မင်းက မထိုက်တန်ဘူး
Vol. 152 Ch. 2274
ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ နှုတ်ခမ်းပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူက တာအိုနှလုံးသားလှေကား ရှိရာသို့ လျှောက်လှမ်းသွား၏။
အတွင်းဂိုဏ်းသို့ ဝင်ရောက်လာကာစ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့က သူ့အတွက် ဘာမှ မဟုတ်ပေ။
သူသည် အမွေခံတပည့်တစ်ယောက် ဖြစ်သော်လည်း သူသည် အမွေခံကုန်းမြေတွင် ရာနှင့်ချီသော တပည့်များကြားမှာ နောက်ဆုံးအဆင့်မှာသာ ရပ်တည်လေသည်။
သို့သော်လည်း ဓားအင်မော်တယ် ယွဲ့ဟွားကတော့ မတူပေ။
အမွေခံကုန်းမြေမှာ ဓားအင်မော်တယ် ယွဲ့ဟွားသည် ထိပ်သီးပညာရှင် သုံးဦးထဲမှ တစ်ဦးဖြစ်၏။
သူက ဤအခွင့်အလမ်းကို အသုံးချကာ ဓားအင်မော်တယ် ယွဲ့ဟွားနှင့် ပိုမိုနီးစပ်နိုင်ပြီး လမ်းညွှန်မှုတချို့ကို ရရှိမည်ဆိုလျှင် အဲဒါက အတော်အတန် ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ အတွင်းဂိုဏ်းဖြစ်စေ၊ အပြင်ဂိုဏ်း သို့မဟုတ် အမွေခံကုန်းမြေမှာဖြစ်စေ၊ အမျိုးမျိုးသော အစုအဖွဲ့များက ပေါ်ထွက်လာခဲ့၏။
သူတို့က တစ်ယောက်တည်းဖြစ်ပြီး မည်သည့်နောက်ခံမှ မရှိဘူးဆိုလျှင် သူတို့အနေဖြင့် တက္ကသိုလ်မှာ ရေရှည်ရပ်တည်ဖို့က ခက်ခဲသွားပေလိမ့်မည်။
တကယ်တော့ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်သည် တပည့်ဂိုဏ်းသား အစုအဖွဲ့များကြား တိုက်ခိုက်မှုများကို မမြင်ချင်ယောင်ဆောင်ပေးထားမည်ဖြစ်၏။ တကယ်ဆို အဲဒါက တိတ်တဆိတ်ဖြင့် သဘောတူခွင့်ပြုထားသည့်ပုံစံပင်ဖြစ်၏။
သူတို့သည် ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်သရွေ့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုသာပေလိမ့်မည်။
ကျင့်ကြံရေးလမ်းကြောင်းသည် အစကတည်းက အန္တရာယ်များ၊ သွေးထွက်သံယိုများဖြင့် ပြည့်နှက်နေ၏။
သူတို့က တက္ကသိုလ်မှာ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း အတွေ့အကြုံများကို မရရှိဘူးဆိုလျှင် သူတို့သည် ရက်စက်ကြမ်းတမ်းသော အပြင်လောကနှင့် အသားကျနိုင်လိမ့်မည် မဟုတ်ပေ။
အစကတော့ ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်သည် ဆူဇီမိုကို မောင်းထုတ်ပြီး အရှက်ရစေချင်ရုံသာ ဖြစ်ခဲ့၏။
သို့သော်လည်း ဆူဇီမို၏ ပြန်လည်ချေပစကားက သူ့ကို ဒေါသထွက်စေခဲ့၏။
အတွင်းဂိုဏ်းသို့ ဝင်ရောက်လာခါစ၊ အောက်ဘုံမှ တက်လှမ်းလာသော အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးက သူ့ကို ဆန့်ကျင်တိုက်ခိုက်ရဲသည်လား။
သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူဆိုတော့ရော ဘာဖြစ်လဲ။
ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်က ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပြီး တာအိုနှလုံးသားလှေကားကို အသုံးချကာ ဆူဇီမိုကို မှတ်လောက်သားလောက် သင်ခန်းစာတစ်ခုပေးဖို့ ရည်ရွယ်ထားလေသည်။
တာအိုနှလုံးသားလှေကားသည် စစချင်းမှာ အန္တရာယ်မများပေ။
သို့သော်လည်း တာအိုနှလုံးသားလှေကားသို့ တက်လှမ်းသည့် ကျင့်ကြံသူများသည် အလျင်ပညာရှင်များစွာ ချန်ထားရစ်ခဲ့သည့် တာအိုနှလုံးသားများ၏ သက်ရောက်မှုကို ခံနိုင်ရည်မရှိဘဲ နောက်ပြန်ဆုတ်ဖို့လည်း ငြင်းဆန်နေမည်ဆိုလျှင် သူတို့၏ တာအိုနှလုံးသားများက လဲပြိုကျပြီး သူတို့က ချီသွေဖယ်ခြင်းသို့ ဝင်ရောက်သွားပေလိမ့်မည်။
အကောင်းဆုံးရလဒ်အနေဖြင့် သူတို့၏ ကျင့်ကြံမှုများကို ထပ်မံမြှင့်တင်ဖို့ ခက်ခဲသွားပေလိမ့်မည်။ အဆိုးဆုံးရလဒ်အနေဖြင့် သူတို့၏ ကျင့်ကြံမှုများက ပျက်စီးသွားနိုင်၏။
ကောင်းကင်အင်မော်တယ်ပညာရှင်သောင်းချီသည် ခမ်းနားသော ပုံစံဖြင့် တာအိုနှလုံးသားလှေကား ရှိရာသို့ လျှောက်လှမ်းသွားကြပြီး အတွင်းဂိုဏ်းမှာ အလွန်တရာ ထင်ရှားသည့် မြင်ကွင်းတစ်ခုကို ပေါ်ထွက်လာစေ၏။
“ဘာတွေဖြစ်နေကြတာလဲ”
အခြေအနေကို မသိရှိသော အတွင်းဂိုဏ်းတပည့်တချို့က ရှေ့သို့ထွက်လာပြီး မေးမြန်းလိုက်၏။
လူတစ်ယောက်က ရယ်မောပြောဆိုလိုက်၏။
“အတွင်းဂိုဏ်းကို ဝင်ရောက်လာခါစ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်က ပြဿနာရှာပြီး စီနီယာအစ်ကို ကျောက်စိမ်းဖားပြုပ်ကို ရန်စခဲ့တယ်လေ… သူက တာအိုနှလုံးသားလှေကားပေါ်မှာ စီနီယာအစ်ကို ကျောက်စိမ်းဖားပြုပ်နဲ့တောင်မှ ယှဉ်ပြိုင်ချင်နေသေးတယ်”
“သူက ဘယ်သူလဲ.. သူက ရူးနေတာလား”
“သူက ဘာကျင့်ဝတ်ကိုမှ မသိနားမလည်တဲ့ အောက်ဘုံက တက်လှမ်းလာတဲ့ လူတစ်ယောက်ပဲ”
“အံ့ဩစရာ မရှိတော့ဘူး”
ဤတပည့်ဂိုဏ်းသားများ၏ ပါးစပ်ပေါက်များကနေတစ်ဆင့် စကားလုံးများသည် အမှန်တရားကနေ သွေဖယ်လာခဲ့၏။
အဲဒါထက် အမှန်တရားသည် သူတို့အတွက် အရေးမကြီးပေ။ သူတို့သည် အချက်တစ်ချက်ကိုသာ သိရှိထား၏။
အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးက အမွေခံတပည့်တစ်ယောက်ကို အမှန်တကယ်ပင် စိန်ခေါ်ရဲလေသည်။
လူအုပ်ကြီးက တလိပ်လိပ် ထိုးတက်လာကြ၏။
အစက လှုပ်ရှားတက်ကြွလေ့ရှိသော မင်းသမီးသက်တံနီကလည်း အသံတိတ်၍ ဆူဇီမိုကို စိုးရိမ်ပူပန်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။
လျှိုဖျင်က မအီမသာ အမူအရာဖြင့် သူ၏ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထား၏။ သူက မကြာမကြာ ဝင်ရောက်လာသည့် ထူးဆန်းသော အကြည့်များကို တွေ့မြင်နေပြီး မလှမ်းမကမ်းမှ လှောင်ပြောင်ရယ်မောသံများကို ကြားရသောအခါ စိတ်ထဲမှာ မသက်မသာ ခံစားနေရ၏။
ဆူဇီမိုက တည်ငြိမ်သော အမူအရာဖြင့် လိုက်ပါလာခဲ့၏။
သိပ်မကြာခင် ကျင့်ကြံသူများစွာသည် စိမ်းလန်းစိုပြည်သော တောအုပ်တစ်ခုကို ဖြတ်ကျော်ပြီး ရှင်းလင်းနေသော ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာခဲ့၏။
ကွင်းပြင်က အတော်လေး ကျယ်ဝန်းသော်လည်း ကျင့်ကြံသူအရေအတွက်သောင်းချီ ရောက်ရှိလာသောအခါ လူအုပ်ကြီးက အနည်းငယ် ကျပ်နေသည်ဟု ထင်ရ၏။
မည်သို့ပင်ဆိုစေ တာအိုနှလုံးသားလှေကားသည် လူတစ်ယောက်၏ တာအိုနှလုံးသားကို ဆေးကြောသန့်စင်ပေးရသည့်နေရာတစ်ခုသာ ဖြစ်၏။ ဤမျှအထိ များပြားသော အတွင်းဂိုဏ်းတပည့်များက တစ်ချိန်တည်းမှာ ပေါ်ထွက်လာခြင်းက ရှားရှားပါးပါးဖြစ်လေသည်။
ကွင်းပြင်၏ အလယ်မှာ ယဇ်ပူဇော်စင်မြင့်တစ်ခု ရှိနေ၏။
အပေါ်စီးကနေ ကြည့်မည်ဆိုလျှင် ယဇ်ပူဇော်စင်မြင့်ပေါ်မှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်း စာလုံးများ ရေးထိုးထားသည်ကို တွေ့မြင်နိုင်၏။ သူတို့က သိပ်သည်းများပြားပြီး ကန့်သတ်ချုပ်နှောင်ခြင်း အစီအရင်ဝင်္ကပါတချို့ ဖြစ်ပုံရလေသည်။
ယဇ်ပုလ္လင်၏ အလယ်မှာ စုစုပေါင်း လှေကားထစ် ၉ထစ်နှင့်အတူ မြေပြင်ထက်နေ မြင့်တက်သွားသော ကျောက်လှေကားတစ်ခု ရှိလေသည်။
ကျောက်လှေကားထစ်တစ်ခုချင်းစီက ပုံရိပ်ယောင် မဟုတ်သလို အစစ်အမှန်လည်း မဟုတ်ပေ။ သူတို့ကို လှည့်ပတ်နေသည့် ထူးဆန်းသော အရောင်အဝါတစ်ခု ရှိပြီး သူတို့က သိပ်သည်းပြင်းထန်သော စွမ်းအင်အတက်အကျတစ်ခုကို ဖြာထုတ်ပေးနေ၏။
ယဇ်ပူဇော်စင်မြင့်ရှေ့မှာ မတ်တတ်ရပ်နေစဉ် လူတိုင်းသည် တာအိုနှလုံးသားလှေကားနှင့် ရင်ဆိုင်နေရခြင်း မဟုတ်သည့်ပုံပင်။ ထိုအစား သူတို့သည် လောက၏ အလယ်မှာ ရပ်ပြီး သူတို့ကို ငုံ့ကြည့်နေသည့် ထာဝရ အန္တိမ ပညာရှင် ၉ဦးနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။
မမြင်ရသော ဖိအားတစ်ရပ်က နေရာတစ်ခွင် လွှမ်းခြုံလာခဲ့၏။
ဆူဇီမိုက ဆုံးဖြတ်ချက်ချပြီးသွားသည်ကို တွေ့မြင်ရသောအခါ အကြီးအကဲကျုံးသည် ဆူဇီမိုကို ထပ်မံ၍ ဖျောင်းဖျနိုင်တော့မည် မဟုတ်သည်ကို သိရှိလိုက်ပြီး သူက စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဆူဇီမို.. တာအိုနှလုံးသားလှေကားမှာ စုစုပေါင်း လှေကားထစ် ၉ထစ် ရှိတယ်… ပထမဆုံး လှေကားထစ်ကို တက္ကသိုလ်ရဲ့ အရင်အင်မော်တယ်ဘုရင် ထျန်မင်းက ဖွဲ့တည်ခဲ့တာပဲ.. အဲဒါကို အသက်ရှည်ခြင်း လှေကားထစ်လို့ ခေါ်တယ်”
“လှေကားထစ် ၉ခုထဲမှာ ပထမဆုံး လှေကားထစ်က အတော်လေး လွယ်ကူတယ်.. ဘာလို့လဲဆိုတော့ ကျင့်ကြံသူ အများစုက အသက်ရှည်ခြင်းတာအိုကို လိုက်စားနေကြတာမို့လို့ပဲ… မင်းက အသက်ရှည်ခြင်း လှေကားထစ်ပေါ်ကို တက်လှမ်းလိုက်တာနဲ့ မင်းတို့ရဲ့ တာအိုနှလုံးသားတွေက ဆင်တူနေမယ်ဆိုရင် တုံ့ပြန်မှုတစ်ခုကို အလွယ်တကူ ရရှိလိမ့်မယ်”
“ဒုတိယမြောက် ကျောက်လှေကားထစ်ကို ပူပန်ကြောင့်ကြမဲ့လှေကားထစ်လို့ ခေါ်တယ်.. အဲဒါကို တက္ကသိုလ်ရဲ့ အင်မော်တယ်ဘုရင် စွေ့ရှင်က ဖွဲ့တည်ခဲ့တာပဲ.. အဲဒီ အင်မော်တယ်ဘုရင် ရှာဖွေနေတဲ့အရာက လွတ်လပ်ခြင်းနဲ့ ပူပန်ကြောင့်ကြမှု မရှိခြင်းပဲ… အဲဒါ သူက သူလုပ်ချင်ရာကို ပြုလုပ်နိုင်ဖို့ပဲ”
“ကျင့်ကြံသူတစ်ယောက်ရဲ့ တာအိုနှလုံးသားအပေါ် ပူပန်ကြောင့်ကြမဲ့လှေကားထစ်ရဲ့ သက်ရောက်မှုက သိပ်ပြီး ကြီးမားမှာ မဟုတ်ဘူး.. မင်းက အဲဒါကို ခံနိုင်ရည် မရှိဘူးဆိုရင် ဒီတိုင်းနောက်ပြန်ဆုတ်လာလို့ ရတယ်”
“တတိယမြောက် ကျောက်လှေကားထစ်ကတော့ သတ်ဖြတ်ခြင်း လှေကားထစ်ပဲ”
ထိုနေရာအရောက်တွင် အကြီးအကဲကျုံး၏ မျက်လုံးများထဲမှာ စိုးရိမ်ထိတ်လန့်သော အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
“ဆူဇီမို.. ဘာပဲဖြစ်ဖြစ် မင်း အဲဒီကျောက်လှေကားထစ်ပေါ်ကို ခြေမချနဲ့”
“သတ်ဖြတ်ခြင်းလှေကားထစ်က ကျင့်ကြံသူတစ်ယောက်ရဲ့ တာအိုနှလုံးသားအပေါ် သက်ရောက်မှု အရှိဆုံးပဲ.. သူတို့ရဲ့ တာအိုနှလုံးသားက တူညီမှု မရှိရင် သူတို့က သတ်ဖြတ်ခြင်း စိတ်ဆန္ဒတွေထဲကို ကျဆင်းသွားပြီး သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ ချီသွေဖယ်ခြင်းကို ဝင်ရောက်သွားလိမ့်မယ်”
“တက္ကသိုလ်မှာ အပြင်ဂိုဏ်းတပည့်တွေပဲဖြစ်ဖြစ်.. အတွင်းဂိုဏ်းတပည့်တွေပဲဖြစ်ဖြစ်.. ကျင့်ကြံသူအများစုက သတ်ဖြတ်ခြင်းလှေကားထစ်ကို မဖြတ်ကျော်နိုင်ကြဘူး”
“ငါက နောက်ပိုင်းလှေကားထစ်တွေနဲ့တော့ ဘယ်တုန်းကမှ မထိတွေ့နိုင်ခဲ့ဘူး.. ဒါပေမဲ့ အဲဒီမှာ သဘာဝလှေကားထစ်နဲ့ အကြောက်အလန့်ကင်းမဲ့ခြင်း လှေကားထစ်တို့ ရှိတယ်လို့တော့ ငါကြားဖူးတယ်.. ဪ ဒါနဲ့…”
အကြီးအကဲကျုံးက တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။
“နဝမမြောက် လှေကားထစ်ကို ငါတို့ ဂိုဏ်းချုပ်ရဲ့ တာအိုနှလုံးသားနဲ့ စုဖွဲ့ထားတာ.. ဒါပေမဲ့ တက္ကသိုလ်မှာ ဘယ်သူကမှ အဲဒီအပေါ်ကို ခြေမချခဲ့ကြဖူးဘူး”
“ဆူဇီမို.. မင်းကြောက်နေပြီလား”
ထိုစဉ်မှာပင် လှောင်ပြောင်သရော်လိုက်သော ခပ်စူးစူး အသံတစ်သံက ထွက်ပေါ်လာပြီး ကျင့်ကြံသူများစွာကို ဟားတိုက်ရယ်မောမိသွားစေ၏။
ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်သည် အသံတိတ်နေသော ဆူဇီမိုကို တွေ့မြင်သောအခါ ထိုသူက စိုးရိမ်ထိတ်လန့်နေသည်ဟု တွေးမိသွားပြီး သူက ရန်စလိုက်ခြင်းဖြစ်၏။
“ဆူဇီမို.. မင်းကြောက်နေတယ်ဆိုရင် ငါ မင်းနဲ့ ယှဉ်ပြိုင်ပေးမယ်”
ထိုစဉ်မှာပင် နောက်ထပ် အသံတစ်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုက တစ်ချက်လှမ်းကြည့်လိုက်ပြီး အတွင်းဂိုဏ်းတပည့်များစွာသည် ဖန်ချင်းယွင်၊ ယန်ဖေးယင်နှင့် ထန်ပန်တို့ကို ဝန်းရံလာသည်ကို သူတွေ့မြင်လိုက်ရ၏။
စောစောက စကားပြောလိုက်သောလူက ထန်ပန် ဖြစ်၏။
ဆူဇီမိုသည် အမွေခံတပည့်များ၏ နာမည်ဂုဏ်သတင်းမှာ ကြောက်ရွံ့ထိတ်လန့်ပြီး နောက်ဆုံး အခိုက်အတန့်မှာ နောက်ဆုတ်သွားမည်ကို သူက စိုးရိမ်နေ၏။ ထို့ကြောင့်ပင်လျှင် သူက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ထွက်လာခဲ့ခြင်းဖြစ်၏။
ထန်ပန်က ပြုံးပြလိုက်၏။
“ဆူဇီမို.. ငါတို့နှစ်ယောက်စလုံးက အတွင်းဂိုဏ်းတပည့်တွေပဲ.. ငါက မင်းနဲ့အတူ တာအိုနှလုံးသားလှေကားကို တက်လှမ်းမယ်ဆိုရင် အဲဒါကို အနိုင်ကျင့်တာလို့ ပြောလို့မရဘူး”
“မင်းကလား”
ဆူဇီမိုက ထန်ပန်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏ အကြည့်ကို ရုတ်သိမ်းကာ မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းက မထိုက်တန်ဘူး”
ထန်ပန်က ခဏမျှ မှင်တက်သွားပြီးနောက် ဒေါသချောင်းချောင်းထွက်သွားလေသည်။
“မိုက်ရိုင်းလိုက်တာ”
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ”
ထန်ပန် မပြောနိုင်ခင်မှာပင် အတွင်းဂိုဏ်းတပည့်တချို့က ရှေ့သို့ ခုန်ထွက်လာပြီး အော်ဟစ်ပြောဆိုလိုက်ကြ၏။
ထန်ပန်၏ အကြည့်က လင်းယုန်တစ်ကောင်ကဲ့သို့ ထက်ရှနေပြီး အေးစက်နေသော အလင်းတစ်ခုဖြင့် တောက်ပနေ၏။ သူက ဆူဇီမိုကို ရန်လိုခက်ထန်စွာ စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ကောင်းပြီလေ.. မင်းက တာအိုနှလုံးသားလှေကားပေါ်မှာ ဘယ်နှစ်ဆင့်ကို ရှင်းလင်းနိုင်မလဲ ကြည့်ရသေးတာပေါ့”
ဆူဇီမိုက သူနှင့် အရေးလုပ်မနေဘဲ တာအိုနှလုံးသားလှေကားဆီသို့ လျှောက်လှမ်းသွား၏။ ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်က ထိုနေရာမှာ မတ်တတ်ရပ်နေပြီဖြစ်၏။
“ဇီမို… သတိထား”
မင်းသမီးသက်တံနီက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် သတိလှမ်းပေးလိုက်၏။
လျှိုဖျင်ကလည်း စိတ်ထဲမှာ တင်းကျပ်နေပြီး သူကိုယ်တိုင် တာအိုနှလုံးသားလှေကားကို တက်လှမ်းရသည်ထက် ပို၍ စိုးရိမ်ထိတ်လန့်နေပုံရ၏။
အကြီးအကဲကျုံးက နောက်ထပ် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဆူဇီမို.. မင်းကိုယ်မင်း ဖိအားမပေးဖို့ မှတ်ထားရမယ်.. မင်းက တစ်စုံတစ်ရာ လွဲမှားနေတာ ခံစားမိမယ်ဆိုရင် ချက်ချင်းနောက်ပြန်ဆုတ်လာခဲ့”
ဆူဇီမိုက သူတို့သုံးယောက်ကို ကျောပေးထားပြီး လက်ပြလိုက်၏။ သူက သိပ်မကြာခင် ယဇ်ပူဇော်စင်မြင့်သို့ ရောက်ရှိလာပြီး ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်နှင့် ပခုံးချင်းယှဉ်ရပ်လိုက်၏။
ထိုစဉ်မှာပင် ထန်ပန်က ရုတ်တရက် ရှေ့သို့ တက်လာပြီး ဆူဇီမို၏ ဘယ်ဘက်သို့ ရောက်ရှိလာ၏။
သူက ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်နှင့်အတူ ဆူဇီမိုကို အလယ်မှာထားကာ ညှပ်ထားလိုက်၏။