ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်
Vol. 152 Ch. 2268
“အင်း... အဲ့လိုလုပ်ဖို့ ဘာလိုလို့လဲ….”
ထိုစဥ်မှာပင် သက်ပြင်းချသံတစ်သံက ကျယ်ပြောသော အမှောင်ထုထဲမှ ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် နောက်ထပ်သိပ်သည်းပြင်းထန်သည့် စွမ်းပကားတစ်ခုက အာကာသဥမင်ထဲသို့ တိုးဝင်လာပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။
စောစောက ဖိအားနှင့်မွန်းကျပ်မှုက တစ်မဟုတ်ချင်းပျောက်ကွယ်သွားပြီး သူတို့က သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာ၏။
လူတိုင်းက မတုံ့ပြန်နိုင်မှာပင် သူတို့၏ အာရုံငါးပါးက နောက်တစ်ဖန်ပြတ်တောက်သွားပြီး လောကက လည်ပတ်လာ၏။ သူတို့သည် အာကာသဥမင်ထဲမှာ နောက်တစ်ဖန်ခရီးဆက်သွားသည့်အလားပင်။
အသက်ရှုချိန်အတော်အတန်ကြာမြင့်ပြီးနောက် တဖျတ်ဖျတ် တလက်လက်အလင်းရောင်က လူတိုင်း၏ မျက်လုံးများရှေ့မှာ ပေါ်ထွက်လာကာ သူတို့၏ အမြင်အာရုံကို တဖြည်းဖြည်းပြန်လည်ရရှိလာ၏။
ဘေးပတ်ဝန်းကျင်က လတ်ဆက်သောလေနှင့် ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီးအမြုတေချီများဖြင့် ပြည့်နှက်နေ၏။
အပင်များက စိမ်းလန်းစိုပြေပြီး အသက်ဓာတ်အားနှင့်ပြည့်နှက်နေ၏။
အဲ့ဒီမှာ ကျောက်စိမ်းစံအိမ်များနှင့် ရေတံခွန်များရှိလေသည်။ မကြာမကြာဆိုသလို ကျင့်ကြံသူများက လွတ်လပ်ပေါ့ပါးသောပုံစံဖြင့်လေထဲမှာ ပျံသန်းသွားလာနေကြ၏။
ဖျတ်ခနဲဆို လူတိုင်းသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာသို့ ပြန်လည်ရောက်ရှိလာကြလေပြီ။
“ငါတို့... အသက်ရှင်နေသေးတာလား”
“ငါတို့က ဘေးကင်းလုံခြုံစွာနဲ့ ပြန်ရောက်လာတဲ့ပုံပဲ... စောစောက ငါတို့တွေ့ခဲ့ရတဲ့ အရာရာတိုင်းက စိတ်ချောက်ချားမှုတစ်ခု ဖြစ်ခဲ့သလိုပဲ”
လူတိုင်းသည် စောစောကအခြေအနေကို ပြန်လည်အမှတ်ရသွားပြီး အိပ်မက်ဆန်ဆန်ခံစားနေရ၏။
ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်ပြီး အသံတိတ်နေ၏။
သူတက်လှမ်းလာခဲ့စဥ်က သူသည် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့သော အင်မော်တယ်ဘုရင်တစ်ပါးနှင့် ကြုံတွေ့ခဲ့ရ၏။
သို့သော်လည်း ထိုအချိန်က ယခုပုံစံနှင့် လုံးဝကိုကွဲပြားလေသည်။
အရင်တုန်းက ဘုရင်ယွင်ရိုသည် လုံးဝဖုံးကွယ်ခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင်ပေါ်ထွက်လာခဲ့၏။
သို့သော်လည်း ဤတစ်ခေါက်မှာ တိုက်ခိုက်သူက မည်သူဆိုတာကို သူမသိရပေ။ တကယ်ဆို... တိုက်ခိုက်သူက ထိုနေရာကို သူ့အတွက် ရောက်ရှိလာခဲ့သလားဆိုတာပင် မသေချာပေ။
ဤလူက သူ့ကိုပစ်မှတ်ထားခြင်းမဟုတ်လျှင် သူတို့အုပ်စုက အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးကို ဘာ့ကြောင့်ရန်စမိမှာလဲ။
ထိုသူက သူ့အတွက် ဤနေရာကိုရောက်ရှိလာခဲ့တာဆိုလျှင် အကြောင်းပြချက်က ဘာဖြစ်မလဲ။
ဒုံမင်းအင်မော်တယ်မုန့်ယောင်၊ မင်းသားယွမ်ကျော၊ ယန်ယန်းအင်မော်တယ်နိုင်ငံ သို့မဟုတ် ဖန်းကလန်…။
အဖွဲ့အစည်းတိုင်းမှာ သူ့ကိုတိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်တစ်ခုစီရှိကြ၏။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းကမှ ဤကဲ့သို့ကြီးမားသည့် အဖွဲ့အစည်းတစ်ရပ်ကို စုဖွဲ့ထားနိုင်ခြင်းမရှိပေ။
မည်သူမည်ဝါမသိရသောရန်သူများက ကြောက်စရာအကောင်းဆုံးဖြစ်၏။
တကယ်တော့... ဤနှစ်များမှာ ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်လာပြီးတာတောင် သူသည် ရှင်းမပြတတ်သော အန္တရာယ်အငွေ့အသက်တစ်ခုကို အမြဲတမ်းခံစားနေခဲ့ရ၏။
ယခင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွင်း မင်းသားယွမ်ကျောသည် ရုတ်တရက် သူ့ကို လာရောက်ရှာဖွေခဲ့ပြီး သူ၏ သရုပ်သကန်ကို မှတ်မိသိရှိနေခဲ့၏။
ထိုကိစ္စက အနည်းငယ်ထူးဆန်းနေ၏။
အဲ့ဒါက အချိန်အတော်ကြာသွားခဲ့ပြီဖြစ်သော်လည်း ဆူဇီမိုက ထိုအကြောင်းနှင့်ပတ်သက်၍ စဥ်းစားတွေးတောနေမိဆဲဖြစ်၏။
ထိုမတော်တဆဖြစ်ရပ်နှင့် ဤတစ်ခေါက်သူတွေ့ကြုံခဲ့ရသည့် လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုက ပတ်သက်ဆက်နွယ်မှုတစ်ခုခုများရှိနေမလား။
“စောစောက ဘာဖြစ်သွားတာလဲ”
ထိုစဥ်မှာပင် မင်းသမီးသက်တံနီက သူမ၏ ငူငိုင်ရာကနေနိုးထလာပြီး မေးမြန်းလိုက်လေသည်။
“အင်မော်တယ်ဘုရင်အဆင့် ပညာရှင်တစ်ဦးက ဘာလို့ကျွန်မတို့ကို ပစ်မှတ်ထားလာတာလဲ”
“ငါလည်းမပြောတတ်ဘူး”
အကြီးအကဲကျုံးက ခေါင်းခါပြလိုက်၏။
“အင်မော်တယ်ဘုရင်တွေက အထက်ဘုံမှာ အထွတ်အထိပ်နီးပါး ပညာရှင်တွေပဲ... သူတို့က ငါတို့ကို ကိုင်တွယ်ဖို့မပြောနဲ့ သူတို့အချင်းချင်းတောင်တိုက်ခိုက်လေ့မရှိဘူး”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများကလည်း ဒွိဟဖြစ်နေကြ၏။
“နောက်ပိုင်း ကျုပ်တို့ကို ကယ်တင်ခဲ့တဲ့သူက ဘယ်သူလဲ”
လျှိုဖျင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
အကြီးအကဲဟဲက ပြောလိုက်၏။
“ငါထင်တာမမှားဘူးဆိုရင် အဲ့ဒါက ငါတို့ရဲ့ဂိုဏ်းချုပ်ဖြစ်လောက်တယ်”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ဂိုဏ်းချုပ်...။
ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ဤလူ၏ အဆင့်အတန်းသည် ဘုရင်ကျင်း သို့မဟုတ် ဘုရင်ယန်ယန်းတို့ထက် သေချာပေါက် မနိမ့်ကျပေ။
အကြီးအကဲကျုံးက ပြောလိုက်၏။
“ဂိုဏ်းချုပ်ရဲ့ အမြော်အမြင်က ပြိုင်ဘက်ကင်းပဲ... သူက ကောင်းကင်နဲ့မြေကြီးကို ဖြတ်ကျော်ပြီး သက်ရှိတွေအားလုံးကို ထွင်းဖောက်မြင်နိုင်တယ်... သူက အရာရာတိုင်းကို သိနေတာပဲ”
“ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ အင်မော်တယ်ဘုရင်တစ်ပါးရဲ့ တိုက်ခိုက်မှုလို သတ်ဖြတ်လိုစိတ်တစ်ခုကတောင် သူ့ရဲ့အာရုံခံစိတ်ကနေ မလွတ်မြောက်နိုင်ဘူးပဲ”
“အဲ့ဒါက တကယ့်ကိုအံ့အားသင့်စရာပဲ”
လျှိုဖျင်က သူ၏ လျှာကို ကိုက်လိုက်၏။
“ဒါဆိုရင်... ကျုပ်တို့တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ စိုးမိုးခြယ်လှယ်နိုင်ပြီမလား”
“မင်းက စိတ်ကူးယဥ်နေတာပဲ”
အကြီးအကဲကျုံးက သူ၏ ခေါင်းကိုခါပြီး ပြုံးပြလိုက်၏။
“ဒီတစ်ခေါက် ဂိုဏ်းချုပ်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့တယ်ဆိုတာ ငါတို့ကြားကွာဟချက်က အရမ်းကိုကြီးမားနေလို့ပဲ... အဲ့ဒါက ကျင့်ကြံမှုအဆင့်တူတွေကြားက တိုက်ပွဲတစ်ပွဲဖြစ်မယ်ဆိုရင် ဂိုဏ်းချုပ်က ငါတို့ကိုဂရုစိုက်မှာမဟုတ်ဘူး... အနိုင်ရလဒ်နဲ့ သေခြင်းရှင်ခြင်းကို ကံတရားက ဆုံးဖြတ်ပေးလိမ့်မယ်... ဂိုဏ်းချုပ်က အခုလိုမျိုးသေချာပေါက် ဝင်ပါလာမှာမဟုတ်ဘူး”
“ကျုပ်သိပါပြီ”
လျှိုဖျင်က အနည်းငယ်စိတ်ပျက်သွား၏။
“ကဲ.. တော်လောက်ပြီ”
အကြီးအကဲကျုံးက ပြုံးပြလိုက်၏။
“ဘာပဲဖြစ်ဖြစ်... ငါတို့က ကပ်ဘေးကနေရှင်သန်လာခဲ့ပြီပဲ... အရင်ဆုံး ပြန်ပြီးတော့အနားယူကြ”
“ဆူဇီမို... သက်တံနီ... လျှိုဖျင်... မင်းတို့သုံးယောက်က ပြန်သွားပြီးရင်ပြင်ဆင်ထားကြ... နောက်သုံးရက်နေရင် မဟာအကြီးအကဲက အတွင်းဂိုဏ်းဆီ မင်းတို့တွေကို ဆင့်ခေါ်လိမ့်မယ်”
လူတိုင်းက နာခံစွာဖြင့် လူစုခွဲလိုက်ကြ၏။
“ဆူဇီမို... ငါ့နောက်က လိုက်ခဲ့”
အကြီးအကဲကျုံးက ဆက်ပြောလိုက်၏။
“အခုမင်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပဲ... မင်းက ဂိုဏ်းရဲ့ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်မှာ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကို စိတ်ကြိုက် လေ့လာဖတ်ရှုနိုင်တယ်”
“လျှို့ဝှက်စံအိမ်ထဲမှာရှိတဲ့ လျှို့ဝှက်အတတ်တွေနဲ့ ကျင့်ကြံရေးနည်းစနစ်တွေကို အပြင်ယူမသွားနိုင်တာကလွဲရင် မင်းအတွက် ကန့်သတ်မှုလုံးဝမရှိဘူး”
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။
သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်၏ ထိပ်ဆုံးနေရာကိုရရှိဖို့ ဤမျှအထိ အားထုတ်မှုကြီးမားစွာပြုလုပ်ခဲ့သည့် ကြီးမားသည့်အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ဤဆုလာဘ်အတွက် ဖြစ်လေသည်။
တကယ်တော့... ဤဆုလာဘ်သည် တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများအတွက် အဖိုးတန်သော်လည်း အဲ့ဒါက ကြီးကြီးမားမားပြောလောက်စရာ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ... အဲ့ဒါသည် ကမ္ဘာမြေအဆင့်လျှို့ဝှက်စံအိမ်တစ်ခုဖြစ်ပြီး အထဲမှာရှိသော ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များက ထိပ်တန်းအဆင့်မှာ ရှိမနေနိုင်ပေ။
ဒါ့အပြင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်လို ကောင်းကင်အဆင့် အင်မော်တယ်ဂိုဏ်းများအတွက် လျှို့ဝှက်စံအိမ်တစ်ခုတည်းမှာ လျှို့ဝှက်အတတ်များနှင့် ကျင့်ကြံရေးနည်းစနစ်များက မရေမတွက်နိုင်အောင်ရှိနေပေလိမ့်မည်။ သို့သော်လည်း လူတစ်ယောက်၏ အချိန်နှင့်စွမ်းအင်က အကန့်အသတ်ရှိပြီး သူတို့အနေဖြင့် လျှို့ဝှက်အတတ်များစွာကို ကျင့်ကြံဖို့က မဖြစ်နိုင်ပေ။
သာမန်ကျင့်ကြံသူများအတွက် သူတို့သည် စံအိမ်ထဲမှာ သူတို့အတွက်သင့်လျော်မည့် ကျင့်ကြံရေးနည်းစနစ်နှင့် လျှို့ဝှက်တတ်တချို့ကို ရွေးချယ်နိုင်မည်ဆို လုံလောက်လေသည်။ သို့သော်လည်း ဆူဇီမို၏ အစီအစဥ်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်ထဲမှာရှိသော ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များအားလုံးကို ချေဖျက်ကာ စုပ်ယူဖို့ဖြစ်၏။
တကယ်တော့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုသို့မပြုလုပ်နိုင်ပေ။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ပြုလုပ်နိုင်၏။
သိုင်းတာအိုပင်မခန္ဓာမှာ သိုင်းတာအိုမီးဖိုရှိပြီး သူက ထိုအရာများကို လုံးဝကျင့်ကြံစရာမလိုပေ။
သူက အတွင်းမှာပါဝင်သော လျှို့ဝှက်နက်နဲမှုများကို အဓိပ္ပါယ်ဖော်ရန် သုတ္တန်များအားလုံးကို အရည်ဖျော်ချရုံသာဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအို၏ ကျင့်ကြံရေးဓမ္မအစီအရင်များကို ကောက်ချက်ချထုတ်နုတ်ဖို့အတွက် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်၏။
ထိုအခိုက်အတန့်မှာ သူသည် ကျင့်ကြံရေးနည်းစနစ်အရေအတွက်များစွာကို လေ့လာဖတ်ရှုဖို့ လိုအပ်နေ၏။
အရင်တုန်းက ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ရပ်ကို ဖန်တီးနိုင်ခဲ့သည်မှာ သူသည် တစ်ခါက အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုများကို ကျင့်ကြံခဲ့ပြီး စွမ်းအားကြီးပုဂ္ဂိုလ် ပညာရှင်များစွာ၏ အမွေအနှစ်များကို ဆက်ခံရရှိခဲ့သောကြောင့်ဖြစ်၏။
ထို့ကြောင့်ပင်လျှင် သူသည် မတူညီသောလမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး သိုင်းတာအိုကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်၏။
ယခုအခါ သူသည် သိုင်းတာအို၏ ဓမ္မအစီအရင်များကို ဆက်လက်၍ ကောက်ချက်ချထုတ်နုတ်ချင်သည်ဆိုလျှင် ပင်မခန္ဓာသည် အတွေ့အကြုံနှင့် ဉာဏ်ကွန့်မြူးမှုကိုရှာဖွေဖို့အတွက် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို အဆက်မပြတ်အရည်ဖျော်ချနေရပေလိမ့်မည်။
လျှို့ဝှက်စံအိမ်ထဲမှာရှိသော လျှို့ဝှက်အတတ်များ၏ အရည်အသွေးက သိပ်ပြီးမြင့်မားချင်မှ မြင့်မားပေလိမ့်မည်။
သို့သော်လည်း ဖန်တီး၍လက်ဆင့်ကမ်းခဲ့သည့် ကျင့်ကြံရေးနည်းစနစ်တိုင်းမှာ အရင်လူများ၏ အဆုံးမဲ့ဉာဏ်ပညာများပါဝင်နေ၏။
ဒါ့အပြင် ထိုအရာများသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များဖြစ်၏။
သိပ်မကြာခင် ဆူဇီမိုသည် အကြီးအကဲကျုံးနောက်ကနေ လိုက်ပါပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ကမ္ဘာမြေအဆင့်လျှို့ဝှက်စံအိမ်ရှေ့သို့ ရောက်ရှိလာခဲ့၏။
လျှိူ့ဝှက်စံအိမ်၏ ရှေ့မှာ ဆံပင်ဖြူ မုတ်ဆိတ်ဖြူများနှင့် လူအိုတစ်ယောက်က မတ်တတ်ရပ်စောင့်ကြပ်နေ၏။ သူက သူ့လက်ထဲရှိ မတ်တတ်တံမြက်စည်းနှင့်အတူ တံခါးကို သာမန်ကာလျှံကာမှီကာ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အနားယူနေ၏။
အနီးနားမှာ အခြားမည်သူမှမရှိပေ။
ဆူဇီမိုနှင့် အကြီးအကဲကျုံး ချဥ်းကပ်လာစဥ်မှာတောင် လူအိုကြီးက သူ၏ မျက်လုံးကို ဖွင့်မလာခဲ့ပေ။
ဆူဇီမိုသည် လူအိုကြီး၏ ကျင့်ကြံမှုကို မပြောနိုင်ပေ။ ဤလူအိုကြီးမှာ ဘဝသက်တမ်းများစွာမကျန်ရှိတော့ဘဲ သူက လမ်းဆုံးခါနီးသို့ ရောက်ရှိနေပြီဆိုတာကိုသာ သူအာရုံခံမိနိုင်၏။
အကြီးအကဲကျုံးသည် လူအိုကြီးကို တွေ့မြင်သောအခါ သူက အလွန်တရာရိုသေလေးစားမှုရှိပြီး ဦးညွှတ်လိုက်၏။
“လူအိုကြီးရွှမ်... ဆူဇီမိုက ဒီတစ်ခေါက်ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးနေရာကို ရရှိခဲ့တယ်”
“အို..”
ရုတ်တရက်လူအိုကြီးက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ထူးဆန်းသော အကြည့်တစ်ခုပေါ်ထွက်လာ၏။ သူက ဆူဇီမိုကို အတန်ကြာအောင် စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
“မဆိုးဘူးပဲ... မဆိုးဘူး... လူငယ်မျိုးဆက်တွေက တကယ့်ကိုထူးချွန်လာကြတာပဲ”
လူအိုကြီးက တည်ငြိမ်စွာဖြင့် ချီးကျူးလိုက်၏။
“အထဲကိုဝင်သွားလိုက်”
လူအိုကြီးက အနည်းငယ်နေရာရွေ့ပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ နောက်တစ်ဖန် အနားယူလိုက်၏။
“ဝင်သွားလိုက်”
အကြီးအကဲကျုံးက ဆူဇီမို၏ ပခုံးကို ပုတ်လိုက်၏။
“မဟာအကြီးအကဲက မင်းတို့ကိုဆင့်ခေါ်မယ်ဆိုရင် ငါမင်းကို သတင်းလာပေးမယ်... မင်းက နောက်သုံးရက်အတွင်း အထဲမှာ စိတ်ကြိုက်လေ့လာနေလို့ရတယ်”