← Chapters

အတွင်းဂိုဏ်း တရားဟောစင်မြင့်

Vol. 152 Ch. 2270

အတွင်းဂိုဏ်း တရားဟောစင်မြင့်

Vol. 152 Ch. 2270

ဆူဇီမို၏ မျက်လုံးနှစ်လုံးသည် သူ့လက်ထဲရှိ ရှေး​ဟောင်းအဖြူရောင်စာရွက်ပေါ်သို့ ဆင်းသက်နေသော ခရမ်းရောင် မီးတောက်နှစ်ခုနှင့်အတူလောင်ကျွမ်းနေ၏။

ထိုခရမ်းရောင်မျက်လုံးများ၏ အကြည့်များအောက်မှာ ရှေးဟောင်းအဖြူရောင်စာရွက်ပေါ်ရှိ စာလုံးများကပင် လောင်ကျွမ်းလာပုံရ၏။

အဖြူရောင်စာရွက်ပေါ်ရှိ တာအိုရှေးဟောင်းစာလုံးများနှင့် စိတ်ဆန္ဒများကပင်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျက်လုံးများနှင့် အဆက်မပြတ်နားလည်ဆင်ခြင်မှုကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းတာအိုမီးဖိုထဲသို့ ပေါင်းစည်းလာခဲ့၏။

သူ့အနေဖြင့် မပြီးပြည့်စုံသောဓားကျင့်စဥ်ကို ကျင့်ကြံဖို့က မဖြစ်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာအတွက်တော့... သူက အဲ့ဒါကို ကျင့်ကြံစရာမလိုပေ။ သူသည် မပြီးပြည့်စုံသော ကျင့်ကြံရေးနည်းစနစ်များ၏ တာအိုစာလုံးများနှင့် စိတ်ဆန္ဒများနှင့်အတူ သုတ္တန်ထဲမှာပါဝင်သော အဆုံးမဲ့လျှို့ဝှက်ချက်များကို သိုင်းတာအိုမီးဖိုထဲမှာ ထည့်သွင်းပေါင်းစည်းရုံသာဖြစ်၏။

နောက်တစ်ရက်က ကုန်ဆုံးသွားပြီး သိုင်းတာအိုပင်မခန္ဓာသည် မပြီးပြည့်စုံသော ဓားကျင့်စဥ်၏ သုတ္တန်၊ တာအိုစာလုံးများနှင့် စိတ်ဆန္ဒများကို သိုင်းတာအိုမီးဖိုထဲသို့ ပေါင်းစည်းနေလေသည်။

ဓားကျင့်စဥ်ထဲမှာ စကားလုံးရာဂဏန်းတချို့သာရှိလေသည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် တစ်ရက်လုံးလုံးအချိန်ယူခဲ့ရ၏။

ဤဓားကျင့်စဥ်က ဘယ်လောက်တောင်အဖိုးတန်သလဲ သိသာလေသည်။ ကံဆိုးစွာနှင့် ဓားကျင့်စဥ်ထံမှ အစိတ်အပိုင်းများစွာက ပျောက်ဆုံးနေပြီး ကျန်ရှိနေသော ထိုစကားလုံးရာချီကို မချိတ်ဆက်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာပင်လျှင် မပြီးစုံသောကျင့်စဥ်ကို မည်သို့မည်ပုံကျင့်ကြံရမလဲ မကြံဆနိုင်ပေ။

ဆူဇီမိုက စိတ်သက်သာစွာသက်ပြင်းချပြီး ခဏမျှအနားယူကာ စံအိမ်ထဲရှိ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ဆက်လက်၍ လေ့လာကြည့်ရှုနေ၏။

ဤတစ်ခေါက်မှာ စိတ်ဝိညာဥ်ပနံသင့်ပညာရပ်ကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာသည် လျှို့ဝှက်စံအိမ်ထဲရှိ ကျင့်ကြံရေးနည်းစနစ်များကို တိုက်ရ်ိုက်ဖတ်ရှုနေရခြင်းနှင့် တူညီလေသည်။

သူသည် ကျင့်ကြံရေးနည်းစနစ်၏ အကြောင်းအရာများကို သိုင်းတာအိုမီးဖိုထဲသို့ ပိုမိုမြန်ဆန်သော အလျင်အဟုန်ဖြင့် ထည့်သွင်းပေါင်းစည်းနေ၏။

မသိလိုက်မသိဘာသာနှင့်ပင် နောက်ထပ်တစ်ရက်က ကုန်ဆုံးသွားခဲ့၏။

ထို့နေ့မှာ သိုင်းတာအိုပင်မခန္ဓာသည် လျှို့ဝှက်စံအိမ်ထဲမှာ ကျင့်ကြံရေးနည်းစနစ်တစ်ထောင်ကို လေ့လာပေါင်းစည်းနိုင်ခဲ့၏။

သူ့အနေဖြင့် ဤလျှို့ဝှက်စံအိမ်ထဲရှိ ကျင့်ကြံရေးနည်းစနစ်များအားလုံးကို သိုင်းတာအိုမီးဖိုထဲသို့ ထည့်သွင်းပေါင်းစည်းဖို့က တစ်နှစ်ပင်ကြာမြင့်လိမ့်မည်မဟုတ်ပေ။

ရုတ်တရက် ဆူဇီမို၏ နားထဲသို့ အသံတစ်ခုက ဝင်ရောက်လာ၏။ သုံးရက်တာက ကုန်ဆုံးသွားပြီး ယနေ့သည် ဆူဇီမို၊ သက်တံနီနှင့် လျှိုဖျင်တို့ အတွင်းဂိုဏ်းသို့ဝင်ရောက်ရမည့်နေ့ဖြစ်၏။

အကြီးအကဲကျုံး၏ ဦးဆောင်မှုအောက်မှာ သူတို့သုံးယောက်သည် အတွင်းဝင်းသို့ ဝင်ရောက်လာခဲ့ကြ၏။

အတွင်းဝင်းဟု ခေါ်ဆိုသောနေရာသည် တကယ်တော့ကျယ်ပြောသောသုခဘုံတစ်ခုဖြစ်၏။

အတွင်းဝင်းနှင့် အပြင်ဝင်းကြားမှာ ရှင်းလင်းသောအဟန့်အတားတစ်ခုရှိလေသည်။ အတွင်းဂိုဏ်း၏ နယ်မြေထဲသို့ ဝင်ရောက်လာသောအခါ သူတို့သည် လောကက ပိုမိုသန့်စင်ကြွယ်ဝလာသည်ကို ရှင်းလင်းစွာအာရုံခံမိနိုင်၏။

အတွင်းဝင်းမှာရှိသော ရှုခင်းများက အပြင်ဝင်းမှာထက် ပို၍တုန်လှုပ်စရာကောင်းလေသည်။

အပြင်ဝင်းသည် မော်တယ်လောကနှင့် ဆက်လက်၍ မတူတော့ဘူးဟု ပြောမည်ဆိုလျှင် အတွင်းဝင်းကို အစစ်အမှန်သုခဘုံတစ်ခုဟု ဆိုရပေမည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အပြင်ဂိုဏ်းတပည့်များ၏ အရေအတွက်က အယောက်သောင်းချီဝန်းကျင်ရှိလေသည်။ သို့သော်လည်း အတွင်းဂိုဏ်းတပည့်များက အရေအတွက် သိန်းနှင့်ချီပြီးရှိလေသည်။ အကြောင်းမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်နိုင်သော ကမ္ဘာမြေအင်မော်တယ်များသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ဖြတ်ကျော်ရသောကြောင့်ဖြစ်၏။ သူတို့အားလုံးနီးပါးသည် ကမ္ဘာမြေအမြုတေနယ်ပယ်မှ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ပြီး ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ကာ ကောင်းကင်အင်မော်တယ်များ ဖြစ်လာနိုင်၏။

သို့သော်လည်း ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့ အပြင်ဂိုဏ်းတပည့်များယူရသည့်အချိန်က ကွဲပြားခြားနားလေသည်။

ဥပမာအားဖြင့် ဆူဇီမို၊ မင်းသမီးသက်တံနီနှင့် လျှိုဖျင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်​ပြီး နှစ်တစ်ထောင်မျှနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်၏။

အဲ့ဒါက ကြောက်စရာကောင်းသော အလျင်အဟုန်ဖြစ်၏။

အတွင်းဂိုဏ်းတပည့်များကတော့ သူတို့သည် အမွေခံတပည့်များဖြစ်လာချင်သည်ဆိုလျှင် သူတို့သည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းရပေမည်။

အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များအနေဖြင့် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရသည်က အတော်လေးလွယ်ကူလေသည်။

သို့သော်လည်း ကောင်းကင်အင်မော်တယ်များအနေဖြင့် အဆင့်ချိုးဖျက်တက်လှမ်းပြီး ပကတိအင်မော်တယ်များဖြစ်လာဖို့က အင်မတန်ခဲယဥ်းလေသည်။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ အတွင်းဂိုဏ်း တပည့်များသည် အပြင်ဂိုဏ်းတပည့်များထက် ပို၍များပြားနေခြင်းဖြစ်၏။ ဂိုဏ်းသားရောင်းရင်းများကြား ယှဥ်ပြိုင်မှုကလည်း ပို၍ပင်အကြိတ်အနယ်ဖြစ်လာသည်ဟု အဓိပ္ပါယ်ရလေသည်။

အကြီးအကဲကျုံးသည် ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို အတွင်းဂိုဏ်းသို့ခေါ်ဆောင်သွားကြီး တက္ကသိုလ်၏ မဟာအကြီးအကဲနှင့် တွေ့ဆုံစေ၏။

တက္ကသိုလ်၏ မဟာအကြီးအကဲသည် နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ သူတို့၏ စွမ်းဆောင်ရည်အတွက် သူတို့သုံးယောက်ကိုချီးကျူးပြီး ဂိုဏ်းတံဆိပ်ပြားတစ်ခုစီ ထုတ်ပေးခဲ့လေသည်။

အဲ့ဒါသည် အတွင်းဂိုဏ်းတပည့်တစ်ယောက်၏ တံဆိပ်ပြားဖြစ်ပြီး သူတို့က အဲ့ဒါကို သယ်ဆောင်ထားမှသာလျှင် အတွင်းဂိုဏ်းမှာ လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အတွင်းဂိုဏ်းသို့ဝင်ရောက်ဖို့အတွက် စမ်းသပ်ချက်တချို့ကို ဖြတ်ကျော်ရလေသည်။

သို့သော်လည်း ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် နှစ်တစ်သောင်းတွေ့ဆုံပွဲတိုက်ပွဲမှာ ကျော်ကြားလာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဂုဏ်ဆောင်ပေးခဲ့၏။ ဤတစ်ခေါက်မှာ မဟာအကြီးအကဲသည် ခြွင်းချက်တစ်ခုပြုလုပ်ပြီး သူတို့သုံးယောက်ကို တရားဝင်အတွင်းဂိုဏ်းတပည့်များ ဖြစ်လာဖို့ အတွင်းဂိုဏ်းသို့ တိုက်ရိုက်ခေါ်ဆောင်ခဲ့လေသည်။

အတွင်းဂိုဏ်းသို့ ဝင်ရောက်ခြင်းဖြစ်စဥ်က အတော်လေးရိုးရှင်းလေသည်။

အဲ့ဒီမှာ အသိအမှတ်ပြု မည်သည့်အခမ်းအနားမှ မရှိပေ။

ဆူဇီမိုက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“အကြီးအကဲကျုံး... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ပြီးရင် ဘယ်သူကမှ ပညာရှင်တစ်ယောက်ယောက်ဆီက မသင်ယူရတဲ့ပုံပဲ... လူတိုင်းက သူ့ဘာသာသူ သီးခြားကျင့်ကြံနေရတဲ့ပုံပဲ”

အကြီးအကဲကျုံးကပြုံးလိုက်၏။

“အပြင်ဂိုဏ်းနဲ့ အတွင်းဂိုဏ်းမှာ ကျင့်ကြံတာက မင်းတို့တွေပေါ်မှာပဲ လုံးလုံးလျားလျားမူတည်နေတယ်... မင်းတို့တွေကို ပညာရပ်တစ်ခုခုသင်ကြားပေးဖို့နဲ့ လမ်းညွှန်ပေးဖို့ အထူးသီးသန့်ဘယ်ဆရာမှရှိမှာမဟုတ်ဘူး”

“တကယ်တော့... အတွင်းဂိုဏ်းနဲ့ အပြင်ဂိုဏ်းတပည့်တွေက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ အစစ်အမှန်ဓမ္မတာအိုတွေနဲ့ ထိတွေ့ခွင့်မရသေးဘူး”

“အမွေခံတပည့်တွေကပဲ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ ထိပ်တန်းအဆင့် ဓမ္မတာအိုတွေကို ကျင့်ကြံပြီး ဆရာတစ်ယောက်ကိုအသိအမှတ်ပြုနိုင်ဖို့ အခွင့်အရေးရှိတယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အကြီးအကဲကျုံးက ပြုံးလိုက်၏။

“ဒါပေမဲ့... မင်းတို့တွေက စိတ်ပျက်စရာမလိုပါဘူး... အတွင်းဂိုဏ်းမှာ မင်းတို့တွေရဲ့ကျင့်ကြံမှုကို လမ်းညွှန်ပြသပေးမယ့်သူ တစ်ယောက်မှမရှိတာတော့ မဟုတ်ဘူး”

“ငါ့နောက်က လိုက်ခဲ့ကြ”

အကြီးအကဲကျုံးက ထိုသို့ပြောပြီး အတွင်းဂိုဏ်း၏ အရှေ့ဘက်သို့ ဦးတည်သွားလေသည်။ ဆူဇီမိုနှင့် အခြားနှစ်ယောက်ကလည်း လေထဲကနေအလောတကြီးပျံသန်းပြီး လိုက်ပါသွားကြ၏။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် အကြီးအကဲကျုံး၏ အလျင်အဟုန်က တဖြည်းဖြည်းလျော့ကျသွား၏။

ဆူဇီမိုက လှမ်းမျှော်ကြည့်ရှုပြီး ရှေ့မလှမ်းကမ်းမှာ စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ ကျင့်ကြံသူတစ်အုပ်စုရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များဖြစ်ပြီး အတွင်းဂိုဏ်းတပည့်များလည်းဖြစ်လေသည်။

တစ်ချက်ကြည့်ရုံဖြင့် သူတို့ကသိပ်သည်းများပြားလွန်းနေ၏။ အဲ့ဒီမှာ သူတို့က အရေအတွက်သောင်းနှင့်ချီပြီးရှိလေသည်။

“ဒီလောက်များပြားတဲ့ အတွင်းဂိုဏ်းတပည့်တွေက အဲ့ဒီနေရာမှာ ဘာလို့စုဝေးနေကြတာလဲ”

လျှိုဖျင်က တုန်လှုပ်သွားပြီး အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

အနက်ရောင်လူအုပ်ကြီး၏ အလယ်တွင် စိုက်ထူထားသော စက်ဝိုင်းပုံသဏ္ဌာန် ဧရာမတရားဟောစင်မြင့်တစ်ခုနှင့်အတူ အနက်ရောင်ဧရိယာတစ်ခုက ပေါ်ထွက်နေ၏။ အဝေးကနေကြည့်လျှင် အဲ့ဒါက ကူရှင်အဝိုင်းတစ်ခုနှင့်တူလေသည်။

ကူရှင်အဝိုင်းပေါ်မှာ သာလွန်ထူးခြားသောသွင်ပြင်တစ်ခုနှင့် လူတစ်ယောက်က ထိုင်နေ၏။ သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီက စွမ်းအားကြီးမားသောအော်ရာတစ်ခုနှင့် တရုန်းရုန်းထကြွနေသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

ထိုလူက တစ်စုံတစ်ရာကိုပြောဆိုနေပြီး လူတိုင်းက စိတ်ဝင်တစားဖြင့် နားစွင့်နေကြ၏။

“ရှေ့မှာရှိတာက အတွင်းဂိုဏ်းတရားဟောစင်မြင့်ပဲ”

အကြီးအကဲကျုံးက ရှေ့တည့်တည့်မှာမြင်နေရသော ဧရာမကူရှင်အဝိုင်းကို လက်ညှိုးထိုးပြလိုက်၏။ နှစ်စဥ်နှစ်တိုင်းအမွေခံတပည့်တစ်ယောက်က အတွင်းဂိုဏ်းကို ရောက်လာပြီး သူ့ရဲ့တာအိုကိုသင်ကြားပေးပြီး သံသယတွေကို ရှင်းလင်းပေးလိမ့်မယ်... အဲ့ဒါက အတွင်းဂိုဏ်းတပည့်တွေအတွက် အကြီးမားဆုံးအခွင့်အလမ်းပဲ”

“အမွေခံတပည့်တွေက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ ထိပ်တန်းအဆင့်ကျင့်ကြံရေးနည်းစနစ်တွေနဲ့ ထိတွေ့ကျင့်ကြံခွင့်ရနေပြီ... သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေကလည်း ကောင်းကင်အင်မော်တယ်တွေထက် အများကြီးသာလွန်တယ်”

“များသောအားဖြင့် အမွေခံတပည့်တစ်ယောက်ဆီကစကားက သူတို့ရဲ့ ဆယ်နှစ်တာကျင့်ကြံမှုနဲ့ တူညီတယ်... အဲ့ဒါက လူတစ်ယောက်ကို ချက်ချင်းဉာဏ်အလင်းဖွင့်ပေးနိုင်တယ်”

မင်းသမီးသက်တံနီနှင့် လျှိုဖျင်၏ မျက်လုံးများထဲတွင် မျှော်လင့်တမ်းတမှုနှင့် အထင်ကြီးလေးစားသောအကြည့်တို့ ပေါ်ထွက်လာ၏။

အမွေခံတပည့်တိုင်းက ပကတိအင်မော်တယ်တစ်ဦးဖြစ်ကြ၏။

သို့သော်လည်း ပကတိအင်မော်တယ်များသည် သူတို့နှင့်အလှမ်းဝေးလွန်းလေသည်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနှင့် အင်မော်တယ်နိုင်ငံသုံးနိုင်ငံတွင် ကောင်းကင်အင်မော်တယ်ပညာရှင်များစွာရှိလေသည်။ သို့သော်လည်း နောက်ဆုံးမှာ ပကတိအင်မော်တယ်များဖြစ်လာနိုင်သောသူက အနည်းအကျဥ်းမျှသာရှိ၏။

ပကတိအင်မော်တယ်ပညာရှင်များမှာ ဘဝသက်တမ်းနှစ်ငါးသိန်းရှိလေသည်။ နှစ်ပေါင်းများစွာ အားဖြည့်စုဆောင်းပြီးနောက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ အမွေခံတပည့် ရာဂဏန်းတချို့သာရှိလေသည်။

အမွေခံတပည့်တိုင်းသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနှင့် အင်မော်တယ်နိုင်ငံသုံးနိုင်ငံ၏ ထောက်တိုင်တစ်ခုနှင့် ပင်မစွမ်းအားတစ်ခုဖြစ်သည်ဟုဆိုနိုင်၏။

ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်နှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် သူတို့က ရိုသေလေးစားမှုကို ခံယူနိုင်၏။

“မင်းတို့တွေက အတွင်းဂိုဏ်းကို ရောက်လာတဲ့နေ့မှာပဲ တာအိုကိုသင်ကြားပေးနေတဲ့ အမွေခံတပည့်တစ်ယောက်နဲ့ကြုံတွေ့ရတာ တကယ့်ကို ကံကောင်းကြတယ်... အခု တရားဟောစင်မြင့်ပေါ်မှာရှိနေတဲ့လူက စီနီယာအစ်ကို ကျောက်စိမ်းဖားပြုတ်ပဲ”

အကြီးအကဲကျုံးက အာရုံစိုက်၍ ကြည့်ရှုပြီး ကျေနပ်နှစ်ခြိုက်သောအမူအရာဖြင့်ပြောလိုက်၏။

“သွားကြရအောင်.. ငါမင်းတို့တွေကိုခေါ်သွားပေးမယ်... ငါတို့က စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်ဆီက တစ်ခုခုကို သင်ယူဖို့အတွက် အခွင့်အလမ်းကို အသုံးချနိုင်တယ်”

All Chapters