← Chapters

လမ်းတစ်ဝက်မှာသတ်ဖြတ်ခြင်း

Vol. 152 Ch. 2267

လမ်းတစ်ဝက်မှာသတ်ဖြတ်ခြင်း

Vol. 152 Ch. 2267

နှစ်တစ်သောင်းတွေ့ဆုံပွဲ အဆုံးသတ်သွားခဲ့သည်မှာ ရက်တစ်ရာကျော်ကြာသွားခဲ့ပြီဖြစ်၏။

ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်၏ တိုက်ပွဲက ယန်ယန်းအင်မော်တယ်နိုင်ငံနှင့် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်တစ်ဝန်းမှာပင် ပျံ့နှံ့သွားခဲ့ပြီဖြစ်ကာ အရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုအကြောင်းကို ဆွေးနွေးပြောဆိုနေကြ၏။

ဆူဇီမိုနှင့် အခြားသူများသည် ယန်ယန်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာပြီး မြို့တော်၏ လမ်းမရှည်ထက်မှာ လျှောက်လှမ်းလာသောအခါ သူတို့သည် မြို့ထဲမှ ကျင့်ကြံသူများစွာ၏ စိတ်လှုပ်ရှားနေသောအကြည့်များကို ရှင်းလင်းစွာအာရုံခံမိနိုင်ကြ၏။

ကျင့်ကြံသူများစွာ၏ မျက်လုံးများထဲမှာ အထင်ကြီးလေးစားသော အကြည့်များပင်ရှိနေ၏။

“ကြည့်စမ်း... အဲ့ဒါက ဆူဇီမိုပဲ”

“သူက ဒီလောက်များတဲ့လူတွေကို သတ်ခဲ့တယ်ဆိုတော့... သူက ခေါင်းသုံးလုံးလက်ခြောက်ဖက်နဲ့ မွေးဖွားလာတဲ့ အငြိုးကြီးမိစ္ဆာတစ်ကောင်လို့ ငါကထင်နေတာ... သူကအခုတော့ ကြော့ရှင်းသန့်ပြန့်တဲ့ စာပေသမားတစ်ယောက်လိုပါလား”

“အမှန်ပဲ... ဘယ်သူကမှ အဲ့ဒါကို ထုတ်ဖော်မပြောဆိုရင် သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူဆိုတာ ဘယ်သူက ခန့်မှန်းမိမှာလဲ”

ကျင့်ကြံသူများစွာက သူတို့၏ ခြေလှမ်းများကိုရပ်တန့်ပြီး လှမ်းမျှော်ကြည့်ရှုကာ ဆွေးနွေးပြောဆိုနေကြ၏။

နှစ်တစ်သောင်းတိုင်းမှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးလူတစ်ယောက်က ပေါ်ထွက်လာပေလိမ့်မည်။

သို့သော်လည်း အလျင်လူများထဲ မည်သူကမှ ဤကဲ့သို့တုန်လှုပ်စရာကောင်းသော ရလဒ်များကို ထုတ်ပေးနိုင်ခြင်းနှင့် သူတို့ကိုယ်သူတို့ ဤကဲ့သို့သောနာမည်တစ်ခုကို တည်ဆောက်နိုင်ခြင်း မရှိခဲ့ကြပေ။

သူသည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးအပါအဝင် ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၈ဦးကို တစ်ယောက်တည်းသတ်ဖြတ်ခဲ့၏။

ဤကဲ့သို့ အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးတာတောင် သူသည် ဒုတိယမြောက် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်ကို အနိုင်ယူကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိလာခဲ့၏။

ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ တိုက်ပွဲက မကြုံစဖူးအံ့မခန်းဖြစ်၏။

“ဆူဇီမိုက သာမန်နောက်ခံနဲ့ အောက်ဘုံလောကကနေ လာခဲ့တာလို့ ငါကြားထားတယ်”

“အဲ့တော့ဘာဖြစ်လဲ.... အထက်ဘုံမှာရှိတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေနဲ့ ပြန်ဝင်စားပကတိအင်မော်တယ်နှစ်ဦးတောင်မှ သူတက်လှမ်းဖို့ ကျောက်လှေခါးထစ်တွေဖြစ်ခဲ့ရတာပဲ”

“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲက နှစ်တစ်သောင်းတောင်မလိုတော့ဘူး... သူကကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဝင်ပါဖို့အခွင့်အရေးရှိမလား ငါသိချင်မိတယ်”

“ကောင်းကင်သတ်မှတ်ချက် ​ဖွင့်လှစ်တဲ့အခါ နောက်ထပ်သွေးလွှမ်းတိုက်ပွဲတစ်ခု ရှိလာနိုင်တယ်”

“ယွင်ထင်က ပုဂ္ဂိုလ်ရေးစိန်ခေါ်မှုတစ်ခုကို ထုတ်ပြန်ခဲ့ပြီးပြီ... သူတို့နှစ်ယောက်ကြားမှာ သေချာပေါက်တိုက်ပွဲတစ်ခုရှိလာလိမ့်မယ်... အဲ့ဒီတိုက်ပွဲက ပြီးခဲ့တဲ့နှစ်ပေါင်းသိန်းချီကာလအတွင်း ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အထင်ရှားဆုံးတိုက်ပွဲတစ်ခုဖြစ်လာနိုင်တယ်”

“ဟဲဟဲ... ဆူဇီမိုက ဒီလောက်လူတွေအများကြီးကို ဆန့်ကျင်ထားခဲ့တာ... သူကဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲထိ အသက်ရှင်နိုင်ပါဦးမလား”

တစ်စုံတစ်ယောက်က အထင်အမြင်သေးသောအမူအရာတစ်ခုဖြင့် လှောင်ရယ်လိုက်၏။

ဆူဇီမိုသည် မှင်သေသေအမူအရာတစ်ခုနှင့်အတူ သူ၏ ဘေးပတ်လည်မှ ဝေဖန်ပြောဆိုသံများကို နားထောင်ရင်း အဲ့ဒါကိုစိတ်ထဲမှာ ထည့်မှတ်မထားပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းကလည်း အူမြူးအားရနေကြ၏။

နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာမှာ သုံးနေရာကိုရရှိခဲ့၏။

ဆူဇီမို၏ ရုတ်တရက်ပေါ်ထွက်လာမှုက လူတိုင်းကို တုန်လှုပ်စေခဲ့၏။

သို့သော်လည်း လျှိုဖျင်၏ တစ်ဟုန်ထိုး မြင့်မားလာမှုနှင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ တတိယနေရာကိုရရှိခဲ့ခြင်းကလည်း ကျေနပ်စရာကောင်းသော အံအားသင့်စရာတစ်ခုဖြစ်၏။

ဤတစ်ခေါက်မှာ ယဲ့ဖေးက သေဆုံးသွားခဲ့ခြင်းမရှိလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အကြီးမားဆုံးအနိုင်ရရှိသူဖြစ်ပေလိမ့်မည်။

သိပ်မကြာခင် ဆူဇီုမိုနှင့်အခြားသူများသည် မြို့တော်ထဲမှာရှိသော ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာခဲ့ပြီး အဲ့ဒါကိုအသက်သွင်းကာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်သွားဖို့ပြင်ဆင်လိုက်ကြ၏။

“ဇီမို... သက်တံနီ... လျှိုဖျင်... တက္ကသိုလ်ကိုပြန်ရောက်ပြီးရင် မင်းတို့သုံးယောက်က မဟာအကြီးအကဲနဲ့တွေ့ဖို့အတွက် ငါ့နောက်ကိုလိုက်ခဲ့ကြ”

အကြီးအကဲကျုံးက ပြုံး၍ပြောလိုက်၏။

“မင်းတို့သုံးယောက်က ကောင်းကင်အမြုတေနယ်ပယ်ကိုရောက်ရှိလာခဲ့ပြီ... မင်းတို့တွေက အခုဆိုရင် အတွင်းဂိုဏ်းကို ဝင်ရောက်နိုင်ပြီ”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ကျင့်ကြံသူများ၏ အဆင့်တိုးမြှင့်ခံရခြင်းနှင့် အမျိုးမျိုးသောရာထူးများ ခန့်အပ်ခြင်းကို မဟာအကြီးအကဲများက ဆောင်ရွက်ပေးလေသည်။

ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် နေကာသစ်ပင်လျှို့ဝှက်ကုန်း​မြေမှာ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ကြ၏။ ဤတစ်ခေါက်မှာ သူတို့သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ကျော်ကြားလာခဲ့ပြီ သူတို့သုံးယောက်က အတွင်းဂိုဏ်းသို့ ဝင်ရောက်နိုင်တော့မည်ဖြစ်၏။

ထိုသို့ပြောဆိုရင်း လူတိုင်းသည် ပို့ဆောင်ရေးဝင်္ကပါထဲသို့ ခြေချလိုက်ကြ၏။

ဝင်္ကပါအလင်းတန်းများက တဖျတ်ဖျတ်တလက်လက်တောက်ပလာပြီ ဧရာမအလင်းတန်းတစ်ခုက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းကို လွှမ်းခြုံသွား၏။

ထို့နောက်ချက်ချင်းပင် လူတိုင်းသည် အလွန်တရာအားကောင်းသည့် စုပ်ယူအားတစ်ခုကိုခံစားလိုက်ရပြီး ပို့ဆောင်ရေးဝင်္ကပါထဲကနေ ပျောက်ကွယ်သွားကြ၏။

ယန်ယန်းအင်မော်တယ်နိုင်ငံက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် အလွန်တရာဝေးကွာလေသည်။ သို့သော်လည်း ပို့ဆောင်ရေးဝင်္ကပါနှင့်အတူ သူတို့သည် အသက်ရှုချိန်အတန်အသင့်အကြာမှာ တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိနိုင်ကြ၏။

လူတိုင်းက အာကာသဥမင်တစ်လျှောက် ရွေ့လျားနေကြ၏။ အဆင့်-၉ ကောင်းကင်အင်မော်တယ်များပင်လျှင် သူတို့၏ အာရုံငါးပါးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး အချိန်စီးဆင်းမှုကို အာရုံခံနိုင်တော့မည် မဟုတ်ပေ။

ရုတ်တရက်ဆိုသလို...။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းက ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ အာရုံငါးပါးကို ပြန်လည်ရရှိလာ၏။

“ငါတို့က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ပြန်ရောက်လာပြီလား”

“တစ်ခုခုတော့လွဲနေတယ်... ဒါက ဘယ်နေရာလဲ”

လူတိုင်းက လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း သူတို့သည် အာကာသဥမင်ထဲမှာရှိနေသေးပြီး မထွက်ခွာရသေးသည့်အလား အမှောင်ထုကိုသာ တွေ့မြင်နေရ၏။

“ပို့ဆောင်ရေးဖြစ်စဥ်မှာ တစ်ခုခုဖြစ်သွားခဲ့တာလား”

အကြီးအကဲကျုံးက မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။

“ပို့ဆောင်ရေးဝင်္ကပါက ဖျက်ဆီးခံလိုက်ရတာများလား”

ဆူဇီမိုက မေးလိုက်၏။

“မဟုတ်နိုင်ဘူး”

အကြီးအကဲကျုံးက ခေါင်းခါပြလိုက်၏။

ပုံမှန်အခြေအနေအောက်မှာ ပို့ဆောင်ရေးဝင်္ကပါကို အောင်မြင်စွာ အသက်သွင်းပြီးခဲ့ပြီဖြစ်ပြီး လူတိုင်းက အာကာသဥမင်ထဲသို့ ဝင်ရောက်လာခဲ့လေပြီ။ ယန်ယန်းမြို့တော်မှာရှိသော ​ပို့ဆောင်ရေးဝင်္ကပါကို တစ်ယောက်ယောက်က ဖျက်ဆီးလိုက်မည်ဆိုလျှင်တောင် သူတို့အပေါ်သက်ရောက်လာတော့မည် မဟုတ်ပေ။

ထိုစဥ်မှာပင် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ဆင်းသက်လာခဲ့၏။

ထိုစွမ်းပကား၏ ကြောက်စရာကောင်းမှုက စဥ်းစားကြည့်၍မရနိုင်အောင်ဖြစ်ပြီး လူတိုင်းက လုံးဝမခုခံနိုင်ကြပေ။

ကွာဟမှုက အရမ်းကိုကြီးမားနေ၏။

ထိုကြီးမားသောစွမ်းပကားနှင့်ယှဥ်လျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလူတိုင်းက ပုရွက်ဆိတ်များကဲ့သို့ဖြစ်နေ၏။

ထို့နောက်တစ်ဆက်တည်းမှာပင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက တလိပ်လိပ်ထိုးတက်လာ၏။

ဆူဇီမိုအပါအဝင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလူတိုင်းသည် နောက်ခဏ၌ သေဆုံးရတော့မည့်အလား သန်မာအားကောင်းသော သေခြင်းအော်ရာတစ်ခုကို ခံစားမိလာ၏။

“ဘာတွေဖြစ်နေတာလဲ”

“အဲ့ဒါက ပကတိအင်မော်တယ်တစ်ပါးလား”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတချို့က ထိတ်လန့်တကြားဖြစ်နေပြီး သူတို့၏ အသံများက တုန်ယင်နေ၏။

ဆူဇီမို၏ အမူအရာကလည်း သုန်မှုန်၍အသံတိတ်နေ၏။

သူသည် အထက်ဘုံသို့တက်လှမ်းစဥ်က ဤကဲ့သို့စွမ်းအားကြီးမားသော အင်အားနှင့် ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ဖူးပြီး အဲ့ဒါက သူ၏ မှတ်ဉာဏ်များထဲမှ သစ်လွင်နေဆဲဖြစ်၏။

ထိုဖိအားသည် ပကတိအင်မော်တယ်တစ်ဦးထံမှလာခြင်း သေချာပေါက်မဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။

အကြီးအကဲကျုံးက ရင့်ထဲမှာနင့်သွားပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ဒီလိုမျိုးစွမ်းပကားတစ်ခုကို ထုတ်ဖော်နိုင်တဲ့ ပညာရှင်တစ်ဦးက ပကတိအင်မော်တယ်နယ်ပယ်ကို ကျော်လွန်နေပြီ”

ပကတိအင်မော်တယ်နယ်ပယ်ထက်ကျော်လွန်ခြင်း...။

ဆိုလိုသည်မှာ...။

လူတိုင်းက တုန်လှုပ်မှုဖြင့် မျက်လုံးများပြူးကျယ်သွား၏။

အဲ့ဒါက အင်မော်တယ်ဘုရင်တစ်ပါးလား...။

ထိုသို့အတွေးဖြင့် လူတိုင်း၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်လာ၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်ဘုရင်တစ်ပါးကသာ ဤကဲ့သို့နည်းလမ်းများကို ထုတ်ဖော်နိုင်မည်ဟု လူတိုင်းက နားလည်သဘောပေါက်လာ၏။

သို့သော်လည်း... အင်မော်တယ်ဘုရင်တစ်ပါးက သူတို့ကိုဘာ့ကြောင့်တိုက်ခိုက်လာသလဲ မည်သူကမှ နားမလည်နိုင်ပေ။

သူတို့ကြားမှာ အသန်မာဆုံးသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များသာဖြစ်၏။

သူတို့သည် အင်မော်တယ်ဘုရင်များနှင့် ထိတွေ့နိုင်စရာအကြောင်းမရှိပေ။

ဤအဆင့်မှာရှိသော ပညာရှင်တစ်ဦးက ဘာ့ကြောင့်ပေါ်ထွက်လာရတာလဲ။

ဒါ့အပြင် သူတို့က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှဖြစ်၏။ ဘယ်အင်မော်တယ်ဘုရင်က သူတို့ကို တိုက်ခိုက်လာမှာလဲ။

“စီနီယာ.... ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးပါ”

အကြီးအကဲကျုံးက သူ၏ ဣန္ဒြေကိုထိန်းဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏။

“ကျုပ်တို့က... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကပဲ... နားလည်မှုလွဲစရာတစ်ခုခုများရှိလို့လား”

မည်သူကမှ ပြန်ဖြေမလာခဲ့ပေ။ သို့သော်လည်း ထိုကြောက်စရာကောင်းသောစွမ်းအားက လူတိုင်း၏ ဦးခေါင်းပေါ်မှာ အုပ်မိုးထားဆဲဖြစ်၏။

ဒါ့အပြင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သိပ်သည်းအားကောင်းလာနေ၏။

တကယ်ဆို လူတိုင်းသည် အချိန်မရွေးသေဆုံးသွားနိုင်သည်ဟု ခံစားနေရ၏။

ဆူဇီမိုက အေးစက်စွာဖြင့် သူ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဥ်းလိုက်၏။

အမှောင်ထုထဲမှာ ပုန်းကွယ်နေသောပညာရှင်က ဤနေရာကို သူ့အတွက်ကြောင့် ရောက်လာနိုင်ခြေဖြစ်ဖို့များသည်ဟု သူကခံစားနေရ၏။

သို့သော်လည်း ထိုပညာရှင်က ဘယ်နေရာကနေ လာသည်က်ို သူ မပြောနိုင်ပေ။

အဲ့ဒါက ဘုရင်ယွင်ရိုမဟုတ်လောက်ပေ။

ဘုရင်ယွင်ရို၏ စိတ်နေစရိုက်အရ သူသည် အဲ့ဒါကိုသေချာပေါက် ပုန်းလျှိုးကွယ်လျှိုးလုပ်မည်မဟုတ်ဘဲ တိုက်ရိုက်ပေါ်ထွက်လာပေလိမ့်မည်။

အဲ့ဒါက ဘုရင်ယွင်ရိုမဟုတ်ဘူးဆိုလျှင် ဘယ်သူဖြစ်နိုင်မလဲ။

ဒုံမင်းအင်မော်တယ်မုန့်ယောင်ဖိတ်ခေါ်ထားသည့် အင်မော်တယ်ဘုရင်တစ်ပါးများလား။

မင်းသားယွမ်ကျော သို့မဟုတ် မဟာကျင်းအင်မော်တယ်နိုင်ငံဘ​က်မှ ရပ်တည်သောအင်မော်တယ်ဘုရင်တစ်ပါးလား။

ယန်ယန်းအင်မော်တယ်နိုင်ငံကရော ဖြစ်နိုင်မလား။

ဆူဇီမိုသည် မိုးကောင်းကင်ကိုးလွှာမှာ ရတနာငါးခုကို လုယူခဲ့ပြီး ရှေးဟောင်းနေကာသစ်ပင်မှ ကြီးမားသည့် အသက်ဓာတ်အဆီအနှစ် ပမာဏတစ်ခုကို စုပ်ယူခဲ့ပြီး ရှဲ့လင်ကိုလည်း ဆန့်ကျင်ခဲ့လေသည်။

ယန်ယန်းအင်မော်တယ်နိုင်ငံက သူ့ကို သတ်ဖြတ်ချင်သည်ဆိုလျှင် အဲ့ဒါကဖြစ်ကောင်းဖြစ်နိုင်၏။

အင်မော်တယ်ဘုရင်အဆင့် ပညာရှင်တစ်ဦးက တိုက်ခိုက်လာမည်ဆိုပါက သူသည် ငရဲဖိနှိမ်မီးဖိုပေါ်မှ အထွတ်အမြတ်ဝိညာဥ်လေးခုစလုံးကို ဆင့်ခေါ်မည်ဆိုလျှင်တောင် သူက အဲ့ဒါကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

All Chapters