← Chapters

မဟာအကြီးအကဲ၉ဦး

Vol. 152 Ch. 2280

မဟာအကြီးအကဲ၉ဦး

Vol. 152 Ch. 2280

​

ဓားအင်မော်တယ်ယွဲ့ဟွားနှင့်မတူဘဲ ဆူဇီမိုသည် နဝမမြောက်ကျောက်လှေခါးထစ်ပေါ်သို့ ရောက်ရှိလာသည့်ခဏမှာပင် ကျဆင်းသွားခြင်း မရှိပေ။ ထိုအစား သူက ၎င်းပေါ်မှာခိုင်မာစွာရပ်ပြီး သူ၏ ခန္ဓာကိုယ်က ဖြောင့်မတ်၍ယိမ်းယိုင်မှုမရှိပေ။

နဝမမြောက်ကျောက်လှေခါးထစ်...။

တာအိုနှလုံးသားလှေခါး တည်ရှိလာခဲ့ကတည်းက ဂိုဏ်းချုပ်ကလွဲလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ မည်သူကမှ နဝမမြောက်ကျောက်လှေခါးသို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။

နဝမမြောက်ကျောက်လှေခါးထစ်သည် ဉာဏ်ပညာလှေခါးထစ်ဟူ၍ ကျော်ကြားလေသည်။

ကောင်းကင်နှင့်မြေကြီး​တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် အာကာသသက်ရှိများကို လေ့လာခဲ့ပြီး သက်ရှိများအားလုံးကို ထွင်းဖောက်မြင်နိုင်၏။ သူသည် ကောင်းကင်လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်ပြီး အဆုံးမဲ့ဉာဏ်ပညာကို ဆင်ခြင်နိုင်ခဲ့၏။ ဤနဝမမြောက်ကျောက်လှေခါးကို ဂိုဏ်းချုပ်က စုဖွဲ့ထားခြင်းဖြစ်၏။

အရင်တုန်းက ဓားအင်မော်တယ်ယွဲ့ဟွားသည် နဝမမြောက်လှေခါးထစ်မှာ ကျရှုံးသွားပြီးနောက် ‘ဂိုဏ်းချုပ်ရဲ့ တာအိုနှလုံးသားကို ထိလို့မရဘူး... သူက အန္တိမဉာဏ်ပညာကို ပိုင်ဆိုင်ထားပြီး လျှို့ဝှက်နက်နဲလွန်းတယ်’ ဟု သူက ပြောခဲ့၏။ ထိုစဥ်မှစ၍ ဓားအင်မော်တယ်ယွဲ့ဟွားသည် နဝမမြောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းဖို့ကြိုးပမ်းခြင်း မရှိတော့ပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အခြားတပည့်ဂိုဏ်းသားများကတော့ ဆူဇီမိုကဲ့သို့ ၎င်းပေါ်မှာ ရပ်တည်နေဖို့နေနေသာ သူတို့သည် နဝမမြောက်လှေခါးထစ်ကို ထိတွေ့နိုင်သည့်အစွမ်းအစပင် မရှိကြပေ။

“မဖြစ်နိုင်ဘူး”

ဖန့်ချင်းယွင်က သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်ပြီး အော်ပြောလိုက်၏။

သို့သော်လည်း သူက ဣန္ဒြေပျက်ယွင်းသွားသည်ကို အလျင်အမြန်နားလည်သဘောပေါက်သွားပြီး သူ့ကိုယ်သူထိန်းညှိလိုက်၏။ သူက သတ်ဖြတ်လိုစိတ်နှင့် သူ၏ မျက်လုံးထဲရှိ ရန်လိုမှုကိုဖုံးကွယ်ပြီး ဘေးပတ်လည်ကို ကြည့်ရှုလိုက်၏။

ကံကောင်းထောက်မစွာဖြင့် အနီးနားဝန်းကျင်မှာ သူ့ကိုသတိထားမိသူ မည်သူမှမရှိဘဲ လူအိုကြီးရွှမ်ပင်လျှင် သူ့ကိုထပ်ကြည့်မလာခဲ့ပေ။

လူတိုင်း၏ အကြည့်က နဝမမြောက်ကျောက်လှေခါးထစ်ပေါ်ရှိ ပုံရိပ်ပေါ်သို့ မမှိတ်မသုန်ကျရောက်နေကြ၏။

အဲ့ဒါသည် လူတိုင်း၏ အစစ်အမှန် အာရုံစိုက်စရာဖြစ်၏။

မည်သူကမှ စကားမပြောကြပေ။

ကြီးမားသောစုဝေးကွင်းမှာ သောင်းနှင့်ချီသော အတွင်းဂိုဏ်းတပည့်များက စုဝေးနေကြ၏။ အဲ့ဒါက ကြီးမားသည့်လူအုပ်ကြီးတစ်ခုဖြစ်သော်လည်း အသံလည်းတိတ်နေကြ၏။

လူတိုင်းသည် ရလဒ်တစ်ခုကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။

အောက်ဘုံကနေတက်လှမ်းလာသည့် အတွင်းဂိုဏ်းကို ဝင်ရောက်ခါစ ဤအဆင့်-၁ ကောင်းကင်အင်မော်တယ်က နဝမမြောက်ကျောက်လှေခါးထစ်၏ တာအိုနှလုံးသားစမ်းသပ်ချက်ကို နောက်ဆုံးမှာ ဖြတ်ကျော်နိုင်မလား။

ထန်ပန်သတိလစ်ပြီး ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုပ် ဒုက္ခိတဖြစ်သွားခဲ့သည်မှာ သိပ်မကြာသေးပေ။

ထိုဖြစ်ရပ်ထဲမှ မည်သည့်တစ်ခုမဆို... တက္ကသိုလ်မှအတော်လေး ဂယက်ရိုက်သွားစေဖို့ လုံလောက်လေသည်။ သို့သော်ယခု... ကျင့်ကြံသူများစွာသည် ထိုအကြောင်းကို မေ့လျော့သွားကြပြီဖြစ်ပြီး မည်သူကမှ ဂရုမစိုက်တော့ပေ။

တာအိုနှလုံးသားလှေခါး၏ ပတ်လည်မှာ စုဝေးလာသောကျင့်ကြံသူများက ပို၍ပို၍များပြားလာ၏။

အဲ့ဒါသည် အတွင်းဂိုဏ်းတပည့်များသာလျှင် မဟုတ်ပေ။ အမွေခံတပည့်တချို့သည်လည်း အမွေခံကုန်းမြေကနေ အပြေးအလွှားရောက်ရှိလာကြ၏။ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တစ်ခုလုံးက သတိထားမိလာကြပုံရလေသည်။

ရွှစ်....

ထိုစဥ်မှာပင် ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခုက လေထဲမှာထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်က လမ်းလျှောက်တောင်ဝှေးတစ်ချောင်းနှင့်အတူ လေထဲမှာပေါ်ထွက်လာ၏။

သူ၏ မုတ်ဆိတ်များက ဖြူဖွေးနေသော်လည်း သူက ကျန်းမာသန်စွမ်းမှုရှိပြီး တာအိုနှလုံးသားလှေခါးပေါ်မှ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို တောက်ပသောအကြည့်ဖြင့် ကြည့်နေ၏။

“ကြည့်စမ်း... အဲ့ဒါမဟာအကြီးအကဲ(အကြီးအကဲ-၁ သို့မဟုတ် အကြီးအကဲချုပ်)ပဲ”

“မဟာအကြီးအကဲကတောင်မှ သတိထားမိသွားပြီ”

လူအုပ်ကြားထဲမှ ရုတ်ရုတ်သဲသဲအသံတစ်ခုထွက်ပေါ်လာ၏။

လူအိုကြီးရွှမ်က သူ၏ ခေါင်းကိုအနည်းငယ် မော့ပြီး မဟာအကြီးအကဲကို ကြည့်ကာ မည်သည့်စကားမှမဆိုဘဲ သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

ရုတ်တရက်ဆိုသလို...။

လေဟာနယ်ထဲမှာ နောက်ထပ် ပုံရိပ်တစ်ခုကလည်း ပေါ်ထွက်လာ၏။

ထိုပုံရိပ် ပေါ်ထွက်လာသည့်ခဏမှာပင် သိပ်သည်းသော သွေးဆာခြင်းအော်ရာက ဖြန့်ကြက်လာပြီး သူ၏ နောက်ဘက်မှာ အလောင်းတောင်နှင့် သွေးပင်လယ်က ပေါ်ထွက်လာသည့်အလားပင်။

ထိုလူအိုကြီးက များစွာပိုမိုငယ်ရွယ်သည့်ပုံပေါ်သော်လည်း သူ၏ မျက်နှာက ဖြူဖျော့၍ သူ၏ အကြည့်က မကောင်းဆိုးဝါးဆန်ကာ မည်သူကမှ ချဥ်းကပ်မလာနိုင်သည့် အေးစက်နေသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

ထိုလူအိုကြီးပေါ်ထွက်လာပြီးနောက် လက်ရှိတက္ကသိုလ်တပည့်ဂိုဏ်းသားများစွာက တုန်လှုပ်သွားကြ၏။

“အဲ့ဒါ အကြီးအကဲ-၂ ပဲ”

“အကြီးအကဲ-၂ က စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားပြီး သွေးအအေးဆုံးနဲ့ သမာသမတ်အကျဆုံးလို့ ငါကြားဖူးတယ်”

“တစ်ခါတုန်းက အမွေခံတပည့်တစ်ယောက်က ဂိုဏ်းစည်းကမ်းကိုချိုးဖောက်လို့ သူ့လက်ချက်နဲ့ ဒုက္ခိတဖြစ်သွားတယ်လို့ ငါကြားဖူးတယ်”

“တိတ်တိတ်နေ... မင်းကို အကြီးအကဲ-၂ သတိမထားမိစေနဲ့”

လူအုပ်ကြားထဲမှ ရုတ်ရုတ်သဲသဲအသံများက လျင်မြန်စွာတည်ငြိမ်လာခဲ့၏။

ဝှစ်...

အခြားတစ်ဘက်လေဟာနယ်ထဲမှာ နက်မှောင်နေသောတွင်းပေါက်တစ်ခုက ရုတ်တရက် မီးလုံးတစ်လုံးအဖြစ် လောင်ကျွမ်းသွားပြီး မီးတောက်များကြားကနေ လူအိုကြီးတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။

မီးတောက်များအတွင်းမှာ မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များက ရစ်ဝဲနေ၏။

“အဲ့ဒါ.... တက္ကသိုလ်ရဲ့ အကြီးအကဲ-၈ ပဲ”

အကြီးအကဲကျုံးက ညင်သာစွာပြောလိုက်၏။

“အကြီးအကဲ-၈ က တက္ကသိုလ်ရဲ့ နတ်ဘုရားလက်နက်တွေအားလုံးနဲ့ ဓမ္မရတနာတွေ သွန်းလုပ်တာကို တာဝန်ယူထားတယ်... ဂိုဏ်းရဲ့ ထိပ်တန်း​ဓမ္မရတနာတွေနဲ့ နတ်ဘုရားလက်နက်တွေကိုရယူချင်တဲ့ ဘယ်သူမဆို သူ့ဆီက ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်တယ်”

“စီနီယာအစ်ကိုဆူက... တာအိုနှလုံးသားလှေခါးကို ပထမဆုံးအကြိမ်တက်လှမ်းတာပဲ... သူက ဒီလိုမျိုးကြီးမားတဲ့ ရုတ်ရုတ်သဲသဲအခြေအနေကိုဖြစ်စေခဲ့တယ်... အကြီးအကဲသုံးယောက်တောင်မှ ပေါ်ထွက်လာပြီ”

လျှိုဖျင်က တိတ်တဆိတ်အံ့အားသင့်မှင်တက်သွား၏။

“တာအိုနှလုံးသားလှေခါးရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ဆိုတာ တကယ့်ကိုမကြုံစဖူး...အံ့မခန်း အောင်မြင်မှုပဲ”

အကြီးအကဲကျုံးက ညည်းတွားပြောဆိုလိုက်၏။

“အဲ့ဒါကိုကြည့်ရှုဖို့အတွက် ဒီအကြီးအကဲတွေပေါ်ထွက်လာတာ ယုတ္တိတန်ပါတယ်လေ”

သူတို့သုံးယောက်စကားပြောဆိုနေစဥ် နောက်ထပ်လူအိုကြီးတစ်ယောက်က လေထဲမှာပေါ်ထွက်လာ၏။

ဤအကြီးအကဲက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏

သူပေါ်ထွက်လာပြီးနောက် စုဝေးပွဲတစ်ခုလုံးက လူတစ်ယောက်၏ စိတ်ကိုကြည်လင် လန်းဆန်းစေသော ခပ်ဖျော့ဖျော့ဆေးရနံ့ဖြင့် ပြည့်နှက်လာခဲ့၏။

“သူက တက္ကသိုလ်ရဲ့ အကြီးအကဲ-၇ ပဲ”

အကြီးအကဲကျုံးသည် မင်းသမီးသက်တံနီနှင့် လျှိုဖျင်တို့၏ မသိနားမလည်သော မျက်နှာများကိုတွေ့မြင်သောအခါ သူကပြောလိုက်၏။

“အကြီးအကဲ-၇ က တက္ကသိုလ်ရဲ့ ဆေးလုံးတွေအားလုံးကို တာဝန်ယူပေးထားတယ်... တက္ကသိုလ်မှာရှိတဲ့ ဆေးလုံးသန့်စင်အင်မော်တယ်သခင်တွေအားလုံးကလည်း အကြီးအကဲ-၇ရဲ့ လက်အောက်မှာ အလုပ်လုပ်ရတယ်”

သူ့စကားမဆုံးသေးခင်မှာပင် နောက်ထပ်လူအိုကြီးတစ်ယောက်က ပေါ်ထွက်လာ၏။

ဤလူအိုကြီးမှာ ကြင်နာတတ်သော အမူအရာတစ်ခုရှိပြီး သူက အရမ်းကို ရင်းနှီးဖော်ရွေတတ်သည့်ပုံပေါ်လေသည်။ သူ၏ မျက်နှာက ပြုံးနေပြီး မည်သည့်အမွေးအမှင်မှမရှိဘဲ ချက်ချင်းပင် ကောင်းမွန်သောထင်မြင်ချက်တစ်ခုကို ထုတ်ဖော်ပေးနေ၏။

“အဲ့ဒါက အကြီးအကဲ-၄ ပဲ”

အကြီးအကဲကျုံးက အကြီးအကဲ-၄ ရှိရာဘက်သို့ အနည်းငယ်ဦးညွှတ်လိုက်၏။

“အကြီးအကဲ-၄ က တက္ကသိုလ်ရဲ့ ပြင်ပရေးရာကိစ္စတွေကိုအဓိက တာဝန်ယူထားတယ်... အဲ့ဒီမှာ ဓမ္မပညာရပ် စမ်းသပ်စစ်ဆေးမှုတချို့လည်းပါတယ်”

“ဥပမာ... မင်းတို့တွေကို နှစ်တစ်သောင်းတွေ့ဆုံပွဲဆီ ပို့ဆောင်ဖို့ကို အကြီးအကဲ-၄ က စီစဥ်ပေးတာပဲ... ငါက အကြီးအကဲ-၄ ရဲ့အမိန့်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့လူပဲ”

“တက္ကသိုလ်မှာ အကြီးအကဲတွေ ဘယ်လောက်များများရှိလဲ”

မင်းသမီးသက်တံနီက မနေနိုင်ဘဲမေးမြန်းလိုက်၏။

“တက္ကသိုလ်မှာ အကြီးအကဲတွေအများကြီးရှိတယ်... သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်တွေကလည်းမတူကြဘူး... ဒါပေမဲ့ အမြင့်မားဆုံး အဆင့်အတန်းနဲ့ အကြီးအကဲ ၉ဦးပဲရှိတယ်”

အကြီးအကဲကျုံးက ပြောလိုက်၏။

“မဟာအကြီးအကဲ ၉ ဦး... တစ်ယောက်ချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်တာဝန်တွေရှိတယ်... သူတို့က တက္ကသိုလ်မှာရှိတဲ့ အရာရာတိုင်းကိုထိန်းချုပ်ထားတယ်... သူတို့ ၉ယောက်က ဂိုဏ်းချုပ်ထက် တစ်ဆင့်ပဲနိမ့်တယ်”

(အမြင့်မားဆုံး အဆင့်အတန်းနှင့် အကြီးအကဲ ၉ ဦးကို မဟာအကြီးအကဲ ၉ ဦးဟု ပေါင်းခေါ်ပြီး တစ်ယောက်ချင်းစီကိုတော့ အကြီးအကဲ-၂၊ အကြီးအကဲ-၃... စသည်ဖြင့် ခေါ်ဆိုပါသည်။ အကြီးအကဲ-၁ သည် အသက်အကြီးဆုံးနှင့် အကြီးအကဲချုပ်ဖြစ်ပြီး သူ့ကို များသောအားဖြင့် မဟာအကြီးအကဲဟု ခေါ်ဆိုကြပါသည်။ စကားပြောထဲမှာ မဟာအကြီးအကဲဟု ပါလာလျှင် အဲ့ဒါက အကြီးအကဲ-၁ ဆိုတာ သိထားရပါမည်။)

သူတို့သုံးယောက်ပြောဆိုနေစဥ် နောက်ထပ်အကြီးအကဲနှစ်ယောက်က ပေါ်ထွက်လာ၏။

အကြီးအကဲ-၉ သည် တက္ကသိုလ်မှာ အဆောင်လက်ဖွဲ့များ စီရင်ပြုလုပ်ခြင်းကို တာဝန်ယူထားလေသည်။

အကြီးအကဲ-၆ က ထူးချွန်ထက်မြတ်သောအော်ရာနှင့် အေးစက်နေသောအမူအရာတစ်ခုနှင့်အတူ သက်လတ်ပိုင်းအရွယ် အချောအလှတစ်ဦးဖြစ်၏။ သူမသည် အစီအရင်ဝင်္ကပါများအပါအဝင် တက္ကသိုလ်၏ အဆောက်အအုံများအားလုံးကို တာဝန်ယူထားလေသည်။

တစ်ခဏချင်းမှာပင် မဟာအကြီးအကဲ ၉ ဦးထဲမှ ၇ဦးက ပေါ်ထွက်လာကြပြီဖြစ်၏။

“ကြည့်ရတာတော့... မဟာအကြီးအကဲ ၉ ဦးစလုံးက စုစည်းလာကြတော့မယ်ထင်တယ်”

လျှိုဖျင်က တီးတိုးပြောဆိုလိုက်၏။

တကယ်ပင် သိပ်မကြာမီ နောက်ထပ်အကြီးအကဲနှစ်ဦးက အတူတကွ ရောက်ရှိလာကြ၏။

အကြီးအကဲ-၃ သည် အင်မော်တယ်တောင်တန်းများ၊ စိတ်ဝိညာဥ်တောင်ထွတ်များ၊ သုခဘုံများနှင့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများ၊ အ​မြုတေစိတ်ဝိညာဥ်အရည်နှင့် အစရှိသော ကျင့်ကြံရေးအရင်းအမြစ်များအားလုံးကို တာဝန်ယူထိန်းချုပ်ထားလေသည်။ သူသည် ဂိုဏ်း၏ အလုပ်တာဝန်ခွဲဝေမှုများကိုလည်း တာဝန်ယူပေးထားလေသည်။

အကြီးအကဲ-၅ ၏ ပေါ်ထွက်လာမှုက အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

သူ၏ နောက်ဘက်မှာ ကြီးမားသောစစ်တပ်တစ်တပ်က စုစည်းလာပြီး မွန်းကျပ်ဖွယ်ရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ သံမဏိသတ်ဖြတ်လိုစိတ်တစ်ခုကို ထုတ်ဖော်ထားသည့်အလားပင်။

အကြီးအကဲ-၂ သည် စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားပြီး သူထုတ်ဖော်ထားသည့် သတ်ဖြတ်လိုစိတ်က မကောင်းဆိုးဝါးဆန်၍ အေးစက်နေ၏။

သို့သော်လည်း အကြီးအကဲ-၅ ၏ သတ်ဖြတ်လိုစိတ်က ရုန့်ရင်းကြမ်းတမ်းပြီး ရက်စက်တတ်ပုံရလေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ မဟာအကြီးအကဲ ၉ ဦးက ပေါ်ထွက်လာပြီး လေထဲမှာ မတ်တတ်ရပ်ကာ တာအိုနှလုံးသားလှေခါးကို ဝိုင်းပတ်၍ ဆူဇီမိုကိုကြည့်နေကြ၏။

ကျင့်ကြံသူများစွာက စိုးရိမ်ထိတ်လန့်၍ စိတ်လှုပ်ရှားနေကြ၏။ မဟာအကြီးအကဲ ၉ ဦး စုဝေးလာခြင်းက ရှားရှားပါးပါးဖြစ်ရပ်တစ်ခုဖြစ်လေသည်။

လက်ရှိအတွင်းဂိုဏ်းမှ တပည့်အများစုသည် နှစ်ပေါင်းသိန်းချီကြာအောင် ​ကျင့်ကြံလာခဲ့ပြီးနောက် တက္ကသိုလ်၏ မဟာအကြီးအကဲ ၉ ဦးကို တွေ့ဆုံဖို့ပင် အခွင့်အရေးရချင်မှရပေလိမ့်မည်။

သို့သော်ယခု... အတွင်းဂိုဏ်းသို့ဝင်ရောက်ခါစ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ကျေးဇူးဖြင့် လူတိုင်းသည် မဟာအကြီးအကဲ ၉ဦးကို တွေ့မြင်နိုင်သည့်အခွင့်အရေးကို ရရှိလာကြ၏။

“မဟာအကြီးအကဲ ကိုးဦးက တစ်ချိန်တည်းမှာပေါ်ထွက်လာတာ တကယ့်ကိုထူးခြားလွန်းတယ်... အဲ့ဒီမှာ ပိုပြီးတော့လေးနက်တဲ့ အဓိပ္ပါယ်တစ်ခုရှိနေမလား”

အကြီးအကဲကျုံးက ခဏမျှစဥ်းစားတွေးတောလိုက်၏။ သူက တစ်စုံတစ်ရာကို သတိရသွားသည့်အလား ရင်တစ်ချက်ထိတ်သွားပြီး တီးတိုးပြောဆိုလိုက်၏။

“ဖြစ်နိုင်ခြေရှိတာက...”

“ဘာလဲ”

လျှိုဖျင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“မဟာအကြီးအကဲ ၉ ဦးက ဆူဇီမိုကို သူတို့ရဲ့လက်အောက်သွတ်သွင်းဖို့ တွေးနေကြတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”

အကြီးအကဲကျုံးက တည်တံ့စွာဖြင့် ပြောလိုက်၏။

“အာ... “

မင်းသမီးသက်တံနီနှင့် လျှိုဖျင်က အံအားတသင့်ရေရွတ်လိုက်၏။

အကြီးအကဲကျုံး၏ အမူအရာက တည်တံ့နေ၏။

“သူက.. အဲ့ဒီမဟာအကြီးအကဲတွေထဲက တစ်ယောက်လောက်ဆီမှာ တပည့်ခံနိုင်မယ်ဆိုရင် သူက တက္ကသိုလ်မှာ အမွေခံတပည့်တစ်ယောက်ဖြစ်လာနိုင်မယ်”

“ဆူဇီမိုက ထိပ်ဆုံးကို အရှိန်အဟုန်နဲ့ ထိုးတက်တော့မှာပဲ”

All Chapters