါသထွက်နေတာတော့မဟုတ်ခဲ့။ အဲဒီအစား သူ့မျက်လုံးထဲ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
“နတ်ဘုရားတွေကို ကျုပ်ပုန်ကန်ရမယ်ဆိုရင်တောင် လူသားတွေအတွက် ဒီအလုပ်ကို ကျုပ်လုပ်ရမှာပဲ။ ဒီလိုလုပ်တဲ့လမ်းမှာ ခင်ဗျားလာပိတ်ရပ်မနေရင် ကောင်းမယ်။”
လူငယ်က ဒေါကြီးမောကြီးနဲ့ ဘုရားကျောင်းဝင်းထဲကနေ ထွက်ခွာသွားခဲ့တယ်။ ဆယ်ဗီကတော့ အဲဒီလူငယ်ကို ကြည့်ရှုနေရင်းနဲ့ နှလုံးသားထဲမှာ တဆစ်ဆစ်နဲ့နာကျင်မှုကို ခံစားနေရတယ်။
အလွန့်အလွန်စွမ်းအားကြီးတဲ့ နတ်မိမယ်တစ်ပါး ဖြစ်ခဲ့ပေမဲ့ ဖုန်မှုန့်လိုမျိုးသက်တမ်းရှိတဲ့ လူသားတစ်ယောက်သာဖြစ်တဲ့ ဒီဘုရင်ကတော့ သူ့ကို အမြဲတမ်းလိုလို လစ်လျူရှုခဲ့တယ်။ ပြီးတော့ တစ်နေ့တခြားပိုပြီးတော့ မောက်မာလာခဲ့ပေမဲ့ ဒီဘုရင်ကို သူအပြစ်မပေးရက်ခဲ့ပါဘူး။
“ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါအရှင်မ သင့်ကို ကာကွယ်ပေးနိုင်တော့မှာမဟုတ်ဘူး။ ဂေဂါမက်။”
နတ်မိမယ်က ချစ်ရသူရဲ့ကျောကိုကြည့်ရင်း သက်ပြင်းချလိုက်ပါတော့တယ်။