အဆက်မပြတ်တက်လှမ်းခြင်း
Vol. 152 Ch. 2278
ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်နှင့် ဆူဇီမိုကြား ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီဟု ဆိုနိုင်၏။
သို့သော်လည်း လက်ရှိသောင်းနှင့်ချီသောအတွင်းဂိုဏ်းတပည့်များက ထွက်ခွာသွားဖို့ စိတ်ကူးမရှိကြပေ။
လူတိုင်း၏ အကြည့်သည် စတုတ္ထမြောက် ကျောက်လှေကားထစ်ပေါ်မှ အစိမ်းရောင်ဝတ်ကျင့်ကြံသူပေါ် ရောက်ရှိနေကြ၏။ အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစ ဤဂျူနီယာညီက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ သူတို့က သိချင်နေကြ၏။
လူအိုကြီးရွှမ်က ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုပ်ကို ကယ်တင်ပြီးနောက် သူကလည်း ထွက်ခွာမသွားပေ။ ထိုအစား သူက ယဇ်ပူဇော်စင်မြင့်ပေါ်မှာမတ်တတ်ရပ်ပြီး ဆူဇီမိုကို တိတ်တဆိတ်စောင့်ကြည့်နေ၏။
“သူ့ရဲ့ပါရမီအလားအလာက တကယ့်ကိုသာလွန်ထူးခြားတယ်... သူ့ရဲ့တာအိုနှလုံးသားကလည်း ဒီလောက်ထိသန်မာနေတယ်ဆိုတော့...”
လူအိုကြီးရွှမ်က တီးတိုးရေရွတ်လိုက်၏။
ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်အပြင်ဘက်မှာတုန်းက သူသည် ဆူဇီမိုကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရစဥ်... ထိုသူမှာ ထူးချွန်ထက်မြတ်သောပါရမီအရည်အချင်းရှိသည်ကို သူက ပြောနိုင်ပြီး မြင့်မြင့်မားမား တွက်ချက်ခဲ့လေသည်။
သို့သော်လည်း ဆူဇီမိုသည် စတုတ္ထမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းနိုင်ပြီး ဤမျှထိ တောင့်ခံနိုင်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ဆူဇီမိုအပေါ် လူအိုကြီးရွှမ်၏ အကဲဖြတ်မှုက နောက်တစ်ဖန်မြင့်တက်သွား၏။
“ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ တက္ကသိုလ်က ကောင်းမွန်တဲ့မျိုးစေ့တစ်ခုကို စုဆောင်းနိုင်ခဲ့ပြီပဲ”
သူက သူ့မျက်လုံးထဲရှိ ချီးကျူးလိုမှုအငွေ့အသက်တစ်ခုနှင့်အတူ သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
တာအိုနှလုံးသားလှေကား စတုတ္ထမြောက်လှေကားထစ်တွင်...။
ဆူဇီမိုက လုံးဝလှုပ်ရှားခြင်းမရှိပေ။ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး စတုတ္ထမြောက်ကျောက်လှေကားထစ်မှာ သဘာဝ၏ စိတ်ဆန္ဒကို တွေ့ကြုံခံစားနေ၏။
“သဘာဝရဲ့တာအို... ကောင်းကင်နဲ့ လူသားရဲ့ ပေါင်းစည်းခြင်း”
“လောကမှာရှိတဲ့သက်ရှိတွေအားလုံးမှာ သူတို့ကိုယ်ပိုင်ရှင်သန်နေထိုင်တဲ့နည်းလမ်းတွေရှိကြတယ်... သူတို့က တစ်ယောက်ကိုတစ်ယောက် မထိခိုက်စေဘဲ အတူတကွရှင်သန်ကြီးထွားနိုင်ကြတယ်... တာအိုက ပြိုင်ဘက်ကင်းပေမယ့် ဆန့်ကျင်ကွဲလွဲနေတယ်”
“ငါတို့ကျင့်ကြံတဲ့အခါ ငါတို့က တည်ငြိမ်အေးချမ်းမှုရှိပြီး ကောင်းကင်ဘုံတာအိုကို လိုက်နာသင့်တယ်”
“ဆိုရိုးစကားတွေအတိုင်းပဲ... လူသားက ကမ္ဘာမြေပေါ်မှာမှီခိုတယ်... ကမ္ဘာမြေက ကောင်းကင်ပေါ်မှာ မှီခိုတယ်... ကောင်းကင်က တာအိုပေါ်မှာ မှီခိုပြီးတော့ တာအိုကတော့ သဘာဝပေါ်မှာ မှီခိုရတယ်”
သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ ကြမ်းကြုတ်ခက်ထန်မှုနဲ့ သွေးဆာရက်စက်မှုတို့နဲ့မတူဘဲ သဘာဝ၏ စိတ်ဆန္ဒက နွေဦး၏ ညင်သာသော မိုးရေစက်များကဲ့သို့ဖြစ်ပြီး လေနှင့်အတူစိမ့်ဝင်ထိုးဖောက်ကာ အရာရာတိုင်းကိုတိတ်တဆိတ်အားဖြည့်၍ ဆူဇီမို၏ တာအိုနှလုံးသားအပေါ် မသိမသာသက်ရောက်မှုရှိလာခဲ့၏။
သူသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ သွေးရွှံ့ညွန်မှ ရုန်းထွက်လာသည့်ခဏမှာပင် သူသည် မိုးခေါင်နေရာကနေ နှင်းပေါက်များနှင့် ကြုံတွေ့လိုက်ရသည့်အလား နွေးထွေး၍ညင်သာသော နွေဦးမိုးရေစက်များက သူ့ပေါ်ကို ကျဆင်းလာခဲ့၏။
ဤတဖွဲ့ဖွဲ့ကျဆင်းလာသော မိုးရေစက်များထဲမှာ ဆူဇီမို၏ အမြုတေချီနှင့် စိတ်ဝိညာဥ်တို့သည် အရမ်းကို သက်တောင့်သက်သာရှိမှုနှင့် နှစ်သိမ့်မှုကို လက်ခံရရှိကာ သူက ထိုအထဲမှာ အထိန်းအကွပ်မဲ့စွာကျဆင်းသွားပြီး ကြန့်ကြာနေ၏။
အဲ့ဒါသည် စောစောကသူကြုံတွေ့ခဲ့ရသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒထက် ပို၍ပင်ခုခံဖို့ခက်ခဲနေ၏။
ဆူဇီမိုသည် စတုတ္ထမြောက်ကျောက်လှေကားထစ်တွင် ယခင်ကျောက်လှေကားထစ်သုံးခုမှာထက် ပို၍ပင်ကြာမြင့်စွာ ရပ်တန့်နေခဲ့၏။
ခဏကြာအောင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တာအိုနှလုံးသားက နစ်မြုပ်လုနီးပါး ဖြစ်လာခဲ့၏။
သို့သော်လည်း အလျှံညီးညီး မီးတောက်တစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားထဲမှာ မြင့်တက်လာခဲ့၏။
အဲ့ဒါက စစ်ပွဲမီးတောက်ဖြစ်၏။
အဲ့ဒါသည် ယိမ်းယိုင်ခြင်းမရှိဘဲ ကောင်းကင်ဘုံနှင့်ဆန့်ကျင်တိုက်ခိုက်မည့် အကြောက်အလန့်ကင်းမဲ့သောစစ်ပွဲမီးတောက်ဖြစ်၏။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် စိတ်ချင်းဆက်နေပြီး သဘာဝ၏ စိတ်ဆန္ဒဖြင့် တိုက်စားမှုကို အတူတကွခုခံနေကြ၏။ စစ်ပွဲမီးတောက်သည် သန့်စင်ကြည်လင်နေသောမိုးရေစက်များကို လောင်ကျွမ်းပြာချပြီး နွေဦးလေပြေများကို လွင့်ပျယ်သွားစေ၏။
သူသည် ကောင်းကင်ဘုံတာအိုကို လိုက်နာလိုသည်ဆိုလျှင် ဆူဇီမိုသည် ကျင့်ကြံရေးလမ်းကြောင်းပေါ် ခြေချမိခဲ့လိမ့်မည် မဟုတ်ပေ။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ထိုထောင့်တစ်နေရာ မြို့ငယ်လေးထဲမှာ သေဆုံးသွားခဲ့သည်မှာ ကြာနေလောက်လေပြီ။
သိုင်းတာအိုက ခက်ခဲသော်လည်း သူကို အကြောက်အလန့်ကင်းမဲ့စေ၏။
သူသည် သိုင်းတာအို၏ ခက်ခဲကြမ်းတမ်းသောလမ်းမပေါ်မှာ တစ်ယောက်တည်းရှေ့သို့သာ တက်လှမ်းလိုလေသည်။
စတုတ္ထမြောက်ကျောက်လှေကားထစ်ပေါ်မှာ ဆူဇီမိုသည် ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ရှေ့သို့ခြေတစ်လှမ်းယူလိုက်၏။
ဖတ်...
ဆူဇီမို၏ ခြေဖဝါးက ပဉ္စမမြောက်ကျောက်လှေကားထစ်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်၏။
“ဘုရားရေ... နောက်ထပ်ကျောက်လှေကားထစ်တစ်ခု”
“တစ်ယောက်ယောက်က ပဉ္စမမြောက်ကျောက်လှေကားထစ်ပေါ်ကို တက်လှမ်းသွားပြီဆိုတာ... စီနီယာအစ်ကိုလင်းကို မြန်မြန်သွားပြီးသတင်းပေး”
“ဘယ်လောက်တောင်စွမ်းအားကြီးမားတဲ့တာအိုနှလုံးသားလဲ”
“အောက်ဘုံကနေတက်လှမ်းလာတဲ့ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်က ဒီလိုမျိုးစွမ်းအားကြီးမားတဲ့ တာအိုနှလုံးသားတစ်ခုကို ဘယ်လိုတောင်စုဖွဲ့နိုင်တာလဲ”
လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲအသံများထွက်ပေါ်လာ၏။
လူအိုကြီးရွှမ်က ပို၍ပင် ချီးကျူးလိုသောအကြည့်ဖြင့် အနည်းငယ်ခေါင်းညိတ်လိုက်၏။
ပဉ္စမမြောက်ကျောက်လှေကားထစ်... အကြောက်အလန့်ကင်းမဲ့ခြင်းလှေကားထစ်...။
ဆူဇီမိုသည် ပဉ္စမမြောက်ကျောက်လှေကားထစ်ပေါ်မှာ မတ်တတ်ရပ်နေခဲ့သည်မှာ အသက်ဆယ်ရှိုက်စာပင် မကြာသေးပေ။
လူတိုင်း၏ ဆွေးနွေးပြောဆိုသံများ မစဲသေးခင်မှာပင် ဆူဇီမိုက ရှေ့သို့နောက်ထပ်ခြေတစ်လှမ်းတိုးပြီး ဆဋ္ဌမမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်၏။
“အာ...”
“ကြည့်စမ်းပါဦး”
အံ့အားတသင့်အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာပြီး ကျင့်ကြံသူများစွာသည် တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်နေရသည့်အလား ကြောင်အ,မှင်တက်နေသောအမူအရာများနှင့်အတူ တာအိုနှလုံးသားလှေကားပေါ်မှ အစိမ်းရောင်ဝတ်ပုံရိပ်ကိုကြည့်နေကြ၏။
“ဆဋ္ဌမမြောက်ကျောက်လှေကားထစ်လား... မဖြစ်...မဖြစ်နိုင်ဘူးလေ”
“ငါမြင်ခဲ့တာမမှားဘူးရင် သူက ပဉ္စမမြောက်ကျောက်လှေကားထစ်ပေါ်ကို တက်လှမ်းခဲ့တာ ဘယ်လောက်မှမကြာသေးဘူး... သူကနောက်ထပ်ကျောက်လှေကားထစ်တစ်ခုကို ဒီလောက်ထိမြန်မြန် ဘယ်လိုတောင်တက်လှမ်းသွားတာလဲ”
ကျင့်ကြံသူများစွာက မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။
“အဲ့ဒါက မဖြစ်နိုင်ဘူး”
နောက်ဆုံးမှာတော့ ကျင့်ကြံသူတစ်ယောက်သည် ဆက်လက်၍သည်းမခံနိုင်တော့ဘဲ တာအိုနှလုံးသားလှေကားရှိရာသို့ လှစ်ခနဲပြေးထွက်သွား၏။ သူက တီးတိုးရေရွတ်ပြောဆိုလိုက်သည်။
“တာအိုနှလုံးသားလှေကားမှာ အမှားအယွင်းတစ်ခုခုရှိနေတာဖြစ်ရမယ်... ငါလည်း အဲ့ဒါကို စမ်းကြည့်ရမယ်”
ထိုကျင့်ကြံသူသည် ပထမကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းပြီးနောက် သူက ဒုတိယမြောက် ကျောက်လှေကားထစ်ပေါ်သို့ မတက်လှမ်းနိုင်ခင်မှာပင် ဒယီးဒယိုင်ဖြင့်လဲကျသွား၏။
ထိုမြင်ကွင်းက စိတ်အားထက်သန်နေသည့် အခြားသောကျင့်ကြံသူများ၏ အတွေးများကို လွင့်ပြယ်သွားစေ၏။
လူအိုကြီးရွှမ်က တည်ငြိမ်နေ၏။
တာအိုနှလုံးသားလှေကားသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်တံ့လာခဲ့ပြီး ကျောက်လှေကားထစ်တစ်ခုချင်းစီကို အန္တိမပညာရှင်များ၏ တာအိုနှလုံးသားစိတ်စွမ်းအားများဖြင့် စုဖွဲ့ထားလေသည်။ အဲ့ဒီမှာ သေချာပေါက်အမှားအယွင်း မရှိနိုင်ပေ။
သို့သော်လည်း ဆူဇီမိုသည် ပဉ္စမမြောက်ကျောက်လှေကားထစ်ကို ဒီလောက်မြန်မြန်ဆန်ဆန်ဘယ်လိုဖြတ်ကျော်နိုင်ခဲ့သလဲ လူအိုကြီးရွှမ်ပင်လျှင် နားမလည်နိုင်ပေ။
ပဉ္စမမြောက်ကျောက်လှေကားထစ်က အကြောက်အလန့်ကင်းမဲ့ခြင်းလှေကားထစ်ဖြစ်၏။
ဤလှေကားထစ်၏ တာအိုနှလုံးသားစိတ်ဆန္ဒက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဆန္ဒနှင့် အလွန်တရာဆင်တူလေသည်။ ထို့ကြောင့် ဆူဇီမိုအနေဖြင့် သိုင်းတာအိုနှလုံးသားနှင့်အတူ ပဉ္စမမြောက်ကျောက်လှေကားထစ်ပေါ်မှ တာအိုနှလုံးသားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့က အရမ်းကိုလွယ်ကူနေခဲ့၏။
“စီနီယာအစ်ကိုချင်းယွင်... ဆူဇီမိုက တကယ်ကို စွမ်းအားကြီးမားတာပဲ”
ယန်ပင်းယင်က ထိုသည်ကို တွေ့မြင်အခါ အံ့အားတသင့် ရေရွတ်လိုက်၏။
သူမသည် အတွင်းဂိုဏ်း၏ ထိပ်ဆုံးဆယ်ယောက်ထဲမှာပါဝင်သော်လည်း သူမပင်လျှင် စတုတ္ထမြောက်ကျောက်လှေကားထစ်ကို မဖြတ်ကျော်ခဲ့ဖူးပေ။
“ဟဲဟဲ...”
ဖန့်ချင်းယွင်၏ မျက်လုံးထဲတွင် မနာလိုအားကျသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသော်လည်း အဲ့ဒါက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူကရယ်မောလိုက်၏။
“မပူပါနဲ့... သူက ဆဋ္ဌမမြောက်ကျောက်လှေကားထစ်မှာ သေချာပေါက်ရပ်တန့်သွားလိမ့်မယ်”
“အမှန်ပဲ” ယန်ပင်းယင်က ခေါင်းညိတ်ပြလိုက်၏။
“ဆဋ္ဌမမြောက်ကျောက်လှေခါထစ်က ဓားတာအိုဖြစ်လိမ့်မယ်... လူတစ်ယောက်ရဲ့တာအိုနှလုံးသားအပေါ် သက်ရောက်မှုက သတ်ဖြတ်ခြင်းလှေကားထစ်ထက်ပိုပြီးတော့ သန်မာလာလိမ့်မယ်”
“အဲ့ဒါက... စီနီယာအစ်ကိုချင်းယွင်.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရှင်ရပ်တန့်သွားခဲ့တဲ့နေရာပဲ”
ဖန့်ချင်းယွင်က မှင်သေသေဖြင့်ပြောလိုက်၏။
“ဒီအချိန်အတောအတွင်းမှာ ငါ့ရဲ့တာအိုနှလုံးသားက ပြီးပြည့်စုံဖို့နီးစပ်နေပြီ... ငါကနောက်ထပ်နှစ်တစ်ရာလောက်ကျင့်ကြံပြီးတာနဲ့ ဆဋ္ဌမမြောက်ကျောက်လှေကားထစ်ကို သေချာပေါက်ဖြတ်ကျော်ပြီး သတ္တမမြောက်ကျောက်လှေကားထစ်ကို ရောက်ရှိလာလိမ့်မယ်... အဲ့ဒီအချိန်ကျရင်...”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် တာအိုနှလုံးသားလှေကားပေါ်ရှိပုံရိပ်က နောက်တစ်ဖန်လှုပ်ရှားသွား၏။
အဲ့ဒါက ရှေ့သို့တက်လှမ်းလိုက်သည့် နောက်ထပ်ရိုးရှင်းသောခြေလှမ်းတစ်လှမ်းဖြစ်၏။
“ဘန်း...”
သတ္တမမြောက်ကျောက်လှေကားထစ်...။
ဖန့်ချင်းယွင်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
ယန်ပင်းယင်၏ အနီရောင်နှုတ်ခမ်းများက ပွင့်ဟသွားပြီး သူမ၏ နှစ်လိုဖွယ်ရာမျက်နှာက တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်သွား၏။
သတ္တမမြောက်ကျောက်လှေကားထစ်...။
အမွေခံတပည့်များအပါအဝင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများကြားမှာ သတ္တမမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းနိုင်ခဲ့သောသူက ၅ယောက်ထက် ပိုမရှိလောက်ပေ။
အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစ ဆူဇီမိုက ဒီအဆင့်ထိ တကယ်ပဲရောက်ရှိခဲ့လေပြီ။
ဤတစ်ခေါက်မှာတော့ လူအုပ်ကြားထဲမှာ ဆူညံသံများစွာ ထွက်ပေါ်မလာတော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ယဇ်ပူဇော်စင်မြင့်၏ ဘေးပတ်ဝန်းကျင်က တဖြည်းဖြည်းတည်ငြိမ်လာပြီး အပ်ကျသံကိုကြားရလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွား၏။
သောင်းနှင့်ချီသော ကျင့်ကြံသူများက စုစည်းနေကြပြီး သူတို့သည် တာအိုနှလုံးသားလှေကားပေါ်ရှိ ပုံရိပ်ကိုကြည့်ကာ လူတိုင်းသည် တုန်လှုပ်စွာဖြင့် သူတို့၏ အသက်များကို အောင့်ထားကြ၏။
ကျင့်ကြံသူများစွာသည် အသက်ရှုဖို့နှင့် စကားပြောဖို့ကိုပင် မေ့လျော့နေကြ၏။ လူတိုင်း၏ စိတ်ထဲမှာ အတွေးတစ်ခုသာလျှင်ရှိတော့၏။
ဒီလူက လှေကားထစ်ဘယ်လောက်များများ တက်လှမ်းနိုင်မှာလဲ။
“ဆူဇီမိုက တာအိုနှလုံးသားလှေကားရဲ့ အဋ္ဌမမြောက်ကျောက်လှေကားထစ်ထိ ရောက်နိုင်မှာလား”
မေးခွန်းတစ်ခုက အကြီးအကဲကျုံး၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။ သို့သော်လည်း သူက သူ၏ ခေါင်းကို အရူးအမူးခါယမ်းပြီး ခပ်တိုးတိုးလေသံဖြင့် တီးတိုးရေရွတ်လိုက်၏။
“မဖြစ်..မဖြစ်နိုင်ဘူး”
“ဘာမဖြစ်နိုင်တာလဲ”
မင်းသမီးသက်တံနီက မေးလိုက်၏။
အကြီးအကဲကျုံးက ပြောလိုက်၏။
“တက္ကသိုလ်တစ်ခုလုံးမှာ ဓားအင်မော်တယ်ယွဲ့ဟွားကပဲ တာအိုနှလုံးသားလှေကားရဲ့ အဋ္ဌမမြောက်ကျောက်လှေကားထစ်ကို တက်လှမ်းနိုင်ခဲ့တယ်လို့ ငါကြားထားတယ်... ဆူဇီမိုက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... သူက ဘယ်လိုမှ...”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင်.... တာအိုနှလုံးသားလှေကားပေါ်ရှိပုံရိပ်က လှုပ်ရှားသွား၏။
ဖတ်...
ကျောက်လှေကားထစ်ပေါ်သို့ ခြေချလိုက်သောအသံက ပေါ့ပါးသော်လည်း အဲ့ဒါက လူတိုင်း၏ နားထဲမှာ မိုးချုန်းသံကဲ့သို့ မြည်ဟည်းလာခဲ့၏။
ဆူဇီမိုသည် အဋ္ဌမမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းသွားခဲ့လေပြီ။